"နန်းတက်ပွဲလည်း နီးလာပြီနော် အစ်ကိုတော်"
"အေး.. ငါ သတိရပါတယ်။ ငါလည်း အဲဒါကိုပဲ တွေးနေမိတတ်တာ"
ပဉ္စလရာဇ်ပြည်၊ တောင်ပေါ်တစ်နေရာ။ စားပွဲတစ်ခုပေါ်တွင် အသားဟင်းလျာများ တင်ထားပြီး သောက်စရာအချို့လည်း ရှိနေ၏ ။ စားပွဲ၏ တစ်ဘက်တစ်ချက်မှ လူကြီးနှစ်ဦးက တို့ထိ စားသောက်နေကြရင်း
"ငါစဉ်းစားနေတာက.. တို့ရှင်ဘုရင်ကကွာ"
ထိုသို့ အစပျိုးလိုက်သည်နှင့် ဘာပြောတော့မည်ကို သိနေသောကြောင့် ဝဖိုင့်ဖိုင့်လူကြီးက ရယ်လိုက်၏ ။
"ထီးနန်းပဲ တက်တော့မယ်၊ ခုထိ ငေါင်စင်းစင်းနဲ့"
"ဟုတ်ပဗျာ၊ ဟုတ်ပ။ မစွံတာလည်း မဟုတ်ဘဲ သူ့မှာ ချစ်သူ ခင်သူ ဒီလောက် များတဲ့ကြားက သင်းက လေ့လာလို့ပဲ မဆုံးနိုင်ဘူး။ တစ်ကိုယ်တည်း နန်းတက်ရမယ့် ရှင်ဘုရင်ပဲ"
"ဟေ့.. ဒါပေမယ့် အထင်တော့ မသေးနဲ့ကွနော်။ အထီးကျန်ဘုရင် ဆိုပေမယ့် ဘုန်းလက်ရုံးကတော့ အင်မတန် ကြီးတာ သူပြန်ရောက်စကတည်းက ငါ သတိထားမိတယ်။ ငါ့ထက်တောင် အဆဘယ်လောက် အင်အားကြီးမားနေတယ် မသိနိုင်ဘူး"
"ဟုတ်ပါ့မလား အစ်ကိုတော်ရယ်၊ သူက ကျုပ်တို့ထဲမှာ အညှက်ဆုံးနဲ့ အအေးဆုံးပဲ။ အစ်ကိုတော်လို ဘာကျင့်စဉ်တွေမှလည်း ကျင့်ကြံအားထုတ်တာ မတွေ့ရဘူး။ သူ့ကို သွားတွေ့တိုင်း ပုရပိုဒ်တွေကြားမှာ တငုတ်တုတ်တုတ်ပဲ"
"ကျင့်ကြံလို့ အစွမ်းတက်လာတာမျိုး မဟုတ်ဘူး ဗျဂ္ဂရဲ့၊ လူ့ပြည်မှာ သူလုပ်တဲ့ ကောင်းမှု စေတနာကံကြောင့် အလိုလိုနေရင်း ဘုန်းကြီးသည့်မင်း ဆိုတာမျိုး ဖြစ်နေတာဟ"
"ဟုတ်မှာပေါ့လေ၊ သူဘုန်းကြီးတော့လည်း ကောင်းပါတယ်။ ဘယ်သူ့အတွက်မှ အန္တရာယ်မရှိတဲ့ ဒေဝယက္ခပဲဟာ"
သူ့စကားကြောင့် ခက်ထန်ကြမ်းတမ်းသော ရုပ်ရည်ရှိသည့် လူကြီးကပါ ရောရယ်လိုက်သည်။ ထို့နောက်
"ငါလည်း ဒီကောင့်အတွက် စဉ်းစားပေးနေတာပဲ။ သူ့ နန်းတက်ပွဲအမီ တို့က ကြင်ရာတွေ ရှာပေးလိုက်ရ ကောင်းမလားလို့လေ"
"ဟာ.. ကြံကြံဖန်ဖန်ဗျာ"
ဟု ဆိုလိုက်ပြီးမှ ရုတ်တရက် ချက်ချင်း
"အဲ.. ကောင်းတယ်ဗျ၊ တကယ်ကောင်းတယ်။ ကျုပ်တို့ ပေးနိုင်တဲ့ ပဏ္ဍာလက်ဖွဲ့ပေါ့။ လုပ်ဗျာ"
လူကြီးနှစ်ဦးတို့ လက်ဝါးချင်း ရိုက်လိုက်ကြပြီး စားပွဲပေါ်မှ ကျားပေါင်သားများကို ဆွဲဖဲ့လိုက်ကြ၏ ။
"စေတမင်းကြီး ကြီးပွားပါစေ"
"မင်းသား စေတ ကောင်းစားပါစေ"
သံပြိုင် ရယ်လိုက်ကြလေသည်။
ဝေလုက၏ စုံစမ်း စောင်မမှုဖြင့် နရဏီသည် သူတို့ စတုမဟာရာဇိက ဒေဝယက္ခနန်းတော်သို့ ရောက်ရှိ စံမြန်းနေပြီ ဖြစ်သည်။ နရဏီမှာ လူ့ဘဝက ဆောက်တည်ခဲ့သော သီလနှင့် တည်ကြည်လေးနက်သော စိတ်ထား၊ သူ၏ နယ်ကို စေတနာထား အုပ်ချုပ်ခဲ့မှုများကြောင့် ဗိမာန်ရှင်တစ်ဦး ဖြစ်လာခဲ့ရသူ။ ယခုတော့ ဘုန်းတန်ခိုး ကြီးမားလှသော စေတနတ်ဘီလူး၏ ကြင်ရာတော်အလောင်းအလျာ ဖြစ်နေခဲ့ပြီ။
အခါအားလျော်စွာ နရဏီသည် စေတမင်းသားရှိရာ လာရောက်လည်ပတ်တတ်သလို သူကလည်း နရဏီ၏ အဆောင်တော်သို့ ညဦးအချိန်များတွင် ရောက်သွားတတ်လေ့ ရှိ၏ ။ ထိုအခါ သူ၏ ရင်ခွင်ကို မှီရင်း နရဏီ မေးလေ့ရှိသည့် စကားမှာ
"အစ်မတော်ကို မိဖုရားခေါင်ကြီး ထားမှာ မဟုတ်လား မောင်တော်"
နရဏီက စနောက်နေခြင်း ဖြစ်သော်လည်း သူ မျက်နှာမထားတတ် ဖြစ်သွားလေ့ ရှိသည်။ သူ့တွင် နရဏီမှ လွဲ၍ အခြားမရှိ။ သို့သော် သူလည်း မည်သို့ သတ်မှတ်ရမည်ဟူသည့် အနာဂတ်ကို မသိနိုင်သေးသလို နောက်ထပ် ရှိလာဦးမည်ဟု ဆိုလိုရာ ရောက်သော နရဏီ၏ စကားတို့ကို မငြင်းပယ်တတ်။ နရဏီကတော့ ကြိုတင် သိမြင်သည်ဟု ဆိုသည်။
"နောက်နေတာပါ မောင်တော်ရယ်၊ အတော်ပဲ အနေရ ခက်သွားသလား။ မောင်တော့်ကို မြင်ရင်ကို အလိုလို ပျော်နေမိလို့ စနောက်မိရခြင်းပါ၊ မောင်တော် ပူစရာ မရှိပါဘူး။ နရဏီ ကျေနပ်ပါတယ်နော်"
နရဏီက ပြုံးစေ့စေ့ အမူအရာဖြင့် ပြောသည်။ သူ၏ ကြမ်းတမ်းသော လက်ဖဝါးပြင်ကို ပိုးသားကဲ့သို့ နူးညံ့နေသည့် လက်ကလေး တင်လျက်
"ချစ်စရာကောင်းတဲ့ နတ်ဘီလူးမျိုး ဒီတစ်ခါပဲ ကြားဖူး မြင်ဖူးသေးတယ်။ တကယ့်ကို ကြံကြံဖန်ဖန်ပါပဲ"
လက်သီးဆုပ်ကလေးနှင့် သူ့မေးအောက်မှ ဒက်ခနဲ ပင့်ထိုးလိုက်သောကြောင့် စေတ မျက်မှောင်ကျုံ့လျက် ပြုံးကြည့်သည်။ နရဏီသည် သူ့ကို နတ်ဘီလူးဟူ၍လည်းကောင်း၊ အိမ်ရှေ့စံ မင်းလောင်းဟူ၍လည်းကောင်း နည်းနည်းမှ အမှတ်မရှိပေ။ သူ့အမြင်တွင် လူဘဝက လက်ျာဘီလူး ဟုသာ မြင်နေပုံ ရသည်။ ကြောက်ရွံ့ခန့်ညားခြင်း မရှိ။ ပကတိ ရိုးသားပွင့်လင်းစွာ ဆက်ဆံတတ်၏ ။
သူမက ပို၍ အဆင့်မြင့်သော ဗိမာန်ရှင် နတ်သမီး ဖြစ်နေခြင်းကြောင့်တော့ မဟုတ်။ အချိန်မရွေး သူ့နေရာသူ ပြန်နိုင်သော်လည်း စေတတို့၏ မြောက်ပြင်နန်းတော်တွင်သာ အနေများသည်။ ညဆိုလျင် သူ့ကို မျှော်ကာ သူရောက်မလာပါက လိုက်ချင် လိုက်လာတတ်၏ ။ မည်သူ့ကိုမျှလည်း မကြောက်ချေ။
စေတထံ လာတိုင်းလည်း နောက်လိုက် တစ်ယောက် နှစ်ယောက် ပါချင် ပါမည်၊ သို့မဟုတ် တစ်ဦးတည်းလည်း ပေါက်ချလာတတ်သည်။ ခမည်းတော်ထံသို့ပင် တစ်ယောက်တည်း ဝင်ထွက်ရဲသူ။ သို့သော် နရဏီက အနေအထိုင် တည်ကြည်သဖြင့် နတ်ဘီလူးများ လေးစားမှု ရှိကြလေသည်။
အထူးသဖြင့် စေတမင်းသား၏ ကြင်ရာတော် ဖြစ်လာမည့်သူမို့ မိရားခေါင်ကြီးအဖြစ် မျှော်လင့်ကာ တရိုတသေ ဆက်ဆံကြသည်။ နရဏီကတော့ ခပ်အေးအေးသာ ၊သူမ သိထားသည်တို့ကို မည်သူ့မှလည်း မပြော၊ ယခုတစ်လောတွင် စေတထံသို့လည်း သိပ်မလာချေ။
ထိုအကြောင်း သူက မေးမြန်းရာ "အဆောင်တစ်ခု ရှင်းနေလို့ပါ မောင်တော်ရဲ့" ဟု ဆိုသည်။ ဘာလုပ်မယ့် အဆောင်လဲ ဟု မေးလျင် လူနေဖို့ စိတ်တိုင်းကျ ပြင်ဆင်နေတာ ဟု ဆိုလေသည်။ သူလည်း ထပ်မမေးဖြစ်၊ နရဏီကလည်း သူ့စိတ်ကူးနှင့်သူ သွားလိုက် ပြန်လိုက် လုပ်နေ၏ ။
ဘမရ နှင့် မာရ မည်သော နတ်မင်းကြီး တွေ့ဆုံခဲ့ပုံမှာ ဤသို့ဖြစ်၏ ။ ဘမရသည် ရေမြေတောတောင်အနှံ့ လှည့်လည်သွားလာ၍ တရိကမ္မ မည်သော ရတနာတစ်မျိုးကို ရှာဖွေနေစဉ် လမ်းခရီး တစ်နေရာ၌ အဖိုးအိုတစ်ဦးနှင့် တွေ့ခဲ့ရသည်။
အဖိုးအိုမှာ အသက် ၇၀ ခန့် တောင်ဝှေးနှင့် ဖြစ်သော်လည်း ထိုမျှ အားအင်ဆုတ်ယုတ် ကုန်ခမ်းနေသည့် အသွင်မရှိ၊ ကြည်လင် ပြည့်ဖြိုးလှပေ၏ ။ ရဲရင့် ဝံ့စားပုံလည်း ရှိရာ ဤသူသည် မနုဿစင်စစ် မဟုတ်မှန်း ဘမရ ချက်ချင်း သိလေသည်။
"သင် ဘယ်သူလဲ"
"ငါ မာရ"
"မာရ ဆိုတာ.."
အဖိုးအိုအသွင်မှ တောက်ပြောင်ထည်ဝါသော နတ်ကြီးတစ်ပါးအသွင် ပြောင်းသွားပြီး
"ဒေဝပုတ္တ မာရပဲ နတ်ဘီလူးလေး"
"ကျွန်ုပ်ကို သိသလား"
"ငါ မသိ မမြင်နိုင်တာ ဘာမှ မရှိဘူး"
"တန်ခိုးကြီး နတ်မင်းကြီးပဲ၊ ဒီမှာ ဘာလုပ်နေပါသလဲ"
"ငါ့အလုပ်ငါ လုပ်နေတာပေါ့ကွာ၊ မင်းကရော"
"ကျွန်တော်က ရတနာတစ်မျိုးကို ရှာနေတာပါ"
မာရ်နတ်ကြီးက ခေါင်းညိတ်သည်။
"အကူအညီ လိုရင်လည်း ပြောပေါ့၊ ငါတတ်နိုင်တာကို ကြည့်ရှု စောင်မပေးပါ့မယ်"
"ကျွန်ုပ် ရှာနေတဲ့ ကျောက်ကို သိပါသလား"
မာရက သူ့ကို မကြည့်ဘဲ ပြုံး၏ ။
"မင်းတို့က အလုပ်မဟုတ်တာ လုပ်နေတာပဲ"
ဆိုစကားအရ သူ့ကို ကူညီမည် မထင်။
"အရှင်နတ်မင်းကရော သည်မှာ ဘာအလုပ် လုပ်ပါသလဲ"
"ငါ့ ခံယူချက်ကို ငါလုပ်နေတာ၊ ငါတို့အားလုံးမှာ အတိတ် ပစ္စုပ္ပန် အနာဂတ် ရှိတယ်။ ကျင်လည်ရမယ့် သံသရာစီးကြောင်း ရှိတယ်။ ဒီထဲမှာမှ သုခ ဒုက္ခတွေ ရှိမယ်။ ဒါတွေကို လက်ခံ ကျေနပ်နိုင်ဖို့ ငါက ကူညီပေးနေတာ"
"ကျွန်ုပ် နားမရှင်းဘူး နတ်မင်း"
"ရှင်းရှင်းလေးပါကွာ၊ သတ္တဝါတွေ သူတို့ရတဲ့ ဘဝကို ပျော်မွေ့စေချင်တာ ငါ့ဆန္ဒပဲ။ မင်းတို့ ငါတို့လို ကျေနပ် ရောင့်ရဲတတ်ကြရင် ကျရာဘဝမှာ ချမ်းသာသုခ ရတာပဲ မဟုတ်ဘူးလား။ ဒါ့ကြောင့် သံသရာကို လက်ခံလိုသူ မှန်သမျှ ငါက ကူညီပေးဖို့ အသင့်ရှိနေတာ"
"သင်တို့ပြည်မှာ ချမ်းသာသုခတွေ တစ်ပုံတစ်ပင်နဲ့ စံနေလို့ ရတာပဲ မဟုတ်လား"
"ဝသဝတ္တီ မှာလား၊ ပျင်းစရာပါကွာ။ ကိုယ်စွမ်းကိုယ်စ ဘာမှ ထုတ်စရာ မလိုဘဲ လက်အောက်ငယ်သားတွေက ဖန်တီး ပြုစုပေးနေတာကို အခန့်သား ထိုင်စား ဇိမ်ခံနေတဲ့ အထဲမှာ ငါမပါဘူး"
ပြောရင်း မာရ်နတ်ကြီး အားပါလာသည်။
"ငါဟာ လောက၊ ငါဟာ သံသရာပဲ။ သည်လောကကို ငါ ထိန်းသိမ်းမယ်။ သံသရာကို ကျင်လည်စေတတ်တဲ့ သဘောမှန်သမျှ ငါ့ဓမ္မပဲ။ တရားတာ မတရားတာတွေ ဘယ်သူမှ ငါ့လောက် မသိပါဘူး။ ငါက လောကအကျိူးအတွက် အစဉ်ကြည့်ရှု ဖြည့်တင်းနေသူ"
သူ့ ခံယူချက် သည် တစ်မျိုး ဖြစ်နေသော်လည်း ဘမရက သဘောတူ လက်ခံပါသည်။ ကောင်းပါတယ် ဟု ထောက်ခံရာ မာရကြီး ကျေနပ်သွားသည်။
"မင်းလည်း ငါ့ဘက်သား ဖြစ်တဲ့အတွက် ဝမ်းမြောက်ပါပေရဲ့။ ငါ့မှာ သွားစရာ ရှိသေးတယ်။ မင်းလည်း ဆက်ရှာလိုက်ဦး၊ ခုလို လုပ်ချင်တာ လုပ်နေရတာကိုက ဘဝပဲကွ.. ဘမရရဲ့"
မာရ်နတ်ကြီးက ပြောဆို ပျောက်ကွယ်သွား၏ ။ ထို့နောက် အခြားနေရာတွင် တစ်ကြိမ် ဆုံဖြစ်သေးသော်လည်း အကြောင်းကိုယ်စီနှင့်မို့ နှုတ်မဆက်ဖြစ်။ ပြုံးရုံ ပြုံးပြခဲ့ကြသည်။ မည်သို့ဆိုစေ မာရ နတ်မင်း သူ့အား နှစ်လိုမှု ရှိသည်ကိုတော့ ဘမရ သိနေသည်။
"မင်းဟာက.. တကယ့် မာရ်နတ်ကြီးနဲ့မှ ပက်ပင်းတိုးလာသကိုးကွဲ့"
"မတတ်နိုင်ဘူးလေဗျာ၊ သူ့ကို ဆိုးတယ် သတ်မှတ်ကြပေမယ့် သူ့ခံယူချက်နဲ့သူ လုပ်နေတာပဲဟာ။ ကျုပ်တို့လည်း ဆိုးကြတာပဲ မဟုတ်လား နောင်တော်ရ"
"ငါတို့ဆိုးတာ သူ့ခြေဖျား မမီဘူး။ သူက ဘုရားရှင် ကိုယ်တော်ကိုတောင် ကဖျက်ယဖျက် လုပ်တဲ့သူတဲ့"
စေတ ကလည်း
"သူ့အကူအညီယူရမှာတော့ ခပ်လန့်လန့်ပဲဗျ။ သူလုပ်ပုံတွေနဲ့ နောက်ကျ ဘာတွေ ဖြစ်လာမလဲ မပြောနိုင်ဘူး။ ကင်းကင်းနေတာ ကောင်းပါတယ်"
"အေး.. သူဆိုရင်တော့ အလွယ်တကူ မြင်နိုင်လိမ့်မယ်လို့ ခုမှ တွေးမိလို့ ပြောပြတာပါကွာ"
"ကုဝေရ နတ်မင်းကြီးကို မေးရင်ရော"
ဝေလုက၏ အကြံကို စေတက အကြောက်အကန် ငြင်းသည်။
"အဆက်ဟောင်း ဘယ်ရောက်နေလဲလို့ နတ်မင်းကြီးကို သွားမေးပြီး လိုက်ရှာရမယ်ပေါ့။ ရှက်စရာကြီးဗျာ.. ကိုယ့်အစွမ်းနဲ့ကိုယ် ရှာကြပါ"
"ငါတို့မှာ ဒိဗ္ဗစက္ခုမှ မရှိဘဲ။ မင်းရော မြင်နိုင်လား"
"ဟင့်အင်း"
"ဒါနဲ့များ ဘယ်လို ရှာကြမှာတဲ့လဲ"
"နောင်တော် ဝေလုက နရဏီတုန်းက ဘယ်လို ရှာတွေ့ခဲ့သလဲ"
"ဒါက အမှတ်မထင် တွေ့ခဲ့တာလေ။ မိတ်ဆွေ နတ်တစ်ပါးနဲ့ လိုက်သွားရင်း ဥယျာဉ်နန်းတစ်ခု အသစ်ပေါ်နေတာ လို့ သူက ပြလို့ ဘယ်သူလဲ မေးမြန်းမိရင်း မင့်အစ်မတော်မှန်း သိသွားတာ"
"တိုက်ဆိုင်လှချေလားဗျာ"
"အေးကွ၊ အံ့သြစရာပဲ။ ဝေလုက.. မင်း အဲဒီနတ်ကို သွားမေးရင်ရော"
"မေးပြီးပြီ ဒီပ၊ သူလည်း မသိဘူးတဲ့။ ကျုပ်ပြောတဲ့သူကို မမြင်၊ မတွေ့ဘူးလို့ ဆိုတယ်"
"ဘယ်များ ရောက်နေပါလိမ့်ကွာ"
ယခုမှ လိုရင်းကို ရောက်တော့မည်။ ထို့ကြောင့် စေတက ဖြတ်မေးလိုက်သည်။
"ဘယ်သူလဲဗျ"
"ခင်ဖုန်းလေကွာ၊ မင့် ကသည်းဧကရီ စန္ဒဝတီ"
သူ့ရင်ဝယ် လှုပ်ရှားသွားရ၏ ။
"ထင်တော့ ထင်တယ်၊ တခြားတစ်ယောက်နဲ့ မှားမှာစိုးလို့ ပြောမထွက်တာ"
"တခြား ဘယ်သူ ရှိသေးလို့လဲကွ"
"မရှိပါဘူးဗျာ"
သူက ပြုံးစေ့စေ့နှင့် မျက်နှာကို လက်ဝါးဖြင့် ကာလိုက်လေသည်။
နောက်ဆုံးတော့လည်း မည်သို့မျှ ရှာမတွေ့သဖြင့် မာရ်နတ်ကြီး၏ အကူအညီကို တစ်ကြိမ်မျှ ယူရန် သူတို့ ဆုံးဖြတ်လိုက်ကြရသည်။ စေတသည် အစက ခပ်လန့်လန့် ဖြစ်နေသော်လည်း တကယ်တမ်း လုပ်ရမည် ဆိုသောအခါ ရဲရင့်စွာ ဦးဆောင်လာသည်။
သူတို့ ၅ ဦး စိတ်မှ မာရ်နတ်ကြီးကို တောင့်တလိုက်ရာ မကြာမီ ရှေ့တွင် အဖိုးအိုအသွင် ပေါ်လာ၏ ။ မာရသည် သူ၏ မူလရူပကို မပြချေ။
"ဘာအလိုရှိလို့လဲ လူလေးတို့"
စေတက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြပြီး
"အဲဒါကြောင့် အယုဒ္ဓယမှာ ဇီဝိန်ချုပ်ခဲ့တဲ့သူဟာ ယခု ဘယ်ဘဝကို ရောက်နေသလဲ သိချင်လို့ပါ"
မာရ်နတ်ကြီးက
"ဒါ ငါ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်းက မင်းတန်ခိုးဣဒိနဲ့ ဟိုးအောက်က ဘုံမှာ အခြွေအရံ နတ်ဘီလူးမျိုး ဖြစ်နေတာ တစ်ကြောင်း၊ အိမ်ထောင်သားမွေး လောကတံထွာ ကျင်လည်ရာ အမှုလည်း ဖြစ်လို့ သည်တစ်ခါတော့ ကူညီလိုက်မယ်။ မင်း ကြားရင် ခံနိုင်ရည် ရှိရဲ့လား"
သူက စိတ်ကို တင်းလိုက်သည်။
"မှန်ပါ၊ ကျွန်တော်လည်း ကောင်းရာသုဂတိ မဟုတ်ဘူးလို့ မျှော်လင့်ထားပါတယ်"
"အာရုံစူးစိုက်ပြီး သမာဓိကို ဖြစ်စေကွဲ့၊ သူက လေးထပ်မြောက် ငရဲကြီးမှာ ကျခံနေရတယ်"
အားတင်းထားသော်လည်း သူ လဲပြိုသွားသည်။ နောင်တော်များက ဖမ်းထိန်းလိုက်၍ တော်သေး၏ ။
"အတော် စိတ်ထိခိုက်သွားပုံ ပေါ်ရဲ့။ တယ် စိတ်ပျော့တာကိုး၊ အင်း.. မင်းတို့ ငရဲသွားမယ်ဆိုရင်တော့ သူ့ကို ခေါ်မသွားတာ ပိုကောင်းမယ်။ နည်းလမ်းတစ်ခုတော့ ရှိတယ်။ မင်းတို့ သူတော်ကောင်းတစ်ဦးကို ပရိယာယ်ပြုကြရလိမ့်မယ်။ ဘယ်လိုလဲ"
နတ်ဘီလူးများက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး နောက်ဆုံးတွင် အငယ်ဆုံး ညီကို ကြည့်လိုက်ကြသည်။ ညီငယ်က ကိုယ်ကိုမတ်ကာ လက်သီးဆုပ်လျက်
"လုပ်ရမှာပဲ။ နည်းလမ်းကိုသာ မစပါ နတ်မင်း"
အဖိုးအို၏ နှုတ်ခမ်းများ ပြုံးသွား၏ ။
ဆီးနှင်းများ ဖုံးလွှမ်းနေသော ဟိမဝန္တာ တောင်ထိပ်တစ်ခုရှိ ဂူငယ်ကလေးတွင် ငြိမ်သက်စွာ ထိုင်နေသော ရသေ့ကြီး တစ်ဦး။ သူ့ရှေ့ နှင်းထဲဝယ် တုပ်ထားသည့် ဒူး မြုပ်အောင် ကျဆင်းနေသော နှင်းပွင့်များကို လက်ညှိုးဖြင့် ထိုးစိုက် ကစားနေသူက စေတ။ တဝှီးဝှီး တိုက်ခတ်နေသော ရေခဲလေအေးများကို အံတုရင်း ဤနေရာတွင် ထိုင်နေခဲ့သည်မှာ ကြာလေပြီ။
စေတ၏ ဆံပင်၊ ပခုံး၊ ကျောနှင့် ပေါင်များပေါ်၌ နှင်းတို့ ဖြူဖွေးနေ၏ ။ ရသေ့ကြီးကမူ မလှုပ်သေး၊ သို့မဟုတ် ပြန်မလာသေး။ ခါးသက်သက် နှင်းခဲအချို့ကို ပါးစပ်ထဲ ထည့်၍ ဝါးလိုက်ချိန်တွင်မှ ရသေ့ကြီး မျက်လုံး ပွင့်လာသည်။
"သြော်.. ဘယ်သူများပါလိမ့်"
"ဖူး... ကျွန်ုပ်အမည်က စေတ ပါ၊ အကြောင်းကိစ္စတစ်ခုကြောင့် ရောက်လာရပါတယ်"
သူ့အကြောင်းနှင့် တောင်းဆိုမှုကို သိရသောအခါတွင်တော့ ရသေ့ကြီးက ငြင်းဆိုလေသည်။
"ဒါ တို့များ လုပ်သင့်တဲ့ အလုပ် မဟုတ်ပါဘူးကွယ်။ မဖြစ်နိုင်ပါဘူး။ လောကဓမ္မကို ဖီဆန်ပြီး မကျင့်တာ ကောင်းပါတယ်"
စေတက မာရ သင်ထားသည့်အတိုင်း
"ကျွန်ုပ် မည်သည့်အရာကိုမှ အတင်းအကြပ် မလုပ်ဆောင်ပါဘူး ဘရသေ့။ ကံအားလျော်စွာ ဖြစ်ပျက်တာကို လက်ခံမှာပါ။ ဘ သေ့ကြီး အနေနဲ့ ကယ်ဆယ်လို့ ရရင် ကယ်ဆယ်ပေးဖို့ပဲ မေတ္တာရပ်ခံလိုတာပါ"
သူက မေတ္တာရပ်ခံသည် ဆိုသော်လည်း ရသေ့ကြီး ကူညီချင်လာအောင် လှည့်ပတ်ပြောနေလေသည်။ ရသေ့ကြီးကလည်း မဖြစ်နိုင်ပါဟု တွင်တွင် ငြင်း၏ ။ ငရဲကျနေသူသည် အခါမလပ် ခံစားရသည့် ကြီးစွာသော ဒုက္ခဆင်းရဲကြောင့် ပြုခဲ့ဖူးသည့် ကောင်းမှုများကို အောက်မေ့နိုင်စွမ်း မရှိဟု ဆိုသည်။ နောက်ဆုံး မာရ်နတ်မင်း သင်မထားသည့် စကားဖြင့်
"အဲသည်ဘဝက ကျွတ်အောင် ပြုခဲ့ဖူးတဲ့ ကောင်းမှုကို မအောက်မေ့နိုင်ဘူး ဆိုရင်လည်း သာသနာအတွက် သူ့ကိုယ်သူ လှူပါတယ် ဆိုရင် မလွတ်နိုင်ဘူးလား ဘရသေ့"
"အဲ.. သူစိတ်ပါရင် လွတ်နိုင်တာပ"
"ဒါဆိုရင် ဘရသေ့က သူ စိတ်ပါလက်ပါနဲ့ သူ့ကိုယ်သူ သာသနာတော်ကို လှူဒါန်းချင်လာအောင် တိုက်တွန်းပေးဖို့ တပည့်တော် မေတ္တာရပ်ပါရစေ။ သတ္တဝါတစ်ဦးရဲ့ ဆင်းရဲဒုက္ခကို ကူညီကယ်ဆယ်ကောင်းပါတယ်ဘုရား"
ထူးခြားသည့် ဖြစ်ရပ်မို့ ရသေ့ကြီး စိတ်ဝင်စားသွား၏ ။ ထိုသို့ ဖြစ်နိုင်သည်ဟုလည်း ထင်မြင်မိလာသည်။
"ငရဲမီး ဘယ်လောက်ပူသလဲ သင်သိရဲ့လား"
"သိပါတယ်၊ ဘရသေ့ပဲ တတ်နိုင်မယ် ဆိုတာလည်း သိပါတယ်"
"ခက်ပြီ"
"သည့်အတွက် ဘရသေ့မှာ အကျိုးယုတ်စရာများ ရှိရင် တပည့်တော်ကို ပြောပါဘုရား"
"မရှိပါဘူးကွယ်"
"သို့ဆိုလျင် တပည့်တော်တို့ နှစ်ဦးအကျိုးနှင့်တကွ သာသနာတော်အတွက် အကျိုးများမည့် အကြောင်းကို ကယ်မတော်မူပါဘုရား"
သီလဝံသ ရသေ့ကြီး မငြင်းနိုင်တော့။
"နရဏီကတော့ မောင်တော်ကို အဲဒီထိ မလိုက်စေချင်ဘူး"
အိမ်ရှေ့စံ အဆောင်တော်၏ လေသာဆောင်ဝယ် သူ့ပခုံးကို မှီထားရင်း နရဏီ ဆိုသည်။
"ဘာလဲ.. ဝန်တိုတာလား စိုးရိမ်လို့လား"
"ဝန်တိုစရာ မရှိပါဘူး၊ သူ့ကို သနားမိတာပါ။ နောက်ပြီး မောင်တော် အဲဒီက မြင်ကွင်းတွေကို ခံနိုင်မှာ မဟုတ်ဘူး။ အူအသည်း ပြောင်းပြန်လန်သလို ခံစားရလိမ့်မယ်.. နရဏီ သိတယ်"
သူက လက်ကလေးကို ဆွဲယူ၍
"မောင်တော်မှ မလိုက်ရင် ဘယ်သူ ဝင်နိုင်မယ် ထင်သလဲ အစ်မတော်။ ငရဲမီး အဆိပ်ငွေ့တွေ ပြည့်နေမယ့် ရောရုဝရဲ့ မြေအပြင်ကို နောင်တော်တွေ နင်းနိုင်မယ် မဟုတ်ဘူး"
"မောင်တော်ရော အပူဒဏ်ကို ခံနိုင်မှာ သေချာလား၊ နရဏီသာ ငရဲမီးကို သည်းခံနိုင်ရင် မောင်တော့်ကိုယ်စား သွားပေးပါတယ်"
"မောင့်အတွက် မပူပါနဲ့ နရဏီရယ်၊ ကိုယ့် အာနုဘော်ကို စမ်းကြည့်ပြီးပါပြီ။ ဘရသေ့လည်း ပါမှာပဲ။ ဘရသေ့ကိုပဲ တစ်ပါးတည်း လွှတ်ဖို့ကျ မသင့်တော်ဘူး မဟုတ်လား"
"ဒါဆို သေချာ နားထောင်၊ ရောရုဝ ဆိုတဲ့အတိုင်း အော်ဟစ်ညည်းတွားသံတွေကိုတော့ မောင်တော် မကြားချင်လည်း ကြားနေရမှာပဲ။ ဖြစ်နိုင်ရင် အထဲရောက်တာနဲ့ ဘာကိုမှ မကြည့်ပါနဲ့။ ငရဲမင်းကြီးဆီသာ တည့်တည့်မတ်မတ်သွား။ မေးလိုရာကို မေးပြီး အလိုရှိရာ ရအောင်ယူခဲ့ပါ။ လုပ်ရမှာကို ဖြစ်အောင် လုပ်ခဲ့။ မောင်တော် သူ့ကို မြင်လိုက်တာနဲ့ နှလုံး ရပ်သွားလိမ့်မယ် သိရဲ့လား"
သူ့ရင်ဘတ်ကို ဆွဲကိုင်လှုပ်လျက် မျက်နှာကို စေ့စေ့ကြည့်ကာ သတိပေးနေသော နရဏီ၏ နဖူးပြင် ဝါတင်းတင်းလေးကို အနမ်းခြွေရင်း
"ကောင်းပါပြီဗျာ၊ အစ်မတော်က အမတ်ချုပ်ကြီး ဇေယျသူကို ကူရင်း နှင်းမှုန်အတွက်လည်း ပြင်ဆင်ထားလိုက်ပါ။ မောင်တော် မရှိခိုက် ဝေဿဝဏ်နတ်မင်းကြီးက အမှာတော် ရှိတာ၊ အခေါ်လွှတ်တာတွေ ရှိလာရင်လည်း မောင်တော့်ကိုယ်စား အဆင်ပြေအောင် ကြည့်လုပ်ထားလိုက်ပေါ့။ အစ်မတော်ကို ယုံပါတယ်"
"နေဦး ဆရာကြီး၊ ကျန်သေးတယ်။ ဟိုမှာ မောင်တော် လုပ်နိုင်တာ ဘာမှ မရှိလောက်ဘူး။ ငရဲ ဆိုတာ ကံစီမံတဲ့ အကြောင်းတွေ။ ယမမင်းတို့ ငရဲထိန်းတို့ ဆိုတာလည်း ငရဲသားတွေရဲ့ ကံအလျောက် ဖြစ်ပေါ်လာရပြီး ငရဲသက်တမ်း ကုန်ရင် အလိုလို ပျောက်ကွယ်သွားမယ့် အရာတွေပဲ။ ဒါ့ကြောင့် မောင်တော် လုပ်ချင်တိုင်း လုပ်လို့ မရဘူး ဆိုတာ မြဲမြဲ မှတ်ထားပါ။
အဓိက ပြောချင်တာက ကိုယ့်အစွမ်းကို ယုံပြီး ရှမ်းပြည်မှာတုန်းကလို တစ်ယောက်တည်း မိုက်ရူးရဲ မလုပ်လိုက်ပါနဲ့။ ခုအရေးဟာ မောင်တော့်အရာ မဟုတ်သေးဘူး။ မောင်တော့်မှာ လုပ်စရာကြီး ရှိနေသေးတယ်။ အဲဒီတော့ အစွမ်းတွေကို ချန်ထား၊ သတိကို မလွတ်ပါစေနဲ့ မောင်တော်။ ဒါ အရေးကြီးတယ်နော်။ သတိလွတ်တာနဲ့ မောင်တော် ကျဆုံးသွားမှာ"
"ကျေးဇူးပါဗျာ၊ သေချာ မှတ်သားထားပါ့မယ်"
"ပြောင်စပ်စပ် လုပ်မနေနဲ့ ကောင်လေး၊ ပြန်မလာနိုင်ဘဲ နေဦးမယ်"
"အဲလောက်တောင်ပဲလား"
"အဲဒီထက် ပိုတယ်၊ ငရဲရှင့်.. ဘာမှတ်နေလဲ"
သူက ပြုံးလိုက်ပြီး
"မောင်တော် ရောက်ခဲ့ပြီးပါပြီ အစ်မတော်ရဲ့"
"ရသေ့ကြီးဆီက အပြန် မဟုတ်လား။ အပေါ်ဆုံးငရဲနဲ့ သူ့ဘေးက ငရဲငယ်လေးတွေကို ပတ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်မနေနဲ့။ ပတ်ကြည့်ရုံကတော့ ဘယ်သူမဆို ကြည့်နိုင်တယ်။ အောက်ကို နောက် ၃ ထပ်ဆင်းရင် ပိုပြင်းလာမယ့် အပူရှိန်ကို တွေးကြည့်။ ပြီးတော့ ရောရုဝ ဆိုတာက မြေအပြင်တင်မက လေထုထဲနဲ့ ခန္ဓာကိုယ်ထဲကိုပါ အခိုးအငွေ့ အပူအဆိပ်တွေ ပြည့်နှက်ဝင်ထွက် လှည့်ပတ်နေမှာ"
"မောင်တော် ဖတ်မှတ်ဖူးပါတယ်"
နရဏီက သူ့ဝမ်းဗိုက်ကို အားနှင့် ဝိုက်ကာ ထိုးလိုက်သည်။
"သြော်.. ပေါ့ပေါ့လေး မှတ်နေတယ်။ သေမယ်"
"ဟားဟားဟား၊ မပေါ့ပါဘူးဗျာ။ ကြိုတင်ပြင်ဆင်ထားပါတယ်။ စိတ်ကိုလည်း ထားနိုင်အောင် လေ့ကျင့်မွေးမြူနေသလို နှလုံးသန်မာဖို့လည်း ကြိုးစားနေပါတယ်.. ကဲ"
မျက်စောင်းထိုးကာ ပခုံးစွန်းကို ခေါင်းဖြင့် ပစ်တိုက် မှီလာသည့် နရဏီအား
"တိုက်ချင် ခိုက်ချင်တဲ့ အကျင့်တွေကတော့ မပျောက်ဘူးနော်"
ဟု စလိုက်၏ ။ နရဏီကလည်း ဟုတ်တယ် ဟု ဆိုလျက် သူ့ပခုံးကို ကိုက်ထည့်လိုက်လေသည်။
ရောရုဝ။
အမည်နှင့် လိုက်အောင် နာနာကျင်ကျင် အော်ဟစ် ညည်းတွား ငရဲပွက်သံများ အခါမလပ် ကြားနေရသည့် နေရာ။ ရင်တွင်းမှ လာသကဲ့သို့ ခံစားရစေသော ယင်းအသံများကြောင့်ပင် ရောရုဝသို့ မရောက်မီ အဝေးကြီးကတည်းက စိတ်ဆင်းရဲစေသည့် ငရဲပြည်။ နယ်ပယ် ကျယ်ဝန်းသလောက် အခိုးအလျှံများ ပြည့်နှက်နေသဖြင့်လည်း မည်သည့်အရာကိုမျှ ထင်ထင်ရှားရှား မမြင်ရချေ။
ထိုသို့ ပိန်းပိတ် မှုန်ဝါးနေခြင်းကပင် စေတအတွက် ကောင်းကျိုးကို ဖြစ်စေ၏ ။ သူသည် မမြင်ရသည်တို့ကို အားစိုက်မကြည့်၊ နောင်တော်များကို ရောရုဝတိုင်း၏ တံခါးအပြင်ဘက်တွင် ထားခဲ့ပြီး သူနှင့် ဘရသေ့သာ ငရဲတံခါးကြီးကို တွန်းဖွင့်လျက် ဝင်လာခဲ့သည်။ တံခါးစောင့်ကြီးမှာ သူ့ကို ပြူးကြောင်ကြည့်နေသည်မှတပါး စကားမဆို။
သူက နီရဲတောက်လောင်နေသည့် မြေပြင် နံရံများကိုလည်းကောင်း၊ စိမ်းဝါဝါ လေထုကိုလည်းကောင်း၊ လာဟပ်နေသော ပူပြင်းလှသည့် မီးအရှိန်ကိုလည်းကောင်း၊ အဆုတ်ထဲသို့ ဝင်လာသည့် အငွေ့အသက်တို့အား လည်းကောင်း အာရုံမစိုက်ဘဲ အလင်းရောင် ထွက်ပေါ်နေရာဆီသို့သာ ဦးတည် လျှောက်သွားသည်။
နေမရှိ၊ မီးမရှိသော်လည်း ဘဘာဝအတိုင်း အလိုအလျောက် လင်းချင်းနေသည့် အခန်းကျယ်ကြီးထိပ်၌ အညိုရောင်အင်္ကျီ ဝတ်ဆင်ထားသော လူကြီးတစ်ဦး ရှိနေပြီး သူ့ကို လှမ်းကြည့်နေလေသည်။
"ယမမင်း မဟုတ်လား"
"ဟုတ်ပါတယ်"
"အယုဒ္ဓယကနေ ရောက်လာတဲ့ ကသည်းလူမျိုး ခင်ဖုန်း ဆိုသူကို လာရှာပါတယ်"
"ခင်ဖုန်း..၊ မမှတ်မိတော့ဘူး"
"စာရင်းများ မရှိဘူးလား၊ ပြန်ရှာလို့ မရနိုင်ဘူးလား"
"စာရင်း ရှိပါတယ်၊ နာမည် တွေ့ရင်တောင် ဒီမှာ ရှိပါတယ် လို့ပဲ ပြောနိုင်လိမ့်မယ်။ သူ့ကို လိုက်ရှာဖို့တော့ မဖြစ်နိုင်ဘူး"
"ဘာကြောင့်လဲ"
"ကျုပ်တာဝန်က ရောက်လာသူတွေကို စိစစ် စစ်ဆေးပြီး သင့်ရာပို့ဖို့ပဲ။ ပို့ပြီးသွားရင် ကျုပ်နဲ့ မဆိုင်တော့ဘူး။ သူ့ကံအတိုင်း နေရမယ်။ နေရမယ့် ကံကုန်ရင် သူ့ဘာသာ ထွက်သွားလိမ့်မယ်"
"သူ့ကံဟာ သိပ်မများဘဲ ကြီးနေလို့ ဒီကို ရောက်ရတာ ဆိုရင်ရော"
"ဒါဆို သိပ်မနေရဘူးပေါ့ မောင်ရင်"
"သူ့ကောင်းမှုတွေ ရှိတယ်။ ဘုရားမှာ ပန်း ဆီမီး လှူတာ၊ စိတ်ပါလက်ပါ အာရုံပြု ရှိခိုးတာတွေ။ ဒါတွေကို ပြန်အမှတ်ရခဲ့ရင်ရော"
ယမမင်းကြီးက ခေါင်းယမ်း၏ ။
"မရတော့ပါဘူးကွယ်"
"ဒါဆို သူ ဘယ်မှာ ရှိနေမလဲ၊ ဘယ်လို ပုံစံလဲဆိုတာ မပြောနိုင်ဘူးပေါ့"
"ကျုပ် မပြောနိုင်ပါဘူး"
စေတက တင်းမာစွာ ကြည့်လျက် စားပွဲကို လက်နှင့် ရိုက်လိုက်၏ ။ ယမမင်း၏ စားပွဲဝယ် သူ့လက်ရာကြီး ထင်ကျန်နေလေသည်။ ယမမင်းသည် မျက်လုံးပြူးလျက်။ သူက စိတ်ကို ထိန်း၍ ခြေနင်းကြမ်းကြမ်းဖြင့် လှည့်ထွက်သွားရာ ယမမင်းမှာ ဆက်လက်စီရင်ရန်ရှိသည်တို့ကို မေ့ကာ သူ့အား လိုက်ကြည့်နေလေသည်။
ရသေ့ကြီးကမူ သူနှင့် လိုက်မလာပေ။ မီးငွေ့များထဲ တိုးဝင်သွားခဲ့ရာ သူ အခန်းထဲမှ ထွက်လာသောအခါ ဘရသေ့သည် ငရဲသားကြီးများ၏ အလယ် တစ်နေရာတွင် လေထဲ၌ ရပ်တည်လျက် ရှိနေ၏ ။ သူ့အောက်မှ ငရဲသားများက လှုပ်လှုပ်ရွရွ။ ညည်းညူသံများကြောင့် ဘရသေ့ ဘာပြောနေသည်ကို မကြားရသဖြင့် သူ တိုးကပ်သွားလိုက်သည်။
တကယ်တော့ ရသေ့ကြီးသည် စေတနတ်ဘီလူးမင်းအား မာရ်နတ်ကြီးမှ စေလွှတ်ကြောင်း သိပြီး ဖြစ်၏ ။ မာရ်နတ်က သူ့ကို အဘယ့်ကြောင့် ကူညီမှန်းလည်း သိသည်။ သို့သော် စေတသည် မာရ်နတ်၏ အသင်းအပင်းဝင် မဖြစ်သေး။ ကယ်ဆယ်ရမည့် သူမှာလည်း သာသနာတော်အတွက် အကျိုးပြုလာမည့်သူ ဖြစ်နေသည်။ သူတို့နှစ်ဦးအား ကယ်ဆယ်နိုင်ကောင်း၏ ဟူသော အကြံဖြင့် လိုက်ပါလာခဲ့ခြင်း ဖြစ်၏ ။
ယခုလည်း ဘရသေ့သည် ဒွါရကိုးပေါက်မှ တဆင့် ပူလောင်ပြင်းစွာသော မီးငွေ့များ ကိုယ်တွင်းသို့ ဝင်၍ နှိပ်စက်ခံနေရသူ မာတုဂါမကလေးကို လွန်စွာ သနားကရုဏာ သက်မိရသည်။
"ဒကာမလေး.. ခင်ဖုန်း"
"ဘုရား"
ငိုရှိုက်ရင်း ထူးသံ၊ စေတ တုန်လှုပ်သွား၏ ။ ဘရသေ့အောက်မှ ခန္ဓာတစ်ခုက တုန်ယင်စွာ လက်အုပ်ကို ချီနိုင်ရန် ကြိုးစားနေသည့် မြင်ကွင်းကြောင့် သူ့နှလုံးမှာ ဆုပ်ကိုင် ဖျစ်ညှစ်ခံလိုက်ရသလို မွန်းကြပ်သွားသည်။ သူသည် ရုတ်တရက် နာကျင်လှသော ဝေဒနာကို ခံစားလိုက်ရသော်လည်း သတိလက်လွတ် ကြည့်နေမိ၏ ။
"ဒကာမလေး၊ ဘုရားကို အာရုံပြုနိုင်ရဲ့လား"
"မပြုနိုင်ပါ... ဘုရား"
စေတသည် တိုင်တစ်ခုကို မှီလိုက်ရပြီး အားအင်ကုန်ခမ်းစွာ ပျော့ခွေသွားသည်။ သို့သော် မျက်လုံးများကိုမူ လွှဲဖယ်ခြင်းငှာ မစွမ်းနိုင်။
"ဒါဆို လိုက်ဆိုပါ.. ဒကာမလေး"
"သတိမလွတ်ပါစေနဲ့" ဟု အထပ်ထပ် မှာခဲ့သော နရဏီ၏ အသံကို ညည်းတွားအော်ဟစ်သံများကြားမှ ကြားယောင်လိုက်မိသလို၊ စေတသည် ပူလောင်လှစွာသော မျက်လုံးကို မှိတ်ပစ်လိုက်ပြီး တည်ကြည်မှု ရစေရန် အားထုတ်နေရလေသည်။
"ကျွန်ုပ်သည် ဤအသွေး၊ ဤအသား၊ ဤအရိုးတို့ကို မြတ်ဘုရား သာသနာတော်အတွက် လှူဒါန်းပါ၏ ။ အကျွန်ုပ်၏ ခန္ဓာသည် သာသနာတော် အထောက်အပံ့ ဖြစ်ပါစေ။ လိုက်ဆိုလေ.. လိုက်ဆိုလိုက်။ ဆိုတဲ့အခါ သည် ဝေဒနာခံစားနေရတဲ့ ခန္ဓာကြီးကို မလိုချင်တော့ဘူး၊ အပြီးအပြတ် လှူပစ်လိုက်တော့မယ် ဆိုတဲ့ စိတ်ကို ဖြစ်စေကွဲ့"
အသံများကို ကြားနေရသည်။ သို့သော် သူ မကြည့်တော့။ ဆက်ကြည့်ရန်လည်း မတတ်နိုင်တော့ပြီ။ သူ့နှလုံးသည် ပေါက်ကွဲထွက်တော့မတတ် တင်းကြပ်လာသောကြောင့် ရင်ကို ဖိကာ ဒယိမ်းဒယိုင်ဖြင့် လှည့်ထွက်လာခဲ့သည်။ ယခုအခါ အပူမီးတို့သည် သူ့ကိုယ်အနှံ့ လောင်မြိုက်လျက် ရှိလေပြီ။
"ဒီပ.. ဒီပ"
သံတံခါးကြီး ဝုန်းခနဲ ပွင့်သွားပြီး ဒီပတို့ ပြေးဝင်လာကြ၏ ။ သူ့အား ဖမ်းထိန်းထားလျက် တွဲခေါ်သွားကြသည်။ အပြင်ရောက်သည်နှင့် နရဏီ ထည့်ပေးလိုက်သော ရေစင်များဖြင့် လောင်းချသလို တိုက်လည်း တိုက်ကြသည်။ သို့သော် သူ့ကိုယ်ပေါ်မရောက်၊ လေထဲတွင် အငွေ့ပျံသွားသည် ထင်ရ၏ ။
"တပည့်တော်မသည်.."
အားယူ ထွက်လာသည့် ပြတ်တောင်းသော အသံကိုမူ သူ ကြားနေရဆဲ။
"ဤအသွေး အသား အရိုးတို့ဖြင့်... ဖွဲ့စည်းအပ်သော ခန္ဓာဝန်ကြီးအား.... မြတ်ဘုရား၏ သာသနာတော်သို့ အပြီးတိုင်.... စွန့်လှူပါသည်"
သူ့နှလုံးမှ နာကျင်မှုများ ပြေလျော့သွားသကဲ့သို့ ခံစားရသည်။
"ကျွန်ုပ်သည်.... သာသနာတော်၏ အလုပ်အကျွေး အထောက်အပံ့.... ဖြစ်ရပါလို၏ ။... သာသနာတော်အကျိုးငှာ ဖြစ်သော.... မည်သည့်ဘဝမျိုးကိုမဆို... တည်ရပါလို၏.. အရှင်ဘုရား"
ငိုသံ ပျောက်သွားသလို ဆူညံငရဲပွက်နေသံများလည်း တဒင်္ဂ ဆိတ်သုဉ်းသွားပြီး ယမမင်းကြီး၏ အောင်မြင်ခန့်ညားသော သာဓုခေါ်သံကြီးကို ကြားလိုက်ရသည်။ ရသေ့ကြီး၏ ပီတိဖြင့် ဥဒါန်းကျူးရင့်သံကိုလည်း ကြည်လင်စွာပင် ကြားနာကြရသည်။
"မဖြစ်စဖူး ထူးကဲသော အဖြစ်တို့သည် စေတ မည်သော နတ်ဘီလူးတို့ကို အကြောင်းပြု၍ ဤရောရုဝ ငရဲကြီးဝယ် ဖြစ်ပေါ်ခဲ့လေပြီ။ သာသနာတော်စောင့် နတ်ကောင်းနတ်မြတ်တို့သည် ဒါယိကာမလေး၏ ခန္ဓာလှူခြင်းအမှုကို သိမြင် နာကြားကြရသဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေသတည်း"
အသံများ ဆူညံစွာ ပြန်ထွက်လာသလို ငရဲတံခါးကြီးလည်း ပွင့်သွားပြီ။ ရသေ့ကြီးသည် တောင်ဝှေးကို အားပြုလျက် တစ်လှမ်းချင်း ထွက်လာပြီး အားအင် ပြန်လည် ပြည့်ဝလာသော စေတအား ကြည်လင်စွာ ပြုံးကြည့်လိုက်လေသည်။
ယခုတော့ ကသည်းမင်းသမီး စန္ဒဝတီ (သို့မဟုတ်) ခင်ဖုန်းသည် ငရဲသူအဖြစ်မှ ကျွတ်လွတ်လျက် ကေလာသတောင်ထိပ်ရှိ စေတီကို စောင့်ကြပ်ရသော ရုက္ခစိုး နတ်မျိုး ဖြစ်လာရသည်။ ထိုတောင် အနီးတစ်ဝိုက်ရှိ ပရလောကသားများ၊ ပြိတ္တာ မြေဘုတ်ဘီလူး စသည်တို့ကို စီမံကြီးကြပ်ရသူလည်း ဖြစ်သည်။
စေတမင်းသားနှင့်တကွ ဒီပ၊ ဝေလုက၊ ဘမရ၊ ဗျဂ္ဂတို့အပြင် နရဏီပင် လိုက်လာကာ နားချသော်လည်း ဘဝများ ဝေးခဲ့ပြီ ဖြစ်၍ သွေးအေးသွားခဲ့သော ခင်ဖုန်းကို မည်သို့မျှ ခေါ်မရတော့ပြီ။ သံသရာကို ကြောက်သွားသဖြင့် သာသနာတော်ကို စောင့်ရှောက်ရင်းသာ ပျော်တော့မည်ဟု ဆိုလေသည်။
ရာဇ ဘိသေကသဘင် ဆင်ယင်ကျင်းပတော့မည့် အချိန်မှာ မဝေးတော့။ ထိုအချိန်တွင် မင်းခမ်းမင်းနားများကို အမတ်ချုပ် ဇေယျသူနှင့် နရဏီတို့ကသာ ဦးဆောင် စီမံနေရပြီး စေတမင်းသားကတော့ ကုဝေရနတ်မင်း၏ နန်းတော်နှင့် လူ့ပြည်ကို လူးလားခေါက်တုံ့ သွားနေရ၏ ။
ဘုရားစောင့်နတ်ဘဝတွင် ပျော်မွေ့နေပြီဖြစ်သော ခင်ဖုန်းထံသို့လည်း မမေ့မလျော့ ရောက်သည်။ ခင်ဖုန်းက ရိုသေလေးမြတ်စွာ ကြိုတတ်သော်လည်း သူတို့နှင့်မူ မလိုက်လိုကြောင်းသာ ဆိုနေသဖြင့် ထားခဲ့ရသည်ချည်း။
တစ်နေ့တွင် ဘမရ၏ နယ်ပယ်ဖြစ်သော တနင်္သာရီဒေသသို့ မာရ်နတ်ကြီး ရောက်လာ၏ ။ ငရဲသူ၏ အခြေအနေကို မှတ်မှတ်ရရ မေးလာ၍
"ရောရုဝက လွတ်ပြီးမှ စေတီတစ်ဆူမှာ အစောင့်မျိုးနွယ် ဖြစ်နေတာ ဘယ်လိုမှ ခေါ်လို့မရလို့ လက်လျှော့ထားရတယ်ဗျာ"
ဘမရ၏ ညည်းညူမှုကို ဒေဝပုတ္တမာရက ရယ်သည်။
"ဟားဟား.. မင်းတို့ ကိုယ့်အတတ်ကိုယ်စူးတာကိုး"
မှန်နေသဖြင့် ဘာမှ ပြန်မပြောနိုင်ဘဲ ခံနေရ၏ ။
"ခုတော့ ဘယ်လိုလုပ်ကြမလဲ"
"သူ မလိုက်လိုတော့ ခေါ်မရဘူး"
"ဒါဆို မင်းတို့ ကြိုးစားခဲ့ရသမျှ အချည်းနှီးပေါ့"
ဘမရ ငြိမ်နေသည်။
"ငါ ကူညီပေးခဲ့တာ အလဟဿ ဖြစ်ရတာပဲ"
"တောင်းပန်ပါတယ် နတ်မင်း"
"ကောင်းပြီ.. ရှိစေတော့"
မာရကြီးက ခေါင်းညိတ် ကွယ်ပျောက်သွား၏ ။ အကြံအစည်ရှိလျင် လက်မလျှော့တတ်သော မာရ၊ မမှန်သောစကားကို မဆို သို့သော် မာယာဖြင့် လှည့်ဖျားခြင်းအတတ်တွင် တစ်ဖက်ကမ်းခပ်သော ဒေဝပုတ္တ၊ နည်းပရိယာယ် ကြွယ်ဝ၍ သူတစ်ပါးတို့ စိတ်အကြံအစည်နှင့်တကွ အလုံးစုံကို သိမြင်သည်ဟု မိမိကိုယ်ကိုယ် ယူဆထားသည့် မာရ်နတ်မင်းပဲ။
ကာမဘုံသား မှန်သမျှ မိမိဘက်တော်သား ဖြစ်ရမည်ဟု အယူရှိသည့်အတိုင်း သာသနာတော်ကို သက်ဝင်ယုံကြည် ဆည်းကပ်နေသူ နတ်သမီးငယ်တစ်ပါးသည် သူ့အဖို့တော့ လွန်စွာ ခက်ခဲမည်မထင်။ ဗုဒ္ဓ၏ သာသနာနှင့် ပတ်သက်လာလျင် သူ့တွင် ရှုံးနိမ့်မှုပေါင်းများစွာမှ ရရှိသည့် ခါးသီးသော အတွေ့အကြုံကောင်းများ ရှိခဲ့၏ ။
ထို့ကြောင့် နောက်ပိုင်းကာလများ၌ သူသည် အားနည်းချက်ကို အသုံးချ၍ တစ်ချက်တည်း အညှာကိုင်နိုင်ရန်သာ ကြိုးစားတော့သည်။ ဦးစွာ သူလုပ်ရမည့် အလုပ်သည် ဖြစ်နိုင် မဖြစ်နိုင်ကို သုံးသပ်၏ ။ အကယ်စင်စစ် မဖြစ်နိုင်စေကာမူ သူကတော့ ကြိုးပမ်းကြည့်မည်သာတည်း။
သူ၏ သဘောမှာ လူ နတ် ဗြဟ္မာများသည် သူနှင့် အယူဝါဒ တူမျှလျက် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလျင် ပြီး၏ ။ သူ့တွင် ရန်သူမရှိ၊ ဝါသနာတူသူနှင့် သူ့အား ဆန့်ကျင်သူ ဟူ၍သာ ရှိသည်။ သူသည်လည်း ရန်လိုတတ်သူတစ်ဦး မဟုတ်ပေ။ သို့သော် ဗြဟ္မာမင်းများသို့တိုင် တက်ရောက် တိုက်ခိုက် ဒုက္ခပေးတတ်သူလည်း ဖြစ်ပြန်လေသည်။
ထိုသို့သော မာရ်နတ်ကြီးအတွက် အစောင့်နတ်မျိုးမှာ အသေးအဖွဲသာတည်း။ သူတစ်ချက် ကြည့်ရှုလိုက်သည်နှင့် ဤသူငယ်မသည်လည်း စေတမင်းကဲ့သို့ နှလုံးကြီးသူ ထိခိုက်လွယ်သူ ပျော့ညံ့သူတစ်ဦးပါလား ဟု သိလိုက်လေသည်။
ထို့ကြောင့် မိမိ၏ အားကြီးသော ကမ္မဝိပါကဇိဒ္ဓိ တန်ခိုးတို့ကို မသိမြင်စေဘဲ မထင်မရှားနတ်တစ်ပါးအသွင် ဖန်ဆင်း၍ ခင်ဖုန်း၏ တမာပင်ရိပ်နန်းသို့ လှမ်းခဲ့၏ ။ ခင်ဖုန်းသည်လည်း မထင်ရှားသော (မမြင်နိုင်သော) ကိုယ်ကို ဖြစ်စေလျက် ခရီးဦးကြိုပြု မေးမြန်းလေသည်။
"အဘယ် အကြောင်းကြောင့် ကြွမန်းလာပါသလဲ အရှင်နတ်သား"
"ငါလာရခြင်းက စေတနတ်ဘီလူးမင်းအတွက် စစ်မှန်သော ကြင်ရာတော်ကို ဆောင်ကြဉ်းရန်တည်း"
ခင်ဖုန်း အံ့သြသွားသည်။ စေတသည် အကြိမ်ကြိမ် အဖန်ဖန် ကြိုးစားခဲ့သော်လည်း ယခုတိုင် လက်မလျှော့သေးဘဲ နတ်လုလင်များကိုပင် စေလွှတ်နေပါလားဟု တွေးမိသောကြောင့် ဖြစ်သည်။ သို့သော်
"သည်းခံပါအရှင်၊ အကျွန် ခံစားခဲ့ရသည့် ဒုက္ခအဝဝကို အကျွန်သာ သိပါသည်။ လောက အနှောင်အဖွဲ့များထဲ နောင်တစ်ကြိမ် ပြန်လည်တိုးဝင်လိုခြင်း မရှိတော့ပါ။ ယခုဘဝ အခြေကိုလည်း နှစ်သက် ပျော်မွေ့နေပါသည် အသင်နတ်သား"
မာရ်နတ်သားက ကြီးစွာသော အပြုံးကို သိုဝှက်ကာ ညှိုးငယ်သော သဏ္ဍာန် ဟန်လုပ်လိုက်လေ၏ ။
"သင် ခံစားခဲ့ရသည့် ဒုက္ခတို့မှာ ဒုက္ခစင်စစ် မဟုတ်သေး။ သင်ယခု ခံစားနေရသည့် သုခတို့သည်လည်း အကယ်တန္တု ဒုက္ခသစ္စာသာ ဖြစ်သည် နတ်သမီး။
ချမ်းသာရခြင်းသည် ဒုက္ခ၏ အကြောင်းတရားသာ။ ထို့ကြောင့် သင်သည် မည်သည်ကိုမျှ မကြောက်ပါလင့်။ သင်၏ ကံကို ယုံကြည်ပါ။ သင်သည် စေတ နတ်ဘီလူးနှင့် ကံမကုန်သေး"
ခင်ဖုန်းမှာ မာရ်နတ်သား၏ စကားကို မငြင်းတတ်သော်လည်း မလိုက်လိုကြောင်း ဆိုနေ၍
"သင့်အတွက် လက်ျာဘီလူး မည်မျှ ခံစားခဲ့ရသည်ကို သိပါသလား"
ဟု မေးမြန်းလိုက်သည်။ ခင်ဖုန်းသည် အရူးတစ်ပိုင်း ဖြစ်သွားသော လက်ျာဘီလူး၏ ပုံရိပ်များကို မြင်ယောင်လာလေသည်။
"သင့်ကို စေတမင်းသား မည်မျှ မျှော်လင့် ကြိုးပမ်းခဲ့ရသည်ကိုရော သိသလား"
ရောရုဝ အပြင်၌ စေတ လောင်ကျွမ်းနေသည့် မြင်ကွင်း၊ လဲပြိုသွားသည့် ဟန်၊ အလွန်အမင်း နာကျင်နေသည့် ကြားမှ သူ့အသံကို ကြားရ၍ တစ်ချက်ပြုံးသွားခြင်းကိုပါ ထင်ထင်ရှားရှား မြင်လိုက်သော ခင်ဖုန်း၏ ရင်ဝယ် ဝမ်းနည်းမှုများ ကြီးစိုးလာတော့သည်။
ကုန်းမြင့်ပေါ်ရှိ ကျယ်ဝန်းသော မြေကွက်လပ်၌ စေတီဖြူဖြူတစ်ဆူနှင့် ဇရပ်တစ်ဆောင် ရှိ၏ ။ ထိုဇရပ်အား တမာပင်တစ်ပင်က အုပ်မိုးထားပြီး လေအဝှေ့တွင် အရွက်များ တဖြောဖြော လှုပ်ယမ်းသွားကြသည်။ စေတီမှ ဆည်းလည်းသံ လွင်လွင်လည်း ကြားနေရသည်။
"ဘယ်လိုပဲ ဆိုကြပါစေ၊ အကျွန် သည်မှာပဲ ပျော်မွေ့နေပါပြီ။ ဘဝခြားခဲ့တာတွေကိုလည်း မတမ်းတလိုတော့ဘူး။ သာသနာတော်ကို စောင့်ရှောက်ရင်းပဲ နေသွားတော့မယ်လို့ ဆုံးဖြတ်ချက် ချထားပြီးပါပြီရှင်"
တမာပင်ကြီး၏ ခွဆုံမှ အမျိုးသမီးအသံ။ ဒေဝပုတ္တ (မာရ်နတ်ကြီး) က ခေါင်းကို ငြိမ့်ခနဲ လှုပ်သည်ဆိုရုံ လှုပ်လိုက်ကာ
"အာရုံဝင်စားစမ်းပါ သူငယ်မရယ်။ ကျုပ်ကို ယတိပြတ် မပြောခင် စိတ်ညွတ်နူးစေဖို့ ဒါတွေအရင် ကြည့်လိုက်ပါဦး"
တမာပင်ရှေ့ လေဟာနယ်ဝယ် ပုံရိပ်များ ပေါ်ပေါက်လာပြီး ပြက်ပြက်ထင်ထင် မြင်လာရသည်။ ခန့်ညားချောမောလှသော မင်းသားတစ်ဦး၊ နှာရောင်ဖြူနှင့် မြင်းနီကြီးတစ်ကောင်ပေါ်မှ ခပ်ပြုံးပြုံး ဆင်းလာပြီး
"ခုခံနေလို့လည်း အချည်းနှီးပါပဲ မင်းသမီးရယ်။ လာပါ၊ ကျုပ်လက်ကိုတွဲပြီး ရဲရဲ လိုက်ခဲ့ပါ"
ဟု လက်ကမ်းပေးလာသည်။
"အို"
မာရ်နတ်ကြီးက အောင်မြင်စွာ ပြုံး၏ ။
လုလင်သည် မင်းသမီး၏ လက်ကို တွဲ၍ မြင်းပေါ် တက်စေ၏ ။ ထို့နောက် မြင်းကြီးက ကောင်းကင်သို့ ထိုးတက်သွားပြီး လေစီးကြောင်းကို ခွာဖြင့်ယက်လျက် ညင်သာစွာ ပြေးလွှားနေတော့သည်။ တိမ်စိုင် တိမ်လိပ်ကြီးများသည် အနောက်တွင် ကျန်ခဲ့ပြီး ပြာလွင်သော နောက်ခံပြင်ဝယ် အဖြူရောင်တိမ်ခင်းပေါ်၌ မြင်းတစ်စီးနှင့် လူသားနှစ်ဦးတို့ တရိပ်ရိပ် ပြေးလွှားနေကြလေသည်။
"ကျွန်တော်မျိုးမ.."
စကားမဆက်နိုင်လောက်အောင် မြင်ကွင်းက ပြောင်းလဲသွား၏ ။ အယုဒ္ဓယ မြို့တော် အပြင်မှ ဘုရင့်နောင်မင်းတရား စေတီတော်ပါကလား။ စေတီရင်ပြင် တံတိုင်းမှ ကြည့်လျင် မှိုင်းညို့သော တောင်စဉ်အထပ်ထပ်ကို မှုန်ဝါးဝါး မြင်နေရသည်။ ငေးနေမိစဉ် အနောက်မှ သိမ်းဖက်လိုက်သည်ကို သိရပြီး ဦးခေါင်းဆံစများပေါ် ပါးပြင်အပ်လာသည်ကိုလည်း ခံစားမိရ၏ ။
"ဘယ်လောက် ချစ်စရာကောင်းလိုက်သလဲ ကွယ်တို့"
လရောင်အောက်မှာ ချစ်သူနှစ်ဦးတို့ ပုံရိပ်က တစ်ထပ်တည်း။ အယုဒ္ဓယ မြို့တော်ဆီ မျှော်ကြည့်မိသည်။ မီးရောင်တလက်လက်ဖြင့် မြို့ရိုးကြီးအပြင် မြို့တွင်း မြင်ကွင်းများကိုလည်း အမြင့်မှ မြင်ရသလို မြင်နေရခိုက် လက်တွင် တင်းခနဲ ဖြစ်သွား၏ ။ လှေကားမှ ဆင်းနေသော သူ့အား အနောက်မှ မင်းသားက ဖမ်းဆွဲထားလိုက်ပြီး ပွေ့ဖက် နမ်းရှုံ့လိုက်ခြင်းပေတည်း။
"အို"
ရှက်ရွံ့ ကြည်နူးသွားရစဉ် ခမ်းနားလှသော နန်းတော်ကြီးတစ်ဆောင်ထဲ ရောက်နေပြန်သည်။ မှန်စီရွှေချ တိုင်လုံးကြီးများ၊ ရွှေရောင် ပြိုးပြက်နေသော အမိုးအကာများ၊ အရောင်စုံ တောက်ပနေသော ဝန်ကြီး မှူးမတ် ဗိုလ်ပါများအလယ်၌ မင်းသားက ထည်ဝါစွာ ရပ်နေပြီး ရွှေပလ္လင်တော်ပေါ်မှ မင်းတရားကြီးနှင့် ဘေးဘက်ရှိ မယ်တော်ကြီး ခင်ယွန်စံတို့က ပြုံးတုံ့တုံ့ ကြည့်နေကြသည်။
"ငါမင်းဧကရာဇ် အမိန့်တော်၊ ကသည်းပြည်နှင့် ရွှေလမ်းဖောက်ရန် စန္ဒဝတီမင်းသမီးနှင့် ငါ၏သားတော်.."
မင်းတရားကြီး အသံကြောင့် တုန်လှုပ်သွားမိရာ မင်းသားက လက်ကို ဖျစ်ညှစ် အားပေးလိုက်၏ ။
"အရှေ့ဝင်းတော်မှူးမင်းသားတို့ စုံဖက်ကြစေ"
အမိန့်တော်ကြောင့် အားလုံးက လက်ခုပ်တီး ဂုဏ်ပြုလိုက်ကြသော်လည်း မလှုပ်မယှက် စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံကိုတော့ သတိပြုမိလိုက်လေသည်။ မိမိနှင့် သက်တူရွယ်တူသာ ရှိဦးမည့် ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးငယ်တစ်ဦး။ မပြုံးမရယ်သော မျက်နှာဖြင့် ကြည့်နေရာ
"သူ.. သူက ဘယ်သူလဲ"
"သြော်.. အဲဒါ သူ့ရဲ့ မြောက်သားတော်ပါ"
"မြောက်သားတော်..?"
"အလောင်းမင်းတရားကြီးရဲ့ အပယ် (ချစ်လှစွာသော) သမီးတော်လေးလေ.. ပဒုမ္မဝတီတဲ့"
No comments:
Post a Comment