သုံးရက်မြောက်သော နေ့၌ ဘမရအား ဦးတွန်ထံသွားရန် စေတက ပြောလာသည်။ ယုဂန်တောင်၏ အတွင်းနှင့် အပြင်မှ သမုဒ္ဒရာ နှစ်စင်းကို ငြိမ်သက်စေရမည် ဆို၏ ။ သူပါးလိုက်သော သဝဏ်လွှာများကို နဂါးမင်းတို့ စံရာအထိ ဆက်သားနတ်ဘီလူးများ သွားရောက် ပို့ပေးရန် ဦးတွန်အား အကူအညီတောင်းခြင်းလည်း ဖြစ်သည်။ အိမ်ရှေ့ဝန်နှင့် သံအဖွဲ့တစ်ဖွဲ့ကိုလည်း တောင်တစ်တောင်သို့ သွားရန် စေလွှတ်၏။
၅ ရက်မြောက်သောအခါ လက်ရွေးစင် နတ်ဘီလူး ၅၀၀ နှင့် စေတ ယုဂန္ဓိုရ်တောင်ထိပ်သို့ ရောက်လာသည်။ ကြိုတင် ရောက်ရှိနေသော ညီနောင်များနှင့်အတူ သောဏစစ်သူကြီး၏ နောက်လိုက် ၂၀၀ လည်း သူနှင့်အတူ လိုက်ပါမည် ဖြစ်သည်။ သုနက ကိုမူ နတ်ဘီလူး ၁၀၀ ကျော်နှင့် အစောင့်အရှောက် ထားခဲ့၏ ။
စစ်သည် ၇၀၀ ပါသော တပ်ကြီးသည် မြင်းမိုရ်တောင်အား ဝိုင်းပတ်နေသော သီတာ ၇ တန်တွင် ဒုတိယမြောက် သမုဒ္ဒရာအပေါ်မှ ဖြတ်သန်းသွားကြပြီး ငွေရောင်တောက်ပနေသော
အရှေ့ဘက်ရှိ ဓတရဋ္ဌနတ်မင်း စိုးစံရာ ပြည်ကို ရှောင်ကွင်းသွားခဲ့ကြသည်။ အရြှေ့ပည်မှာ မြင်းမိုရ်တောင်နှင့် နီးကပ်၍ အလယ်ပိုင်း ကျနေသဖြင့် တောင်စဉ်များ၏ အပြင်မှ ဖြတ်သွားသော သူတို့ကို ရုတ်တရက် သတိမူမိမည် မထင်။
သို့သော် မြရောင် တောက်ပနေသော တောင်ပြင်ကို ဖြတ်ရသည့်အခါ၌မူ ဂုမ္ဘာန်ကြီးများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏ ။ ရွှေရောင် နတ်ဘီလူးများ သူတို့အထက် ကောင်းကင်မှ များပြားလှစွာ ကျော်ဖြတ်သွားကြသောကြောင့် အလွန်ကြီးသော ကိုယ်ကာယကြီးများ၊ လုံးဝိုင်းသော ဝမ်းကြီးများ တလိမ့်လိမ့်ဖြင့် ပြေးလွှားကုန်ကြသည်။
အချို့သည် မြေကို ထုရိုက်နေကြသလို အချို့ကလည်း တင်းပုတ် လှံတံများဖြင့် ပစ်ခတ်ကြ၏ ။ သို့သော် နတ်ဘီလူးမျိုးနွယ်များမှာ သူတို့ကို ရှိသည်ဟုပင် မထင်သကဲ့သို့ မည်သည့် အရေးတယူပြုမှုမှ မပြဘဲ အလျင်စလို သွားနေကြသည်ကို တွေ့ကြရလေသည်။
စေတတို့ ဦးတည်သွားသည်မှာ ဂဠုန်တို့ နေထိုင်ရာ လက်ပံတောနှင့် စတုမဟာရာဇ် တောင်ပြင် မြစိမ်းတောကြီး၏ အစပ် ကြားခုလပ်နေရာရှိ ရေအိုင်ကြီး တစ်အိုင်သို့ ဖြစ်၏ ။ ထိုနေရာသည် ရေဘီလူးများ၊ မြေဘုတ်ဘီလူးများ၊ ဂုမ္ဘာန်ရက္ခိုသ်များနှင့် ရေနတ်နဂါးတို့၏ ကျင်လည်ရာ နေရာကြီးလည်း ဖြစ်နေ၏ ။
ဝိရူဠှက နတ်မင်း၏ အုပ်ချုပ်မှုမှ ကင်းလွတ်နေသကဲ့သို့ အသွင်ဆောင်သော အမှောင်နယ်မြေလည်း ဖြစ်သည်။ ဤနေရာတွင် အုပ်ချုပ်မှု လျော့ရဲနေရာ သူတစ်လူ ငါတစ်မင်းနှင့် အင်အားကြီးသူက နိုင်ထက်စီးနင်း သိမ်းပိုက်အုပ်စိုးလေ့ ရှိကြပြီး ယခုအခါ ဒါနဝရက္ခိုသ်ကြီးတစ်ကောင်က ထိုနေရာကို မင်းမူစိုးမိုးထား၏ ။
သူတို့ ဆောင်ကြဉ်းကြရမည့် သူမှာ ထိုဒါနဝကြီးထံ ဆက်ရမည့် နဂါးမိဖုရားတစ်ပါး ဖြစ်သည်။ ဝေလုက၏ အထောက်တော် သူလျှို နတ်ဘီလူးက ဆိုသည်မှာ ယင်း ရက္ခိုသ်သည် ကြမ်းတမ်းမောက်မာ၍ အလွန် နှမြောတွန့်တိုသော သဘော ရှိသည်၊ သူ၏ ဥစ္စာကို မည်သည့်နည်းနှင့်မျှ အခြားသူအား စွန့်လိမ့်မည်မဟုတ် ဟူ၏ ။
ထို့ကြောင့် သူတို့ တပ်ကြီး ချီခဲ့ကြသည်။ လွန်စွာ များလှသည့် အင်အား မဟုတ်စေကာမူ စေတနှင့် ပါလာသူများမှာ အတွေ့အကြုံရင့် တိုက်ပွဲဝင် စစ်သည်တော်များ ဖြစ်၏ ။ စစ်ရေး နားလည်ပြီး ဗျူဟာများ ကျွမ်းကျင်ကြသည်။
သို့သော် ရက္ခိုသ်ကြီးကိုလည်း လျှော့မတွက်ပါနှင့်။ သူ၏ လက်အောက်တွင် အင်အား ထောင်ကျော် ရှိနေပြီး နဂါး ဂဠုန်များသော်မှ သူ့အား မိတ်ဖွဲ့ထားကြရသည် ဖြစ်၏ ။ ခွန်အား ကြီးမားပြီး အလွန်ရက်စက်သည်၊ အထူးကား ဝိရူဠှက နတ်မင်းကြီးကိုပင် အာခံနေသူ ဖြစ်သတည်း။
ထိုနေရာသို့ သူတို့ ရောက်လျင် ဆီးကြို ဟန့်တားနေသူများကို ဒီပတို့က ခြောက်လှန့်၍၊ ငတွန်က ပိတ်ဆို့ ဝန်းရံလာသည်တို့ကို ဖြိုခွင်း ဖောက်ထွက်၍ အသီးသီး တာဝန်ယူလိုက်ကြစဉ် စေတနှင့် လက်ရွေးတော်ကြီး အချို့က ရေအိုင်ထဲသို့ တစ်ချီတည်း ထိုးဆင်းသွားကြသည်။
စေတသည် ထိုအိုင်ကြီးမှ နဂါးမင်းကို နားချလျက် ကြိမ်းမောင်း ခြိမ်းခြောက်ပြီးလျင် ပဒုမ္မဝတီ မိဖုရားကို ဆောင်ခဲ့သည်။ နဂါးမင်းမှာ မတတ်သာ၍ ထည့်လိုက်ရသော်လည်း ရက္ခိုသ်ကြီး၏ ရန်ပြုလာမည့် အရေးကို တွေးကြောက်နေရှာသည်။ စေတက နောက်ကြောင်းမပူရန် အာမခံခဲ့ပြီး ပြန်ထွက်လာရာ တိုက်ပွဲကြီးစွာ ဖြစ်ပွားနေသည်ကို တွေ့လိုက်ရလေသည်။
ဂုမ္ဘာန် ရက္ခိုသ်များသည် ကြီးစွာသော ခန္ဓာအိမ်ကြီးများစွာကို တရကြမ်း လှိမ့်ဝင်လာကြပြီး နတ်ဘီလူးများကို ရိုက်ပုတ် တိုက်ခိုက်ကြ၏ ။ အခြား နတ်ငယ်များနှင့် ဂဠုန်များစွာလည်း လေထဲ ပြန့်ကျဲနေသည်ကို မြင်နေရသည်။ နတ်ဘီလူးတို့၏ မြင်းများသည် ဟိုမှ သည်မှ ခုန်လွှားလျက်၊ သံလျက် လှံတံတို့က ဝင်းပြောင် ဝဲပျံလျက်။ မီးတောက်များသည်လည်း တဝေါဝေါ သွားလာနေကြလျက် ရှိနေသည်။
စေတသည် ပဒုမ္မဝတီကို စောင့်ကြပ်ရန် ဝေလုက၊ ဗျဂ္ဂတို့ထံ အပ်ခဲ့ပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ လွန်စွာ မြင့်သော ဝေဟင်ထက်မှ တိုက်ပွဲကို အပေါ်စီး ကြည့်ရှု သုံးသပ်၏ ။ ဒီပ၊ သောဏ စစ်သူကြီးတို့ ဖိတိုက်နေသည့် ရက္ခိုသ်များ အင်အားကောင်းရာဘက်တွင် နတ်ဘီလူးတို့က အားသာနေလျက် မိမိ၏ စစ်သည်တော်များမှာ ဂဠုန်တို့၏ တောင်ပံမှ ထွက်သော လေပြင်းအားကို အံမတုနိုင်ဘဲ အနောက်ရွေ့နေကြောင်း တွေ့ရသည်။
ထို့ကြောင့် သူက မြင်းကို လက်ပံတောကြီးပေါ် စိုက်ဆင်းသွားပြီး အပင်ထိပ်ဖျားခန့် ရှိလျင် မြင်းကို လွှတ်လိုက်သည်။ တိမ်ပျံသည် မြေပေါ်သို့ ပြင်းစွာ ပေါက်မိရာ မြေအပြင်မှာ တုန်ဟီးလျက် တွင်းကြီးများ ဖြစ်ပေါ်လာခဲ့၏ ။
စေတကတော့ လက်ပံပင်တို့ထက် ၂ ဆမျှ ကြီးသော ကိုယ်ကို ဖန်ဆင်းကာ အချို့ အပင်တို့ကို နင်းခြေ ကန်ကျောက်ပစ်သည်။ အချို့ကို ဆွဲနှုတ်လျက် လေထဲရှိ ဂဠုန်များကို ဝှေ့ယမ်း ရိုက်ငင်၏ ။ သူ့အား ဝိုင်းရံ၍ အတောင်ကို ပြင်းစွာခပ်ရင်း ထိုးဆိတ် ကုပ်ချေရန် လာကြသော ဂဠုန်တို့ကိုမူ ရဲရဲနီစွေးသည့် မျက်စိမှ အခိုးအလျှံတို့ကို လွှတ်ကာ ခြောက်လှန့်လွှတ်လေသည်။
သို့သော် ဂဠုန်များကလည်း မကြောက်၊ သူ့ ပခုံး မျက်နှာ ကျောနှင့် ရင်တို့ကို ခြေသည်းများဖြင့် ကုတ်ရန် ထိုးသုတ်လာကြသည်နှင့် သူက အာခံတွင်းမှ ပူပြင်းလှသည့် မီးတောက်တို့ကို မှုတ်ထုတ်လိုက်ရသည်။ ဒီပတို့သည် တိုက်ခိုက်နေရာမှ ပြင်းထန်ကျယ်လောင်သော အသံများ ကြားရသည့်ဘက်သို့ လှည့်ကြည့်မိလိုက်ရာ ကြီးမားလှသော ခန္ဓာကိုယ်ကြီးနှင့် တစ်ကောင်တည်း သောင်းကျန်းနေသော စေတကို မြင်သွားကြ၏ ။
သူတို့ ငေးမောကြရလေပြီ။ လက်ပံတောသည် မီးဟုန်းဟုန်း တောက်လောင်နေပြီး ဂဠုန်များလည်း တဖုတ်ဖုတ် ပြုတ်ကျနေကြသည်။ ဂဠုန်ငယ်များနှင့် မစွမ်းသူများ ပြေးလွှား အော်ဟစ်သံတို့မှာလည်း စေတ၏ အသံနက်ကြီးအောက်၌ ပျောက်နေ၏ ။ အချို့ လက်ပံပင်ကြီးတို့မှာ တစ်ကြိမ်လျင် မိုးကြိုး သုံးချက် တစ်ပြိုင်နက် ခနေပြီး စေတ ကျုံးကန်လိုက်သည့် ခြေဖျား၌လည်း ဂုမ္ဘာန် ရက္ခိုသ်များ ထွေးခနဲ လွင့်စင် မြောက်ပါသွားကြသည်။
အကောင်ကြီးမားလှသော ဂုမ္ဘာန်များမှာ ယခုမှ သူတို့ထက် အဆရာချီ ပိုကြီးသော နတ်ဘီလူးကြောင့် ကြောက်လန့်တကြား ပြေးချည်း နေရလေသည်။ စေတ၏ လက်ဝါးကြီး တစ်ချက် ကျလာလျင် မြေများ ကွဲအက်ကုန်ပြီး ဘီလူး လေးငါးကောင်ခန့်မှာ ပြေးမလွတ်ဘဲ ခံကြရ၏ ။ စေတကလည်း ဖြည်းဖြည်းသက်သာ ပုတ်သည်မဟုတ်၊ လက်ကို မြှောက်ထားပြီးမှ အားနှင့် ပြင်းထန်လျင်မြန်လှစွာ ရိုက်ချနေသည် ဖြစ်၏ ။
တိုက်ပွဲသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ နတ်ဘီလူးများကို သောဏ စစ်သူကြီး ဦးဆောင်၍ အင်အားတူမျှ တိုက်နေကြရာမှ ရုတ်တရက် စေတက တိုက်ပွဲဧရိယာ ထက်ဝက်ခန့်ကို တာဝန်ယူလိုက်သလို ဖြစ်သွားသည်။ တောင်တစ်တောင်ကို ကုပ်ဖြို၍ ပြေးနေသူတို့ထံ ပစ်ပေါက်ရာ ထိလိုက်တိုင်လည်း မသက်သာ၊ မြေဖို့ပြီး ဖြစ်သွားသည့်အတိုင်း။
ထို့နောက် လက်သီးဆုပ်ကြီး နှစ်ခုဖြင့် မြေကို ထုချနေပြန်ရာ ဂုမ္ဘာန်များ ရပ်တည်နိုင်စွမ်း မရှိဘဲ လဲပြိုကုန်၏ ။ သူ့အနီးမှ နတ်ဘီလူးများကတော့ ကောင်းကင်သို့ ပျံတက်ကုန်လေသည်။ စေတက အကြီးဆုံး ရက္ခိုသ်ကြီးတစ်ကောင်ကို ရွေး၍ သူ့အနီးရှိ မြေကို ထုလိုက်ပြီး လွင့်မြောက်လာသောအခါ အားနှင့် ထိုးလွှတ်လိုက်ရာ မြစိမ်းတောပေါ်မှ ဖြတ်ကျော်၍ သမုဒ္ဒရာတွင်း ကျသွားသည်တွင် သူ့အနား မည်သူမျှ မနေဝံ့တော့ဘဲ ရှဲသွားကြသည်။
ထိုအချိန်တွင် ခွန်အားကြီးလှပါသည် ဆိုသော ရက္ခိုသ်ကြီးကို ဘမရက ကိုင်ရိုက်လိုက်ရာ လက်တစ်ဖက် ပြုတ်သွား၍ ရက္ခိုသ်ကြီး ဆက်မတိုက်နိုင်တော့။ ငတွန်ကလည်း ဆက်မတိုက်ဘဲ စေတကို ကြည့်လျက် သဘောကျနေလေသည်။ ဒီပသည် ပဒုမ္မဝတီအနီးသို့ ရောက်သွားပြီး အလွန်လိမ္မာလှသည့် နတ်မြင်းဖြူတစ်စီးပေါ် မိဖုရားကိုတင်ကာ နောက်ပါ အစောင့် နှစ်ယောက်နှင့် အမြန်ထွက်သွားစေလိုက်၏ ။
တောင်ပြင်တပ်များ ရောက်လာကြလေပြီ။ သို့သော် ဝိရူဠှက နတ်မင်း၏ စစ်သူကြီး ဂုမ္ဘာန်မှာ ကြီးမားလှသော စေတနတ်ဘီလူးကို မြင်၍ တန့်နေသည်။ သူ့နောက်တွင် ထောင်ချီသော စစ်သည်ကြီးများမှာ တဂူးဂူး တဂါးဂါး အသံပေးလျက် လှုပ်လှုပ်ရွရွ။ အကြီးအကဲဖြစ်သော ရက္ခိုသ်ကြီးအား ဆွဲမြှောက်လျက် ခံတွင်းထဲ ထည့်ဝါးမည် ပြင်နေသည့် စေတမှာ တောင်ပြင်တပ်များကို မြင်မှ သတိဝင်လာပြီး လွှတ်ပေးလိုက်သည်။
သူလည်း မူလအသွင်သို့ ပြန်ပြောင်းကာ တောင်ဘက်တိုင်းပြည်၏ စစ်သူကြီးကို သွားရောက် တွေ့ဆုံ၏ ။ စစ်သူကြီးက အဘယ့်ကြောင့် ကျူးကျော်ရသနည်းဟု မေး၏ ။ စေတကလည်း အဘယ့်ကြောင့် ဤအရပ် ဤသို့ ဆိုးဆိုးရွားရွား ဖြစ်ပျက်နေသနည်းဟု ပြန်မေး၏ ။
စစ်သူကြီးက သင်တို့နှင့် မဆိုင်သော နေရာကို ကျူးလွန်မိပြီဟု ပြောရာ စေတက ဤနေရာမှာ ဝိရူဠှက နတ်မင်း၏ အာဏာစက်အောက် ရှိသလား ဟု ပြန်မေးပြန်သည်။ စစ်သူကြီး ဖြေရကြပ်သွားသည်။ ရှိသည် ဆိုလျင် ဆိုးရွား ပျက်စီးနေခဲ့မှုများအတွက် တာဝန်ယူရမည်။ မရှိ ဆိုလျင် တာဝန်မဲ့ရာ ကျနေသည့်အပြင် သူတို့ကျူးကျော်ခွင့်ရှိသလို ဖြစ်မည်။ ထိုအချိန်တွင် အခြားတစ်ဘက်တွင်တော့ စေတအမိန့် မရသေးသည့် နတ်ဘီလူးများနှင့် နယ်မြေခံ ဘီလူးများ ဆက်လက် တိုက်ခိုက်နေကြဆဲပင် ရှိသေးသည်။
တကယ်ဆိုလျင် နတ်မင်းလေးပါးတွင် ကုဝေရနတ်မင်းက တန်ခိုးအကြီးဆုံး ဖြစ်သလို သူ၏ နတ်ဘီလူး ကိုယ်ရံတော်များမှာလည်း စတုမဟာ ရာဇိကများထဲ အစွမ်းအထက်ဆုံးများ ဖြစ်ကြ၏ ။ ထိုအထဲမှ စေတတို့ တိုင်းနယ်က အထူးအားထားရသူများ ထွက်ပြီး စေတကိုလည်း နတ်မင်းကြီး အထူး မျှော်လင့်ထားခဲ့လေသည်။
ယခုတော့ စေတက ဖောက်ပြီ၊ သူ့ကို လွန်၍ ကျင့်သည့်အပြင် သူ့အား အသိမပေးဘဲ အခြားဘက်ခြမ်းသို့ပင် ကျူးကျော်ဖျက်ဆီးလိုက်ပြီ ဖြစ်၏ ။ သို့ရာတွင် စေတက အေးဆေး တည်ငြိမ်သည်။ သူ့အမေးကို မဖြေနိုင်သည့် စစ်သူကြီးအား အဘယ့်ကြောင့် ဤမျှ ဆိုးရွား ပျက်စီးအောင် လွှတ်ထားရသနည်းဟု မေးမြန်း ကြိမ်းဝါးနေချေသည်။
"ဒါ သင့်အကြောင်းမဟုတ်၊ ငါတို့ရပ်ရွာကို ကျူးကျော်တိုက်ခိုက်သည်မှာ ငါတို့ကို စော်ကားသည် မည်ပေ၏"
"သို့ဆိုလျင် သင်နှင့် မပြောပြီ၊ သင်၏ နတ်မင်းကြီးကို ကိုယ်တိုင် တွေ့၍ လျှောက်ပါရစေ"
စစ်သူကြီးက ခွင့်ပြုလိုက်၍ စေတက စစ်ပွဲကို အဆုံးသတ်စေလိုက်သည်။ ဂဠုန်ပြည် လက်ပံတောသည် တစ်ဝက်ကျော်မျှ လောင်ကျွမ်းသွားရပြီး ရေအိုင် ပတ်လည်၌လည်း အပျက်အစီးများ၊ ဘီလူးများစွာ ကြဲပျံ့နေ၏ ။ နတ်ဘီလူးတို့သည် ဆုတ်ခွာလာခဲ့ပြီး စေတမင်း၏ နောက်ဝယ် စီတန်း လိုက်ပါလာခဲ့သည်။ မြောက်ပိုင်း ဘီလူးတပ်နှင့် တောင်ပြင်ဂုမ္ဘာန်တပ်များ ၂ ကြောင်းခွဲ၍ ဝိရူဠှက နတ်မင်းထံ ဝင်ခဲ့ကြ၏ ။
..........x...........x...........x...........x...........
(ဆက်ရန်..) နန်းသိမ်းပွဲ (၅)
Written by သင်္ခရာဇာ
End date: February 2, 2022
No comments:
Post a Comment