လက်ျာဘီလူး ပြန်မဖြေမီ ဗိုလ်တွန်က
"အို.. အေးအေးသာနေ၊ ငါတို့ ကြည့်ရှင်းမယ်"
"ဒါပေမယ့်.."
"ဘာဖြစ်တုန်း"
"ဗိုလ်မင်းကြီးတို့ အဝင်လွယ်ပြီး အထွက်ခက်မယ်နော်.. ကျွန်တော်မျိုးမ စိုးရိမ်လို့ ပြောတာပါ"
"ဟိတ်.. ကလေးမ၊ တခြားလူတွေ ကြားကုန်ပါ့မယ်။ အခေါ်အဝေါ်တွေ ဂရုစိုက်မှပေါ့ကွဲ့"
"ဟို.. ဟို၊ နှုတ်မရဲသေးလို့ပါ"
တိုးတိုး တိတ်တိတ် ပြောနေကြသည်ကို လက်ျာဘီလူးက သူနှင့် မဆိုင်သကဲ့သို့ ကျောမှီမိသည်နှင့် မျက်လုံးမှိတ်သွားကာ အိပ်နေတော့သည်။ မိစောမွန်က သူ့ပုံစံကို အံ့သြချင်သော်လည်း အကြောင်းသိနေပြီမို့ အထူးတလည် အံ့သြမနေတော့။
"သင်းကိုကျ မောင်ကြီးလို့ နှုတ်ရဲတယ်ပ"
မိစောမွန်မျက်နှာ ပန်းရောင်သန်းသွား၏ ။ ထိုအခိုက် လက်ျာဘီလူး လက်တစ်ဖက်က ဗိုလ်တွန် လက်ဖျံကို လာကိုင်သည်။ လှည့်ကြည့်တော့ မျက်လုံးမဖွင့်၊ မလှုပ်မယှက်၊ သို့သော် ကိုင်ထားဆဲ ဖြစ်သဖြင့် ငြိမ်သက်နေလိုက်ရာ စကားသံတစ်စကို သဲ့သဲ့ ကြားရ၏ ။
"သည်လုပ်ရပ်လမ်းတွေကို စိတ်ကုန်နေတာတော့ဖြင့် ကြာလှပါကော၊ ရှိသမျှစည်းစိမ်လည်းပြုတ်၊ ရွှေဖြစ်လည်း တန်းမဝင် ရောင်းမထွက်၊ သိဒ္ဓိပေါက်လည်း တစ်ခဏ၊ တစ်ကြိမ်နှစ်ကြိမ်မျှပဲ ဆိုတော့ ကျုပ် ဆက်မလုပ်တော့ဘူးလို့ လုံတွေအကုန် ရိုက်ခွဲခဲ့တာပ ကိုထွန်းရွှေရယ်"
"သြော်.. ကိုဘရှင်နှယ်၊ ခင်ဗျာ့ဟာ ကျုပ်လောက် မဆိုးသေးပါဘူး။ ကျုပ်မလည်း တစ်ဘဝလုံး သည်အရွယ်ကြီးထိ ပြဒါးရှင်ဆိုလည်း တစိုက်မတ်မတ် လိုက်လိုက်ရ၊ သံသေ တစ်ပြည်ဝ ဆိုလို့ သံရှင်တွေ ရှာခဲ့ လိုက်စားခဲ့တာလည်း နည်းမှ မနည်းဘဲကိုဗျ။ နောက်ဆုံး ဖိုပဲ ကျန်ပြီး မိသားစုတောင် ပစ်သွားခံခဲ့ရသမှုတ်လား"
ဦးတွန်က 'အဖိုးကြီးတွေလား' ဟု မေး၍ လက်ျာဘီလူးက မျက်ခွံမလှပ် လှည့်မကြည့်ဘဲ ခေါင်းညိတ်ပြ၏ ။ မိစောမွန်ကတော့ နားမလည်၊ သူတို့ကိုသာ လိုက်ကြည့်နေသည်။
"ဘာဖြစ်လို့လဲ၊ ထွက်ရပ်ပေါက်လမ်း ဝိဇ္ဇာလမ်း လိုက်ပြီး ဖိုထိုးတဲ့သူတွေ မဟုတ်လား"
""အဂ္ဂိရတ်သမားကြီးတွေဗျ၊ နားထောင်ကြည့်"
အဘိုးအိုနှစ်ဦးကတော့ သူတို့စကား သူတို့ဆက်ကာ လေပေးဖြောင့်လျက်။
"နို့.. ကိုထွန်း ထိုးတာက ပြဒါးရှင်လုံးလား"
"မဟုတ်ဘူးဗျ၊ သံရှင်ရယ်။ ပြဒါးသေ တစ်ဆွေဝ၊ သံသေ တစ်ပြည်ဝ ရအောင်လို့ သံရှင်တွေကို လိုသလို သတ်တတ်အောင် နှစ်ပေါင်း ၃၀ ကျော် ရှာပြီး လုံပေါင်း သောင်းသိန်း ထိုးခဲ့တာ။ သံမှာတော့ ကျမ်းပေါက်သလောက် နီးနီး တတ်နေပြီ ဆရာရဲ့"
"တယ်ဟုတ်ပါလား။ သို့ပေနဲ့ သံသေ တစ်ပြည်ဝ ဆိုတာက သံကို လိုသလို ပုံသွင်းတတ်ရင် အမြောက် ခဲယမ်း အသုံးအဆောင် ယာဉ်ရထားက စလို့ အပ်အဆုံး စက်ရုံကြီးတွေ လုပ်ငန်းစင်ကြီးတွေ ထောင်ပြီး လုပ်ကိုင်နိုင်တာမို့ တစ်ပြည်လုံး ကြွယ်ဝချမ်းသာနိုင်တယ်လို့ ဆိုလိုရင်းပါဗျ"
"ဒါလည်း ဟုတ်တာပေါ့၊ တချို့ကလည်း ကျမ်းဂန် ပိဋကနဲ့ ဆိုင်တဲ့ စကားလို့ အယူရှိတာပ။ ပုဂံခေတ်က သံသေလို့ ဘုရားတွေ ထောင်သောင်းချီ တည်နိုင်သွားတယ် ဆိုတဲ့ ဆိုရိုးလည်း ရှိတာပဲ ကိုဘရှင်။ ကျုပ်တစ်သက် ပညာဆုံးခန်းမတိုင်သေးလို့သာ ဓာတ်လုံးမအောင်သေးတာပါ။ နည်းနည်းလောက် သဘောပေါက်ပြီး ဉာဏ်ပွင့်ရင်ကို ထွက်ရပ်လမ်းဘက် ကူးတော့မှာ"
ရုတ်တရက် လက်ျာဘီလူးက ထသွားသဖြင့် ကျန်နှစ်ယောက် ကြောင်နေခဲ့ကြသည်။
"အဘိုးတို့ ဆရာသမားတွေနဲ့ ကြုံတုန်း ကျွန်တော် ဓားတစ်လက် ပြပါရစေခင်ဗျ"
အဘိုးကြီး နှစ်ယောက်ကလည်း သူ့ကို မင်သက်ကြဟန်နှင့်
"ဟဲ့ မောင်ရဲ့၊ တို့က ပန်းပဲဆရာတွေမှ မဟုတ်ဘဲ။ ဓားအကြောင်း ဘာနားလည်မလဲကွဲ့"
"ဓားကို ပြချင်တာ မဟုတ်ပါဘူး။ သတ္တုကို မေးမြန်းကြည့်ချင်လို့ပါ"
"သတ္တုနဲ့ ဆိုင်တာဆိုရင်တော့ ဟော့ဒီ ကိုထွန်းရွှေက ဆရာတစ်ဆူပဲဗျ။ သူမသိတာ ခပ်ရှားရှားရယ်"
"ပြစမ်းပါဦး မင့်ဓား"
လက်ျာဘီလူးက သူ့ဓားကို တရိုတသေ ဖြုတ်ပေးလိုက်၏ ။ ဦးထွန်းရွှေဆိုသူ အဂ္ဂိရတ်သမားကြီးက ပေါ့ပေါ့တန်တန် ယူလိုက်ပြီး ဆွဲထုတ်ကြည့်လိုက်သည်။
"ဟဲ့.. သံက.."
ဟူသော အာမေဋိတ်သံကြောင့် ဦးဘရှင်လည်း ကုန်းကြည့်ပြီး
"အလို.. သံသား ထူးခြားလှချေလား"
"ဘယ့်နှယ့်၊ သံမဟုတ်ဘူးဗျ။ ဒါ အဖိုးတန် သံရှင်တွေ တစ်ချောင်းလုံးအပြည့် ပါနေတာပ"
"ဟုတ်ပါ့မလား ကိုထွန်းရ၊ သံရှင်ဆို ဒီလောက်များများ မရှိနိုင်ပါဘူး"
"ဟုတ်တယ်.. မရှိနိုင်ဘူး။ သို့သော် ကျုပ်မြင်နေရတာ မမှားဘူး။ ဒါ သံရှင်ကို ဓာတ်ကုန်အောင်မသတ်ဘဲ လိုသလို ချန်ထားတဲ့ ပညာခန်း အစီအရင်တစ်ခုဗျို့။ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ သံရှင် မြင်ကို မမြင်ဖူးဘူး တကယ်"
"သံရှင်ကို ဓားလုပ်လို့ ဘယ်ဖြစ်မလဲ"
"သံရှင်သီးသန့်တော့ ဘယ်ဟုတ်မလဲ၊ နေဦး"
ဆိုကာ အဖိုးအိုက အိတ်ထဲမှ ကျောက်အဝိုင်း မည်းမည်းလေးတစ်ခု ထုတ်ကာ ဓားသွားပေါ် တင်ကြည့်၏ ။ လက်နှင့် ပွတ်သလို ထိုကျောက်ဝိုင်းလေးဖြင့်လည်း ပွတ်ကြည့် ခြစ်ကြည့်သည်။
"အလို.. သံလည်း မလိုက်၊ ထူးခြားမှုလည်း မပြ"
နောက်ထပ် ကျောက်ဝိုင်းတစ်ခု ထပ်ထုတ်ကာ အချင်းချင်း ပူးကြည့်ပြန်သည်။ ကပ်သည်။ နောက်ကျောက်ကို ဓားသွားနှင့် ပွတ်တိုက်၍ ပြန်ပူးရာ မကပ်တော့။
"ဆန်းတော့ အဆန်းပဲ။ သူ့ဘာသာ သံ ဂုဏ်သတ္တိကုန်နေတာ မဟုတ်ဘူး။ သူနဲ့ ပွတ်မိတဲ့ သံလိုက်တွေပါ သံဓာတ်ခမ်းကုန်တယ်။ ရေဇယံသံလည်း ထည့်လုပ်ထားတာတောင်"
ဦးထွန်းရှင် ဓားကို အလွန် စိတ်ဝင်စားနေလေပြီ။ ဗိုလ်တွန်တို့ ရောက်လာသည်ကိုပင် သတိမထားမိ။ အသွားကို ခေါက်ကြည့်လျက် သူ့လွယ်အိတ်ကြီးထဲမှ တံစဉ်းငယ် ထုတ်တိုက်ကြည့်ပြန်သည်။ လက်ျာဘီလူးကလည်း သိချင်နေ၍ ဓားပျက်စီးနိုင်ချေ မရှိမချင်း ခွင့်ပြုထားသည်။
"သံရှင်ကို ဓာတ်မကုန်စေဘဲ အမာတင် အကြောသတ်လိုက်တာပဲ။ ဒီလိုလုပ်တဲ့ဓား ကိုင်ထားရတာ အန္တရာယ်များတယ်၊ လူကိုပါ ကူးပြီး စိမ့်ဝင်ခံရမယ် ဆိုပေမယ့် ကောင်းတဲ့အကျိုးဘက် ရောက်အောင် ပြုပြင်ယူထားလိမ့်မယ်။ တကယ့်ကို အံ့မခန်း ပညာရပ်ပါပဲ။ ကျုပ်အထင် ပြောရရင် ဘယ်သူမှ ဒီလောက် မတတ်နိုင်ဘူး။ ဒါ ပညာရပ် တစ်ဘက်ကမ်းခတ်နေတဲ့ လူနှစ်ယောက် ပေါင်းလုပ်ထားတာပဲ"
"ကျုပ်ကတော့ သည်လို ယူဆတယ် ကိုထွန်းရဲ့။ ကိုထွန်းရွှေ အဆိုအရ ကြည့်ရတာ တစ်ဦးသည် သံရှင်ကို ကျုပ်တို့ ခင်ဗျားတို့ထက် နိုင်နင်းတဲ့ ပုဂ္ဂိုလ် ဧကန်ဖြစ်ရမဗျာ။ ဖြစ်လို့ရှိရင်လည်း ခုလောက်ဆို ထွက်ရပ်လမ်းကို မြန်းသွားပြီဗျာ။ ပြီးတော့ သည်အတတ်ဟာ ကျုပ်တို့ဆီမှာ မရှိတော့ဘူး၊ တိမ်မြုပ်ပျောက်ကွယ်သွားတာ ကြာပြီ။ ဆိုတော့.. သည်ဓားဟာ အတော်ရှေးကျတဲ့ ဓားစွမ်းတစ်လက် ဖြစ်ရမယ်"
"သင့်လျော်ပါတယ် ကိုဘရှင်။ ကျုပ် မြင်တာကတော့ နောက်တစ်ယောက်က ပန်းပဲလုပ်ငန်းကိုပါ အတော်ကြီး ထဲထဲဝင်ဝင် တတ်ကျွမ်းတဲ့သူမျိုး။ ရွှေ ငွေ ကြေး သံမဏိ သတ္တုတွေကို သံရှင်နဲ့ လိုသလို စပ်ပြီး ထိရောက်အောင် လုပ်နိုင်တာ တော်တော်တန်တန့် လူလား။ ဓားပုံစံကိုလည်း ကြည့်စမ်းပါဦး၊ အလေးချိန် တွက်လျှော့ထားတာ မပေါ်လွင်လားဗျာ.. ကိုင်း"
"ပေါ်လွင်ပါပေ့ဗျာ၊ မောင်ရင် သည်ဓားကို ဘယ်က ရသလဲ။ ကျုပ် ပြန်ရောင်းမလား"
လက်ျာဘီလူး ပြုံးလျက် ခေါင်းခါ၏ ။
"ရောင်းလို့ မရပါဘူးဗျာ၊ အမွေရတာ ဆိုပါတော့"
"ဓားထက် သံရှင်တွေနဲ့ လုပ်ထားတဲ့ ပညာခဏ်းတွေက တန်ဖိုးဖြတ်လို့ မရဘူး မောင်၊ ဘယ်သူ ဘယ်လောက်ပေး ဝယ်ဝယ် မရောင်းလေနဲ့။ သူတို့ပေးနိုင်တာ ဓားထိပ်ချွန်ဖိုးတောင် မရဘူးမှတ်။ ဟော ဟော.."
တံစဉ်းနှင့် ခြစ်ထားခဲ့သော အရာကလေး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မြင်လျင် အဘိုးကြီးနှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြသည်။ ဓားတွင် အမှန်ပင် အစင်း အရာ မရှိတော့ဘဲ ပကတိ ချောမွေ့သွားလေပြီ။
"မှန်း"
အဖိုးအိုက ဓားသွားကို အပြားလိုက် ဖိကွေးနေသဖြင့် လက်ျာဘီလူးက ယူကာ ကွေးညွှတ်ပြလိုက်သည်။
"တောက်.. တော်လိုက်တဲ့ လူတွေများ"
"ဟုတ်ပ.. မင့်ဓားက ဘယ်သူ့ကိုမဆို ပြတ်တယ်လို့သာ မှတ်ပေရော့။ စီရင်သွားတဲ့ ဝိဇ္ဇာကြီးကိုတောင် ပြန်ခုတ်လို့ ရတယ်"
"ဟုတ်ရဲ့လား၊ ဘယ်လို ဝိဇ္ဇာက စီရင်တာလဲဗျာ"
"သံရှင်ကို မာစေ ပျော့စေ၊ သေစေ ရှင်စေ၊ ပေါင်းစေ ခွာစေ လိုသလို ခိုင်းစေနိုင်တဲ့ စေတစ်လုံးပိုင်ရှင်အစစ် ဝိဇ္ဇာဇော်ဂျီမျိုးပေါ့။ သူ့ကို ကူတဲ့သူက.. အဲ၊ သည်ဓားမှာတော့ အဓိက ပြုလုပ်သူ ဆိုရမှာပ။ အဲသည်သူကလည်း တကယ့်ပညာသည် နှစ် ၆၀ အောက် မလျော့တဲ့ အတွေ့အလေ့နဲ့ နှစ်ဦးပေါင်း အစွမ်းပြသွားခဲ့တာ၊ သိသူဖော်စား မသိသူ ကျော်သွား ဆိုတာ သည်ဓားမှ သည်ဓား အစစ်"
"သည်လိုဓားမျိုး လက်ဝယ်ပိုင်တာ လူသာမန်တော့ မဟုတ်နိုင်ဘူး။ မောင်ရင်က ဘုန်းကြီးတဲ့သူ ဖြစ်ရမယ်"
လက်ျာဘီလူး၏ ဓားနက်ကို ချီးမွမ်းနေကြရာ ဗိုလ်တွန်က အားကျမခံ အဝတ်စများကို ဖြည်ပြီး
"ဒီမှာလည်း ဓားတစ်လက် ရှိပါသေးတယ် ဦးမင်းများ၊ သူ့ဓားလို လုပ်ရပ်ပစ္စည်း မဟုတ်ပေမယ့် ထူးခြားတဲ့ အမာစားမို့ လေ့လာကြည့်ကြပါဦး"
"ဟေ"
ဦးဘရှင်က လက်လှမ်းလိုက်သည်။ အိမ်ကို သေသေချာချာ ကြည့်နေသေး၏ ။
"ဟယ်..၊ ဒါလည်း ဓားကောင်းပဲ။ အလွန် ခန့်ညား လှပရုံ မကဘူး။ အစီအရင် သိပ်ကောင်းတယ်လို့ ဆိုနိုင်ရဲ့"
"ကဲ.. ကိုဘရှင်ရဲ့ ပညာကို ကြည့်ကြပါစို့ မောင်မင်းများ"
"မိုးကြိုးပစ်ရစီရဲ့ သည်လိုဓားဖြင့် သည်တစ်ခါ မြင်ဖူးတယ်။ သည်သံအသားမျိုး ရအောင် အကြိမ် ဘယ်နှထောင်များ ထိုးခဲ့ကြရမှာပါလိမ့်၊ အေးစိမ့်နေလိုက်တာ"
"ပြီးတော့လည်း ကိုဘရှင်၊ ဒါ သာမန်ပစ္စည်းမဟုတ်ဘူး။ နန်းတွင်းသုံး အပြင်အဆင် လက်ရာမျိုးပ။ သူတို့ ဒါတွေ ဘယ်က ရခဲ့ကြတယ် မသိဘူး"
အဘိုးကြီးများ သူတို့ဘက် လှည့်လာပြီး
"မောင်တို့က ဘယ်သူတွေများလဲ"
လက်ျာဘီလူးက
"အဲဒီ ဓားတွေနဲ့ ထိုက်တန်တဲ့ ပိုင်ရှင်တွေပါ"
"မင်းညီမင်းသားတွေလားကွယ်"
"မဟုတ်ပါဘူးဗျာ"
"အပြင်လူ လက်ထဲ သည်လောက်ကောင်းတဲ့ ဓားတွေ ရောက်နေတာ ကျုပ်ဖြင့် တွေးတောင် မကြည့်ဝံ့တော့ဘူး။ ကျုပ်တို့ကိုယ် ကျုပ်တို့ တော်လှ တတ်လှ မှတ်တာ၊ တကယ်တမ်း သူများတွေ လုပ်သွားတာ မြင်ရတော့ ကျုပ်တို့က ကလေးသူငယ် အဆင့်ပါလားဟရို့"
"ဦးကြီးတို့ ညံ့တာ မဟုတ်ပါဘူး။ သည်ဓားတွေကိုက အစီအရင်ကောင်းတာ ဖြစ်ပါလိမ့်မယ်"
"အေးဗျာ.. ကျုပ်လည်း တွေး မတွေးမိဘူး။ ပြဒါးဖမ်းမယ် ရွှေဖြစ်ရမယ် သံသေရမယ် ဓာတ်လုံးလုပ်မယ်ပဲ တစ်သက်လုံး တွေးလာတာ။ ကိုယ့်ပညာကို ဓားထဲ ထည့်ပြီး ဘယ်သူမှ မသိအောင် ထားခဲ့တာမျိုး တွေးဝံ့သူ လုပ်ရဲသူတွေ ရှိမယ်လို့ ထင်တောင် မထင်ဘူး"
"ကိုင်း၊ ဒါဖြင့် ကျုပ်ဓားကိုရော ဘယ်လို လုပ်ထားသလဲ ဆိုတာ ခန့်မှန်းပေးကြပါဦး ဦးမင်းတို့ရဲ့"
ဗိုလ်တွန်က တောင်းဆိုလာသဖြင့် ဦးဘရှင်က ချောမွေ့အေးစက်နေသည့် ဓားသွားကို ဖွဖွ ရွရွ ပွတ်သပ်ကြည့်ရင်း....
"ကျုပ်က သိပ်နားမလည်လှပေမယ့် သူထိုးခဲ့ပုံ မှန်းကြည့်ရတာတော့ ဓားတစ်လက်ရဲ့ အဓိက လိုအပ်ချက်တွေကို အဆုံးစွန်ဖြည့်ဆည်းထားတဲ့ သဘောပဲ။ ဥပမာ ဓားက မာရမယ်မို့လား၊ မာလွန်းလို့ ဆတ်မသွားရဘူးမို့လား။ ဓားချင်း ထိခတ်တဲ့ အချိန်မှာ သူက ပိုမာကျောရမယ်။ အရိုးအသား ခုတ်ဖို့အတွက် အမြဲ ပြတ်ရှနေရမယ်။ မပဲ့မလိပ် မကျိုးမတွန့် ခံနိုင်စွမ်း ပိုရမယ်။ ဒီလို အရေးပါတဲ့ အရာတွေမှာ အပြစ်စင်အောင် လုပ်ထားပုံမျိုး သတ္တုကျနေတာ"
"ကောင်းပါလေ့ဗျာ၊ မောင်တို့ ဓားအချင်းချင်းရော ခုတ်ကြည့်ဖူးလား"
လက်ျာဘီလူး ဖြေပေးလိုက်၏ ။
"ခုတ်ဖူးပါတယ်၊ ကျွန်တော့်ဓား အသွားပဲ့သွားတယ်"
"ဟေ.. ပဲ့တော့ အသားပြန်တင်လိုက်မိသေးလား"
"မတင်ရဘူး၊ သူ့ဘာသာ ပျောက်သွားတယ်"
"အိမ်း.. ဟုတ်သားပဲ။ ကျုပ် သတိမေ့တာ။ သံရှင်သတ္တိနဲ့ ပြည့်ရမပေါ့။ ဒီတော့ သံမှာဆို လူလေး သံရှင်ဓားထက် သူ့ သံမာဓားက သာသလို ဖြစ်နေတာပေါ့"
"ဟုတ်ပါတယ်၊ အဲဒါ ယိမ်းနွဲ့ပါးဓားပဲလေ"
"ဟေ"
သံပြိုင် အံ့သြလိုက်ကြပြီး
"အင်းဝနန်းစဉ်ဓားက ဘယ်လိုလုပ် အပြင်ရောက်နေတာလဲ မောင်တို့"
"အင်းဝတောင် ပျက်မှတော့ ရောက်ပြီလားခင်ဗျ"
"ဒါဆို သာမန်ဓားမှ မဟုတ်ဘဲ၊ ပညာရှင် သမားကျော်ကြီးတွေ ကိုးဆယ် တစ်ရာ စုပေါင်းစီရင်ခဲ့ကြတဲ့ ရာဇဝင်ကျော် ဓားတော်ပဲ။ ဒါ့ကြောင့် ကောင်းလှပါကလား မှတ်တာ"
အဘိုးကြီးနှစ်ဦး လေသံက ကျယ်လာသဖြင့် အခြားသူများ နားစွင့်နေကြသည်ကို သူတို့ သတိမထားမိ။ မိစောမွန် လက်ကုတ်မှ လက်ျာဘီလူး သတိဝင်၍ ဓားကို ပြန်ယူလိုက်သည်။ သို့သော် လူအများ မျက်စိက ယိမ်းနွဲ့ပါးဓားပေါ်မှာ..။
အကင်းမပါးလှသည့် ဗိုလ်တွန်ကတော့ သူ့ဓားကို ဂုဏ်ယူစွာ ဆက်မေးနေသေးသည်။
"ကျုပ်ဓားနဲ့ သူ့ဓား ဘယ်သင်းက သာသလဲဗျ၊ ရှင်းပြပေးပါဦး.."
"အို.. မောင့်ဓားက သာရမှာပ။ ယိမ်းနွဲ့ပါးနဲ့ ယှဉ်ရင်တော့ သံရှင်ဓားဖြစ်ဖြစ် ကိုးသင်္ချိုင်းဓားဖြစ်ဖြစ် သာမန်အဆင့်ပဲ ဖြစ်သွားပြီ။ တူမလား မောင်တို့၊ သည်ဓားက လူ ၉၀ ကျော် အဝင်အထွက် နက္ခတ်နဲ့ စီရင်ရတာ။ နန်းတော်တစ်ဆောင် ဆောက်ရသလောက် အင်အားသုံးရတယ် ဆိုပါရော"
"အဟဲ.. ဟဲ.. ဟဲ"
သဘောကျနေသည့် ဗိုလ်တွန်ကို လက်ျာဘီလူး မျက်ရိပ်ပြသည်၊ မမြင်။ မိစောမွန် မျက်နှာကြည့်နေသည်၊ မသိ။ ကံကောင်းထောက်မ၍ ထိုမျှနှင့် သူ့ဓားကို ပြန်ယူလိုက်ပြီး မျက်လုံးဝေ့ကြည့်၏ ။ လူအများ အာရုံစိုက်နေကြောင်း သိသော် ပြုံးသွားလိုက်သေးသည်။
မိစောမွန်က လေသံဖြင့် ဆိုသည်။
"သည်လှေပေါ်က လူတွေထဲမှာ ပဲခူးသားတွေ ပါလိမ့်မယ် ထင်ပါတယ် အရှင်"
ဗိုလ်တွန် မျက်မှောင်ခဲသွား၏ ။
"ပါတော့ရော ဘာပြုသတုန်း"
"ကျွန်တော်တို့ သူမသိအောင် ဝင်သွားတာ ပိုမကောင်းဘူးလား ဦးတွန်"
"ဟယ်.. သေမှာတောင် မကြောက်တဲ့သူက ဝိုင်းဖမ်းမှာကို စိုးရိမ်နေသလား"
ဗိုလ်တွန်ကြီး လက်ျာဘီလူးဘက် လှည့်သွားသည်။
"တပင်ရွှေထီး နားထွင်းတော့ ဘယ်မှာ ထွင်းသတဲ့လဲ၊ ရန်သူ့မြို့လယ် အထွတ်အချာ မော်ဓောစေတီပေါ် တက်ထွင်းသမို့လား။ အေး.. သူရဲကောင်းမှန်ရင် သူ့နယ်ကိုယ့်နယ် မခွဲနဲ့။ (မိစောမွန်အား တစ်ချက် ကြည့်၍) မင်းတို့ ပဲခူးမြို့ကို ပုန်းလျှိုးကွယ်လျှိုး မဝင်ဘူး။ အရိန္ဒမ ဘေးထား၊ ဗညားဥပရာဇာအိမ်လည်း တက်မယ်။ ငတွန်ကွ"
(ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၉)
Written by သင်္ခရာဇာ
End date: September 22, 2021
No comments:
Post a Comment