ရွာရောက်၍ တစ်လကျော် ကြာသောအခါ ငစံသည် ရွာထဲသို့ သိပ်မလာတော့ဘဲ ဘုန်းကြီး ကျောင်းနှင့် ရွာပြင်တွင်သာ အနေများတော့သည်။ သူ၏ သူငယ်ချင်းနှစ်ဦးမှာလည်း ရွာ၏ အစွန်အဖျားများတွင် နေကြသဖြင့် သူတို့ ၃ ယောက်သည် ရွာနှင့် ကင်းကွာနေကြသကဲ့သို့ ရှိ၏ ။ ငစံသည် နေ့လယ်အချိန်များ၌ ရွာကို ပတ်၍ တောင်ဘက် လှည်းလမ်းကြောင်းကို ပြုပြင်နေလေ့ ရှိသည်။
လှည်းလမ်းမှာ လူများ သွားလာရန် ခက်ခဲလျက် သံပြားပတ် လှည်းဘီးရာနှစ်ခုသာ ခွက်ဝင်နေပြီး အလယ်တွင် မညီမညာ မို့မောက်နေ၏ ။ ထို့ကြောင့် အခြားရွာများနှင့် ကူးသန်းရောင်းဝယ်မှု ပြုကြသူများသည် လှည်းလမ်းမှ ပူးချည်ခွာချည် ရှိသော ကဇာခင်တန်း အရိပ်များအောက်မှ လျှောက်သာရုံ လမ်းကလေးအတိုင်း သွားလာကြရသည်။ သူတို့ ငယ်စဉ်ကမူ လှည်းလမ်းသည် ညီညာပြန့်ပြူးကာ လူအများ သွားလာနိုင်အောင် ဖြောင့်ဖြူးခဲ့၏ ။
ထိုလမ်းအတိုင်း သူ လာခဲ့စဉ်က ခရီးသွားများ၏ အန္တရာယ်ကို သတိပြုမိခဲ့သဖြင့် ပိုးမွှားသားကောင် ခိုအောင်းနေတတ်သည့် ကဇာများကို အားမပြုဘဲ လှည်းလမ်းအတိုင်းသာ သွားလာနိုင်ကြစေရန် ပေါက်ပြားတစ်လက်၊ တောခုတ်ဓားတစ်ချောင်းဖြင့် နေ့စဉ် လာရောက် ပြုပြင်နေခဲ့သည်။ လှည်းဘီးရာနှစ်ခု အလယ်မှ မို့မောက်နေသော မြေသားများကို ပေါက်၍ နွားများ ရုန်းရလေ့ရှိသည့် နွံအိုင်တွင်းသို့ ချရန်ကိုမူ တစ်ခါတစ်ရံ ဖေသရာက လာရောက်ကူညီတတ်လေသည်။ မဲလုံးကတော့ မအားလပ်ဟု ဆို၍ လာလေ့မရှိ။
အလွန်ဆိုးဝါး တိမ်းစောင်းနေသည့် နေရာအချို့၌ မြေကလည်း မာသောကြောင့် တစ်ရက်လျင် လေးငါးဆယ်လှမ်းစာမျှပင် မပြီးချင်။ ရွာထဲမှလည်း မည်သူမျှ ကူညီလာခြင်း မရှိဘဲ အပိုအလုပ်ဟုသာ မြင်ကြ၏ ။ သူတို့ နှစ်ဦးသည် ရွာ ၂ ရွာကြားရှိ အလွန်ရှည်လျားသော လှည်းလမ်းကြောင်းကြီးကို ဖြူးနေသော လမ်းမကြီး ဖြစ်လာသည်အထိ တစ်နှစ်ကျော်ကြာ ပြုပြင်ခဲ့ရသည်။ ရွာသို့ သိန်းဆောင် ပြန်မရောက်မီအထိ ဖြစ်၏ ။ လှည်းနှင့် နေ့တစ်ဝက်ခရီး မောင်းရသော လမ်းသည် ယခုအခါ ပြေပြစ်ညီညာစွာ ရှိလာပြီး မိုးအခါ နွားများ ဆင်းရုန်းရတတ်သည့် ရွှံ့အိုင်သည်လည်း ရေထွက်ပေါက်ချန်လျက် မြေဖို့ထားသည့်လမ်း ဖြစ်နေခဲ့ပြီ။
တစ်ရက်တွင် သူရှိနေရာသို့ ငသိန်းဆောင် အပြေးအလွှား ရောက်လာသည်။ ရောက်ရောက်ချင်း သူ့ကို တအံ့တသြ ကြည့်နေ၏ ။ သူက ဘာဖြစ်လာသလဲ သိန်းဆောင်၊ ဘယ်တုန်းက ပြန်ရောက်လဲ ဟု မေးသော်လည်း မဖြေဘဲ စိန်းစိန်း စိုက်ကြည့်နေပြီးမှ လက်မောင်းကို ဆွဲငင်ကာ ကုန်းကမူထက်ရှိ သစ်ပင်ရိပ်အောက် ခေါ်သွားသည်။
"မင်း ဒါတွေ လုပ်စရာလားကွ ငစံ"
သိန်းဆောင်ဆီမှ ဦးဆုံးကြားရသည့်စကား။
"ဘာဖြစ်လို့လဲကွ၊ ဘာလို့ မလုပ်ရမှာလဲ"
"မင်းလိုလူက ဘာအတွက် ဒီအလုပ်တွေ လုပ်နေရမှာလဲ။ တခြားသူတွေ ခိုင်းပါလား"
သည်တော့မှ သူ သဘောပေါက်ကာ ရယ်မိသည်။
"မင်းက ငါ့ကို စစ်ဗိုလ်ကြီး ထင်နေတုန်းလား။ ငါက ဘုန်းကြီးကျောင်းသား ငစံ ပြန်ဖြစ်နေပါပြီကွ"
သိန်းဆောင် သူ့ကို မကျေမချမ်း ကြည့်သည်။ ရွာဘက်သို့လည်း ပြန်ကြည့်လျက် သူ့ဘာသာ ရေရွတ်နေပြန်သည်။
"မင်းအကြောင်းတွေ ငါကြားတယ်ကွ ငစံ၊ ဘယ်လို ဖြစ်ရတာလဲကွာ"
×××××××××××××××××××××××××××××××××
"အဖြစ်ကတော့ အဲလိုပဲ ငသိန်းရေ..၊ ခွေးလေးတွေ ဖအေမပေါ်တဲ့ ကိစ္စကို အရှက်ရပြီး သူနဲ့မဆိုင်ကြောင်း၊ သူ့မှာ ရှိကြောင်း ပြဖို့ မိပြားကို အတင်းခိုးပြေးတာပဲ။ ဖြစ်ချင်တော့ မိပြားကလည်း သားပေါက်ကောင်းလိုက်တာမှ တစ်နှစ် တစ်ယောက် ပုံမှန်ကျပဲ ဟေ့ကောင်ရေ"
"ခွေးမသား ငမဲလုံး၊ ရူးပေါပေါနဲ့ မဆိုင်တာ ဆွဲမထည့်နဲ့"
ဖေသရာက အုန်းမှုတ်ခွက်ကို ပစ်ချလိုက်ရာ သိန်းဆောင်က ကောက်ယူ၍ သုတ်လိုက်ပြီး မြူအိုးထဲ နှစ်ခပ်လိုက်၏ ။ ထို့နောက် အမြုပ်တစီစီရှိသော ဦးရည်ကို အရသာခံ သောက်ရင်း ပြုံးနေသည်။ ငစံက
"မဲလုံး ပြောတာတော့ ခွေးမက အနက်မ၊ ခွေးလေးတွေက ညိုညို တောင့်တောင့်လေးတွေချည်းပဲဆို"
သိန်းဆောင် ထန်းရည်သီးသွားသည်။ ဖေသရာ၏ ပုံစံမှာလည်း ညိုထွားကြီး ဖြစ်နေသောကြောင့်ပင်။
"မင်း အဲလို လျှောက်ပြောမှာ သိလို့ အဲဒီခွေးတွေကို ရွာထဲက လူတွေ မပေးဘဲ တခြားရွာသားတွေ သတ်စားစားဆိုပြီး တမင်လိုက်ပေးပစ်တာပဲ။ ရွာထဲ မြင်နေရရင် ငဖေ့သားကြီး လာပါဦးကွ.. အို့ အို့ လုပ်နေမယ့်ကောင်"
ငစံက သူ့အတွက် ဖယ်ထားသည့် ထန်းရည်ချိုကို တစ်ငုံ ငုံလိုက်ပြီး ပဲကြီးလှော်တစ်စေ့ ပါးစပ်ထဲ ပစ်ထည့်ရင်း
"ဖေသရာကလည်း မင်းအကြောင်းတွေ ပြောပါတယ်။ ကြက်သွားခိုးတာ မိတုတ်မ ပါလာတဲ့အကြောင်း"
"ခွေးကောင် ဖေသရာ၊ မဟုတ်မဟတ်တွေ လျှောက်ပြောထားတယ် မဟုတ်လား"
"ငါက မဟုတ်တာ ဘာမှမပြောဘူးမောင်၊ မိတုတ်မက သူ့လူမှတ်လို့ ချိန်းထားတဲ့အတိုင်း ဆင်းလာတာကို မင်းက လည်လိမ်ထားတဲ့ကြက် ပစ်ခဲ့ပြီး လူ မ သွားလို့ ငါတို့ ဘူးသီးဟင်းရည်ချည်း သောက်ခဲ့ရပါရောလား"
"ဟားဟားဟား"
သိန်းဆောင်က ယစ်သော မျက်နှာဖြင့် ထ ရယ်၏ ။ ထိုစဉ် တစ်ဖက်ဝိုင်းမှ ခွမ်းခနဲ အသံကြားရပြီး
"ဆူတယ်ကွာ.. တောက်"
လူတစ်ယောက်သည် ထန်းရည်မြူအိုးများကို ကန်၍ ဒယိမ်းဒယိုင် ထသွားပြီး မိတုတ်မကို ခေါ်ကာ
"နားအေးပါးအေး သောက်ချင်လို့ လာပါတယ်ဆို နားကို ညီးနေတာပဲ။ နောက် နင်တို့ ထန်းတောဘက် ခြေဦးကို မလှည့်ဘူး"
သူတို့ လေးဦးသား ငေးကြောင်၍ ကျန်ခဲ့သည်။ ထိုသူ ထွက်သွားပြီးမှ
"အဲဒါ တောင်ကျောင်းက ကောင် မဟုတ်လား"
"ဟုတ်တယ်၊ တံငါမုဆိုး လုပ်တဲ့ ငပေါက်တူး။ ငယ်ငယ်တုန်းကတော့ ပွဲကျောင်းသား ခေါင်းဆောင်ပဲ၊ နောက် သူတို့ကျောင်းကို ကိုရင်ကြီး ရေဝတ ရောက်လာတော့ နေရာဖယ်ပေးလိုက်ရပြီး အခုလို ဆိုးပေနေတာ ကြာပြီ"
ငစံသည် လေးနက်စွာနှင့်
"ဒီကောင် ငါ့ကို မကျေမနပ်ဖြစ်နေတာ ကြာပြီ"
ကျန်သုံးဦး မျက်နှာများ လည်လာကြ၏ ။
"ဘာလို့တုန်းကွ"
"မင်းနဲ့ ရန်စ ရှိဖူးလို့လား"
"ဘုန်းကြီးကျောင်းသား ခေါင်းဆောင်ချင်း စောင်နေတာ နေမှာပေါ့။ ငယ်ငယ်ကတော့ သူတို့နဲ့ လောက်စာလုံးစစ်ပွဲ နွှဲခဲ့ရသေးတယ်လေ။ ငစံ.. မင်းမှတ်မိလား၊ တို့ကျောင်းက ခွေးတွေကို ဒီကောင်တွေ လာပစ်ကြလို့ စစ်ခင်းရတာ"
"အဲဒါကြောင့် မဟုတ်ဘူးကွ။ ဝန်တို မစ္ဆရိယကြောင့် ဖြစ်မယ် ထင်တာပဲ။ ငါ ရောက်ခါစက သူကြီးအိမ်မှာ အတက်အဆင်း ဆုံဖူးတယ်။ ငါပြန်ဆင်းတော့ ဖိနပ်ကို ကန်သွားတာ ငါ့ဖိနပ် သီးသန့်ကိုပဲ။ တခြားသူလည်း မဟုတ်လောက်ဘူး"
မဲလုံးက သတိပေးလာသည်။
"ပေါက်တူးက ဓားပြတိုက် လုယက်တာမျိုး လုပ်ချင်တယ်နော်။ တစ်ခါတစ်ခါ သူတို့ လူစုပြီး တိုင်ပင်နေတာ တွေ့ရတယ်။ မင်းကို အန္တရာယ် ပြုနေဦးမယ်"
"ရန်မများအောင်တော့ ရှောင်ရမှာပေါ့ မဲလုံးရာ"
သူက ရှောင်ချင်သော်လည်း ပေါက်တူးက မရှောင်လိုလှပါ။ သူ့တစ်ယောက်တည်း ရှိစဉ်က မျက်မုန်းကျိုးရုံသာ ဖြစ်သော်လည်း မင်းကျောင်းသားနှင့် ငယ်ပေါင်းများ စည်းစည်းလုံးလုံး ရှိနေသည်ကို မြင်သောအခါ၌မူ ရန်သူ ပြိုင်ဘက် အနှောင့်အယှက်သဖွယ် မြင်လာလေပြီ။ မိမိတို့ လုပ်ငန်းများကို ဖျက်ဆီးလာနိုင်သည့် အင်အားစုဟု ရှုမြင်လာသည်။ ရွာသူရွာသားများ၏ ပစားပေးမှုကြောင့် ဖြစ်ပေါ်လာသော အမုန်းတရားသည် ဒေါသအဖြစ် ကူးပြောင်းလာပြီး သူနှင့် ထိပ်တိုက်တွေ့ရန်သာ ကြံနေတော့သည်။
(ဆက်ရန်...) သူရဲကောင်း (၄)
Written by သင်္ခရာဇာ
End date: December 3, 2020
No comments:
Post a Comment