နတ်ဆေး၏ အစွမ်း၊ ဆရာတော်၏ မေတ္တာ စေတနာတို့ကြောင့် သူတို့ညီထွေး ထူထူထောင်ထောင် ဖြစ်လာတော့မှ ဘမရက ပူးကပ်နေသည်မှ ထွက်လိုက်သည်။ ငစံ မသေနိုင်တော့။ စိတ်ချရပြီ ဖြစ်သော်လည်း ဘမရသည် အနားမှ မခွာချေ။ အထူးသဖြင့် ထောင်တွင်း၌ ညီထွေးအား အန္တရာယ်ပြုချင်သည့် သူ များပြားလှခြင်းကြောင့် မထနိုင်သေးသည့် ညီထွေးကိုယ်တွင် ဘမရက ပူးတုံခွာတုံ ပြုလျက် သန်စွမ်းကျန်းမာဟန် သွားလာလှုပ်ရှား ပြနေ၏ ။
၃ ရက်ခန့် ရှိလျင် လူသားအသွင်ဖြင့် ဆရာတော်ကျောင်း၌ ဝတ်ဖြည့်နေကြသော ဒီပတို့ ရှိရာ ဘမရ ရောက်လာသည်။ အခြား ညီနောင်များက "ညီထွေးကို ထားခဲ့ပြီလားဟ" ဟု လှမ်းစနေကြသော်လည်း တုံ့ပြန်ပြောဆိုခြင်း မပြုဘဲ ရေခပ်နေသော ဒီပထံ တန်းတန်းမတ်မတ် လျှောက်လာ၏ ။ ဒီပကလည်း ဘမရ၏ မျက်နှာ အမူအရာ ပျက်ယွင်းသည်ကို မြင်၍ ရေပုံးများကို ချထားပြီး
"ဘာဖြစ်လာသလဲ ဘမရ၊ ညီထွေး အကြောင်းထူးလို့လား"
"ထူးတယ်တော့ မဟုတ်ပါဘူး"
ဒီပက ကျောက်တုံးပေါ် သွားထိုင်လိုက်သည်။ ဘမရက သူ့ရှေ့ ရပ်နေ၏ ။ ဤပုံစံသည် ဒီပ တရားစီရင်သည့်ဟန်၊ ဆုံးဖြတ်ချက် ချဟန်ဖြစ်ပြီး အမှားအယွင်းရှိသူများက သူ့ရှေ့ ရပ်နေလေ့ ရှိသဖြင့် ကျန်ညီနှစ်ဦးပါ ချည်းကပ်လာကြသည်။
"ဘာဖြစ်လာသလဲ ဘမရ"
ဗျဂ္ဂ၏ အမေးကို ဘမရက
"ဘာမှ မဖြစ်ပါဘူးကွာ"
ဟု မရေမရာ ဖြေပြန်သည်။ ဒီပက
"မင်းတို့ ဖြတ်မမေးနဲ့။ သူ့ဘာသာ ပြောလိမ့်မယ်"
ဘမရက တော်တော်နှင့် မပြော။ မည်သို့ စပြောရမည်မသိ ဖြစ်နေပုံ ရသည်။ အတန်ကြာ စကားစ ရှာနေပြီးမှ
"ညီထွေးကတော့ မထူးခြားပါဘူး။ အခြေအနေ မသိမသာပဲ တိုးတက်လာတယ်။ ဒဏ်ရာတွေတော့ ကျက်လုပါပြီ"
"အင်း"
"အဲဒါဆို မင်း ဘာလို့ ထွက်လာလဲ"
"ဝေလုက"
ဒီပက ဟန့်လိုက်၏ ။ ဝေလုက ငြိမ်သွားသည်။
"ဖြစ်ပုံက..."
ဝန်းကျင်သည် ပုရစ်အော်သံ တချို့မှအပ တိတ်ဆိတ်နေသည်။ ဘမရက အားယူ ဆက်ပြော၏ ။
"စံနက်ကျော်ကို အစောင့်တွေက လူကောင်းထင်ပြီး ရေချိုးဖို့ အပြင်ထုတ်ရာမှာ စ တယ်"
"ညီထွေး ဘာဖြစ်သလဲ ဘမရ"
"ညီထွေး ဘာမှမဖြစ်ပါဘူး။ သူ့ကို ထောင်သားတွေက ဝိုင်းလှောင်ပြောင် ရန်စကြတယ်။ ညီထွေး မထနိုင်လို့ ကျွန်တော် သူ့ကို ထူပြီး ဟန်မပျက် သွားတုန်းမှာ.."
"လူတစ်ယောက်က ညီထွေးကို ဝင်တိုက်လိုက်တယ်။ ညီထွေး လဲသွားတယ်။ ဟိုကောင်က တံတွေးနဲ့ ထွေးတယ်။ ညီထွေး ဘာမှ ပြန်မလုပ်ဘူး။ သည်းခံနေတယ်"
"တောက်.. သတ္တိတွေကတော့ ကွာ"
"အင်း.. အဲဒါနဲ့"
"အစောင့်တွေကလည်း ကြည့်နေကြတယ်။ ထောင်သားတွေက ဝိုင်းမြှောက်ပေးတယ်။ ဟိုလူက ရောင့်တက်ပြီး လဲနေတဲ့ ညီထွေးကို သေးနဲ့ ပန်းမလို့ ပြင်တယ်"
"မင်း ဘာမှ မလုပ်ဘူးလား ဘမရ.. ဟင်"
ဗျဂ္ဂက ဒေါသတကြီး ထ မေး၏ ။
"ငါ ညီထွေးကို ဝင်ပူးပြီး သူ့ကို ကိုက်သတ်ခဲ့လိုက်တယ်"
"အေး.. ကောင်းတယ်၊ အဲလို ဖြစ်နေရမှာ"
ဒီပကတော့ ငြိမ်သက် စဉ်းစားနေသည်။ သည်အရေးသည် ညီထွေးအတွက် ရှေ့ရေးခက်သွားနိုင်မလား မသိ။ ညီထွေးသည် လက်ရုံးတွင် သူမတူအောင် စွမ်းသည်မဟုတ်။ သူ၏ ပညာလက်နက်မှာလည်း ကျဉ်းကြပ်လွန်းသည့် ထောင်အတွင်း၌ မည်မျှ ထုတ်ယူသုံးစွဲနိုင်ပါမည်နည်း။ ထောင်သားတို့သည် အကောက်များလှ၏ ။ အင်အားရှိလာပါက ညစ်သူချည်း။
ဒီပ မည်သို့မျှ မဆိုသဖြင့် ဘမရ အနေရ ကြပ်လာသည်။ အခြားသူများလည်း နေရထိုင်ရ ခက်နေကြဟန် ရှိ၏ ။ သို့သော် ဒီပက ကျောက်ရုပ်ကဲ့သို့ ထိုင်မြဲ ထိုင်နေသည်။
"ငါမှားသွားလား ဒီပ"
ဒီပ ပြန်မဖြေ။ ကြည့်လည်းမကြည့်။ တစ်စုံတစ်ရာကို လေးလေးနက်နက် တွေးနေသောကြောင့် ဘမရ ဆက်မမေးဝံ့။ ရုတ်တရက် ဒီပ ထရပ်ပြီး
"ငါတို့ ဆရာတော်ဆီ သွားရမယ်"
ဒီပနောက် ညီသုံးယောက် လိုက်သွားကြသည်။ ဆရာတော်က ညီအစ်ကိုလေးယောက်အား
"ဒကာကြီးတို့ လူစုံတက်စုံနဲ့ ဘာလျှောက်စရာ ရှိလို့လဲ"
"တင်ပါ့ဘုရား၊ အရှင်ဘုရား ဘီလူးပုံ အစီအရင်များကို မှတ်မိပါသေးလား ဘုရား"
"အိမ်း.. မှတ်မိသကွဲ့"
"အဲသည် ဘီလူးရုပ်များဟာ ထိုးနှံသူတွင် လိုအပ်လာပါက ဘီလူးတစ်ကောင်ကဲ့သို့ ခွန်အားကြီးမား အစွမ်းထက်နိုင်ပါတယ်။ စိတ်မလျှော့သမျှ လုပ်ကြံ သတ်ဖြတ်၍ မရ၊ အပြီးအစီး အကာအကွယ် လုံပါတယ်။ ဗိုလ်ခြေ အထောင်အသောင်းကို ခြောက်ခြားချေဖျက်နိုင်တဲ့ အစွမ်းတွေ ရှိပါတယ်ဘုရား"
"ဟေ.. တယ်စွမ်းပါကလားကွဲ့"
"ဟုတ်ပါတယ်ဘုရား၊ တပည့်တော်တို့ ညီထွေးကို အဲသည် အစီအရင်များ ထိုးနှံပေးပါရန် လာရောက် ပန်ကြားရခြင်းပါဘုရား"
"နင်တို့ ညီက ထတောင် မထနိုင်သေး"
"အခု သူ့မှာ အသက်ဘေးအန္တရာယ်များ ဝိုင်းနေပါပြီဘုရား"
"အိမ်း.."
ဆရာတော် သဘောပေါက်သွားပြီ။ တစ်ပြည်သားအတွက် ထောင်အတွင်း နေစရာမရှိသည် ဖြစ်မည်။ ထို့ကြောင့်
"လိုအပ်သော ပစ္စည်း ဆေးဝါးများကို ဒကာတို့ ရှာပေးနိုင်မလားကွဲ့"
"ယခုချက်ချင်း လူခွဲ၍ ရှာပေးပါ့မည်ဘုရား"
"အေးအေး.. ကောင်းပြီ"
ဒီပတို့ နတ်မြင်းလေးစီးဖြင့် ထွက်ခွာသွားကြသည်။ ဆေးဒါန်း၊ ဟင်္သာပြဒါး၊ သံရှင်၊ ဒုတ္ထာ၊ ကျောက်ဆေးအိုးများထဲမှ မြေနီမြေဝါ၊ ဂမုန်းနက် အစရှိသည်တို့ကို လှည့်လည် ရှာဖွေခဲ့ကြလျက် ဆရာတော်ထံ အပ်ကြရာ ဒီပ ရှာသမျှမှာ အများဆုံး ဖြစ်သည်။ ဆေးအရောင်မျိုးစုံ ရရန် စပ်ပြီးနောက် ဆရာတော်က ထောင်တွင်းသို့ ကြွ၍ သီးသန့် ခွဲထားသည့် လက်ျာဘီလူးထံ ဝင်၏ ။ ထောင်အာဏာပိုင်များမှာ မြန်မာတစ်ဦးအား ဆေးထိုးပေးမည့် ဆရာတော်ကို တားမြစ်ချင်ကြသော်လည်း မင်းဆရာမို့ မတားဝံ့။
ဘမရက ညီငယ်ကို ထူ၍ ကျန် ၃ ဦးက အလင်းရောင် ပြကြသည်။ ညအချိန်များတွင်သာ ထိုးနှံရသည်မို့ အစောင့်များအနေဖြင့် အထူးအဆန်း ဖြစ်နေ၏ ။ သို့သော် ဘီလူးကိုယ်များနှင့် ကွယ်ထားကြ၍ မမြင်ကြရ။ ဆရာတော် အမှောင်အတွင်း ထိုးနှံနေသည်ဟုသာ ထင်နေသည်။
၉ ရက်ခန့် ကြာလျင် အလွန် လက်ရာမြောက်သော ဘီလူးပုံနှစ်ခုသည် ကြွရွတောက်ပစွာ ကျောနှင့် ရင်တွင် ထင်ကျန်ရစ်သလို လက်ျာဘီလူးလည်း အခိုးအငွေ့ ချောင်းချောင်းထလျက် မတ်မတ်ရပ်နေပြီ။ သူ့အား သီးသန့်ခန်းမှ ထုတ်လာသောအခါ ထောင်သားများမှာ နီရဲနေသော ကိုယ်အား ကြည့်ပြီး အကဲခတ်နေကြ၏ ။ မည်သူမျှ အနားမကပ်ရဲ။ လူစိတ်ပျောက်၍ ကိုက်လိုက်မည်ကိုလည်း ကြောက်နေကြသည်။
သူနှင့်အတူ မည်သူမျှ မနေရဲသောကြောင့် တစ်ယောက်တည်း ထားရ၏ ။ သူကလည်း အိပ်မနေလျင် ငူငူငိုင်ငိုင်နှင့် ငြိမ်သက်စွာ ထိုင်နေတတ်သည်။ တစ်ည သန်းခေါင်အချိန် လက်ျာဘီလူး နိုးလာ၍ သူ့အခန်းတွင်း လူတစ်ယောက် ရောက်နေသည်ကို မြင်လျင် ထထိုင်လိုက်၏ ။
ထိုသူသည် အမှောင်တွင်းမှ လူလွတ်နေသည့် ညောင်စောင်း၌ ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် ထိုင်နေသည်။ လူနှစ်ဦးသည် အတန်ကြာသည်အထိ အသံမပြု စကားမဆိုကြဘဲ တိတ်ဆိတ်စွာ ထိုင်ရင်း ငြိမ်သက် အကဲခတ်နေကြ၏ ။ ထောင်သားများ အားလုံး အိပ်မောကျနေကြပြီး ဟောက်သံအချို့ ကြားနေရသည်။ အပြင်ရှိအစောင့်များဆီမှ မီးရောင်ကအပေါက်ဝရှေ့ နံရံ၌ ဟပ်နေ၏ ။
(ဆက်ရန်...) အစောင့် (၆)
Written by သင်္ခရာဇာ
End date: December 7, 2021
No comments:
Post a Comment