Translate

နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (ဇာတ်သိမ်း)

  လူသုံးဦး တစ်ပြိုင်နက် ဝိုင်းခုတ်သည်ကို ဗိုလ်တွန်က ပက်ထုတ်လိုက်သည်။ တစ်ချက်တည်းနှင့် ဓားသုံးချောင်းလုံး ကျိုးပြတ် လွင့်စင်သွားသောအခါ ဗညားအရိန္ဒမ မျက်နှာကြီး ဝင်းသွား၏ ။ ဓားကျိုးများနှင့် လူသုံးယောက်လည်း နောက်ဆုတ်ကာ လက်နက်ယူရန် ပြေးသွားကြလေသည်။
ဗိုလ်တွန်က လူအုပ်ထဲသို့ တစ်လှမ်းချင်း လျှောက်လာရာ လူအုပ်က စက်ဝိုင်းခြမ်းပုံ ဟပေးလိုက်ကြ၏ ။ ဗိုလ်တွန်ဝင်ရန် နေရာပေးခြင်းတည်း။ ဗိုလ်တွန်ကလည်း ထိုကွက်လပ်အတိုင်း ဝင်သွားသည်။ သူ၏ ရွေ့လျားမှုနှင့်အတူ စက်ဝိုင်းခြမ်းသည်လည်း လူစက်ဝိုင်းတစ်ခု ဖြစ်လာ၏ ။
ထိုအခါ ဗိုလ်တွန်ကို မမြင်ကြရတော့။ လူများအလယ် ရောက်နေပြီ ဖြစ်သောကြောင့် အိမ်ပေါ်မှ ကြည့်လျင်သာ မြင်ရပေတော့မည်။ လှေကားထိပ်တွင် ရှိသေးသော မဟာဥပရာဇာနှင့် လူများ၊ အိမ်ပေါ်မှ မဆင်းရသေးသော လက်ျာဘီလူးတို့ကတော့ မြင်နေရသည်။
ဗိုလ်တွန်က ရပ်နေရာမှ ရုတ်ခနဲ ပြေး၍ ခုတ်လိုက်ရာ လှုပ်လှုပ်ရွရွ ရှိနေကြသော လူများ ဆီးကာကြရသည်။ အချို့ ကာနိုင်၍ အချို့ ထိကြကုန်၏ ။ တဖြောင်းဖြောင်း တချွမ်းချွမ်း အသံများ ဆူညံစွာ ထွက်လာသဖြင့် ဗညားအရိန္ဒမ လှေကားပေါ် ပြန်ပြေးတက်လာပြီး ကြည့်သည်။ သို့သော် ရှုပ်ထွေးနေသော လူအုပ်ကြီး ကြားထဲ၌ ဗိုလ်တွန် ပျောက်နေပြီ။
မဟာဥပရာဇာနှင့် သူ့လူများက လက်ျာဘီလူး အိမ်ပေါ်တွင် အေးအေးဆေးဆေး ရှိနေ၍ မင်းလှမင်းခေါင်ကို မကူသေးဟု ထင်နေကြစဉ် လက်ျာဘီလူးက လက်ရန်းကို ကျော်ကာ ခုန်ချသွားသည်။ အရိပ်အခြည် ကြည့်နေသော မိစောမွန်လည်း ချက်ချင်း ပါသွား၏ ။ အောက်ရောက်သည်နှင့် လက်ျာဘီလူးက မိစောမွန်အား
"ဘေးဘက်ကိုပြေးပြီး စည်းရိုးကို ခုန်ကျော်"
ဟု ပြောသည်။ မိစောမွန် ဓားနှစ်လက်ထုတ်ကာ ပြေးသည်နှင့် လူအများက ဖမ်းရန် အုံလာကြတော့၏ ။ ထိုအခါမှ လက်ျာဘီလူးက အနောက်မှ ပြေးတက်လာပြီး ထိုသူများဆီ ခုန်ဝင်သွားသည်။ သူကလည်း မင်းလှမင်းခေါင်နှင့် မထူး၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသဖြင့် မိစောမွန်အနီးသို့ တစ်ကြိမ်လျင် နှစ်ယောက်သုံးယောက်သာ ရောက်တော့သည်။
မိစောမွန်က ထိုသူတို့၏ အထိုးအခုတ်ကို မတုံ့ပြန်ဘဲ ယိမ်းနွဲ့ရှောင်ကွင်း၍ လွတ်ရာနေရာတို့ကို တစွပ်စွပ် ထိုးခဲ့ရာ ခြေထောက်၊ ပေါင်၊ ခါး၊ လက်ဖျံနှင့် ကျော စသည်တို့တွင် အပေါက်များစွာ ဖြစ်ကျန်ခဲ့၏ ။ လက်မြန်လှသော မိစောမွန်ကိုကား မမိ၊ အထိုးခံရသူတို့မှာ ဆက်လက်တိုက်ခိုက်ရန် မတတ်နိုင်တော့သည့်အပြင် လှုပ်ပင် မလှုပ်နိုင်ဘဲ နာကျင်စွာ ကျန်ခဲ့ကြသည်။
လူတစ်ယောက်လျင် လေးငါးချက် ထိုးကာ လျင်လျင်မြန်မြန် ဝေးကွာသွားသော မိစောမွန်ကို ကြည့်၍ အရိန္ဒမ ပြင်းစွာ တောက်ခေါက်၏ ။ ဥပရာဇာ၏ အမှုထမ်းများကိုလည်း မလွတ်စေနဲ့ဟု အော်ဟစ်အမိန့်ပေးလေသည်။ သူ့အသံကြားသော် လက်ျာဘီလူးက
"ဦးတွန်.. ရော့"
ဟု ကျယ်လောင်စွာ ဟစ်လိုက်ရာ လူအုပ်ကြားမှ ဗိုလ်တွန် ခုန်ထွက်လာပြီး ကြည့်စဉ် သူ့ဓား ပစ်ပေါက်ပေးလိုက်၏ ။ ဗိုလ်တွန်က ဓားယမ်းရင်း နောက်တစ်ချက်ခုန်လျက် ဖမ်းထားသည်။
"အစော.. ဓားတွေ ပေးခဲ့"
လက်နက်မဲ့သွားသော လက်ျာဘီလူးကို မိစောမွန်က ဓားနှစ်လက်လုံး ပစ်ပေးမည်ပြင်ရာ လက်ျာဘီလူးက သူအလိုရှိရာဘက်သို့ လက်ဆန့်တန်း၍ ယမ်းပြနေရင်း လူအုပ်ဘက် လှမ်းပြောပြန်၏ ။
"ဦးတွန်ဓား အစောကို ပေးလိုက်"
"ဟေ"
တစ်ခါတည်းနှင့် မကြားသောကြောင့် နှစ်ကြိမ် ဆက်အော်မှ ယိမ်းနွဲ့ပါးဓားကို အိမ်နှင့်တကွ လှမ်းပစ်ပေးလာ၏ ။ ကြားမှ သူများက ဖြတ်ဖမ်းရန် ကြိုးစားကြသည်။ အချို့က လေထဲမှ ဓားကို မိမိလက်နက်ဖြင့် ရိုက်ချရန် ကြိုးစား၏ ။ ဓားကို အာရုံရောက်နေကြသော လူများမှာ အောက်မှ ဖြတ်ဝင်လာသော လက်ျာဘီလူး၏ ဓားချက် မိသွားကြသည်။
လက်ျာဘီလူးက ဗိုလ်တွန်နှင့် မိစောမွန်ရှိရာဘက်သို့ ဓားတိုများ ပေးစေပြီး ပြေးဝင် ဖမ်းယူကာ မိစောမွန် ထိုးသည့်အတိုင်း အောက်မှ ဝင်ထိုးသွားခြင်းတည်း။ ချက်ချင်း မိစောမွန်အနား ရောက်လာသည်။ မိစောမွန်က သူ့ကို အကာအကွယ်ယူ၍ ပြေးသည်။ သူက မည်သူ့ကိုမှ ဆီးမခံဘဲ ဓားတိုနှစ်လက် အဆက်မပြတ် လှည့်ပတ်ကာ မိစောမွန်နောက် လိုက်လေသည်။
လူတစ်ရပ်ကျော် လက်တစ်ဖောင်ခန့်နီးပါးရှိသော စည်းရိုးနား ရောက်သော် မိစောမွန် နှေးသွားသည်။ လက်ျာဘီလူးက သူ့ကို ကျော်တက်ပြီး စည်းရိုးနှင့် ခြေနှစ်လှမ်းအကွာ၌ လှည့်လာကာ ဓားနှစ်လက်ကို ရင်ဘတ်ရှေ့ ကန့်လန့်ဖြတ် ယှက်လိုက်ပြီး ဒူးကွေးလျက် ကျားကန်ထားသည်။
'မရဘူး' ဟု ပြောတော့မည့်ဆဲဆဲ မိစောမွန်လည်း သဘောပေါက်လိုက်ပြီး 'ကန်တော့နော်' ဟု ပြောင်းပြောလိုက်ရ၏ ။ ယှက်ထားသော ဓားပေါ် ခုန်နင်း အားယူလိုက်ချိန် လက်ျာဘီလူးကလည်း လူရော လက်ပါ ဆန့်ထုတ် လှန်တင်လိုက်လေသည်။ မိစောမွန် လှလှပပ အပြင်ရောက်သွားချေပြီ။
အိမ်တော်ပေါ်မှ ဝေါခနဲ အသံနှင့်အတူ ဥပရာဇာက လေသာလက်ရန်းကို ပုတ်လိုက်သောအခါ လက်ျာဘီလူးက လက်လှမ်းထောင်ပြ၏ ။ ထို့နောက် ဓားတိုနှစ်လက်ကို ခါးကြားထိုး၍ လှံကိုင်တစ်ဦးထံမှ လှံကို ဝင်လုလေတော့သည်။ သူ့လက်ထဲ လှံရသွားချိန် ဗိုလ်တွန်ထံမှလည်း "ငစံရေ" ဟု ခေါ်သံ ကြားလိုက်ရ၏ ။
"ကျွန်တော် ဒီမှာ၊ လာပြီ"
ကျယ်ဝန်းလှသော အိမ်တော်ဝင်းတွင်း ဆင်ရော မြင်းပါ ထွက်လာ၍ ဗိုလ်တွန် အသံပြုခြင်း ဖြစ်သည်။ ဗိုလ်တွန် လက်ထဲ၌လည်း သူ့ဓားကို မတွေ့ရဘဲ လှံရှည်တစ်စင်း ကိုင်ထားလေ၏ ။
"ဦးတွန်၊ ကျွန်တော့်ဓားရော"
"ဟိုကောင့်ဆီမှာ"
"ဗျာ"
ခပ်လှမ်းလှမ်းမှ ရဲမက်တစ်ဦးက သူ့ဓားကိုင်ကာ အူကြောင်ကြောင်နှင့် ပတ်ချောင်းနေ၏ ။ လှံကိုင်စစ်သည် ဖြစ်ပုံရသည်။
"ဟိတ်.. ငါ့ဓားရော"
"အပြင်ရောက်သွားပြီ"
"ဟေ"
"ဦးတွန်လှံပေး၊ ရော့.. ဒီလှံကြီးယူ"
"လုပ်ပြန်ပြီ၊ ဘာတွေ ကြံနေတာလဲ ငစံရ"
လှံတစ်စင်းပြီးတစ်စင်း သူတို့နား ကျလာသဖြင့် ရှောင်ရှားလိုက်ကြရ၏ ။ ဗညားအရိန္ဒမကိုယ်တိုင် ဆင်ကပ်မှ တက်ကာ ဆင်နှင့်ထွက်လာခြင်းပင်။ မင်းလှမင်းခေါင်က သူ့လှံကြီးဖြင့် ပြန်ထိုးသည်။ အရိန္ဒမ ရိုက်ဖယ်လိုက်သော်လည်း မနိုင်ဘဲ လူပါ ငုံ့ရှောင်လိုက်ရ၏ ။
လက်ျာဘီလူးကတော့ မြင်းနှင့် ဝင်တိုး ခုတ်လာသည့် စစ်သည်ကို ဆွဲလျက် လိုက်သွားလေပြီ။ မြင်းပေါ်တွင် နှစ်ဦးသား လုံးထွေးနေကြသည်။ ဗိုလ်တွန်ကလည်း အားကျမခံ မြင်းသည်တစ်ဦးကို ခုန်ကန်လိုက်၏ ။ ရပ်သွားသည့် မြင်းပေါ် အေးအေးလူလူ တက်လိုက်ပြီး ထိုးလာသည့် လှံကို ဆောင့်ဆွဲယူသွားသည်။
"သူ့ကို လှံတွေ သွားပေးမနေနဲ့ကွ"
ဗညားအရိန္ဒမ ဒေါသနှင့် အော်ရာ အိမ်တော်ထက်မှ မဟာဥပရာဇာ ရယ်လေ၏ ။ လက်ျာဘီလူးကတော့ သူတို့နှင့် အတော်ဝေးသွားပြီ။ ဗိုလ်တွန်က ဆင်များကြား ဝင်ကာ ပတ်ပြေးရှောင်တိမ်းနေပြန်သည်။ ဗညားအရိန္ဒမလည်း သူ့နောက် ဆင်လှည့်ကာ လှည့်ကာဖြင့် လိုက်နေ၏ ။
တစ်ကြိမ်တွင် ဆင်လှည့်နေခိုက် လက်ျာဘီလူး လှမ်းပစ်လိုက်သော လှံတိုတစ်စင်းက ဆင်နောက်ထိုင်ကို ထိ၍ ကျသွားသည်။ အရိန္ဒမ လှည့်ကြည့်စဉ် မင်းလှမင်းခေါင် မြင်းကပ်လာပြီး ကုန်းနှီးပေါ် ရပ်စီးရင်း ဆင်ပေါ်ခုန်တက်လိုက်၏ ။ ဦးစီးကို လက်သီးဖြင့် ထိုးချလျက် အရိန္ဒမနှင့် မျက်နှာချင်းဆိုင်ကာ ဦးကင်းပေါ် ကုန်းကုန်းကွကွ ရှိသည်။
"သေနတ်သားတွေ.. ပစ် ပစ်"
အရိန္ဒမက အော်ရင်း ကုန်းလယ်ပုခက်ထဲ ဝပ်လိုက်ရာ မင်းလှမင်းခေါင်လည်း ခုန်အုပ်လိုက်သည်။ ပုခက်ထဲ၌ ကုန်းလယ်စီးနှင့် သုံးဦးသား သတ်ပုတ်နေရာ ဆင်တော်က အိမ်တော်တံခါးကို တိုးတိုက် ထွက်သွားလေသည်။ လက်ျာဘီလူးလည်း သူတို့နောက် လိုက်ကြသည့် ဆင်အုပ်ကြားမှ ကပ်ပါသွား၏ ။
"ဆင်တော် မရူကို အသင့်ပြင်"
ဥပရာဇာ ခြေမြန်သောဆင် ပြင်စေ၍ ဆင်ကပ်မှ စောင့်နေသည်။ ဆင်ရောက်လျင် ကုန်းလယ်စီးလက်ကို ခုန်ဆွဲ တက်သွား၏ ။ အိမ်တော်ပြင်ပတွင်တော့ ဖုန်တထောင်းထောင်းနှင့် စစ်မြေပြင်သဖွယ် ဖြစ်နေပြီ။ ဝန်းကျင်မှ လူများစွာ ထိတ်လန့် ပြေးလွှားနေကြပြီး အချို့က ဝေးဝေးမှ ရပ်ကြည့်နေကြလေသည်။
"ဟေ့.. ဟေ့၊ တော်ကြတော့။ အရိန္ဒမ.. တော်ပြီ"
ပြောနေစဉ် လက်ျာဘီလူး ပစ်လိုက်သော လှံက အိမ်တော် တံခါးထိပ် ချိတ်ဆွဲထားသော စည်ကြီးကို ဒုန်းခနဲ စိုက်သွားသည်။ ဥပရာဇာ လှံကို လှည့်ကြည့်ပြီး
"တော်ပြီ ပြောမှ ရောင့်တက်သလား မောင်မင်း"
လက်ျာဘီလူးက လက်နှစ်ဖက် ဖြန့်ပြပြီး
"အမိန့်တော်အရ လက်နက်ကို စွန့်လိုက်ကြောင်း သိသာအောင် ပြတာပါ"
အိမ်ရှေ့မင်း ဘာပြောရမည်မသိ ဖြစ်သွား၏ ။ မင်းလှမင်းခေါင်နှင့် နှစ်ယောက် တစ်ယောက် သတ်ပုတ်ရင်း တစ်ဦးကိုတစ်ဦး ဖမ်းချုပ်ကိုင်ထားကြသော အရိန္ဒမက
"သည်ကောင် ကျုပ်တာဝန်ထား၊ ကိုယ်တော်ကြီးက ဓားကိုပဲ ရအောင် ယူပါဘုရား"
"အံမာ၊ ထပ်ထိုးလိုက်ရ"
ဗိုလ်တွန်က လွတ်နေသော လက်ကို နောက်ပစ်ထားပြီး လက်သီး တရွယ်ရွယ်၊ အရိန္ဒမကလည်း လွတ်သောလက် တကာကာဖြင့်
ရှိနေစဉ် ဥပရာဇာက ခေါင်းခါယမ်းလိုက်ပြီး
"တန်ပြီ မောင်တို့၊ တော်လောက်ပြီ"
ထိုအခါမှ တစ်ယောက်ကို တစ်ယောက် လွှတ်ပေးလိုက်ကြပြီး ဗိုလ်တွန်က ကုန်းလယ်စီး၏ တံခေါက်ခွက်ကို နင်းထားသည့်ခြေ ကြွပေးလိုက်ရာ ကုန်းလယ်စီး လူးလဲ ထလာ၏ ။
"ကြည့်စမ်း၊ ဧည့်သည်ဆီက ဓားကို လူအင်အားနဲ့ ဝိုင်းလုနေကြောင်း မြို့သူ မြို့သားတွေ မြင်သွားရင် ကျုပ်ကို ဘာပြောကြမလဲ။ ငါတို့ အိမ်ရှေ့မင်းက သည်လိုပါလားလို့ ယုံကြည်သွားကြရင် ကျုပ်တစ်သက် အရှက်ရစရာ ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် ခိုက်ရန်မပွားကြဘဲ အမုန်းမထားကြဘဲ သည်မှာတင်ရပ်၊ စစ်ပွဲကို စစ်ထဲမှာပဲ ဖြေရှင်းကြပါစို့"
မင်းလှမင်းခေါင်က ဆင်ပေါ်မှ ခုန်ချလာသလို လက်ျာဘီလူးလည်း မိစောမွန်ကို မြင်းနှင့် တင်ခေါ်လာပြီး ဆင်းလိုက်ကြသည်။ မဟာဥပရာဇာက
"သင်တို့ ကျွမ်းကျင်မှုနဲ့ အစွမ်းတွေကို မြင်ရတာ အလွန်မတန် ပညာရပါတယ်။ သိုင်းပညာထက် တိုက်ရည်ခိုက်ရည် အတွေ့အကြုံ အထူးကောင်းမွန်ကြကြောင်း တွေ့ရတယ်။ မင်းကြီးမင်းလှမင်းခေါင်ကတော့ ပြည်ဝင်ပြည်ထွက် အောင်ခဲ့မှာပေါ့"
ဗိုလ်တွန်က မျက်ခုံးပေါ်မှ သွေးကို သုတ်ရင်း ပြုံးပြလိုက်၏ ။
"သူရဲကောင်း လက်ျာဘီလူးကတော့ ကျော်သည်နှင့်အညီ အမှန်ပင် တော်လှတယ်။ သို့ပေမယ့် ဘာ့ကြောင့် ဓားတွေ လဲတိုက်ခဲ့သလဲ ဆိုတာ ကျုပ် စဉ်းစားမရဘူး မောင်မင်း"
လက်ျာဘီလူးက သူ့ဓားနက်ကို သတိရသွားပြီး ကိုင်ထားသည့် ရဲမက်ထံမှ သွားယူလိုက်၏ ။ ထိုရဲမက်ကို ဝင်းတံခါးထိပ်မှ လှံဆီ ညွှန်ပြလိုက်သေးသည်။ ပြီးမှ လက်အုပ်ချီလျက်
"အရှင် အိမ်ရှေ့ကိုယ်တော်ဘုရားတို့က ဓားတစ်လက်ကို လိုချင်ဇောနဲ့ ဤမျှ တိုက်ခိုက် ကြိုးစားနေကြတာ မြင်လို့ အခါခပ်သိမ်းမှာ ဓားက အခရာမဟုတ်၊ ကိုယ်စွမ်းကိုယ်စသည်သာ အားကိုးရာဖြစ်ကြောင်း လက်တွေ့ သိမြင်စေချင်လို့ပါ"
"အေ"
အရိန္ဒမ မျက်လုံးပြူးကြီးနှင့် ကြည့်နေပြန်ပြီ။ လက်ျာဘီလူးက သူ့ကို လှည့်မကြည့်ဘဲ
"ထိုက်တန်သူ မဟုတ်လျင် ယိမ်းနွဲ့ပါးဓား လက်ဝယ်ရှိနေသော်လည်း အသုံးမချနိုင်။ ကျွန်ုပ်၏ ဓားကို ကိုင်ဆောင်ခဲ့သော သည်ရဲမက်ငယ် ဘယ်နှချက်ခုတ်ရ၍ ဘယ်နှယောက် ကျသလဲ မေးကြည့်ပါ"
ဗညားဥပရာဇာ သဘောကျသွားသည်။
"ကျွန်ုပ်ကတော့ သူ့လှံကိုင်လျက် လူ ၂၅ ဦး ထိုးခဲ့ပါတယ်။ ဝိုင်းတိုက်ကြသူတွေရဲ့ ဆယ်ပုံတစ်ပုံခန့်ဟာ ဟိုက စည်ကြီးထက်ကနေ အိမ်တော်ဝင်းကို သူတို့သွေးနဲ့ စောင့်ကြပါလိမ့်မယ်။ မဟာဥပရာဇာအတွက် ကျွန်ုပ် ပေးနိုင်တဲ့ လက်ဆောင်ပါ"
ဥပရာဇာက လက်ခုပ်တီးလိုက်ပြီး
"ဒါတွေ မင်း ကြိုတင်ကြံစည်ထားတာပေါ့လေ"
"ကြံစည်ပြီး လုပ်လို့ ရနိုင်တဲ့ လက်ဆောင်မျိုး မဟုတ်ပါဘူးခင်ဗျာ။ ခဲခဲကပ်ကပ် ကြိုးစားပြီး လုပ်ပေးလိုက်ရတာပါ"
ဥပရာဇာ၏ ကုန်းလယ်စီး စောခံခက်ကလည်း အနားတိုးလျက်
"အဲဒါ သူ့အစွမ်းပါပဲဘုရား၊ ကြုံလာတာကို ဖြစ်သလို လုပ်ရင်း ဉာဏ်ထုတ်တဲ့ နေရာမှာ သူ့ကို မီသူမရှိလို့ ကျွန်တော်မျိုး လျှောက်တင်ခဲ့သလိုပါပဲ"
ဟု တီးတိုး ပြောလေသည်။
"ကျုပ် သဘောကျတယ် လက်ျာဘီလူး။ မင့်ကိုလည်း မထင်မှတ်တဲ့ လက်ဆောင်မျိုး ပြန်ပေးလိုက်ပါမယ်။ အခုတော့ မဟုတ်သေး၊ ယခု မင်းလှမင်းခေါင်ကိုပဲ ဆင်ပေါက်တစ်စီး လက်ဆောင်တော် ထည့်လိုက်မယ်။ မင့်ကိုတော့ ယခင်က မြင်းနှစ်စီးယူသွားတဲ့ အကြွေး မကျေသေးလို့ မပေးနိုင်သေးဘူး"
လက်ျာဘီလူးလည်း ရယ်လိုက်၏ ။
"ဟုတ်ပါရဲ့၊ ကျွန်ုပ် ဒဂုံရောက်ရင် မြင်းကောင်းနှစ်စီး ပြန်ပို့လိုက်ပါမယ်"
"အိမ်း.. ကောင်းပြီ၊ ယခု မြင်းစီစဉ်ပေးလိုက်မယ်။ ဟိုရောက်တဲ့အခါ ကျုပ်ကို မထင်မှတ်တဲ့ လက်ဆောင် ပြန်လိုက်ဖို့ မမေ့ပါနဲ့"
"ကောင်းပါပြီ အရှင်"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
*
ရန်ကုန်ရောက်သည်နှင့် မင်းထင်နော်ရထာ ချက်ချင်း ပြန်ခဲ့ရမည် ဟူသည့်အမိန့်တော် နေပြည်တော်မှ ရောက်နေလေပြီ။ ထို့ကြောင့် ဗိုလ်ချုပ် မင်းလှမင်းခေါင်နှင့် စစ်ကဲ ကျော်ထင်သက်တော်ရှည်တို့ကို တာဝန်အပ်ခဲ့ပြီး သူက မိစောမွန်နှင့် နောက်လိုက်လူ ၅၅ ယောက် ခေါ်ကာ ပြန်ခဲ့ရ၏ ။
ထမင်းချက် ကျော်ရှိန်မှာ ရန်ကုန်ရှိ အလောင်းမင်းတရား စံသွားခဲ့သော အိမ်တော်တွင် မင်းထင်နော်ရထာ၏ ကျန်ခဲ့သော တပ်သားများကို ချက်ပြုတ်ကျွေးမွေးရန် နေခဲ့ရပြီး မိစောမွန်သည် ရတနာသိင်္ဃ ပြည်တော်ပြန်သူများ၏ ထမင်းချက်အသစ် ဖြစ်လာသည်။ သူတို့သည် ကုန်းကြောင်းမှ တက်ခဲ့ကြရာ ဟင်္သာတ ရောက်သည်တွင် လူအချို့က ဆီးကြိုနေ၏ ။
"ဗိုလ်မှူး မင်းထင်နော်ရထာ မဟုတ်လားခင်ဗျား"
"မဟုတ်ပါဘူး၊ ကျွန်တော် လက်ျာဘီလူးပါ"
ထိုသူများ ကြောင်တောင်တောင် ဖြစ်နေကြသည်။ နောက်မှ တစ်ဦးက
"အရှင့်အတွက် ဟောဟိုက လှေကြီးကို ဟံသာဝတီ အိမ်ရှေ့စံ မဟာဥပရာဇာ ကိုယ်တော်ဘုရားက လက်ဆောင်တော်ပါး သနားလိုက်ပါတယ်။ ကျေးဇူးပြု၍ လက်ခံပေးပါ"
မြစ်ဆိပ်ဝယ် ခန့်ညား ကြီးမားလှသည့် လှေကြီးတစ်စီး။ 'သားများမိ' ဟု ခြူးပန်းကနုတ်များဖြင့် ရေးထိုးထား၏ ။
"မင်းရဲကျော်စွာ စီးခဲ့တဲ့ လှေတော်အမည်ပါလား"
"ဟုတ်ပါတယ်၊ အိမ်ရှေ့မင်းစီး လှေတော်ပါ။ အရှင့်အတွက် အထူး ပြုပြင်ထားတာပါ"
"မင်းတို့ အိမ်ရှေ့ကိုယ်တော်အတွက်လည်း ဒီဓားနှစ်လက်ကို ဆက်လိုက်ပါ။ ကျွန်ုပ်တို့ နှစ်ဦးရဲ့ အသက်အတွက်လို့ လျှောက်တင်ပေးပါ။ သူ နားလည်ပါလိမ့်မယ်"
မိစောမွန်၏ ဓားတစ်လက်နှင့် သူ၏ ကျောက်စီဓားကို ဦးဆောင်သူထံ ပေးအပ်ခဲ့ပြီးနောက် လက်ျာဘီလူးသည် မြင်းကို ဆွဲလျက် သူ့လှေ 'သားများမိ' ပေါ်သို့ တက်သွားလေသည်။
*
*ပြီးပါပြီ*

(စာကြွင်း။ ။ ယိမ်းနွဲ့ပါးဓားသည် မင်းခေါင်နော်ရထာ (ငတွန်) ထံမှ မြေဒူးမင်းသား သိမ်းယူသွားခြင်း ခံရပြီးနောက် ကုန်းဘောင်မင်းဆက် နောက်ဆုံးအချိန်အထိ နန်းတွင်း၌ ရှိနေခဲ့ပြီး မန္တလေးနန်းတော်ကို သိမ်းရန် ဝင်လာသည့် အင်္ဂလိပ်တို့အား သီပေါမင်းက ယင်းဓားကိုင်စွဲလျက် အတွေ့ခံခဲ့သေးသည် ဆို၏ ။ ထို့နောက်တွင်ကား မည်သူမျှ မတွေ့ကြရတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါသည်။)

Written by သင်္ခရာဇာ
End date: September 22, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...