Translate

နန်းသိမ်းပွဲ (ဇာတ်သိမ်း)

စေတမင်း ကြွချီလာသည် ဆိုသည့် အသံကြောင့် နှင်းမှုန် ကပျာကယာ ထလိုက်သည်။ မိမိ၏ အဆောင်တော်သို့ ကြွရောက်လာခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည့်အတွက် ဝမ်းသာရမလို စိတ်ကောက်ရမလို ဖြစ်နေရှာသည်။ တံခါးဝမှ မျှော်ကြည့်လိုက်သောအခါ စေတမင်းသည် အဆောင်တော်နှင့် အနီးပတ်လည်ကို လေ့လာရင်း လှမ်းလာနေ၏ ။
သူ၏ နေရာဌာန ဒေဝယက္ခနယ်တွင်တော့ စေတကြောင့် မြေတုန်ခြင်း လှုပ်ခြင်း မရှိပါ။ ကျောက်ဖြူသားတို့သည် ခိုင်ခန့်တည်ငြိမ်လှ၏ ။ နှင်းမှုန်က အဆောင်ထဲ ဝင်လာသော စေတအား
"မောင်ကြီး လူစွံကြီး ကြွလာတယ်ပေါ့"
ဟု မျက်စောင်းနှင့် နှုတ်ဆက်လိုက်သော်လည်း စေတက နှင်းမှုန်လက်ကို ဆွဲပြီး
"နရဏီက သူ့နန်းဆောင်ထက် သာယာလှပပြီး နေချင့်စဖွယ် ကောင်းအောင် ပြင်ဆင်ပေးထားတာပဲ၊ နတ်သမီး အချောအလှနဲ့ သူ့စံရာနန်းက လိုက်ဖက်လှပေတယ်"
ဟု ဆိုကာ ညောင်စောင်းတွင် ဝင်ထိုင်လိုက်၏ ။ နှင်းမှုန်က ညောင်စောင်းရှေ့ အခင်းပေါ်မှ နေ၍ သူ၏ ဒူးပေါ် လက်တင်လိုက်သည်။
"အပြစ်ဒဏ်များ အထားခံရတယ်ဆို မောင်ကြီး"
"ဒဏ်ထားတယ်လို့ ဆိုစရာ မဟုတ်ပါဘူးကွယ်၊ ဘယ်မှမသွားဖို့နဲ့ အပါးတော်မြဲဖို့ တာဝန်ပေးတာပါ"
"တော်သေးတာပေါ့၊ နှင်းမှုန်က မောင်ကြီး အင်မတန် ကြီးလေးတဲ့ ပြစ်ဒဏ်ကြီးများ ခံရမလား စိုးထိတ်နေတာ"
"မောင်ကြီးက လုပ်လိုက်ရင် ဒီလိုချည်းပဲလေ။ ဒါ့ကြောင့် ဘယ်လို ပြစ်ဒဏ်မျိုးမှ မကြောက်ပါဘူး၊ ကိုယ်လုပ်ချင်ရာ လုပ်တာပါပဲ"
"အမယ်.. ခုတစ်ခါ ခွင့်လွှတ်ပေမယ့် နောင်မလုပ်နဲ့ ကိုယ်တော်။ အစ်မတော် နရဏီမှာ မောင်ကြီးအတွက် နေ့နေ့ညည ဆုတောင်းနေတာ ဘုရားစင်ရှေ့က ထရတယ်ကို မရှိဘူး"
စေတက ရယ်လိုက်သည်။
"နှင်းမှုန်ရော အဲသလို မစိုးရိမ်ဘူးလား"
"ဟွန့်.. ပြော မပြောချင်ဘူး..."
"ကဲပါ၊ မောင်ကြီးလာတာ အဲဒီအတွက် မဟုတ်ဘူး။ နက်ဖန် နံနက် မိုးမသောက်မီ နှင်းမှုန်တို့တတွေ မောင်ကြီးရဲ့ အိမ်ရှေ့နန်းဆောင်ကို ရောက်နေကြဖို့ လိုတယ် ဆိုတာ လာပြောတာ။ မိဖုရား အားလုံး၊ ဝန်ကြီး စစ်သူကြီးအားလုံးနဲ့ အမှုထမ်းတွေ အိမ်ရှေ့အဆောင်တော်က စထွက်ရမယ်။ နန်းတော် အနောက်တံခါးက ထွက်ပြီး မြောက်တံခါးက ဝင်မယ်။ ပြီးရင် နန်းသိမ်းမယ်။ အစီအစဉ် အသေးစိတ်ကို နားခံတော်တစ်ဦး လွှတ်ပြီး ဖတ်ပြခိုင်းလိုက်မယ်"
"အမလေး.. နှင်းမှုန် ဖတ်ပြီးသားပါ၊ အလွတ်တောင် ရနေပြီ။ နှင်းမှုန်စီးရမယ့် ဆင်အမည်က မင်္ဂလာပြောင်မွန်တဲ့၊ အစ်မတော်ရဲ့ ဆင်ကြီးက ဝဏ္ဏကြံသိုင်းတဲ့၊ မောင်ကြီးရဲ့ စွယ်စုံကြီး အမည်ဟာ ရန်အောင်ကျော်ထင် ဆိုသတဲ့"
စေတက နှင်းမှုန်ကို ပြုံးကြည့်နေသည်။
"မောင်ကြီးရဲ့ မြင်းအမည်ရော သိလား"
"တိမ်ပျံလား.. မသိဘူးလေ၊ ဘာတဲ့လဲ"
စေတက တဟားဟား အော်ရယ်လိုက်၏ ။ ထို့နောက်
"ကိုင်း.. ကိုင်း၊ မောင်ကြီး နတ်မင်းကြီးဆီက အပြန် နှင်းမှုန်ထံ ဦးဆုံး ဝင်လာတာပဲ။ မောင်ကြီးမှာ စီမံစရာတွေ ရှိသေးတာမို့ နှင်းမှုန် လိုက်မယ်ဆို နောက်တော်က လိုက်ခဲ့လေ"
"လိုက်မှာပေါ့၊ လိုက်မှာ.. လိုက်မှာ။ ခဏလေး"
နှင်းမှုန်က ခြုံထည်ပုဝါကြီးကို ပြေးယူ လွှားလိုက်ပြီး သူ့နောက်မှ ပါလာသည်။ နှင်းမှုန်၏ အဆောင်တော်မှ ထွက်လျင် ထွက်ချင်း နရဏီနှင့် ဇေယျသူတို့ လာနေသည်ကို မြင်လိုက်ရ၏ ။
"သည်ကို ကြွမန်းတော်မူတယ် ဆိုလို့ လိုက်လာပါသည် အရှင့်သား"
"ဆိုစေ အမတ်ကြီး"
"နန်းတော်ဆောင် စီခြယ်ရန် ရွှေစင်ပမာဏ အနည်းငယ် လိုအပ်နေပါ၍..."
စေတက တစ်စုံတစ်ခု ရေရွတ်လိုက်သည်တွင် လက်ဖဝါးပေါ်၌ ရွှေအတုံးအခဲများ ပေါ်လာသည်။ အမတ်ကြီးနှင့် နရဏီတို့ကိုလည်း လက်ဝါးများ ခံစေကာ လက်ညှိုးထိုး ရေရွတ်နေသည်။ ရွှေစများဖြင့် ပြည့်သွားသောအခါ
"ဒီလောက်ဆို ရပြီလား"
"မောင်တော်က ဘယ်ဆိုးလို့လဲ"
နောက်ပါ အမှုထမ်းများကိုပါ ရွှေစများ ကိုင်စေလျက် လုံလောက်ပြီ ဆိုသောအခါ သူက လမ်းကြောင်း စစ်ဆေးဦးမည် ဆိုပြီး ထွက်သွားသည်။ နှင်းမှုန်လည်း ပါသွား၏ ။ လမ်းတစ်လျှောက်ရှိ မကောင်းသည့် အဆောက်အအုံ၊ ပျက်စီးနေသည်တို့ကို ပြင်လုပ်စေသည်။
ခရီးမတ်တပ် ရှိနေစဉ် နတ်ဘီလူးအဖွဲ့ငယ်တစ်ဖွဲ့ မြို့တော်ပြင်ပမှ ဝင်လာကြသည်ကို တွေ့ရသည်။ စေတ၏ အိမ်ရှေ့ဝန် ဦးဆောင်သော သံအဖွဲ့ ဖြစ်သည်။ သူတို့သည် ကုသမင်းအား သိကြားဆက်သော အကောက် ၈ ခုရှိ ပတ္တမြားရတနာအား ထိန်းသိမ်းထားသူများထံမှ သွားရောက်ငှားရမ်းကြရသူများတည်း။
"ရခဲ့သလား.. ရ႒"
"ရခဲ့ပါတယ် အရှင်။ ကြိုးလည်း တပ်ပြီးသားပါ"
"ကောင်းတယ်၊ မနက် အဲဒီပတ္တမြားရတနာကို ဆွဲပြီး နန်းတက်မယ် ရဋ္ဌ။ ကျက်သရေတော်ခန်းမှာ အစောင့်အကြပ် ပြည့်စုံစွာ ထိန်းသိမ်းထားလိုက်။ တာဝန်ကို မလစ်ဟင်းပါစေနဲ့"
"စိတ်ချပါ အရှင်၊ အသက်နဲ့လဲပြီး ကာကွယ်ပါ့မယ်"
"ကောင်းပြီ"
နှင်းမှုန်က မေးလာသည်။
"မောင်ကြီး ဘာတွေ လုပ်နေတာလဲ"
"မနက်ဖြန် နန်းတက်ဖို့ ပြင်ဆင်နေတာလေ"
"ကြီးကြီးကျယ်ကျယ် မလုပ်ဘူးဆို"
"မလုပ်ပါဘူး၊ ဒါပေမယ့် နက်ဖြန်မှာ မြင်းမိုရ်တောင် အထက်က နတ်တွေပါ လာကြည့်ကြလိမ့်မယ်။ စတုမဟာရာဇ်ပြည်မှာ ဖြစ်သွားတဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး မောင်ကြီးကို သူတို့ သိသွားလောက်ပြီ။ နတ်မင်းကြီးတွေကလည်း အစုံအစမ်း လွှတ်မှာပဲ။ ဒါ့ကြောင့် သူတို့အမြင်မှာ တင့်တယ်အောင်တော့ နည်းနည်း လုပ်ရမှာပေါ့လေ"
"သြော်.. ပတ္တမြားကရော အဲဒါကြောင့်လား"
"မဟုတ်ပါဘူး၊ အဲဒီရတနာက ကျက်သရေမင်္ဂလာကို ဖြစ်စေတယ်။ ပညာမရှိ အဆင်းမွဲသူ ဖြစ်သည့်တိုင် ချစ်ခင်သူ ပေါများစေတဲ့ သတ္တိရှိသတဲ့။ ဝိဒေဟရာဇ်မင်းကြီးကို သူ့တိုင်းသူပြည်သားတွေ လေးမြတ်ကြတာ အဲဒါကြောင့်ပဲ။ မောင်ကြီးက နန်းတက်ပွဲမှာ မင်္ဂလာရှိစေချင်လို့၊ အနှောင့်အယှက် ကင်းအောင် ဆောင်ပြီး နန်းသိမ်းတဲ့ သဘောပဲ"
"မောင်ကြီးက စုံသားပဲ"
"လာပြန်ပြီ တစ်ယောက်"
..........x...........x...........x...........x...........
*
အခန်း (၁၀)
နန်းသိမ်းပွဲသဘင် ကျင်းပမည့် နံနက်။ မင်္ဂလာစည်တော်မှ ရွမ်းလိုက်သည်နှင့် စေတသည် အိပ်ရာမှ ထ၍ ကိုယ်လက်သန့်စင်ခြင်းကို ပြုသည်။ ဆတ္တာသည်တို့က ဆံ မုတ်ဆိတ် စသည်တို့ကို သုတ်သင် ပြင်ဆင်ပေးပြီး မောင်းမမိဿံတို့က နတ်စစ်သူကြီးကဲ့သို့သော ချပ်ဝတ်ကို ဆင်ယင်ပေးကြ၏ ။
အချို့မင်းများသည် နတ်သိကြားတို့၏ တန်ဆာကို ဆင်ယင် နန်းတက်ကြသလို အချို့က ရာဇဓိရာဇ မင်းဧက္ကရာဇ်တို့အသွင် ဝတ်ဆင်ကြသည်လည်း ရှိရာ စစ်သူကြီးတို့ အသွင်သဏ္ဍာန်ဖြင့် နန်းတက်မည့် စေတမင်းကို အများက ဘုန်းလက်ရုံး သာလွန်တောက်ထွန်းမည့်သူဟု နိမိတ်ဖတ်နေကြလေသည်။
ထီးတော်ကိုမူ မင်းဆောင်း ကနက်ကဒဏ်ထီးဖြူ မဆောင်းမူဘဲ အိမ်ရှေ့မင်းတို့ ထီးနီတော်နှင့်သာ လှည့်လည်မည်ဖြစ်ပြီး နန်းတော်ရောက်မှ ထီးဖြူတမွတ် ပြောင်းမည်ဖြစ်၏ ။ အပြင်၌ မိဖုရား၊ နောင်တော်များ၊ စစ်သူကြီး၊ ဝန်ကြီး စသူတို့ စုရုံး ရောက်ရှိနေကြလေပြီ။ စေတ ဧည့်ခန်းမဆောင် ထွက်လိုက်သည်နှင့် အားလုံးက ရပ်လိုက်ကြပြီး
"တယ် ခန့်ညားနေပါလားကွ ညီတော်"
"ကြည့်ကောင်းလိုက်တာ မောင်တော်"
စသည် တစ်ယောက်တစ်ပေါက် ပြောနေကြသည်။ ထိုစဉ်
"နေကြပါဦး.. ဆိုင်းကြပါဦး"
အပြင်မှ လာသည့် အသံ။ သူတို့အားလုံး ကြည့်လိုက်ကြရာ အဖိုးအိုတစ်ဦးသည် မိန်းမငယ်တစ်ဦးအား ဆွဲ၍ တက်လာသည်ကို တွေ့ရလေသည်။
"ဟာ.. ခင်ဖုန်းဟေ့"
"ခင်ဖုန်းပါလား"
ဝသဝတ္တီပြည်၏ နတ်ဝတ်တန်ဆာ ဆင်မြန်းထားလျက် ရှက်နေသော ခင်ဖုန်း။ စေတက ခါးထောက် ပြုံးကြည့်နေရာ ဒီပက
"ညီထွေး ခေါ်ဦးလေ၊ မင်းက ကြိုဆိုမှပေါ့"
"အို.. သူလာချင်မှ ခေါ်တာ ကောင်းပါတယ်"
ခင်ဖုန်းက မျက်စောင်းထိုး၍
"မလာချင်ဘဲ သည်အထိ ရောက်လာပါ့မလားရှင့်"
ထိုအခါ နရဏီက ရယ်လျက်
"လာ.. လာ၊ ညီမတော်။ သူက စ နေတာ။ ညီမတော် လာမယ်ဆိုတာ တို့ သိတယ်"
ခင်ဖုန်းက နရဏီကို ကြောင်ကြည့်နေသဖြင့် အဖိုးအိုမှ မိတ်ဆက်ပေးလေသည်။
"သူက နရဏီ တဲ့၊ ရှမ်းစော်ဘွားသမီးတော်။ ဟိုတစ်ယောက်ကိုတော့ သိမှာပါ၊ စေတမင်းရဲ့ မြောက်သားတော် ပဒုမ္မဝတီ ဆိုတာ။ သူက ရွာသူလေး နှင်းမှုန် ဘဝက လာတာ။ သမီးလိုပဲ မိဖုရားခေါင်ကြီးတွေချည်း ဖြစ်လာကြမယ့် သူတွေပဲကွဲ့"
ခင်ဖုန်း နှုတ်ခမ်းစူသွားသည်။
"ဟင်.. ဒီကတော့ သူ့ကို သနားလို့ လိုက်လာရတာ။ သူ့မှာ ဒီလောက် များမယ်မှန်း သိရင် ကိုယ့်ဘာသာ အေးအေးချမ်းချမ်း နေပါတယ်"
အားလုံး ရယ်လိုက်ကြသည်။ စေတက ခင်ဖုန်း လက်ကို ဆွဲလိုက်ပြီး နားနား တိုးကပ်လျက်
"အဲဒီတော့ ဘုရားတရား ပိုလုပ်လို့ ရပြီး သာသနာတော် စောင့်ရှောက်ဖို့ ပိုတတ်နိုင်တာပေါ့"
သူ့စကားကြောင့် ခင်ဖုန်း မျက်နှာလေး ဝင်းခနဲ ဖြစ်သွားသလောက် အဖိုးအို၏ မျက်နှာမှာမူ တစ်မျိုးတစ်မည် ဖြစ်သွားရလေသည်။
"ကဲ.. လူစုံရင် ထွက်ကြစို့၊ နေမြင့်သွားမယ်"
စေတက ကုသမင်း၏ ပတ္တမြား လည်ဆွဲကို ဆွဲလိုက်ကာ ရှေ့ဆုံးမှ ဆင်းသွားလျင် ထီးတော်မိုး နှစ်ယောက် နောက်က လိုက်ရသည်။ လူ့ပြည်မှ ရှင်ဘုရင်များကဲ့သို့ ကွမ်းရေတော်ကိုင်၊ အတွင်းမြဲ အဆောင်နီတော်ကိုင် စသည်များ မပါပါ။ အစွယ်ကြီးများ ကြီးမားရှည်လျား ကော့ညွှတ်နေသော မင်္ဂလာဆင်တော်ပေါ်၌ စစ်ထွက်ယောက်ျား နေမင်းသားဟန်ဖြင့် စံနေလေသည်။
သူ၏ နောက်မှ မိဖုရားလေးပါးက ရွှေကုန်းနှီး ရွှေပုခက် ဆင်ယင်ထားသော အရွယ်တူ ဆင်လေးကောင်ဖြင့် တစ်တန်းတည်း ရပ်နေရသည်။ ထိုနောက်တွင် နောင်တော်လေးပါး မြင်းကိုယ်စီနှင့်၊ ထို့နောက် ဝန်ကြီးလေးပါး ဆင်လေးစီးနှင့်၊ ထို့နောက် စစ်သူကြီးလေးယောက် မြင်းနှင့်၊ ထို့နောက် စစ်ကဲ သူရဲ မှူးမတ် ဝန်များစွာ ဆင်မြင်းအများနှင့် ညီညာစွာ စီတန်းထားကြသည်။
သူတို့ရှေ့ဖျားတွင် ခရုသင်းမှုတ် နတ်ဘီလူးတစ်ဦး ရှိနေပြီး ထိုနောက်မှ အဝတ်ဖြူ ဝတ်ထားသော သန်လျက်ဓားကိုင် နတ်ဘီလူး ၅၀၊ သံတင်းပုတ်ကိုင် ၅၀ တို့ ရှိသေး၏ ။ ယင်းတို့ပြီးလျင် မိုးနဲရွှေလှံတော်သား ဆင်ခြေဖုံး သူရဲ ၅၀ စီ ရှေ့နောက်ဝဲယာ အဝတ်နက်နှင့် မြဲကြရသည်။ စေတမင်းက အဝတ်နီနှင့် ရွှေကနှင့် ဖြစ်ပြီး မိဖုရားလေးပါးတို့ကမူ အရောင်စုံ ဝတ်ဆင်ထားကြလေသည်။
နောင်တော်လေးပါးမှာ ဝတ်စုံပြာ၊ စစ်သူကြီးတို့မှာ အနီ၊ ဝန်ကြီးလေးပါးက လွှတ်တော်ကိုယ်စားပြု အနီ အစိမ်း အပြာ အနက်၊ ထိုနောက်မှ ဗိုလ်မှူး စစ်ကဲ အမှုထမ်းတို့ ရာထူးအလိုက် ရွှေရောင် ပြိုးပြက်သော အဝတ်တန်ဆာတို့ ဆင်ယင်ထားကြရ၏ ။ မူလက စီစဉ်ခဲ့သည့်အတိုင်း ဝေါပလာမပါ၊ ကျိုင်းထမ်း ဓားလွတ်ထမ်းများ မပါသော်လည်း အလွန်တင့်တယ် ပနံရပါပေသည်ဟု လာရောက်ကြည့်ရှုကြသည့် နတ်များနှင့် တိုင်းပြည်တွင်းရှိ နတ်ဘီလူးများက ချီးကျူးကြလေသည်။
သို့သော် သူတို့ကို အံ့သြစေသည်ကတော့ အိမ်ရှေ့မင်း စေတ၏ အပြင်အဆင်များ မဟုတ်ဘဲ ခမည်းတော် မင်းကြီး ထွက်စံသည့် ရထားတော်ကြောင့် ဖြစ်သည်။ ကြည့်ပါဦး.. ရွှေရောင်ချပ်ဝတ်များ ဆင်ထားသော ထန်းပင်ခန့် အမြင့်ရှိ အစေခံနတ်ဘီလူးကြီး လေးကောင်က ဝတ်ဖြူစင်ကြယ် ဝတ်ထားသည့် ခမည်းတော် မင်းကြီး၏ လှည်းရထားကို နန်းတော်ထဲမှ ဆွဲလာခြင်း ဖြစ်တော့သည်။
ဆန်းပြားသည့် မြင်ကွင်းကြောင့် အခြားနတ်များ မင်သက်ကြသလို နတ်ဘီလူးများကတော့ လက်ပန်းပေါက်ခတ် ဂုဏ်ပြုနေကြသည်။ သူတို့ နတ်ဘီလူးများ ဂုဏ်ရည်ကို ပေါ်လွင်စေသည့် ပြကွက်။ ထီးဖြူသုံးလက် မိုးထားသော ရထားတော်သည် အရှေ့ လေသာတံခါးမှ ထွက်လာပြီး အိမ်ရှေ့မင်း၏ ပရိသတ်တန်းကြီးကို ဦးဆောင်လှည့်လည်ကာ နန်းတော်သို့ မြောက်တံခါးမှ ဝင်သွားသည်။ ကြီးမားလှသော ဘီလူးကြီး လေးကောင်သည် နတ်ဘီလူးမင်း စေတ၏ ရာဇဘိသေကသဘင် အမှတ်လက္ခဏာ ဖြစ်လာတော့၏ ။
ခမည်းတော်၏ ရထား နန်းတော်ဆင်ကပ်နှင့် ယှဉ်ရပ်လျက် မင်းကြီး ဆင်းသွားပြီး ရထားဆက်လက် ထွက်ခွာသွားမှ စေတမင်း ဆင်က ဆင်ကပ်သို့ ကပ်၏ ။ ရထားကိုမူ ရွှေတိုက်တော်တွင် သိမ်းဆည်းရန် ဘီလူးကြီးတို့
ဆွဲယူသွားလေပြီ။ စေတက ဆင်ပေါ်မှ ဆင်းပြီးနောက် အတွင်းတော်ဝင်သေးဘဲ မိဖုရားများကို တစ်ပါးစီ ကိုင်ချပေးရာ အများက သြဘာပေးကြ၏ ။
လက်ရုံးအားကြီးသော၊ ကြင်နာတတ်သော ထီးဆောင်းမင်းဘုရင် ဖြစ်လာလိမ့်မည်ဟု သမုတ်နေကြသည်။ နန်းတော်တွင်း၌ ရှင်ဘုရင်စံရာ ရွှေပလ္လင်ကြီး၏ ဘေးတစ်ဘက်တစ်ချက်ဝယ် အမြင့်တူ တန်းတူ ပလ္လင်တော် နှစ်ခုစီ ရှိနေသည်။ စေတသည် ပလ္လင်များ ရှိသည့် ကျောက်လှေကားကို ခြေတစ်ဖက် နင်းထားရင်း မိဖုရားများကို တစ်ပါးစီ တွဲခေါ်၏ ။
နောက်ဆုံး နရဏီလက်ကို တွဲမိသောအခါ ဤသို့ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသည့်အပြင် ဤသို့ သဘောထားကြီးခြင်းကြောင့်လည်း ဘုန်းအကြီးဆုံး နတ်သမီး ဖြစ်နေရတာပဲ ဟု တွေးမိလိုက်သေးသည်။ သို့သော် နရဏီက နောက်ဆုံးမှ တက်သဖြင့် သူ၏ လက်ယာဘက် အနီးဆုံးပလ္လင်ကို ရလေသည်။ ခင်ဖုန်းနှင့် ပဒုမ္မဝတီက လက်ဝဲတွင် တစ်ဦးကို တစ်ဦး ပြုံးပြနေကြသည်လည်း မြင်လိုက်သည်။
ရှေ့တော်ပြေးများ အားလုံးမှာ နန်းရင်ပြင်တွင် တုပ်ပျဝပ်လျက် ခစားနေကြပြီ။ အပြင်မှ လာသော မင်းမှုထမ်းအမတ် ဝန်ကြီးဒေါဗညားလည်း စုံပြီ ဆိုလောက်သော အခါမှ စေတက ပလ္လင်တော် အနောက်သို့ သွား၍ လှေကားအတိုင်း တက်လာ၏ ။ အရွက်ကိုးဆင့်ရှိသော နဝဒဏ္ဍ တမွတ်ထီးဖြူတော်အောက်သို့ ဝင်ကာ ထိုင်လိုက်လျင် ခရုသင်းများ တပြိုင်နက် မှုတ်လိုက်ကြသည်မှာ တစ်ပြည်လုံး ကြားရသည်အထိ။
ထို့နောက် ခမည်းတော် ဆောင်ယူလာသော မကိုဋ်ဥသျှောင်ကို ဆောင်း၍ နောင်တော် ဒီပ ပေးသော သန်လျက်ကို ကိုင်သည်။ အမတ်ကြီး ဇေယျသူက ရွှေခြေနင်းကို ဆက်ပြီး စာမရီ သားမြီးယပ် အပ်ရန် စောင့်နေသည့် အိမ်ရှေ့ဝန် ရဋ္ဌကိုမူ လက်ပြ တားထားလိုက်၏ ။ ကုဝေရ နတ်မင်း၏ အားထားရသော လက်ရုံး ဣန္ဒာသောမ ဝင်လာသောကြောင့် နတ်မင်းကြီး ပို့သသည့် ရာဇသံ သဝဏ်လွှာကို လက်ခံရယူရန် ဖြစ်၏ ။
ပြီးလျင် နန်းတွင်းအမှုထမ်းအားလုံး၊ အဝေးရောက် နတ်စစ်သည်ဘီလူးများ အားလုံးကို သစ္စာပေး၏ ။ တစ်ဖန် ဝေဿဝဏ်နတ်မင်းထံ သစ္စာတော် ခံကြစေပြီး ဣန္ဒာသောမကို သစ္စာခံရွှေပေချပ် အပ်လိုက်လေသည်။
ယင်း အချင်းအရာ အားလုံးတို့ကို ကောင်းကင်ပြင် တစ်နေရာမှ ကြည့်နေသည့် နတ်ကြီးတစ်ပါးကတော့
"စေတ ဘုန်းကြီးသည့်မင်း ဖြစ်ပြီးမှ လူ့ပြည် ဆင်းလာရင်တော့ ငါနဲ့ တွေ့ကြရဦးမှာပေါ့" ဟု တွေးနေလေသည်။
*

               *ပြီးပါပြီ*

Written by သင်္ခရာဇာ
End date: February 3, 2022

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...