Translate

သူရဲကောင်း (၅)

ငပေါက်တူး အလွန်ဒေါသထွက်နေသည်။ သူ့လူတွေကိုရော ငညိုသူတို့ အဖွဲ့ကိုရော တစ်ခုခု လုပ်ပစ်ချင်လှ၏ ။ သူတို့ရွာမှ ငမှတ်၊ ငအောင်ရွေး၊ ငဖောင်း တို့အပြင် အခြားရွာ နှစ်ရွာမှ သူ့လူများဖြစ်ကြသည့် ငပျင်း၊ ငကျော်သာရွှေ၊ ငချင်း တို့သည် သူနှင့် ဆိုးဖော်ဆိုးဖက်၊ တိုက်ဖက် မိုက်ဖက်သားများ ဖြစ်ကြ၏ ။ အများစုမှာ လုပ်ဖော်ကိုင်ဖက် မုဆိုးလည်းလုပ် တံငါလည်း လုပ်ကြသည်။

လူတွင်ကျယ် လုပ်လွန်းသော ငညိုသူအား ငယ်စဉ် ငစံဘဝကပင် ကြည့်မရခဲ့။ ငစံ ကိုရင်ဝတ်သွားသောအခါ တစ်ရန်အေးပြီ ဟူ၍ စိတ်ချမ်းသာခဲ့သည်။ သို့သော် မကြာ၊ လူပြန်ထွက်လာ၏ ။ ငညိုသူ အမည်နှင့် သူလို ဘုန်းကြီးကျောင်းသား ခေါင်းဆောင်ပင် ဖြစ်လာလိုက်သေးသည်။ ထို့နောက် ရွာမှ ပျောက်သွားသည်။ သူ့ကြောင့် ခမ်းနားကြီးကျယ်လှသော မင်းကျောင်းကြီး မီးလောင်ခဲ့ရသည် ဟု မကျေမနပ် ဖြစ်ခဲ့ရသည်။
ယခုအခါ သင်းသည် ရွာပြန်လာပြီး လူများကလည်း အမှတ်မရှိ သူ့အား ဗိုလ်မင်းကြီး ဖြစ်ခဲ့သည် ဆိုကာ အရေးပေး ဆက်ဆံနေကြပြန်သည်။ ငညိုသူသည် သူတို့ကဲ့သို့ တောအလုပ်များကို တပင်တပန်း မလုပ်ဘဲ ဘုန်းကြီးကျောင်း၌ ကပ်စားနေကာ အများအမြင်တွင် ချီးကျူးနိုင်မည့် အမှုတို့ကိုသာ လုပ်ပြနေသောကြောင့် ရွာသားများ၏ လေးစားခြင်းကို ခံနေရ၏ ။
သူ့မှာမူ တောလည်ခြင်း၊ ပိုက်ချခြင်း၊ ကွန်ပစ် ငါးလုပ်ခြင်း၊ ညွှတ်ကွင်းထောင်ခြင်း စသည်တို့ကို ဆယ့်နှစ်ရာသီပတ်လုံး ခက်ခဲဆင်းရဲစွာ လုပ်ကိုင်၍ အသက်မွေးပါသော်လည်း မည်သူကမှ အထူးတလည် ငဲ့ညှာသနားခြင်း မရှိ။ ထို့အပြင် နှိမ်လိုက်ချင်ကြသေးသည်။ သူ့ကိုမြင်လျင် နှာခေါင်းရှုံ့ချင်ကြသည်။ မယားကအစ ပင်ပန်းသဖြင့် သောက်မိသော သေရည်ကို ရိုးမယ်ဖွဲ့ချင်သည်။
ထိုမကျေနပ်ချက်များကြောင့် ငညိုသူတို့အား ရှင်းပစ်ရန် သူ့လူများနှင့် တိုင်ပင်ရာ အားရစရာ မရှိလှ။ ရွာခံအပေါင်းအသင်းများမှာ စိတ်မပါသလို အခြားရွာမှ ငချင်းတို့ကလည်း ကူပါမည် အာမခံသော်လည်း အကျိုးအမြတ် မရှိသဖြင့် စိတ်မဝင်စားမှန်း သိနေ၏ ။ ငဖောင်းဆိုလျင် 'ဘီလူးဝင်စားတဲ့ ဘုရင့်စစ်သည်တော်ကို ကြံစည်လို့ မလွယ်ပါဘူး၊ ဝေးဝေးနေစမ်းပါ' ဟု ဆိုကာ ကြောက်ရွံ့နေလိုက်သေးသည်။
တကယ်တမ်း လုပ်ကြံကြမည် ဆိုသောအခါ ငဖောင်းတို့ စကားများကြောင့် အခြားသူများပါ ကြောက်လန့်လာပြီးလျင် သူနှင့် ငချင်း နှစ်ဦးသာ အမာခံ ကျန်တော့သည်။ ရှောင်ထွက်သွားသူများသလို သူ့ကိုသာ ဖျောင်းဖျနေကြလေ၏ ။ ယင်းသို့ ရှောင်ဖယ်ကြလေ ငပေါက်တူး စိတ်ထွက်လေ ဖြစ်သည်။ ဘုရင်ကိုယ်တိုင် ဖြစ်သော်လည်း ရအောင် လုပ်ကြံမည်ဟု ကြုံးဝါးထားလိုက်၏ ။
ဖေသရာသည် သီချင်းတအေးအေးနှင့် တောလည်လာရင်းမှ ရုတ်တရက် ရပ်တန့်သွားကာ အံ့အားသင့်နေသည်။ သူ ထောင်ခဲ့သော သုတ်ကိုင်းများသည် ပြုတ်လျက် ကြိုးတန်းလန်းသာ လေထဲ တွဲလောင်း ဖြစ်နေသည်။ သားကောင်မှာ မရှိ၊ မမိလိုက်ဟု ဆိုရအောင်လည်း ကြိုးမှာ ပြတ်နေသည်။ အောက်၌ သွေးစက်အချို့ကို တွေ့ရ၏ ။ အတော်အတန် ကြီးမားသော ခွေးအ၊ ကြောင်ကြီး တစ်မျိုးမျိုး၊ သို့မဟုတ် တောဝက်အား တစ်စုံတစ်ယောက်က မိနေစဉ် ပစ်ခတ်၍ ယူသွားပုံ ရ၏ ။
ဤသို့ ဖြစ်လေ့မရှိသဖြင့် သူ စဉ်းစားရ ကြပ်နေသည်။ မုဆိုးများမှာ စည်းစောင့်ကြသူများသာ ဖြစ်ပြီး အခြားသူတစ်ဦး ထောင်ခဲ့သည့် ထောင်ချောက် ကျော့ကွင်းတို့ကို ဖြုတ်ယူလေ့မရှိ၊ လိုက်ရှာလေ့ မရှိ၊ တွေ့လျင်လည်း ရှောင်ကွင်း၍ မိမိ ထောင်ချောက်ဆီသို့သာ သွားမြဲဖြစ်သည်။ ဦးလူကလေး၏ ကြံခင်းသို့ ရောက်သောအခါလည်း အံ့သြရပြန်၏ ။ တောဝက်ထောင်ခဲ့သော ထောင်ချောက်မှာ ပြုတ်နေပြန်ပြီး သားကောင်မတွေ့ရ။
ထို အခင်းမှာ တောဝက် သောင်းကျန်းလွန်း၍ ဦးလူကလေးကိုယ်တိုင် မိမိအား အပ်ထားသော ကြံစိုက်ခင်းဖြစ်သည်။ တောဝက်သည် ကြံအလွန်ကြိုက်ပြီး စားရုံသာမက နှုတ်သီးဖြင့် ထိုးဆွ ဖျက်ဆီးသွားတတ်၍ သူသည် တောဝက် ဝင်လမ်း ထွက်လမ်းများကို ကြည့်ရှုစစ်ဆေးကာ သေသေချာချာ ထောင်ထားခဲ့ခြင်း ဖြစ်ရာ ယခုအခါ တောဝက်မှာ အခင်းမဝင်လိုက်ရဘဲ ပျောက်ဆုံးနေပြန်သည်။
သူ၏ ထောင်ချောက်များမှ ယုန်တစ်ကောင်နှင့် ကြွက်သုံးကောင်သာ ရခဲ့ပြီး မကျေမနပ်နှင့် အိမ်ပြန်ခဲ့ရ၏ ။ ရွာလျောက်လျင် ချက်ချင်း ပြန်ထွက်ကာ ရွာထဲ လှည့်ပတ် စနည်းနာလေသည်။ ထိုနေ့က ရွာခံမုဆိုးထဲတွင် အမဲ ကြီးကြီးမားမား ရသူဟူ၍ ငပေါက်တူးသာ ဆတ်တစ်ကောင် ပစ်ခတ် ရလာသည် ဟူ၏ ။ တောဝက်သား ရောင်းသူလည်း မရှိ၊ အနီးအနားတစ်ဝိုက်၌ တောဝက်ရသည့် မုဆိုးလည်း မတွေ့ရချေ။
နောက်တစ်နေ့ ရွာစဉ်လှည့် စုံစမ်းရန် ပြင်နေစဉ် ငမဲလုံး၏ သတင်း ကြားရလေသည်။ ရုတ်တရက် အပြင်းဖျား၍ ကယောင်ကတမ်း ဖြစ်နေပြီ ဟူ၏ ။ သူ ရောက်သွားသောအခါ မဲလုံးမှာ အခြေအနေ မကောင်းလှ၊ အဆိပ်မိသည်ဟု ယူဆ၍ တပင်ရွှေထီးပင်အား ရှာကာ မိတုတ်မထံ ပေးခဲ့ပြီး ထုထောင်း တိုက်ကျွေးထားစေကာ သူက မူလအစီအစဉ်ကို ဖျက်၍ တောထဲ ဆေးမြစ်ရှာ ထွက်ခဲ့သည်။
သူပြန်ရောက်သောအခါ ငမဲလုံးမှာ ထူထူထောင်ထောင် ဖြစ်နေလေပြီ။ ငသိန်းဆောင်နှင့် ငစံ လာသွားပြီး ဆေးရွက်ခြောက်အချို့ ပေးသွားသည်ဟု မိတုတ်က ဆိုသည်။ ငစံပေးသော ဆေးရွက်သည် ချက်ချင်း အဖျားကျစေသတဲ့။ ဖေသရာက တောင်းယူ ကြည့်ရှုသော်လည်း မသိသဖြင့် ပြန်ပေးလိုက်သည်။ မဲလုံး ထန်းရည်လှောင်သော စဉ့်အိုးထဲသို့ ဖားပြုတ်တစ်ကောင် ကျပြီး သေနေသတဲ့။ ဖားပြုတ်ခြောက်သည်ပင် ထန်းရည်ကို အလွန်မူးစေသည်ဖြစ်ရာ မသေမီ ကျောမှ အဆိပ်ထွက်၍ အန္တရာယ် ဖြစ်စေခဲ့ဟန် တူသည်။
နောက် နှစ်ရက်ကြာလျင် သတင်းတစ်ခု ကြားရပြန်သည်။ ငစံ အိပ်နေသော ဇရပ်၌ တောကြီးမြွေဟောက်တစ်ကောင် တွေ့ရသည့် သတင်းထူး ဖြစ်သည်။ ကျောပေးပြီး အိပ်နေသည့် ငစံအား မြွေဟောက်ကြီးက ပါးပျဉ်းထောင်လျက် ပေါက်မည်တကဲကဲ ပြင်နေသည်ကို ကျောင်းသားငယ်တစ်ဦးက တွေ့ရှိ လန့်အော်ရာ ဆရာတော် ဆင်းလာပြီး မေတ္တာပို့မှ ထွက်ခွာသွားသည် ဆိုကြသည်။
ငစံ နိုးလာသော်လည်း မလှုပ်ရဲဘဲ လှဲနေရင်းကပင် မြွေဟောက်ကြီးကို စောင့်ကြည့်နေရသတဲ့။ ပါးပျဉ်းကြီးမှာ ဘယ်ညာ ယိမ်းနွဲ့လျက် ဆတ်ခနဲ ရှေ့ငိုက်လာတတ်ရာ သတိကြီးစွာ ထားခဲ့ရသည်ဟု ငစံက သူတို့အား ပြန်ပြောကြသည်။ ကျောင်းထဲသို့ ထိုမျှ ကြီးမားသော မြွေဟောက်ကြီး ရောက်နေသည်ကို သူတို့ အံ့သြနေကြသော်လည်း ငပေါက်တူးကတော့ တက် တခေါက်ခေါက်။
"မင်းကို ငါ ပြောပါတယ်၊ ခု ကြည့်စမ်း။ တောဘုရင် ဆိုတဲ့ ငန်းပုပ်ကြီးတောင် သူ့ကို မပေါက်ရဲဘူး။ အိတ်ထဲက ဖြည်လွှတ်လိုက်တုန်းကတော့ ဒေါသတကြီး ပြေးသွားတာပဲကွ။ အမောက်ကြီး ထောင်ပြီး ပေါက်ချလိုက်ပြီး မှတ်တာ ဆန့်ငင် ဆန့်ငင် ဖြစ်နေတယ်။ နောက်ကနေ ဝါးလုံးနဲ့ ထိုးလည်း မပေါက်ဘူး။ ငါလည်း ကြာရှည် မနေရဲတာနဲ့ ပြန်ပြေးလာတာပဲ"
ငဖောင်းစကားကို ငပေါက်တူးက အရေးမစိုက်။
"အသုံးမကျလိုက်တာကွာ၊ အလကား မြွေဖိုး ဆုံးတာပဲ ရှိတယ်"
"အဲဒီကောင်နဲ့ ကင်းအောင် နေစမ်းပါ ပေါက်တူးရာ၊ အချိန်တန် ရွှေဘိုပြန်သွားပါလိမ့်မယ်ဟ"
"မပြန်ဘူးကွ၊ ငါ ရွာထဲ မေးမြန်းကြည့်ပြီးပြီ။ မပြန်တော့ဘူး ပြောတယ် တဲ့"
"ခက်တာပဲ"
×××××××××××××××××××××××××××××××
အလှူကြီးနေ့ ဖြစ်၏ ။ သူ မမြင်လိုသော မြင်ကွင်း ဖြစ်သော်လည်း သူနေထိုင်ရာ ကျောင်းဝန်းအတွင်း လုပ်နေခြင်း ဖြစ်သဖြင့် မည်သို့မျှ မတတ်နိုင်။ အလှူအတွက် လာရောက်ကူညီသူများမှာ တောင်ပိုင်းနှင့် မြောက်ပိုင်း နှစ်ခြမ်းကွဲနေသည်။ မည်သို့မှ စေ့စပ်မရ၊ ညှိနှိုင်းမရ၊ တစ်ဘက်နှင့် တစ်ဘက်လည်း ရွဲ့စောင်း ထေ့ငေါ့နေလိုက်ကြသေး၏ ။
သူတို့ ငယ်စဉ်က ထိုသို့မဟုတ်၊ ရွာ၌ မင်းကျောင်းနှင့် ပွဲကျောင်း ဟူ၍ ဘုန်းကြီးကျောင်း ၂ ကျောင်း ရှိသော်လည်း ဆရာတော်ကြီးများမှာ ချစ်ခင်စွာ နေကြသလို ရွာသူရွာသားများလည်း ဆရာ ဒကာ အစွဲမကြီးကြသေး။ ယခုအခါ ထိုစဉ်က မတည့်လှသည့် ဦးပဉ္စင်းများမှာ ကျောင်းထိုင်ဖြစ်လာကြပြီး ရွာသည်လည်း ကျောင်းအလိုက် ကွဲကြလေပြီ။
တစ်ရွာလုံး စုပေါင်းလုပ်သော ရဟန်းခံ ရှင်ပြုပွဲမို့သာ မြောက်ကျောင်းတွင် လုပ်ကြသော်လည်း တောင်ပိုင်းသားများမှာ မကျေနပ်ကြ။ တောင်ကျောင်းဆရာတော်လည်း မကြွ၊ တောင်ကျောင်းသား အများစုလည်း မကူကြ။ မြောက်ပိုင်းဒါယိကာ အင်အားများသည့် ပွဲဖြစ်နေသည်။ ငစံက မမြင်လိုသည့် မြင်ကွင်းများမှ ဖယ်ကြဉ်လျက် အနောက်ဘက် ချောင်းထဲ ဆင်းကာ ချမ်းအေးလှသည့် နတ်တော်လကြီးတွင် ရေခပ်နေလိုက်သည်။
ချောင်းထဲတွင် လူသူမရှိ၊ ရေလည်း နည်းပါးလှသဖြင့် လက်ယက်ကျင်းမှ စောင့်ခပ်ရ၏ ။ သူက သံရေပုံး နှစ်ပုံး ဆွဲလျက် ဆင်းလာစဉ် အနောက်မှ လူတစ်ယောက်က ထင်းချောင်းကြီးတစ်ချောင်း ဆွဲလျက် ကပ်လာသည်ကို မသိလိုက်။ ခြေသံကြားမိသ်ာလည်း သာမန် အနောက်ပိုင်းကူသူ ဟုသာ ထင်နေသည်။ နောက်စေ့ကို ပြင်းထန်စွာ အရိုက်ခံရမှ လဲကျသွားပြီး စောင်းငဲ့ ကြည့်နိုင်သည်။
မျက်နှာကို ပုဆိုးဖြင့် စည်းထားသူတစ်ဦး။ ထိုသူက အဆက်မပြတ်ရိုက်၏ ။ ငစံသည် လဲနေရာမှ ခြေလက်တို့ဖြင့် ကာသည်။ ဖိရိုက်နေသဖြင့် မထနိုင်၊ လန့်အော်လိုက်သံ ကြားရသည်။
"အမလေး.. လာကြပါဦး၊ ရိုက်ကုန်ကြပြီတော့"
မိန်းမတစ်ယောက် အော်နေသည့်တိုင် ထိုသူမှာ အငြိုးတကြီး ရိုက်နှက်နေဆဲ။ ပထမဆုံး တစ်ချက်တည်းနှင့်ပင် မူးဝေပြာမိုက်ကာ မြင်တစ်ချက် မမြင်တစ်ချက် ဖြစ်နေသည့် ငစံမှာ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာထားလျက် ခြေနှင့် ကန်သော်လည်း မထိရောက်။ ရွာသားတစ်ဦးနှင့် ငသိန်းဆောင် ပြေးလာသည်။ သိန်းဆောင်က ခုန်ဝင်ပြီး တိုက်ခိုက်သည်ကို ထိုသူက ဆီးရိုက်၏ ။
နှစ်ယောက်တစ်ယောက် ဖြစ်သော်လည်း သိန်းဆောင်တို့ မကပ်နိုင်ချေ။ ထိုသူမှာ ထင်းချောင်းကို ကျင်လည်စွာ လှည့်ပတ်ကစားပြီး ရိုက်သွားသဖြင့် သူတို့သာ ခံလိုက်ကြရသည်။ နောက်မှလူ ကန်ကျောက်သည်ကိုလည်း မမှုဘဲ သိန်းဆောင်ကို မဲ၍ တိုက်ခိုက်သွားပြီး လူများ ရောက်လာမှ ချောင်းဘက် ဆင်းကာ ထွက်ပြေးသွားသည်။ အချို့က ဆင်းလိုက်ကြသော်လည်း ချောင်းတစ်ဘက်မှ လူနီစ်ဦးက လေးခွ၊ ဒူးလေးတို့ဖြင့် ဆီးကြို ပစ်ခတ်ပြီး ပြေးသွားရာ မလိုက်ရဲကြတော့။
ငစံမှာ ခြေလက်တို့ စုတ်ပြဲ ဖူးရောင်လျက် မျက်နှာ နောက်စေ့တို့တွင်လည်း ဒဏ်ရာဒဏ်ချက်များနှင့် ဖြစ်သည်။ သိန်းဆောင်နှင့် လူတစ်ဦးက တွဲ၍ ကျောင်းပေါ် ပို့ရ၏ ။ ယင်းကိစ္စဖြင့် တောင်ပိုင်းသားများနှင့် မြောက်ကျောင်းသားအချို့ စကားများကြပြန်သည်။ သိန်းဆောင် အပါအဝင် အများက ပွဲကျောင်းသား ဖြစ်ရမည်ဟု ယူဆကြသည်ကို ပွဲကျောင်းသားများက မကျေနပ်။ သက်သေပြနိုင်ရင် သူတို့ကိုယ်တိုင် ဖမ်း၍ ထုတ်ပေးမည်၊ မပြနိုင်ဘဲ မစွပ်စွဲနှင့် ဟု ဆိုကြ၏ ။
မည်သို့ဆိုစေ ငစံမှာ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရသည်။ တစ်ကိုယ်လုံး အဝတ်ပုဆိုးစများ ကြပ်စည်းထားရ၏ ။ အသေသတ်ပုံ ရသည်ဟု ငယ်သူငယ်ချင်းများ ထင်ကြသဖြင့် ငပေါက်တူးကို စောင့်ကြည့် အကဲခတ်နေကြသည်။ ငပေါက်တူးမှာ ဟန်မပျက်၊ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက် ရှိနေ၏ ။ ဖေသရာကလည်း သူ့သားကောင်များ ပျောက်နေခြင်းအတွက် ငပေါက်တူးကို မသင်္ကာ ဖြစ်မိသော်လည်း ဖမ်း၍ မမိ။ သူပျောက်ဆုံးသည့် အကောင်များအား ငပေါက်တူးထံတွင် မတွေ့ရပေ။
အလှူပွဲ ပြီးသည့်နောက်တွင် ရွာ၏ အပိုင်း နှစ်ပိုင်း ဆက်ဆံရေးမှာ အလွန်အေးစက်သွား၏ ။ အခေါ်အပြောပင် သိပ်မလုပ်ကြတော့သလို။ ငစံသည်လည်း ကျောင်းပေါ်မှ မဆင်းရတော့။ ဘုန်းတော်ကြီးနှင့်တကွ ကျောင်းသား ဒကာများက ဝိုင်းဝန်းစောင့်ရှောက်ပေးကြ၏ ။ ငသိန်းဆောင်တို့က သူ့အား မပြောပေမင့် လက်စားချေရန် ကြံနေသည်ကိုလည်း ရိပ်မိသည်။ ငပေါက်တူးနှင့် အခြားရွာမှ အပေါင်းအပါတစ်စု လက်ချက်မှန်းလည်း သဘောပေါက်၏ ။
သူမရှိစဉ်က အခြေအနေနှင့် သူရောက်လာပြီး နောက်ပိုင်း၊ ထို့နောက် ရွာ၏ အနာဂတ် အရေးများကို သေသေချာချာ စဉ်းစားတွေးတောနေရပြီ။ ထူးခြားသည့် သတင်းတစ်ခု ကြားနေရသည်လည်း ရှိသည်။ မင်းပြောင်းမင်းလွဲ ဖြစ်သည် ဟူသည့် ကောလာဟလတစ်ခု ပျံ့နေ၏ ။
ဒဏ်ရာများ သက်သာစ ပြုလာသည့် တစ်ရက်တွင် ရွာသူ ရွာသားများသည် သူတို့ရွာကို ဂုဏ်ဆောင်ကာ ဗိုလ်ချုပ်ကြီးအထိ ဖြစ်ခဲ့သည် ဆိုသော၊ ငယ်ရွယ်သည်နှင့်အမျှ ထက်မြက်၍ ကြောက်မက်ဖွယ် ကောင်းသည်ဟု ကြားခဲ့ရဖူးသော၊ အလောင်းမင်းတရားကြီးကိုယ်တော်တိုင် လာရောက် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့် သူတို့ရွာ၏ သူရဲကောင်း ဆိုသော ရှင်ညိုသူအား (မည်သည့်အခါမျှ ပြန်လည်၍) မတွေ့ကြရတော့ပေ။


(ဆက်ရန်...)   သူရဲကောင်း (၆)

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...