စစ်ကိုင်းမြို့စွန်ရပ်ရှိ ကျယ်ဝန်းလှသော ခြံကြီးတစ်ခုအတွင်း၌ လူများ မြင်းများစွာ ပြန့်ကျဲ ရှုပ်ထွေးနေကြသည်။ တန်းစီနေသော မြင်းဇောင်းများ၊ ထိုအထဲမှ မြင်းကောင်းများ၊ မြင်းများကို ပြုစုနေကြသူ မြင်းထိန်းများ၊ အလုပ်သမားများစွာတို့သည် အိမ်ကြီးနှင့် မြင်းဇောင်းအကြား ရပ်နေသော လူကြီးက ညွှန်ကြားနေသည့်အတိုင်း သွားလာလှုပ်ရှားလျက် ရှိနေကြ၏ ။
ဦးစွန်းဖုတ်ဆံပင်နှင့် အဝတ်မပါ ကိုယ်ဗလာ ကလေးငယ် ၃ ယောက်က မြေသြဇာပြုရန် ပုံထားသည့် မြင်းချေးပုံအနီး၌ မည်းတူးညစ်ပတ်စွာ ဆော့ကစားနေကြသလို အင်္ကျီအစုတ်အပြဲများသာ ဝတ်ထားသော ကြက်တောင်စည်းနှင့် ဆံရစ်ဝိုင်းကလေး တချို့သည်လည်း ကလေးတို့ဘာဝ ပြေးလွှားနေကြလေသည်။ ထိုးကွင်းမင်ကြောင်နှင့် မည်းနက်သော အသားအရေ၊ ကျစ်လျစ်သန်မာပုံရသော လူပိန်ပိန်ကပ်ကပ်များ မြင်းချေးတောင်းထမ်းလာပြီး ပုံလိုက်လျင် သူတို့အတွက် ကစားစရာ ရလေပြီ။
ထိုခြံဝသို့ မြင်းတစ်စီးနှင့် လူတစ်ယောက် ရပ်လာသည်ကို မြင်လျင် ခြံကြီးတစ်ခုလုံးသည် တဒင်္ဂမျှ ရပ်တန့်သွားကြ၏ ။ အုပ်လုံးသိမ်းစ ဆံတောက်မလေး နှစ်ဦးက သိမ်းဆည်းရှင်းလင်းနေသည့် အမှိုက်များကို မေ့ပြီး ခြံဝသို့ ငေးကြည့်နေကြသလို သူတို့အား ကြီးကြပ်နေသည့် ဗျာပါဆံချ မိန်းမပျိုပင် လုပ်လက်စအလုပ်ကို ရပ်လျက် ဝင်လာသူကို ကြည့်နေမိ၏ ။
သူတို့သည် နေ့စဥ်လိုလို မြင်းချောကြီးများ စီးနင်းလာကြသည့် ဧည့်သည်စောင်သည် ကုန်သည်အရပ်သား ဗိုလ်မင်းကြီးများစွာကို မြင်ဖူးကြသော်လည်း ယခုကဲ့သို့ ကြာကြာ ရပ်ကြည့်မိခြင်းကား မရှိခဲ့။ မြင်းဖြူကြီး လှလိုက်တာ၊ မြင်းညိုကြီး ချောလိုက်တာ ဟုသာ မှတ်ချက်ပြု၍ လျစ်လျူရှုလိုက်ကြမြဲ။ ယခု ဝင်လာသူကမူ သူတို့ ချက်ချင်း မျက်နှာမလွှဲနိုင်အောင် ဆွဲဆောင်ထား၏ ။
သူဆွဲလာသည့် မြင်းကြီးမှာ ခရီးပန်း နွမ်းလျဟန် ပေါက်နေသော်လည်း နှစ်များစွာ ကြာမှ တစ်ခါတစ်ရံသာ မြင်တွေ့ရတတ်သော မြင်းမျိုး ဖြစ်သည်။ ဖုန်အလိမ်းလိမ်းကြားမှပင် ကြက်သွေးရောင် ပြောင်နေသေးသည်။ ထွားကျိုင်းသည့် ပြိုင်မြင်းကြီးမျိုးလည်း မဟုတ်၊ သေးသွယ်သည့် သာမန်မြင်းမျိုးလည်း မဟုတ်ဘဲ အလုံးအရပ် ကျော့မော့ခန့်ညားလိုက်သည်မှာ သူ၏ သခင်နှင့် တွဲမြင်လိုက်သောအခါ လိုက်ဖက်လှပါပေသည်ဟု အလိုလို မှတ်ချက်ချမိကြရ၏ ။
ထူးခြားသည့် သွင်ပြင်ရှိသော လုလင်ကလည်း နီမြန်းသော အသားအရောင်၊ ကျစ်လျစ်သန်မာပုံ ရသည့် ကိုယ်ဟန်နှင့် နုနယ်ပျိုမြစ်သေးသော မျက်နှာတွင် စူးရဲသော မျက်လုံးတို့ ပေါင်းစပ်ထား၏ ။ သူက ခြံကြီးကို ဝေ့ကြည့်လိုက်ပြီး ပိုင်ရှင်ဖြစ်ဟန်တူသည့် ဦးထိပ်တွင် ဆံထုံး ထုံးထားသော နှုတ်ခမ်းမွေးကားကား လူကြီးထံ လျှောက်လာသည်။ သူ လှမ်းဝင်လာပုံမှာ မြင်းမွေးမြူရေး ခြံကြီးအတွင်းသို့ လာနေကျ ဧည့်သည်များလို မဟုတ်ဘဲ ရန်သူ့တပ်မကြီးအတွင်း ဝင်လာသည့် စစ်သူကြီးတစ်ဦး၏ ဟန်ပန်မျိုး ပေါက်နေသည်။
"ဦးကြီးက ဦးရာကျော်ပါလား ခင်ဗျာ"
အပြောအဆို ယဥ်ကျေးသိမ်မွေ့သော်လည်း တည်ကြည်ပြတ်သားဟန် ရှိသည့် လုလင်အား လူကြီးက အကဲခတ်လျက်မှ
"ဟုတ်ပါတယ် ငါ့တူ၊ အကြောင်းကိစ္စရှိပါသလား"
"မြင်းများကို ပြုစုပျိုးထောင်ရာမှာ သည်ခြံက နာမည်အကျော်ဆုံးမို့ လာခဲ့တာပါ ဦးကြီး"
"ကောင်းပြီမောင်၊ အိမ်ပေါ်ကြွပါဦး"
လူကြီးက ဦးဆောင် ခေါ်သွားလျင် လူငယ်သည် နောက်မှ လိုက်တက်လာ၏ ။ နောက်လှည့်ကြည့်စဥ် သူ၏ မြင်းကို မချည်ခဲ့ဘဲ နေရာတွင်သာ ထားခဲ့သည်ကို ဦးရာကျော် သတိပြုမိသည်။ မြင်းကောင်းလက္ခဏာအပြင် ကျင့်သားပြည့်နေသော မြင်းလိမ္မာဖြစ်ရမည်ဟု ကောက်ချက်ချလိုက်၏ ။
အိမ်သူအိမ်သားများမှ ရေနွေးကြမ်း၊ ကွမ်းအစ်နှင့် လက်ဖက်အုပ်များ ဧည့်ဝတ်ပြုပြီးသောအခါ လူရွယ်က
"ကျွန်တော့်မြင်းကို ကျွန်တော် လိုချင်တဲ့ပုံစံအတိုင်း သည်မှာ ကျင့်ပေးနိုင်ပါသလား သိပါရစေ"
ဦးရာကျော်က မျက်ခုံးပင့်၍
"ရပါတယ် မောင်ရင်၊ ဘယ်လိုများ ဖြစ်စေချင်လို့လဲ"
"ကျွန်တော် လိုချင်တာကတော့ အခြားမြင်းတွေ ကျင့်ရတာနဲ့ တူမှာ မဟုတ်ပါဘူး။ မြင်းကို လိမ္မာအောင် သင်ဖို့ထက် ရှူးတိုက်လျင် ကိုက်တတ်အောင်၊ အချက်ပေးလျင် ကန်တတ် ပေါက်တတ်အောင်၊ တစ်ကိုယ်လုံးကို အသုံးပြုပြီး မရပ်မနား တိုက်ခိုက်တတ်အောင် သင်ပေးစေချင်တာပါ"
ဦးရာကျော် ရေနွေးခွက်ကို ဆက်မမှုတ်နိုင်တော့ဘဲ ချထားလိုက်ပြီး
"မောင့်ဟာက အဆန်းပါလား၊ ဒီလောက်ကောင်းတဲ့ မြင်းကို ရိုင်းစေချင်တာလား"
"မြင်းက မရိုင်းဘဲ အမိန့်ပေးရင် မြင်းရိုင်းတစ်ကောင်လို ဖြစ်သွားစေချင်တာခင်ဗျ"
"အင်း.. ဒါမျိုးတော့ တစ်ကြိမ်မှ မသင်ဖူးဘူး။ သို့သော် အခက်ကြီးတော့လည်း မဟုတ်ပါဘူး။ သင်မယ်ဆို ရနိုင်ပါတယ်။ ဒါနဲ့ မောင် အဘယ်အရပ်က လာခဲ့သလဲကွဲ့"
"ရှမ်းပြည်ဘက်က လာပါတယ်"
ဦးရာကျော်က ခေါင်းတဆတ်ဆတ် ညိတ်၍
"စစ်ကိုင်းကို လာတော့ မြစ်ကူးခဲ့ရမှာပေါ့"
"ဟုတ်ကဲ့၊ လှေကြီးနဲ့ ကူးခဲ့ပါတယ်"
"မြင်းကို လှေတင်ရတာ အဆင်ပြေရဲ့လား"
လုလင် သဘောပေါက်သွား၏ ။
"ကျွန်တာ့်မြင်းက မကြောက်တတ်ပါဘူး။ လှေပေါ်ကို ဆွဲလာတဲ့အတိုင်း အသာတကြည် တက်ပါတယ်။ ခက်ခက်ခဲခဲ တင်ရတာမျိုး မရှိပါဘူး"
လူကြီးသည် လူငယ်ကို သဘောကျစွာ ကြည့်လျက် ပြုံးလိုက်ပြီး
"အဲဒါဆိုရင်တော့ မောင်ရင် လိုချင်တဲ့အတိုင်း ရဖို့ အခြားမြင်းတွေထက် ၂ ဆ ပိုကြာလိမ့်မယ်ကွဲ့"
"ခင်ဗျာ"
"အေးလေကွယ်၊ မောင်လိုချင်တာတွေကလည်း သာမန်မဟုတ်၊ မောင့်မြင်းကလည်း သာမညမဟုတ်၊ အကြောက်အလန့် မရှိတဲ့ မြင်းကို ကျင့်ရတာက ရိုက်လို့ ကြောက်မယ့် မြင်းထက် အများကြီး ပိုခဲကပ်တာကလား မောင်ရဲ့"
"သြော.. ဟုတ်ပါရဲ့"
လူငယ်က နားလည်သွားဟန်ဖြင့် စဥ်းစားနေ၏ ။
"ရှင်ဘုရင့် တပ်တော်သားလားကွဲ့"
"ခင်ဗျာ.. မဟုတ်ပါဘူး"
"သြော်.. သြော်"
ဟု ဆို၍ ရေနွေးခွက်ကို မ လိုက်ပြီးမှ
"မောင့်ပုံပန်းဟန်ပန်က ဘယ်လိုကြည့်ကြည့် ဗိုလ်မင်းတပ်မင်း ဖြစ်မှာပဲလို့ ထင်စရာကွဲ့။ ရွှေနန်းရှင်ရဲ့ အောင်တပ်မတော်က မဟုတ်ရင်..."
ဦးရာကျော်က သူ့အနားသို့ ကိုယ်ကို ကိုင်းလျက် လေသံကို နှိမ့်လိုက်ကာ
"အင်းဝ သူပုန်များလား မောင်"
လူငယ် ဖျတ်ခနဲ မော့ကြည့်သည်။
"မင်းခေါင်နော်ရထာ တပ်သားလို့ ပြောတာလား"
"ဆိုပါတော့၊ အဲဒီလို ထင်စရာမို့ပါ။ စိတ်မရှိပါနဲ့"
လူငယ် သက်ပြင်းချသည်။
"မဟုတ်ပါဘူး။ ကျွန်တော် အခုမှ သည်အရပ်ကို ရောက်တာပါ။ သည်ရောက်မှ နောင်တော်ကြီးမင်းနဲ့ မင်းခေါင်နော်ရထာတို့ အရေးတွေကို ကြားသိရတာ"
"အင်း.. သူပုန်ဆိုရင်တောင် သည်အချိန်မှတော့ မဖမ်းတော့ပါဘူး။ အခြေနေတွေ အေးချမ်းသွားပါပြီ။ မင်းပြစ်ကြောက်လို့ မေးတာ မဟုတ်ပါဘူး။ မောင့်ကို ကြည့်ရတာ ထူးခြားနေလို့ပါ"
"ဟုတ်ကဲ့"
ဦးရာကျော် ကွမ်းအစ်ကို ဆွဲယူလျက် ကွမ်းယာနေစဥ် လုလင်က
"ကျွန်တော့်မြင်းကို ကျင့်ရမယ့် ကြာချိန်နဲ့ ကျသင့်မယ့် အဖိုးအခကို သိပါရစေ"
လူကြီးသည် အတန်ကြာအထိ စကားမပြန်ဘဲ ကွမ်းကိုသာ အာရုံစိုက် ထည့်နေ၏ ။ ယာပြီး၍ ပါးစောင်တွင် ငုံပြီးသောအခါ၌လည်း စကားမဆိုသေးဘဲ အိမ်အောက်ရှိ မြင်းနီကြီးကို ငေးကြည့်နေသေးသည်။ ပြီးမှ
"တစ်နှစ်ကျော်တော့ ကြာလိမ့်မယ်လို့ တွက်ဆရတယ်။ မောင့်မြင်းက ဘာလုပ်လုပ် အနည်းဆုံး ၂ ဆ ဖြစ်မှာပဲ"
အဖိုးအခလည်း အနည်းဆုံး ၂ ဆ ပေးရမည်ဟု ဆိုလိုရင်းဖြစ်ကြောင်း လူငယ်က သဘောပေါက်၏ ။ အထုပ်ထဲမှ တစ်စုံတစ်ခုကို နှိုက်ယူလိုက်ပြီး ဦးရာကျော်ကို ကမ်းပေးလာ၏ ။
"ဒါကို အဖိုးဖြတ်ကြည့်ပါ ဦးမင်း"
"အလို"
ဦးရာကျော်သည် ပျားရည်ကဲ့သို့ အရည်လဲ့နေသည့် ပတ္တမြားလက်စွပ်ကို လက်ထဲမှ လွှတ်ချလိုက်မိမတတ် ဖြစ်သွားသည်။
"ဒါ.. ဒါက၊ ရိုးရိုးလက်စွပ်မှ မဟုတ်ဘဲ"
"ဟုတ်ပါတယ်၊ နန်းတွင်းပစ္စည်းပါ"
"မောင်ရင် စစ်သည် ရဲမက် မဟုတ်ဘူးလည်း ဆိုတယ်၊ နန်းစဥ်သုံးလက်စွပ်လည်း ရထားတယ်။ ဓားပြတိုက်လာသလား မောင်"
လူရွယ် ပြုံးတော့မလို ဖြစ်သွား၏ ။
"ကျွန်တော့်ကို ဘဝရှင် အလောင်းမင်းတရားကြီး ကိုယ်တော်တိုင် ချီးမြှင့်တော်မူခဲ့တာပါ။ မင်းပြစ်မင်းဒဏ် ကင်းကြောင်း အာမခံပါတယ်"
လူကြီးသည် ထူးခြားသော မျက်လုံးများဖြင့် လူငယ်ကို ကြည့်နေရင်း ကုန်းရမလို ထရမလို ဖြစ်လာ၏ ။ လက်စွပ်ကိုလည်း ကိုင်ထားရမလို ကမ်းလိုက်တော့မလို ရှိနေသည်။ ထို့နောက် ပြန်ပေးလိုက်ပြီး တုန်လှုပ်စွာဖြင့်
"ဘုရင့်ပစ္စည်းကို ကျုပ် မကိုင်ဝံ့ဘူး မောင်၊ မောင်ရင် မည်သို့ ရသည်ဖြစ်စေ၊ မည်သူဖြစ်သည် ဖြစ်စေ ကျုပ်တော့ အေးအေးချမ်းချမ်းပဲ နေလိုလှပါတယ်"
"ဦးမင်း အထင်မှားနေတာပါ။ သည်လက်စွပ် ကျွန်တော့်ကို ပေးခဲ့တာ ကြာပါပြီ။ ကျွန်တော် ကိုယ်မှာ မထားလိုလို့ မြေမြှပ်သိမ်းဆည်းခဲ့တာ၊ ယခုမှ မြင်းအတွက် လိုလို့ ထုတ်ယူလာတာပါ။ အရှင့်လက်စွပ်တော်မို့ နှမြောပေမယ့် ကျွန်တော့်အတွက် သည်ပစ္စည်းတွေက အသုံးမဝင်ပါဘူး။ ဦးကြီးသာ လက်ခံမယ်ဆိုရင်.."
"နေ.. နေ၊ မောင်ရင်။ လက်မခံပါရစေနဲ့။ အဲဒီပတ္တမြားကို စျေးဖြတ်ယူနိုင်လောက်အောင်လည်း ကျုပ်တို့ဆီမှာ တတ်နိုင်တဲ့သူ မရှိဘူး။ ဒီလောက် ကြီးလေးတဲ့ ပစ္စည်း လက်ခံထားမိရင် ကျုပ် အသက်တိုလိမ့်မယ်။ လက်စွပ်လုပ်ထားတဲ့ လက်ရာကို မြင်တာနဲ့ မင်းသုံးဘဏ္ဍာမှန်း သိကြမှာပဲ"
"ကျွန်တော့်မှာ အခြား ပေးစရာလည်း ပါမလာဘူး။ အမှန်တိုင်း ပြောရရင် သုရှင် ချီးမြှင့်တဲ့ ပစ္စည်းတွေနဲ့ ဆုတော်လာဘ်တော်တွေကို ၃ နေရာခွဲပြီး မြှပ်ခဲ့တာ ဒဂုံနဲ့ မောပြည်ကို သွားယူဖို့က မလွယ်လို့ အင်းဝက ဒီပစ္စည်းပဲ ယူလာတာပါ"
"အောင်မယ်လေး.. မောင်မင်းကြီးသား၊ စောစောက ပြောပါတော့လား။ မရိုမသေ မခန့်မညား နေထိုင်ပြောဆိုမိတာကို ခွင့်လွှတ်တော်မူပါ။ ခမည်းတော်မင်းမြတ်ရဲ့ ဗိုလ်မင်းကြီးမှန်း မသိလို့ ကျွန်တော်မျိုး.."
"ဟာ.. မဟုတ်ပါဘူး ဦးကြီးရယ်၊ ကျွန်တော် မင်းမှုထမ်း မဟုတ်တော့ပါဘူး။ အခုမှ အယုဒ္ဓယက ပြန်လာတာပါ။ ကျွန်တော့်မြင်း သိပ်ပင်ပန်းနေပြီး တစ်လလောက် နားမှ ရမှာမို့ ကျွန်တော်လည်း ရွာကို ပြန်မလို့ မြင်းကို ဦးကြီးခြံမှာ အပ်ခဲ့ပြီး ကျင့်ထားဖို့ ကြံတာပါ"
"မြင်းကို လက်ခံဆို လက်ခံကျွေးမွေးထားပါ့မယ်မောင်၊ မောင်လိုတဲ့အတိုင်းလည်း ဖြစ်ရပါစေမယ်။ မောင့်ပစ္စည်းတွေတော့ မထားခဲ့ပါနဲ့"
"ဒါဆို ကျွန်တော်က အဖိုးအခကို ဘယ်လို ပေးရမလဲ"
"ပေးချင်လည်းပေး၊ မပေးလည်း နေပါကွယ်။ မင်းမှုထမ်းများ လာရင် သူတို့မြင်းတွေကို ရောပြီး ထိန်းသိမ်း ပျိုးထောင်ပေးနေရတာပါပဲ။ ဒါ ကျုပ်အလုပ်ပါပဲ။ အဲ.. မောင့်မြင်းတော့ ကောင်းမှန်းလည်း သိပါရဲ့။ စစ်မြင်းဖြစ်မှန်းလည်း အကဲခတ်မိပါရဲ့။ သို့ပေမယ့် မောင့်အရွယ်ကို ကြည့်ပြီး သာမန် ဗိုလ်လောက် ထင်ခဲ့မိတာ"
"ကျွန်တော်က သာမန်ဗိုလ်တောင် မဟုတ်တော့ပါဘူး။ ရိုးရိုးတပ်မှူးတစ်ယောက် အဖြစ်နဲ့ အခု မင်းမှုလည်း ပြန်မထမ်းတော့ဘူး။ မြင်းကို ကျင့်တာလည်း လိုရမည်ရ တွေးမိထားတာ ရှိလို့ ကျင့်ထားချင်တာ။ ဘာပဲဖြစ်ဖြစ် ဒီလက်စွပ်ကိုတော့ လက်ခံပေးပါ။ နောက်မှ အဖိုးအခကို လဲပေးပါ့မယ်"
"ရှင်ဘုရင်က ဝတ်တော်မူတဲ့ လက်စွပ် ချွတ်ပြီး ဆုချီးမြှင့်တာ သာမန်ဗိုလ် ဟုတ်ရိုးလားကွဲ့။ ဘုရင်တွေက သူ့အတော်ဆုံး ဝန်ကြီး အမတ်ကိုမှ ပေးတတ်တာ။ အဲလို ချွတ်ပေးခံရတဲ့ သူဆိုတာလည်း ရာဇဝင်မှာ လက်ချိုးရေလို့ ရတယ်။ မောင့်ကိုလည်း မြင်စဥ်ကတည်းက သာမန်လူတော့ မဟုတ်ဘူး ထင်မိသား။ အဖိုးအခလည်း မဆိုပါနဲ့တော့၊ မောင့် အမည်ကိုသာ ပြောပါတော့"
"အဖိုးအခ မပေးဘဲတော့ ဘယ်ဖြစ်မလဲ ဦးကြီး"
"ဒါဖြင့်ရင် မောင် ရခဲ့တဲ့ ဘွဲ့ကို လိုက်ပြီး အဖိုးစားနား သတ်မှတ်တာပ။ အလောင်းမင်းတရားကြီး လက်ထက်တော်က လူကို ကျုပ်က ပုံမှန်အတိုင်း မယူဝံ့ပါဘူး။ ချင့်ယူပါ့မယ်။ ဘာအမည်နဲ့ အမှုတော် ထမ်းခဲ့ပါသလဲ"
"အမည်ကို လိုက်ပြီး သတ်မှတ်ဖို့ မလိုပါဘူး။ ထုံးစံအတိုင်းသာ ယူပါ ဦးကြီး"
"မဟုတ်ဘူး၊ ဘယ်သူ ဘယ်ဝါရဲ့ မြင်းကို ကျုပ်တို့ လေ့ကျင့်ပေးလိုက်ရတယ် ဆိုတဲ့ ဂုဏ်လည်း ရှိသေးတာပ။ ကျုပ်အတွက် အဲဒါက ပိုအဖိုးတန်တယ်"
လူငယ်က တွေဝေ စဥ်းစားနေ၏ ။ ဦးရာကျော်၏ အာမေဋိတ်သံကြောင့် စိတ်ဝင်စားခဲ့ကြ၍ အိမ်အောက်မှ နားစွင့်နေကြသူအချို့နှင့် လှေကားထိပ်မှ ချောင်းနေသော ကောင်လေးတစ်ဦးကို သူတို့ သတိမထားမိ။ လူငယ်၏ နှုတ်မှ အသံထွက်လာသည်။
"လက်ျာဘီလူး ပါ.. ကျွန်တော့် ဘွဲ့အမည်"
"လက်ျာဘီလူး"
"လက်ျာဘီလူး တဲ့"
ဦးရာကျော်၏ သံယောင်လိုက်သံနှင့်အတူ လှေကားဆီမှ အသံနှင့် အိမ်အောက်မှ ရေရွတ်သံတို့က တပြိုင်တည်း ထွက်လာသဖြင့် လူငယ် ဆတ်ခနဲ ဖြစ်သွားပြီး လှည့်ကြည့်သည်။ သူ့အား မျက်လုံးပြူးလျက် ကြည့်နေသော သူငယ်ကလေးတစ်ဦး။ ထိုသူငယ်က ပြူးပြူးပြာပြာ မေးလာ၏ ။
"သူရဲကောင်း လက်ျာဘီလူး လား"
အိမ်အောက်မှ တီးတိုးအသံများလည်း ကြားနေရသည်။
"ဟဲ့.. အဲဒါ လက်ျာဘီလူး တဲ့တော့"
"သူရဲတော် လက်ျာဘီလူး တဲ့ကွ၊ ဟုတ်ပါ့မလား"
"ဟိတ်.. တကယ် လက်ျာဘီလူး လား"
"အဲဒီလက်ျာဘီလူး ဆိုတာ ဘယ်သူလဲ"
သူတို့ မည်ကဲ့သို့ ကြားထားကြသည် မသိ။ လက်စွပ်ကို ဦးရာကျော်လက်သို့ အတင်းအပ်လျက် ထားခဲ့သော လူရွယ် အိမ်ပေါ်မှ ဆင်းလာသောအခါ တစ်ခြံလုံးရှိ လူများသည် ရောက်ရာနေရာတွင် ရပ်လျက် သူ့အား ဝိုင်းကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။
(ဆက်ရန်...)သူရဲကောင်း (၃)
Written by သင်္ခရာဇာ
End date: December 2, 2020
No comments:
Post a Comment