"ဝေး.. နေကောင်းလားဟေ့ ငတွန်"
"အောင်မယ်.. ဘယ်သူတွေပါလိမ့်"
ဒီပ မြင်းမှ ဆင်းဆင်းချင်း ငတွန်က လက်ရုံးချင်း ဆုပ်ကိုင် နှုတ်ဆက်လာ၏ ။ ကျန်ညီနောင်များကိုလည်း တစ်ဦးချင်း ခင်မင်စွာ ပြောဆိုနေသည်။
"မင်းတို့တွေ ဘယ်ပျောက်နေကြလဲ"
"မပျောက်ဘူး၊ ငါတို့ နေပြည်တော် မကြာခဏ ရောက်တယ်။ မင်းပဲ မတွေ့ရတာ"
"ဒါ ငါ့နေရာပဲလေကွာ၊ တွေ့ချင် သည်ကိုလာပေါ့"
ယုဂန္ဓိုရ်တောင်မှာ မြင်းမိုရ်တောင်၏ ထက်ဝက်ရှိပြီး သူတို့ စတုမဟာရာဇ်နယ်ပယ်အစလည်း ဖြစ်သည်။ စတုမဟာရာဇ်ဘုံသည် မြင်းမိုရ်တောင်ခြေပတ်လည် ဝိုင်းပတ်တည်ရှိနေရာ ဤယုဂန်တောင်ထိပ်မှ စ၍ မြင်းမိုရ်တောင် မြောက်ဘက်တစ်ပြင်လုံး ဝေဿဝဏ်နတ်မင်း အုပ်စိုးရာ ဝိဿဏတိုင်း ဖြစ်၏ ။
နောင်တော်ကြီးမင်းလက်ထက် ကျည်စေ့သင့်ကာ ခေါင်းဖြတ်ခံလိုက်ရသဖြင့် မကျွတ်လွတ်သော ငတွန်အား ဒီပကပင် သူတို့ဘုံရောက်အောင် ဆွဲခေါ်လာခဲ့ခြင်း ဖြစ်ရာ ဒီပသည် ငတွန်တစ်ဖြစ်လဲ နတ်ဘီလူးစစ်သူကြီး သောဏ၏ ကျေးဇူးရှင်ဟု ဆိုရလျင် မမှား။
သို့သော် ဝေဿဝဏ် နတ်မင်းက သူတို့ကို ခွဲထားခဲ့သည်။ ဒီပက ပဉ္စလရာဇ်တိုင်းကို စောင့်ရသကဲ့သို့ သောဏကိုမူ ယုဂန္ဓိုရ်တောင်ထိပ်အား စောင့်ကြပ်ရသူအဖြစ် ခန့်ထားခဲ့သည်။ ထို့ကြောင့် သူတို့ တစ်ကြိမ်မှ မတွေ့ဖြစ်ခဲ့ကြသေး။
"အလည်သက်သက်ပဲလား ကိုရင်ဒီပ"
"ဘယ်က ဟုတ်ရမှာလဲကွာ၊ အကြောင်းမရှိဘဲ သည်ကို လာပါ့မလား"
"အင်း.. ဆိုပါဦး ဘာအရေးများလဲ"
"မင့်လူ လက်ျာဘီလူး အရေးပဲ ငတွန်"
"စေတမင်းလား၊ ဥပုသ်တော် ဝင်နေတယ်ဆို"
"ငါတို့ ပြောတာက နန်းသိမ်းပွဲကိစ္စကွဲ့ ငတွန်။ နန်းသိမ်းပွဲမှာ မိဖုရားတွေ စုံစုံညီညီနဲ့ ဘိသိက်ခံနိုင်ဖို့အရေး တို့များ လုံးပမ်းနေကြတယ်"
ဘမရ ဝင်ပြောရာ ငတွန်က
"ဟာ ဒီကောင်လေးမှာ ဘယ်က မိဖုရားတွေ ရှိလို့တုန်း။ ဟိုနတ်သမီးတောင် ဘာမှ မဆိုင်ဘဲ လိုက်လာလို့သာ မိဖုရား ဖြစ်ရမှာ မဟုတ်လား"
"ဟားဟား.. မင်း မသိလို့ကွ ငတွန်ကြီးရ၊ ဒီကောင်က သိပ်စွံတာ.. ခုတင် မိဖုရား ၃ ပါး ရတော့မှာ"
"အံမယ် မယ်၊ တယ်ဟုတ်ပါလားဟေ့"
"အေးကွာ၊ ခု နောက်ဆုံးတစ်ယောက်မှ နည်းနည်း ခက်နေတာနဲ့ မင်းအကူအညီ လာတောင်းတာပဲ"
ဒီပက နယ်မြေ အခြေအနေများကို ပြောပြလိုက်ရာ မြင်းမိုရ်တောင် တောင်ဘက်ခြမ်းဟု ကြားသည်နှင့် ငတွန် အနည်းငယ် တွန့်သွား၏ ။
"ဂန္ဓဗ္ဗတွေနဲ့ ဂုမ္ဘာန် ရက္ခိုသ်တွေကို မှုလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် နင်တို့ စဉ်းစားကြည့်စမ်း။ ငါတို့ မြောက်ပြင်ကနေ မြစိမ်းတောဘက် ရောက်ဖို့ဆိုရင် အရှေ့ပြည်ကို ဖြစ်ဖြစ်၊ အနောက်တိုင်းကို ဖြစ်ဖြစ် မလွဲမသွေ ဖြတ်သွားရမှာပဲ"
"အေး.. တို့လည်း စဉ်းစားမိပါရဲ့"
"ငါတို့ တာဝန်ထမ်းနေရာကနေ ထွက်ပြီး အင်အားနဲ့ ဖြတ်သွားတာနဲ့ သူတို့ နတ်မင်းကြီးတွေကို လျှောက်ကြလို့ သိရင် ကုဝေရနတ်မင်းဆီ ပြန်ကြားမှာ"
"မှန်တယ်"
"ငါ စိုးရွံတာက လူ့ပြည်တုန်းကလည်း သူပုန်အဖြစ် ထောင်ထားခြားနားခဲ့ရသလို ခုလည်း သူပုန်လို ကျင့်ရဦးမယ်ဆိုတော့ ဇာတ်သိမ်းမကောင်းဦးတော့မှာကို တွေးမိတယ်ဟ"
ငတွန်က ရယ်မော ပြောခြင်း ဖြစ်သော်လည်း သူတို့ အားနာသွားကြရ၏ ။
"ငါတို့လည်း ဝန်လေးလှတဲ့ အမှုမှာ မင့်ကို ဆွဲမထည့်ချင်ပါဘူး။ သို့ပေမယ့် တို့ရင်ဆိုင်ရမှာက တောင်ပြင် တစ်ခုတည်း မဟုတ်ဘူး။ အစွန်ဖျားနားသားတွေရယ်၊ အခြားနယ်က ကူလာမယ့် စစ်သည်တွေရယ်၊ ဂဠုန် နဂါး အခြားအင်အားတွေလည်း ထည့်တွေးထားရမယ်"
"ဟုတ်ပါတယ်၊ လက်ျာဘီလူး ကျေးဇူးတွေလည်း ငါ့အပေါ် ရှိပါရဲ့။ နင်တို့ကို မကူဘူးလို့ မဆိုဘူး၊ ငါ့သဘောက စေတကို စောင့်သင့်တယ်လို့ ထင်တယ်။ အလုပ်အကြံက ကြီးတော့ သူ့သဘော၊ သူ့အမြင် အကြံအစည်တွေ လိုတယ်လို့ ပြောချင်တာ"
ဒီပတို့ တွေဝေသွား၏ ။ ညီထွေးက ထိုသို့ ဝန်လေးလှသော အလုပ်ကို သဘောတူမည် မထင်။ တစ်ချိန်တည်းမှာပဲ စေတသာ ပါလျင် မုချ အောင်မြင်မည်ဟုလည်း တွေးမိကြသည်။ သည်အကောင်က အကြံအစည် ခပ်များများ၊ ကြိုတင်ပြင်ဆင်မှုတွင်လည်း သူမတူသူ မဟုတ်ပါလား။
"ကောင်းပြီ ငတွန်၊ သူထွက်လာတဲ့အခါ ငါတို့ တိုင်ပင်ကြဦးမယ်။ မင်းသာ တပ်တွေ အသင့်ပြင်ပြီး စောင့်နေ။ အကြံအစည် ဖြစ်မြောက်ရင် မင်းဘက်ကနေ လှည့်ဝင်လာမယ်။ ဒါမှ နတ်မင်းကြီးလည်း ချက်ချင်း မသိမှာ"
ငတွန်က သဘောကျစွာ ရယ်၏ ။
"ဒီပ၊ ဒီပ.. သည်တစ်ခါ မင်းနဲ့ငါ လက်ရုံးပြဖို့ ပြင်ထားလိုက်ပါ့မယ်ကွာ"
ဥပုသ်ဆောင်မှ စိတ်အေးချမ်းသာစွာ ထွက်လာသော စေတကို ညီအစ်ကိုများက လာစောင့်နေကြသဖြင့် ခမည်းတော်ကပင် မင်းတို့ ဘာတွေ ကြံနေကြပြန်ပြီလဲ ဟု မေးရသည်။ စေတကတော့ ထုံးစံအတိုင်း နောင်တော်များအပေါ် မငြင်းတတ်သူပီပီ ခပ်အေးအေး လိုက်လာ၏ ။ အပြင်ရောက်မှ
"နောင်တော်တို့တွေ လုပ်မှာကို သဘောမတူလည်း ကျွန်တော့်ကို အတင်းအကြပ် ဖိအားပေး တိုက်တွန်းကြမှာပဲ။ သည်အတောအတွင်း တခြားအလုပ်တွေလည်း စိတ်ဖြောင့်ဖြောင့် လုပ်ရမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျွန်တော် လက်ခံပါတယ်"
ဆိုင်းမဆင့် ဘုံမဆင့် သဘောတူနေသဖြင့် အကြောင်းကိစ္စကို ပြောပင် မပြောရသေးသော ဒီပတို့ အံ့သြဝမ်းသာသွားကြသည်။ စေတကတော့ တစ်ချက်မျှသာ ပြုံးကာ ပို၍ တည်ကြည်သော ဟန်မူရာနှင့်
"ဒါပေမယ့် ကျွန်တော်တို့ ဒါကို အကောင်းဆုံးဖြစ်အောင် လုပ်မှ ဖြစ်မယ်။ ဒီအတွက် ကျွန်တော့်ကို အချိန် ၅ ရက် ပေးပါ"
"ဟေ"
သူတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြ၏ ။
"၅ ရက်မြောက်နေ့မှာ စ ထွက်မယ်။ နောင်တော်တို့ အကြံအတိုင်း ဦးတွန်နယ်ကနေ ထွက်ကြမယ်။ သည် ၅ ရက်အတွင်းတော့ ကျွန်တော် ကြံစည် ပြင်ဆင်ဖို့ တစ်ယောက်တည်း နေချင်ပါတယ်။ နောင်တော်တို့တွေလည်း လုပ်စရာရှိတာ လုပ်ထားကြပေါ့"
"ဟုတ်ပြီ.. စေတ၊ ငါ အားရသွားပြီ။ ပြန်မယ်"
ဗျဂ္ဂက သူ့နယ်သို့ ပြန်သွားသည်။ ဝေလုကသည် စေတ၏ နယ်ဟောင်း တကောင်းအထက်ပိုင်းတစ်လွှား၌ အစောင့်ကျနေသော သုနကထံ ထွက်သွားပြီး ဒီပက ရှမ်းပြည်သို့ ခေတ္တသာ ပြန်၍ ငတွန်ထံ ဝင်နေလေသည်။ ဘမရက မပြန်။ ညီထွေးကို စောင့်မည်ဆိုကာ နန်းတော်၌ ကျန်ရစ်၏ ။
ထို ၅ ရက်လုံး စေတမင်းသား မအားချေ။ နှင်းမှုန်လည်း ရောက်လာပြီ ဖြစ်ရာ နရဏီကို ဝိုင်းကူပေးသဖြင့် တော်တော့သည်။ စေတက နန်းသိမ်းမင်္ဂလာကို အကျဉ်းချုံးပစ်လိုက်ရန် ရည်သန်နေသောကြောင့် နရဏီက သူ့တာဝန် ရှိပါစေဟု ဆိုရသည်။ စေတ ဖျက်ခဲ့သည်တို့မှ အချို့ကို ပြန်လည် ထည့်သွင်းပြီး လိုအပ်သည်တို့ကိုလည်း အမတ်ချုပ်နှင့် တိုင်ပင် ပြင်ဆင်နေသည်။
အကုန်အကျကား များလှပေမည်။ သူတို့မြောက်ပြင်သည် ရွှေရောင်လွှမ်းသောကြောင့် လိုက်ဖက်သည့် အနီ အမည်း စသည့် အရောင်များ အသုံးပြုကာ အရာဝတ္ထုများကို စီရင်ကြရ၏ ။ စေတဝတ်ဆင်လေ့ရှိသော အနက်ရောင် အဝတ်အထည်များကိုလည်း အနီရောင် အပြာရောင်များသို့ စီခြယ် ပြောင်းလဲပေးသည်။
ထို့ကြောင့် စေတမင်းသားအား အနီရောင်ချပ်ဝတ်တန်ဆာ ဆင်ယင်ပေးသောအခါ အဖြူရောင်သာ အမြဲ ဝတ်ဆင်တတ်သော နှင်းမှုန်က အနီရောင် ဆင်မြန်းလေ့ရှိသည့် နရဏီကို ပြုံးထေ့ထေ့ ကြည့်လေသည်။ နရဏီက မလုံမလဲနှင့် ရှက်ပြုံးကိုသာ ပြုံးနေလိုက်ပြီး နောက်မှ နှင်းမှုန်ကို ဘာလဲ ဟု တိုးတိုး မေး၏ ။ စေတ ကြည့်နေသဖြင့် နှင်းမှုန်မဖြေ။ စေတ၏ လက်မောင်းကို လက်တစ်ဖက်ဖြင့် ရစ်သိုင်းလိုက်ပြီး
"အစ်မတော်က သိပ်ဆင်တတ်တာပဲနော်"
နရဏီကလည်း
"အနီနဲ့ အဖြူက အဖက်ပဲလေကွယ်"
ဆိုကာ ကျန်လက်မောင်းတစ်ဖက်ကို ချိတ်လိုက်သည်။
"ရန်ဖြစ်ကြတော့မှာလား"
ဟု စေတက ခပ်တည်တည်နှင့် မေးမှ
"မဟုတ်ပါဘူး၊ သဘောကျလို့ပါ မောင်ကြီးရဲ့"
နရဏီကလည်း အားကျမခံ
"မောင်ငယ်ကရော သဘောမကျလို့လား"
ဟု ရွှတ်နောက်နောက် မေးပြန်သည်။
"ကျပါ့ဗျာ၊ အစ်မတော်နဲ့ နှင်းမှုန် လက်ရည်စမ်းပွဲလေး ဖြစ်သွားရင် သာတောင် သဘောကျသေး"
"အံမယ်.. မောင်တော့်နှမက နရဏီကို ဘယ်နိုင်ပါ့မလဲ"
"ဒါတော့ အစ်မတော်က နှင်းမှုန်အစွမ်း မသိသေးလို့ပါနော်.. မောင်ကြီး၊ နှင်းမှုန် ဘာလုပ်နိုင်တယ် ပြလိုက်ရမလား"
"ကဲ.. ကဲ၊ တကယ် သတ်ကြမယ်ဆို မနက်ဖြန် နံနက်မှာ ပွဲလုပ်ပေးမယ်။ ခုတော့ နတ်မင်းကြီးဆီ အခစား ဝင်ရဦးမယ် မယ်မင်းတို့"
ချွဲနေကြသော နှစ်ယောက်က လွှတ်ပေးလိုက်ကြသည်။ စေတက သူတို့ ဦးခေါင်းများပေါ် လက်ဝါးတင်လိုက်ပြီး နှုတ်ဆက်ကာ မြင်းရထားဖြင့် ထွက်သွားတော့မှ
"ကဲ.. ညီမတော်လေး၊ တို့ ဆင်တွေ စီစဉ်ရမှာ ရှိသေးတယ် မဟုတ်လား"
"အားလုံးပေါင်း ၉ စီးနော် ဟုတ်လား"
နရဏီက ပြန်တွက်ကြည့်ပြီး
"ဟုတ်တယ်၊ စွယ်စုံဆင်ပြောင်က တစ်စီး။ လိုရမယ်ရ ဆင်တော်ချည်း ၁၀ စီး လောက် ပြင်ခိုင်းထားပေါ့။ အမတော်က မြင်းတွေ ရွှေကတင်ဖို့ စီစဉ်ပေးလိုက်ဦးမယ်"
သူတို့ အလုပ်များသွားကြလေသည်။
(ဆက်ရန်..) နန်းသိမ်းပွဲ (၄)
Written by သင်္ခရာဇာ
End date: February 2, 2022
No comments:
Post a Comment