ရန်ကုန်မြို့စောင့် ဗိုလ်မှူး စစ်ကဲများနှင့် မြို့ဝန် အကြီးအမှူးများ ခေါင်းချင်းဆိုင် ဆွေးနွေးကြရလေပြီ။ ဆိပ်ကမ်းမြို့အဖြစ် သတ်မှတ်ထားသော်လည်း ကုန်သွယ်ရေးရုံးများနှင့် ကုန်သင်္ဘောများ ဝင်စီးခံရပြီး လုံခြုံရေး ပျက်ပြားနေသောကြောင့် ဖြစ်သည်။ ပြင်သစ်ရုံးဖြစ်စဉ်တွင် အရာရှိတစ်ဦး အပါအဝင် လူ ၁ ကျိပ်ကျော်ကို ကွပ်မျက်ပစ်လိုက်သည်က အဆိုးဆုံး ဖြစ်နေ၏ ။
ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့သူမှာလည်း အခြားသူမဟုတ်ဘဲ မင်းတရားကြီး အရေးကုန် လွှဲအပ်ခဲ့သည့် ဗိုလ်များထဲမှ တစ်ဦးဖြစ်နေသည်။ သူ့ကို အားကိုး၍ ထားခဲ့ပါမှ သူက ဖောက်နေသဖြင့် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းသာယာရေးများတွင် ထိခိုက်နေရလေပြီ။
တစ်ဘက်တွင် မွန်တို့နှင့် ရန်စက မငြိမ်းသေးဘဲ တစ်ဘက်၌ စစ်မျက်နှာများစွာ ဖွင့်လိုက်သကဲ့သို့ ဖြစ်သည်။ ကောင်စစ်ဝန်ရုံးများကို စစ်ဆေးပြီး လိုအပ်သည်ထက် ပိုလျှံနေသော၊ စာရင်းတင်မထားသော လက်နက်များကိုပါ သိမ်းယူသွားသည့်အတွက် နိုင်ငံခြားသားများနှင့် မျက်နှာပျက်စရာ ဖြစ်နေသည်ဟု ရန်ကုန်ဝန်တို့က တင်ပြလာကြ၏ ။
သို့ရာတွင် ဓားဖြူ ဓားနက် နှစ်လက်ကို ကြောက်ရ၍ မင်းလှမင်းခေါင်နှင့် မင်းထင်နော်ရထာတို့ ရှေ့မှောက်တွင်မူ မပြောရဲ။ စစ်ကဲ ကျော်ထင်သက်ရှည်နှင့် ဗိုလ်မှူးများကို ဖိတ်ပြီး တိုင်ကြား ဆွေးနွေးနေကြခြင်း ဖြစ်သည်။ လက်ျာဘီလူးကလည်း စိတ်ထင်တိုင်း ပြုကျင့်လျက် လွန်ကျူးနေခြင်းမှာ အမှန်။ သူ့ကို ဝိုင်းဝန်း ထိန်းကျောင်းရန်နှင့် ရွှေဖဝါးတော်အောက် သံတော်ဦးတင်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုအချိန်၌ လက်ျာဘီလူးကတော့ မြင်းစီးရင်း သေနတ်ပစ် ကျင့်နေ၏ ။ စက္ကူလေတံခွန် ပြုလုပ်၍ လူ၊ မြင်းတို့နှင့် ဆွဲပြေးစေပြီး သူကလည်း သတ်မှတ်နေရာသို့ မြင်းဖြင့် ပြေးလာပြီးမှ ရပ်၍ ပစ်ခြင်း၊ ပြေးနေရင်း ပစ်ခြင်း၊ မုဆိုးဒူးထောက် ထိုင်လျက် ပစ်ခြင်း စသည်တို့ကို အာရုံစိုက် လေ့ကျင့်နေရာ မိစောမွန်က ဘုရားခန်း အမြင့်မှ ကြည့်ရင်း ဘာလုပ်နေပြန်ပါလိမ့်ဟု စူးစမ်းနေသည်။
ထိုနေ့လည်း သံအမတ်ကြီး ဝီလျံဟော့ဘတ် ရောက်ရှိလာပြီး ယိမ်းနွဲ့ပါးဓားကို ကြည့်လို၍ လာကြောင်း မင်းကြီးကို လျှောက်စေ၏ ။ မကြာမီ မင်းလှမင်းခေါင် ထွက်လာပြီး အတွေ့ခံရာ မိစောမွန်လည်း ထပ်ခိုးမှ ဆင်းခဲ့လျက် ဧည့်ခန်းတွင် ဝင်ကူနေလိုက်သည်။
"ယိမ်းနွဲ့ပါး ဓားတော်ရဲ့ အစွမ်းတွေကို သံအမတ်ကြီးက စမ်းသပ်ကြည့်လိုပါကြောင်း လျှောက်ထားအပ်ပါတယ်ဘုရား။ သူသိထားတဲ့ ဓားရဲ့ အစွမ်းတွေက စုံလင် များပြားပါသတဲ့"
"ဘာတွေတဲ့လဲကွယ့်"
"သံအမတ်ကြီး ပြောတာတော့ သက်တံ့ကို ဖြတ်လို့ရနိုင်ပါတယ် တဲ့။ မီးငြိမ်းစေနိုင်ပါသတဲ့။ သံစားကျောက်တို့၊ အက်ဆစ်ခေါ်တဲ့ ပါစကအရည်တို့ကို မကြောက်ဘူးတဲ့"
"သက်တံ့ ဖြတ်ရ မရတော့ ငါမသိဘူး။ ယခု မိုးလည်း ရွာမနေ၍ စမ်းသပ်မရပေဘူး။ မီးငြိမ်းတာတော့ ငါသိတယ်။ ငါကိုယ်တိုင် ပြမယ်"
ဆိုကာ ဗိုလ်တွန်က အခန်းပြတင်းများအား ခန်းဆီးပြည့် ကာစေသည်။ ထို့နောက် ကညင်ဆီမီးတိုင်များ ပတ်လည် ထွန်းထားစေပြီး သူက ဓားကို ကိုင်လျက် အခန်းလယ်တွင် ရပ်လိုက်သည်။ ဝီလျံဟော့ဘတ် အပါအဝင် ဘေးပတ်ပတ်လည်ရှိ လူသူအားလုံး ငြိမ်သက်နေခိုက်
"ဟိတ်"
ဗိုလ်တွန်က မာန်သွင်း၍ ဓားဝှေ့ယမ်းလိုက်ရာ ဝါးလုံးတစ်ထောက်စာနီးပါး အကွာအဝေး၌ ရှိနေကြသော ဆီမီးတိုင်အားလုံး ဟုတ်ခနဲ ငြိမ်းလျက် အခန်းမှာ မှောင်ကျသွားလေသည်။ လက်ခုပ်သံ တဖြောင်းဖြောင်း သံအမတ်ကြီးက စတီးလိုက်သဖြင့် အခြားသူများကလည်း သြဘာပေးကြလေ၏ ။
"ယိမ်းနွဲ့ပါး ဓားကြီးက စွမ်းလိုက်တာနော်"
မိစောမွန် နားနားသို့ အိမ်အကူ မနော်က ကပ်ပြောလာသည်။ အံ့သြနေလျက်မှ ခေါင်းညိတ်ပြလိုက်၏ ။ ဆီမီးများ ပြန်လည် ထွန်းညှိပြီးသောအခါ သံအမတ်ကြီးက သူလည်း ကိုင်တွယ် စမ်းသပ်ကြည့်ပါရစေဟု ခွင့်တောင်းလာ၍ မိစောမွန် ရင်ထိတ်သွားရသည်။
ဗိုလ်တွန်ကမူ ပြုံးလျက် အလွယ်တကူ ခွင့်ပြုလိုက်လေသည်။ သံအမတ်ကြီး အခန်းလယ်၌ ရပ်လိုက်သောအခါ မိစောမွန်က မျက်လုံးကို မှေးစင်းထားကာ တစ်ခန်းလုံးကို သတိအပြည့်နှင့် ကြည့်နေ၏ ။ အမှောင်ကျသွားချိန် ဓားချင်းလဲသွားနိုင်သည်ဟု သံသယဝင်မိ၍ ဖြစ်လေသည်။
"ဟိတ်"
"ဝှစ်"
"ယိ"
"ဝှစ်" "ဝှစ်"
ဝီလျံဟော့ဘတ်ခမျာ အားထည့်၍ ဓားယမ်းနေသော်လည်း မည်သည့်မီးမျှ မငြိမ်းချေ။ မီးညွန့်များ လှုပ်ရုံသာ လှုပ်သည်။ သူက ရယ်လိုက်ပြီး
"ခွန်အားကြီးတဲ့ သူတွေမှ ကိုင်နိုင်တယ် ဆိုတာ တကယ်ပါပဲဗျာ၊ ဓားရော လူရော ချီးကျူးစရာပါ"
ဟု ပြောရင်း ဓားပြန်ပေး၏ ။ လက်ခုပ်သံများ ထွက်လာကြပြန်သည်။ သူတို့သည် အတန်ကြာ စကားစမြည် ပြောနေကြရာ မိစောမွန်လည်း ဧည့်ခန်းနှင့် မီးဖိုဆောင်သို့ ဝင်လိုက် ထွက်လိုက် လုပ်နေရ၏ ။ တစ်ကြိမ်တွင် မိစောမွန် အနောက်ဝင်သွားခိုက် ရဲမက်တစ်ဦး ရောက်လာသဖြင့် မင်းလှမင်းခေါင်က ကညစ်ယူကာ ပေရွက်ပေါ် စာရေးနေချိန်၊
သံအမတ်ကြီးသည် ယိမ်းနွဲ့ပါးဓားအား ကိုင်ကြည့်နေရာမှ ကုတ်အင်္ကျီ အတွင်းဘက်ရှိ ပုလင်းငယ်တစ်လုံး ထုတ်ယူလိုက်သည်ကို မိစောမွန် ကန့်လန့်ကာကြားက ဖျတ်ခနဲ မြင်မိသည်။ ဝီလျံက ဓားသွားပေါ်သို့ ပုလင်းထဲမှ အရည် အနည်းငယ် လောင်းချရန် အဖုံးဖွင့်ကာ စောင်းလိုက်ချိန်တွင် မိစောမွန် ပြေးလာပြီး ပုလင်းကို ပုတ်ချလိုက်မိလေသည်။
အရည်များသည် အခင်းပေါ်သို့ ကျသွားပြီး အခင်း ပေါက်သွား၏ ။ အချို့ အစက်ကျရာ နေရာတို့၌ ဖြူ၍ ကွက်ကာ ပွက်နေသည်ကိုလည်း တွေ့ရရာ မင်းလှမင်းခေါင် ထလာလေသည်။
"ဘာဖြစ်တာလဲ"
"ကျွန်ုပ် သံသားကို စမ်းသပ်ကြည့်ချင်ဇော များသွားလို့ပါ။ တောင်းပန်ပါတယ်၊ သိပ်ကောင်းလှတာ မြင်နေရတော့ စိတ်မထိန်းနိုင်ဘဲ.."
"တော်.. ခင်ဗျားတို့ အခု သွားကြတော့"
ဗိုလ်မင်းကြီး ဒေါသထွက်သွားသောကြောင့် ဝီလျံတို့လူစုမှာ တောင်းပန်ရင်း တဝုန်းဝုန်း ဆင်းပြေးကြရသည်။ မိစောမွန်လည်း ကိုယ့်ကိုယ်ကိုယ် မသိလိုက်ဘဲ လုပ်မိပြီးမှ ကြောက်လန့်လျက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေ၏ ။
"အစောင့်တွေ မြင်လျက်နှင့် မိန်းမသားတစ်ဦးလောက်မှ မလှုပ်ရဲကြဘူးလားကွ ဟေ"
သံအမတ်ကြီးကို တားလျင် အပြစ်ဖြစ်မည် စိုးရိမ်နေခဲ့ကြသော ရဲမက်တော်များမှာ ယခုအခါ တုန်လှုပ်နေကြသည်။ ရပ်နေသော မိစောမွန် သတိဝင်လာပြီး ဒူးထောက်ကာ ထိုင်လိုက်ရသည်။ ဗိုလ်မင်းကြီး သူ့ဘက် လှည့်လာချေပြီ။
"သူငယ်မ၊ မင်းကရော ဘာကြောင့် ဧည့်သည်ရဲ့ လက်ကို ပြေးပုတ်ရတာလဲ"
မိစောမွန် ထိုင်ရာမှ ကိုယ်ကို ဝပ်ချလိုက်ပြီး
"ကျွန်တော်မ.. ဟို၊ ဓား ပျက်စီးသွားမှာ စိုးရိမ်လို့ သတိလက်လွတ် လုပ်လိုက်မိပါတယ်"
"ငါ့အိမ်တော်က အမှုထမ်းတွေက သတ္တိကောင်းတွေချည်းပါလားဟေ့။ သြော်.. ဒါနဲ့ ပေါက်ပြားရှင် ကပြားကောင်လေးရော"
ဗိုလ်တွန်က လှည့်မေးရာ အိမ်တော်ထိန်း ဖြေရသည်။
"မနေ့က မင်းကြီး မင်းထင်နော်ရထာ ရောက်လာပြီး လွှတ်ပေးခိုင်းလို့ လွှတ်ပေးလိုက်ရပါပြီ အရှင်"
"ဟေ"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
*
"မတွေ့တာ ကြာပြီနော် မောင်ကြီး"
စေတီတော်ကို ငေးနေသည့် လက်ျာဘီလူး လှည့်ကြည့်သည်။ ဖြူဖြူရှည်ရှည် မိန်းမငယ်ကို မြင်မှ ခေါင်းညိတ်ပြပြီး
"ဟုတ်တယ်၊ ခုတလော ချောင်းနားလည်း မရောက်ဖြစ်ဘူး"
"သြော်၊ အစောဖြင့် နေ့တိုင်းရောက်တယ်။ တွေ့မလားလို့ ကြည့်မိတာလည်း အမော"
ပွင့်လင်းစွာ ပြောရင်း သူ့နံဘေး ဝင်ထိုင်လျက် ဘုရားကန်တော့သည်ကို လက်ျာဘီလူး မသိမသာ အကဲခတ်နေသည်။ ကောင်မလေးနှင့် အတူလာသည့် ထမင်းချက် အဒေါ်ကြီးကတော့ သူ့နေ့နံ ဂြိုဟ်ခွင်တွင် ထိုင်ချလိုက်သည်ကို တွေ့ရပြီး တစ်ဘက်မှ ငကံ လာနေသည်ကိုလည်း မြင်နေရ၏ ။
ငကံက သူတို့ကို ဖြတ်လျှောက်သွားရင်း ဦးချနေသည့် မိစောမွန်အား ကြည့်လျက် ခေါင်းညိတ်ပြသွားသည်။ လက်ျာဘီလူး ပြန်မော့နေလိုက်သည်။ မကြာမီ စကားသံ ကြားရ၏ ။
"အခုရက်ပိုင်း အရေးတွေလည်း ရှုပ်နေတယ်နော်"
"အင်း"
"နိုင်ငံရပ်ခြားသားတွေနဲ့ ပဋိပက္ခတွေ ဖြစ်နေကြသတဲ့"
"ဟုတ်တယ်"
"မင်းကြီး မင်းလှမင်းခေါင်တောင် လုပ်ကြံခံရသေးတယ်"
"သိပါတယ်၊ ကြားလိုက်တယ်"
"သူ့ကို လုပ်ကြံတဲ့ သူကို မောင်ကြီးတို့ အိမ်တော်က ဗိုလ်မှူး မင်းထင်နော်ရထာကပဲ လွှတ်ပေးလိုက်သတဲ့.. အံ့ရော"
ထိုသို့ အပြောတွင် သူ့ကို အကဲခတ် ကြည့်လိုက်ကြောင်း လက်ျာဘီလူး သတိပြုမိလိုက်၏ ။
"လုပ်ကြံတဲ့ သူနဲ့ နှမနဲ့ သိလို့လား"
မသိကျိုးကျွံ ပြုလျက် မေးရာ
"သိပါတယ်၊ သိတာတော့ သိပ်မကြာသေးဘူး။ ငဖြူတဲ့။ ပြင်သစ် ကပြားတစ်ယောက်ပဲ"
"သိပ်မကြာသေးဘူး ဟုတ်လား"
"ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ"
လက်ျာဘီလူး မျက်နှာ လှည့်လာပြီး မိစောမွန်ကို ထူးဆန်းသလို ကြည့်သည်။
"သိပ်မကြာသေးဘဲနဲ့.. အင်း၊ ဘယ်လို ပြောရမလဲ။ ရင်းနှီးတာတော့ မြန်တယ်ပေါ့"
"အရင်းနှီးကြီး မဟုတ်ပါဘူး။ မေးထူးခေါ်ပြောလောက်ပါပဲ။ ဘာဖြစ်လို့ မောင်ကြီးက အဲသည်လို ပြောရတာလဲ"
"မရင်းနှီးလှဘဲ ရာဇဝတ်သားကို ခဲဖွယ်ပို့သလား"
"ဟင်.. မောင်ကြီးကို ဘယ်သူ ပြောသလဲ"
"အဲဒီက အစောင့်တွေ ပြောနေတာ ကြားတာ"
"မဟုတ်ပါဘူး၊ သူ့ကို သနားလို့ ကိုယ်ချင်းစားမိလို့ တစ်ခုခု စားဖို့ ပို့ပေးချင်လာတာပါ"
"မသိပါဘူး၊ ကျွန်တော်က ငယ်ကျွမ်းဆွေတွေလို့ ထင်မိတာ"
မိစောမွန် တစ်ခုခု ပြောရန် ပြင်ပြီးမှ မပြောတော့ဘဲ ရှေ့ကို လှည့်သွားသည်။ နှုတ်ခမ်းက စူနေပြီ။
"သမီးရည်းစားမို့ ပို့တာလားလို့"
"ဟွန့်"
တစ်ဘက်သို့ လှည့်သွားသည်။
"မဟုတ်ဘူး၊ ဘာမှ မတော်ဘူး"
အသံက အနည်းငယ် တုန်နေကြောင်း မိစောမွန် သူ့ဘာသာ သတိထားမိသွားပြီး အံ့သြနေ၏ ။
"တောင်းပန်ပါတယ်ဗျာ"
ဟု ဆိုသော်လည်း ဘာမြှပန်မပြောတော့၍
"အဲဒီမှာ ရောက်နေတာ ကြာပြီလား"
မဖြေ။ ပြန်လည်း လှည့်မလာ။
"စိတ်ဆိုးသွားသလား။ ကောင်းပါပြီ၊ မမေးတော့ပါဘူး"
သူက ထသွားရန် ပြင်သည်။ ဓားကို ကောက်ကိုင်လိုက်ရာ ချပ်ခနဲ မြည်သွားသဖြင့် လှည့်ကြည့်သည်။
"ကျွန်တော် သွားလိုက်ပါဦးမယ်"
သူ့ကို မမြင်ဖူးသလို မော့ကြည့်နေ၍ ပြုံးပြလိုက်စဉ်
"မောင်ကြီး"
"ဟုတ်ကဲ့"
"မောင်ကြီးအမည် ဘယ်လိုခေါ်လဲ"
"ငစံ.. ပါ နှမ"
"သြော်"
ဘာဆက်ပြောမလဲ စောင့်သော်လည်း ခေတ္တ နှုတ်ဆိတ်နေ၍ သွားမည်ပြုရာ
"မောင်ကြီး"
"ခင်ဗျာ"
"မောင်ကြီးက ဘယ်သူလဲ"
သူ့ကို စိန်းစိန်းကြည့်လျက် မေးလာပြန်သည်။ မည်ကဲ့သို့ ဖြေရမည်ကို စဉ်းစားရင်း
"မောင်ကြီးကလား..၊ ရတနာပူရမှာ သာကီဝင် သတိုးမင်းဆက် ပြတ်သွားတော့ လှေနဲ့ကမ်း အဆက်ပြတ်သလို မဖြစ်ရအောင် တံတားကုန်းဘောင်သဖွယ် ဆက်ပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂဗ္ဘဓောတ်ယူပြီး တည်ထောင်လိုက်တဲ့ 'ကုန်းဘောင်' ရွှေပြည်တော်က စစ်သည်တစ်ဦးပါ"
"သြော်.. ရွှေဘိုသားမို့ စကားတတ်တယ်ထင်ပါရဲ့"
"မတတ်ရပါဘူးဗျာ၊ ဘယ်လို ဖြေရမယ် မသိလို့ စိတ်ထဲပေါ်ရာ ပြောမိတာ"
မိစောမွန် မျက်နှာပြန်ကြည်လာပြီ။
"ကဲ.. စစ်သည်လူစွမ်းကြီးရဲ့ စကားဆန်းတွေ တော်ပါ၊ အစော မေးတာကို မှန်မှန် ဖြေမလားရှင့်"
"မသိဘူး၊ ဘာမေးမှာလဲ"
"အမှန်အတိုင်း ပြောမယ် ဆိုမှ မေးမယ်"
"အဲဒါဆို မမေးပါနဲ့တော့"
"ဟင်.. ဘာလို့"
"မပြောတတ်ဘူးလေ၊ ဖြေလို့မရတာဆိုရင် အမှန်အတိုင်း ပြောလို့ ဘယ်ဖြစ်ပါ့မလဲ"
"ဟယ်"
"ဘာတုန်း"
"အဲလိုကြီးလား"
"အင်း"
"တစ်မျိုးပဲနော်"
"ဒါပေါ့"
"ဒီမယ်"
"ဟုတ်"
"အစောက မောင်ကြီးကို မြင်တော့ ခင်မိလို့ ဣနြ္ဒေ သိက္ခာ မငဲ့ဘဲ စကားလာပြောနေတာ"
"သိပါတယ်"
"ဖြစ်နိုင်ရင် မောင်ကြီးနဲ့ အေးအေးဆေးဆေး စကားပြောချင်ပါသေးတယ်"
"နောက် ကြုံဦးမှာပါ"
"မဟုတ်ဘူး၊ အဲလို မဟုတ်ဘူး။ သီးသန့် အကြာကြီး ပြောမှာ"
"ဟင်"
"မောင်ကြီး ဒီည ထွက်လို့ရမလား"
"ဘယ်ရမလဲ"
"လာလုပ်မနေနဲ့၊ မောင်ကြီး ထွက်ချင်ရင် မရဘူး ဆိုတာ မရှိဘူး။ ဘယ်သူမှ မတားနိုင်ဘူး။ အစော သိပြီးသား"
"ဘာကိုလဲ"
"မောင်ကြီးကို မနက်တိုင်း မြင်းစီးစီးနေတာ တွေ့သားပဲ၊ ဟိုတစ်နေ့ကဆို ခြံကျော်သွားတာတောင် မြင်လိုက်သေးသရှင့်"
"အဲ"
လက်ျာဘီလူး အံ့အားသင့်သွားရ၏ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၆)
Written by သင်္ခရာဇာ
End date: September 20, 2021
No comments:
Post a Comment