နံနက်တွင် လက်ျာဘီလူးသည် အပြင်သို့ မထွက်တော့ဘဲ မင်းကြီး မင်းလှမင်းခေါင်၏ အိမ်တော်ဝန်ကိုသာ သူ့အိမ်သို့ ခေါ်လိုက်သည်။
"လာဗျာ.. ဦးမင်းကို မေးစရာလေး ရှိလို့ပါ"
"ဟုတ်ကဲ့ ဗိုလ်မှူး.. မေးပါ"
"မီးဖိုဆောင်အကူ အစော ဆိုတဲ့ မိန်းကလေးက ကျွန်တော်တို့ ဒဂုံကို မသိမ်းမီကတည်းက ရှိတာလား၊ နောက်မှ ရောက်လာတာလား သိချင်လို့ပါ"
"အစော.. ဟုတ်လား၊ မိစောမွန် များလား"
"ပိန်ပိန်ပါးပါး ကျွန်တော်နဲ့ ရွယ်တူဒေါက်တူဗျာ"
"ဟုတ်လိမ့်မယ်၊ ဗိုလ်မှူးနဲ့ အရွယ်ရော အရပ်ပါ ညီတာ သူပဲ ဖြစ်မှာပဲ။ သူက ရောက်တာ မကြာလှသေးပါဘူး။ သူ့အတွက် အလုပ်လည်း သိပ်မရှိလို့ မီးဖိုဆောင်မှာပဲ လတ်တလော ကူခိုင်းထားတာပါ"
လက်ျာဘီလူးက မိစောမွန် မည်သည့်နေ့ရက်က ရောက်သည်ကို မေးမြန်း ရေးမှတ်ထားလိုက်၏ ။
"သူ ဘာတွေ လုပ်ရသလဲ။ ငဖြူနဲ့ ဘယ်လို ပတ်သက်မှု ရှိသလဲ ဆိုတာရော သိသလား"
"စားဖိုဆောင်မှူး ဒေါ်မေကြင်ကို ကူရုံ၊ စျေးဝယ်လိုက်၊ ပန်းအိုးလဲ၊ ရေခပ် စတဲ့ အလုပ်လေးတွေလောက်ပါပဲ။ အဲ.. အပေါ် ထပ်ခိုးက ဘုရားစင်ကို သူ့ဘာသာ သန့်ရှင်းရေးလုပ်ပြီး အဲဒီမှာ နေ့တိုင်း လှည်းကျင်း ဝတ်ဖြည့်တယ်။ တစ်မနက်လုံးလိုလို နေတတ်တာပဲ။ ငဖြူနဲ့တော့ ထူးထူးခြားခြား မတွေ့ရပါဘူး။ တချို့က သူတို့နှစ်ယောက်ကို နောက်ပြောင်နေတာတော့ ရှိပါတယ် အရှင်"
တစ်မနက်လုံး နေတတ်သည် ဆိုသည့် စကားရပ်ကို သတိပြုမိသော လက်ျာဘီလူးက ယင်း ၃ထပ်ကို လှမ်းမျှော်ကြည့်သည်။ ပြတင်း၌ လူရိပ်လိုလို မြင်ရ၏ ။
"အခန်းလေးက ကျဉ်းကျဉ်းလေးပဲ၊ တစ်မနက်လုံး ဘာလုပ်နေသလဲ"
"သန့်ရှင်းလေးလုပ်ပြီး ဘုရားဝတ်ပြုတယ်ထင်ပါ့"
မဟုတ်နိုင်ဘူးဟု သူ့ဘာသာ တွေးမိသည်။ နေ့တိုင်း လှည်းကျင်းရလျင်လည်း ခေတ္တသာ ကြာမည်၊ တစ်မနက်လုံး ကုန်အောင်လည်း ဝတ်ဖြည့်နေမည့်သူမဟုတ်ဟု စိတ်ထဲမှ ထင်နေ၏ ။
"ကောင်းပြီ၊ သူ့ကို မသိမသာ သတိထား စောင့်ကြည့်နေဗျာ။ နောက် သိချင်တာရှိရင် ခေါ်မေးပါဦးမယ်။ အခု သူ့ကို ကျော်ထင် သက်တော်ရှည်အိမ်တော်က ငစံ တွေ့လိုကြောင်း ပြောပြီး လွှတ်လိုက်ပါ။ မင်းထင်နော်ရထာ၊ လက်ျာဘီလူး နာမည်တွေ မပြောစေချင်ဘူး"
"ဟုတ်ကဲ့။ သဘောပေါက်ပါပြီ ဗိုလ်မှူး"
အိမ်တော်ဝန် ထွက်သွားလျင် အပြင်မှ စောင့်စားနေသူတစ်ဦး ဝင်လာ၏ ။
"ငဖြူကို လိုက်လံစောင့်ကြည့်သူက ဘယ်သူနဲ့မှ အဆက်အသွယ်လုပ်တာ မတွေ့ရဘူးလို့ ဆိုပါတယ်။ မနေ့က စျေးထဲမှာ စျေးဝယ်တယ်။ သူ့အသိအကျွမ်းအိမ် သွားပြီး ချက်ပြုတ်စားသောက် နေတယ်။ သူ့ဆီ လာနေကျ မိန်းကလေးတွေ လာတာလည်း မတွေ့ရဘဲ အိမ်ထဲမှာပဲ နေနေပါတယ် တဲ့"
"အင်း.. သူ့ကို ဒီနေ့နဲ့ မနက်ဖြန်မနက်အထိ သေချာစောင့်ခိုင်းထား။ တစ်ယောက်ယောက် အဆက်အသွယ်လုပ်ရင် နောက်ကလိုက်ကြည့်ပြီး ချက်ချင်းလာပြောလို့။ လည်ဝယ်ပါးနပ်ပြီး စိုက်ပျိုးတတ်သူ တစ်ဦးကိုလည်း အခု ငါ့ဆီ မြန်မြန် လွှတ်လိုက်ကွာ"
ထိုသူ ထွက်သွားပြီး ခဏအကြာ တပ်သားတစ်ဦး ခပ်သုတ်သုတ် ဝင်လာသည်။
"မင်းက ဒီနေ့ တိဂုံဆံတော်ရှင်အနီးက သွေးဆေးဥယျာဉ်နဲ့ ကန်တော်မှာ အလုပ်သမားအဖြစ် ဝင်နေရမယ်။ အဲဒီက လူတိုင်းကိုလည်း မင်းဘယ်သူဆိုတာ မသိပါစေနဲ့။ မနက်ဖြန် မနက် ငဖြူကို အဲဒီပို့လိုက်မယ်။ သူနဲ့ မနီးမဝေးကနေ အလုပ်လုပ်ရင်း သူ့ကို စောင့်ကြည့်ဖို့ တာဝန်ယူပါ။ ထူးခြားမှုရှိရင် ချက်ချင်း အကြောင်းကြားပါ။ မင်း အဲဒီမှာ နှစ်ပတ်လောက် နေရလိမ့်မယ်"
ထိုသို့ မှာနေစဉ် မိစောမွန် ဝင်လာသည်ကို တွေ့သဖြင့်
"ကဲ.. နောက်ပေါက်က ထွက်ပြီး သွားတော့၊ ဒီနေ့ ကြိုသွားပြီး စောင့်နေရမှာနော်"
"စိတ်ချပါ တပ်မှူး"
သွေးဆေးကန်၌ စောင့်နေရမည့် တပ်သား လှစ်ခနဲ ပျောက်သွားသည်။ လက်ျာဘီလူးလည်း အခန်းထဲမှ ထွက်၍ အိမ်ရှေ့ ဆင်းလာခဲ့၏ ။
"ဟော.. မောင်ကြီး၊ အစောကို တွေ့လိုတယ်ဆို"
"အင်းလေ.. မနေ့တုန်းက မေးစရာရှိတယ်ဆို"
"ဟယ်.. အခု ဒီနေရာကြီးမှာလား"
"အခု အေးအေးဆေးဆေး ပြောလို့ရတယ်လေ။ လာ.. လမ်းလျှောက်ရအောင်"
အိမ်တော်၏ ဘေးဘက် ကျယ်ဝန်းလှသော မြက်ခင်းပြင်ကွက်လပ်ကြီးဆီ ဆင်းခဲ့ရာ မိစောမွန်သည် လူထွားကြီးအား မြင်ခဲ့ရရာ အိမ်အနောက် သစ်ပင်အုပ်သို့ အကြည့်ရောက်သွား၏ ။
"မောင်ကြီးတို့ အိမ်တော်မှာ အလွန် သန်မာထွားကျိုင်းတဲ့ ရဲမက်ကြီးတွေ ရှိသလား"
"မရှိပါဘူး၊ သာမန် သူလိုကိုယ်လိုတွေပါပဲ"
"ဟုတ်လား၊ တစ်ယောက်မှ မရှိဘူးပေါ့"
"ဟော ဟိုက တစ်ယောက်က အထွားကျိုင်းဆုံးပဲ"
ပေါက်ပြားကို မြှောက်ကာ မြှောက်ကာ မြောင်းဖောက်နေသူတစ်ဦးကို ပြရာ မိစောမွန်က
"အဲဒါထက် နှစ်ဆလောက် ကြီးတာ မရှိဘူးပေါ့"
"သူ့ထက် ကြီးရရင်လည်း လူဘယ်ဟုတ်တော့မလဲ အစောရဲ့"
"အင်းနော်"
"ဘယ်တုန်းက သူ့ထက်ကြီးတဲ့သူ မြင်ဖူးလို့လဲ၊ ဒီခြံဝန်းထဲမှာလား"
"သြော်.. ဟိုတစ်ခါ ဒီထဲကနေ လူအကြီးကြီးတစ်ယောက် ထွက်လာတာ မြင်မိသလားလို့ပါ။ မျက်နှာဖြူလူမျိုးတွေ ဖြစ်မှာ"
လက်ျာဘီလူး လှည့်မကြည့်သော်လည်း မိစောမွန် လိမ်လိုက်သည်ကို သိလိုက်၏ ။ သူ၏ အိမ်ခြံဝန်းအတွင်း မည်သည့် လူမျိုးခြားမှ မဝင်ဝံ့ကြောင်း သူအသိဆုံး။ သူ့လူများကလည်း ဝင်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
"အစောက မောင်ကြီးအကြောင်း သိလိုတယ်.. ဟုတ်စ"
"ဟုတ်"
သူတို့နှစ်ယောက် ယှဉ်လျှောက်လာရာ အိမ်တော်ဝန်းတစ်ခုလုံးမှ လူများ အထူးအဆန်းသဖွယ် လိုက်ကြည့်နေကြသည်။ အချို့ တပ်သားများကမူ ပြုံးစေ့စေ့။
"တစ်ယောက်ကို အမှန်အတိုင်း ပြောစေလိုရင် တစ်ယောက်က အရင် ရိုးသားဖြောင့်မတ်သင့်တယ် မဟုတ်လား"
"ရှင်"
"အစော ဒီကို ဘယ်လို ရောက်လာသလဲ"
"ကျွန်မ..."
ဆက်မပြောနိုင်၊ ဆက်လည်း မလိုက်တော့ဘဲ ရပ်နေသဖြင့် လက်ျာဘီလူးလည်း ရပ်စောင့်လိုက်ရသည်။
"မောင်ကြီးကတော့ ဘာမှ လျှို့ဝှက်ထားစရာ မရှိပါဘူး။ မကောင်းသတင်းတွေနဲ့ ကျော်စောနေသူ တစ်ယောက်မို့ ကိုယ့်အကြောင်းကိုယ် မပြောချင်တာပဲ ရှိတာ။ ငါ့နှမ သိလိုရင် ပွင့်ပွင့်လင်းလင်း ပြောပြမှာပါ"
မိစောမွန် သက်ပြင်း ချလိုက်သည်။
"မောင်ကြီး အစောအကြောင်း တကယ် သိလိုသလား"
လက်ျာဘီလူး ငေးကြည့်နေ၏ ။
"အမှန်အတိုင်း ပြောပြလိုက်ရင် မောင်ကြီး ရွံရှာမုန်းတီးသွားမှာ၊ အစောကို မခင်တော့မှာ စိုးရိမ်မိပါတယ်လေ"
"ဘယ်လောက်တောင် ဆိုးလို့လဲ"
"အစောက မကောင်းတဲ့ မိန်းကလေး၊ မသန့်စင်တဲ့သူ၊ ဆိုးရွားတဲ့ ဘဝက လာတဲ့သူ ဆိုရင်ရော"
"အင်း"
"မောင်ကြီး တကယ် နားထောင်ဝံ့ရဲ့လား"
လက်ျာဘီလူး ပြုံးပြီး ဆက်လျှောက်သွားရာ ခြံအစွန်းနားထိ ရောက်လာသည်။ မိစောမွန် အနောက်မှ ကပ်လိုက်သွား၏ ။
"နားထောင်မလို့ ခေါ်တာပဲလေ။ ဒါနဲ့ အစောက မွန် ဆိုတော့ မွန်တွေရဲ့ ရန်သူတွေထဲမှာ ဘယ်သူ့ကို အမုန်းဆုံးလဲ"
မိစောမွန် ပြုံးရပြီ။
"မောင်ကြီး ဘာကြောင့် သည်လိုမေးရလဲ"
"အစောရဲ့ အိမ်ရှင် မင်းကြီး မင်းလှမင်းခေါင်ကို မုန်းသလားလို့ပါ၊ မွန်တွေ အတော်များများ သူ့ကို မုန်းကြတယ်လေ"
"ဟင့်အင်း၊ သူက ကြောက်စရာ ကောင်းပေမယ့် တကယ့် လူစွမ်းကောင်း သူရဲကောင်းကြီးတစ်ဦးပါ။ အစော မုန်းတာက တစ်ယောက်ရှင့်"
"ဟုတ်လား"
"ဟုတ်တယ်၊ အစော သည်ကို မရောက်ခင်က ကြားဖူးတယ်။ မြန်မာတပ်တွေမှာ ဘီလူးသဘက်စီး တိုက်တတ်တဲ့ အရူးတပ်မှူးတစ်ဦး ရှိသတဲ့"
ထိုသို့ ပြောလိုက်သော မိစောမွန် အသံလေးက ကြည်လင် ရွှင်ပျနေ၏ ။ ရင်တွင်း သိုဝှက်ထားသည့် ခံစားချက်တို့ကို ဖွင့်ဟ ထုတ်ဖော်လိုက်ရသကဲ့သို့ပင်။ လက်ျာဘီလူးကလည်း ရယ်သည်။
"ဟက်ဟက်.. ဘယ်သူတဲ့တုန်း"
"လက်ျာ.. ဘယ်သူ ဆိုလဲပဲ"
မိစောမွန်က ရယ်ဟဟ ပြောရာ လက်ျာဘီလူးက
"လက်ျာဗိုလ် ဆိုတာလား"
"ဘာမှ မဟုတ်ဘူး၊ လက်ျာဗိုလ်က အစောတို့ မွန်ဗိုလ်မှူးပဲ။ ခန့်ချောကြီးရှင့်၊ မောင်ကြီးတို့ သူရဲလိုလည်း အရူးကြီးမဟုတ်ဘူး သိရဲ့လား"
"သူ့ဘာသာ ရူးနေတာကို ဘာလို့မုန်းတာလဲ"
လက်ျာဘီလူး မျက်နှာ တည်စပြုနေပြီ။
"အို.. သူ့အကြောင်းတွေချည်း ကြားနေရလို့ပေါ့။ လူကြီးတွေ စုံရင် ဟိုဘက်က လက်ျာဘီလူး.. အဲ၊ ဟုတ်တယ်။ လက်ျာဘီလူးတဲ့.. သူ့နာမည်က။ အဲဒီ လက်ျာဘီလူး ဆိုတဲ့ သူရဲက ဘယ်လို၊ ဘယ်ပုံနဲ့ ပြောကြလို့ အမြင်ကတ်နေတာ။ တကတည်း.. သူတစ်ယောက်ပဲ လူစွမ်းရှိတာ ကျလို့"
"သူကဖြင့် သိပ်မစွမ်းလှပါဘူး။ မြန်မာ တပ်တွေမှာ သူ့ထက်စွမ်းတဲ့ သူတွေချည်းပဲ"
မိစောမွန် ရယ်ချင်သွားသော်လည်း ချုပ်တီးလျက်
"ဟုတ်ပါ့ နော်.. မောင်ကြီးလောက် ဘယ်စွမ်းပါ့မလဲ"
လက်ျာဘီလူး ဘာပြောရမည်မသိ ဖြစ်သွားပုံရ၏ ။ မိစောမွန်က တစ်ဘက်လှည့် ရယ်လိုက်ပြီးမှ
"မောင်ကြီး မြင်းစီးပြပါလား၊ အစော အနီးကပ် ကြည့်ချင်လို့ပါ"
"ဟွန်း.. ဟွန်း၊ ဘာလို့ စီးပြရမှာလဲ"
"ဘာဖြစ်လို့လဲ၊ ကြည့်ချင်လို့ပါဆို"
လက်ျာဘီလူးက အသံမထွက်ဘဲ နှုတ်ခမ်းတလှုပ်လှုပ် လုပ်နေသည်။ မှန်းဆတတ်သော မိစောမွန်က သူ့နှုတ်မထွက်စကားလုံးများကို သိဖြစ်အောင် သိသွားသည်။ 'အမြင်ကတ်နေတဲ့သူကို မြင်းစီးပြရဦးမတဲ့လား' ဟု ရေရွတ်လိုက်ခြင်း ဖြစ်သည်။
"ဆဲရေးနေတာလား ဟင်"
"မဟုတ်ပါဘူး၊ ဘုရားစာ ရွတ်မလို့ ပြင်နေတာ"
ဟု ရွဲ့ပြောသဖြင့် ရယ်ရသေး၏ ။
"မောင်ကြီးကတော့လေ၊ တကယ်ပါပဲ။ ကဲပါ.. မောင်ကြီး မြင်းတစ်ပတ် စီးပြပြီးရင် အစောအကြောင်း ပြောပြပါ့မယ်ရှင့်"
မျက်နှာက မြင်းဇောင်းဘက်သို့ လှည့်သွားသော်လည်း ပါးစပ်က ပွစိပွစိ လုပ်နေဆဲ။ မိစောမွန်ကလည်း နားလည်မိပြန်သည်။ သူ အသံမထွက် ပြောလိုက်သည်မှာ
'အေး.. ပေါက်ကရတွေ လျှောက်ပြောလို့ကတော့ ခြေက ကိုင်ပြီး ယမ်းပစ်မယ်"
ဟူသတည်း။ လက်ျာဘီလူးက ငကံကို မြင်းထုတ်ခဲ့ရန် လှမ်းမှာနေချိန် မိစောမွန်ကတော့ မျက်ရည်လည်မတတ် ကြိတ်ရယ်နေမိလေသည်။
(ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၇)
Written by သင်္ခရာဇာ
End date: September 20, 2021
No comments:
Post a Comment