"ဟာ"
"မဖြစ်နိုင်ဘူးနော်"
"အေး.. ဟုတ်ပ"
"သေချာကြည့်စမ်းဟ"
မိန်းမပျိုမှာ ဆုံးပါးစဥ်က မြေချထားသည့် ပုံစံအတိုင်း မဟုတ်ဘဲ လက်တစ်ဖက်က လက်သီးကို ဆုပ်လျက်၊ တစ်ဖက်သည် စောင်ကို ဆွဲကိုင်ထားကြောင်း တွေ့ရသည်။ ခြေများကလည်း ဆန့်ဆန့်ရန့်ရန့် မနေ၊ ခပ်ကွေးကွေး အနေအထား။
"ဒါ အရှင်လတ်လတ် အမြှုပ်ခံလိုက်ရတာ မဟုတ်ဘူးလား"
"သူ့ကို မြေချတော့ ကျုပ်ရှိတယ်ဗျ။ နောက်ဆုံးအချိန်ထိ သူ့မျက်နှာလေးကို ကြည့်နေခဲ့တာ။ အဲဒီတုန်းက ဒီလို မျက်မှောင်ကျုံ့ထားတာ မဟုတ်ဘူး"
လက်ျာဘီလူးက တွေးတွေးဆဆဖြင့်
"ကြည့်ရတာ အဲဒီနေ့က မေ့မျောနေပြီး မြေမြှုပ်ခံရပြီးမှ သတိလည်လာပုံ ရတယ်။ အတင်းရုန်းပြီး ထွက်ဖို့ ကြိုးစားခဲ့ပုံမျိုး စောင်တွေ ဖျာတွေ ပြေနေတာပဲ။
သူ ကြိုးဆွဲချ သေခဲ့တာ ပိုပြီး မဖြစ်နိုင်တော့ဘူး။ လည်ကို ကြိုးနဲ့ ချည်ပြီး တန်းလန်းဆွဲရင် မေ့မျောရုံလောက် မဖြစ်နိုင်ဘူး ထင်တယ်။ တစ်ယောက်ယောက်က သတ်ခဲ့ပြီးမှ သတ်သေသလိုပုံ ပေါ်အောင် လုပ်ခဲ့တာ ဖြစ်နိုင်တယ်"
"ဒါပေမယ့် ဘာ့ကြောင့် ခုထိ မပုပ်သိုးသေးတာလဲ"
ငကံအမေးကို ငမြတ်ကျော်က
"မင်းတို့ကို အခုမှ ပြောရတော့မယ်။ ကိုရင်ငစံ ပြောတာ ဖြစ်နိုင်တယ်။ သူ အသတ်ခံရတဲ့အတွက်၊ ပြီးတော့ အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရတဲ့အတွက် နောက်ဆုံးအချိန်မှာ မကျေနပ်ချက်တွေ သိပ်များခဲ့လို့ မင်းတို့ရွာ ကျိန်စာသင့်သလို တောဝင်သလို ဖြစ်နေတာပဲ။ အဲဒါမျိုး မကျေနပ်နိုင်တဲ့သူရဲ့ အကောင်ဟာ မပျက်မစီး ဒီအတိုင်း ရှိနေတတ်ပြီး ကျိန်စာတိုက် ကလဲ့စားချေတာမျိုး လုပ်တတ်တယ်လို့ ကျမ်းတစ်ဆူမှာ ငါ လေ့လာဖူးတယ်"
"ဒါဆို.. သူ၊ သူက မကျေနပ်နိုင်သေးဘဲ လူတွေ လိုက်သတ်နေတာပေါ့နော်။ ဖြစ်ရလေ မိပိုးရယ်"
မပိုး၏ အကောင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည့် ဖိုးမှန်၏ မျက်ရည်တစ်စက်က မပိုးမျက်နှာပေါ် ကျသွားရာ မျက်မှောင်ကျုံ့ပြီး အံတင်းတင်း ကြိတ်ထားဟန် ခေတ္တ ကွယ်ပျောက်သွားသည်ဟု ငမြတ်ကျော် ထင်လိုက်မိသည်။ သို့သော် သေချာပြန်ကြည့်ရာ မူလအတိုင်း ရှိနေပြန်၏ ။
"ကိုရင်ဖိုးမှန် နောက်ဆုံးကြည့်ခဲ့တုန်းက ဒီပုံစံ မဟုတ်ဘူးလို့ ပြောတယ်နော်။ ဘယ်လို ပုံစံမျိုး ဖြစ်နေခဲ့တာလဲ။ မျက်လုံးပြူးပြီး လျှာထွက်နေလား"
"မထွက်ပါဘူးဗျာ။ အိပ်နေသလိုပါပဲ"
"ဟုတ်ပြီ.. ဟုတ်ပြီ။ သူ့ကို ဝေဒနာ ခံစားနေရတဲ့ ပုံစံ မပေါ်အောင် လက်တွေဖြေ ခြေထောက်တွေ ဆန့်ထားကြည့်ကြရအောင်"
ငမြတ်ကျော်က ဆုပ်ထားသော စောင်ကို ဆွဲထုတ်နေခိုက် ငကံက လက်သီးဆုပ်ကို ဖြေရာ မရ။ လက်ျာဘီလူး ခပ်တင်းတင်းကိုင်၍ ဖြေလိုက်မှ ပြေလျော့သွားသည်။ ဖိုးမှန်ကတော့ ခြေထောက် နှစ်ချောင်းကို တယုတယ ပြင်ပေးနေ၏ ။
"အစ်ကိုတို့ ကိုရင်တို့ ကြည့်ကြစမ်းပါဦး။ သေသွားတဲ့သူက အကြောတွေ တောင့်တင်းနေရမယ် မဟုတ်လား။ သူက ဆန့်လို့ ကွေးလို့ ရသေးတယ်ဗျ။ မသေသေးဘဲ မေ့မျောနေတာလား မသိဘူး။ သေချာ ကြည့်ပေးကြပါဦးဗျာ"
ဖိုးမှန်၏ ငိုသံနှင့် တောင်းဆိုနေမှုကြောင့် သူတို့ စိတ်မကောင်း ဖြစ်သွားကြပြီး နှာဝနှင့် ရင်ကို ဖိထားကြည့်သည်။ သွေးလည်း စမ်းကြည့်ပြီး
"တစ်လလောက် သတိလစ်တာတော့ မဖြစ်နိုင်ဘူးလေကွာ။ အဲဒီနေ့မဟုတ်ရင် နောက်နေ့တွေမှာ သတိလည်လာလို့ သူ ရုန်းကန်ထားတာပဲ။ ခုတော့ သေသွားပါပြီ။ ငမြတ်ကျော် ပြောသလို မှတ်လိုက်ပါ ကိုရင်ရာ"
ငကံက ဖိုးမှန်ပခုံးပေါ် လက်တင်၍ ပြောစဥ် လက်ျာဘီလူး စိတ်ကူးတစ်ခု ရ၍ ငမြတ်ကျော်အား မျက်နှာရိပ် မျက်နှာကဲဖြင့် ဖိုးမှန်ကို ခေါ်ထုတ်သွားရန် အချက်ပြလိုက်သည်။ ငမြတ်ကျော်က
"စိတ်လျှော့ပေါ့ ကိုရင်၊ လာ.. သူ့အတွက် အစီအရင်လေး လုပ်ပေးရအောင် ကျွန်တော့်ကို ကူပါဦး"
"သူ့ကို တစ်ခုခုတော့ မလုပ်လိုက်ပါနဲ့ဗျာ"
"မလုပ်ပါဘူး စိတ်ချပါ။ ဟောဒီက တပ်မှူးကလည်း ဘာမှ မလုပ်ဖို့ အလာကတည်းက ကြိုတင် မေတ္တာရပ်ခံထားပြီးသားပါ"
ငမြတ်ကျော်နှင့် ဖိုးမှန် ကျင်းပေါ်တက်သွားကြသောအခါ လက်ျာဘီလူးက ရုတ်တရက် မပိုး၏ ဗိုက်ပေါ် ယှက်ထားသော လက်ကို ဖယ်လိုက်ပြီး ရင်ညွန့်မှ အဝတ်ကြယ်သီးလုံးကို ဖြုတ်လိုက်ရာ
"တပ်မှူး"
ငကံအသံ ထွက်လာသည်။ သို့သော် လက်ျာဘီလူး ရပ်တန့်မသွား။ သူ့လက်တစ်ဖက်က မပိုးလက်များကို ဖိကိုင်ထားပြီး မျက်လုံးများကလည်း မပိုးမျက်နှာမှ လုံးဝ မရွေ့။ လက်တစ်ဖက်သာ ရင်ညွန့်မှ ရွေ့လျား အောက်ဆင်းသွားပြီး
"ငကံ.. မီးပြစမ်း"
တပ်မှူးသည် မမြင်အပ်ရာကို သေချာစွာ ကြည့်ရှုနေ၏ ။ ထိုမျှနှင့် မရပ်ဘဲ လက်က အောက်ဘက်သို့ ထပ်ရောက်သွားသောအခါ ငကံ မျက်နှာလွှဲရမလိုလို ဖြစ်သွားသည်။ သို့သော် မလွှဲမိဘဲ မီးရောင်ကိုပင် အနားသို့ ပိုတိုးလိုက်မိသေးသည် ထင်၏ ။
လက်ျာဘီလူးကတော့ သူဖိထားသည့် မပိုးလက် တစ်ချက် တင်းခနဲ ဖြစ်သွားသည်ဟု ခံစားလိုက်ရသဖြင့် မျက်နှာကို သေချာ ပြန်ကြည့်နေရသည်။ ထူးခြားမှု မမြင်တော့မှ ဖယ်ရှားခဲ့သည်တို့ကို ပြန်လည်ဖုံးအုပ်ပေးလိုက်ပြီး
"ရပြီ ငကံ.. မီးမှုတ်ပြီး တက်တော့။ ငါတို့ သူ့ကို ဒီတိုင်း ထားခဲ့ဦးမယ်"
"ဒီတိုင်းထားလို့ ဖြစ်ပါ့မလား။ လူတွေ သိကုန်မှာပေါ့။ မြေတွေ ပြန်ဖုံးခဲ့မှ ထင်တယ်"
"သြော်.. ငကံ၊ လူတွေကို ဂရုမစိုက်ဘဲ ပြောပစ်ခဲ့ပြီး ငါ့နောက်လိုက်လာပြီးမှ သူတို့ကို အရေးလုပ်နေပြန်သတဲ့လား"
ငကံ ရှက်ဝါးဝါး ဖြစ်သွားပြီး မြေကျင်းထဲမှ တက်သွားရာ လက်ျာဘီလူးက မျက်နှာကိုသာ ချန်၍ မပိုးတစ်ကိုယ်လုံး စောင်ဖြင့် ဖုံးအုပ်ပြီးလျင် သူလည်း ပြန်တက်ခဲ့၏ ။ ထို့နောက် ငမြတ်ကျော် အမိန့်တော် ပြန်နေသည်ကို ခေတ္တ စောင့်ဆိုင်းနေစဥ် ငကံအား ပြောလိုက်သည်။
"ညနေက ထန်းတောက ပြန်လာလာချင်း မင်းတို့ရွာက လူငယ်တစ်ယောက်ကို ငွေပေးပြီး မပိုးတို့ နေခဲ့တဲ့ ရွာကို လွှတ်လိုက်တယ်။ သိပ်မဝေးဘူး ပြောတာပဲ။ သည်ညရောက်ရင် စုံးစမ်းပြီး မနက် ချက်ချင်း မြစ်ခြေကို လိုက်လာပါလို့ မှာလိုက်တယ်။ ငါ မသိသေးတာလေးများ ရှိမလားလို့ အမေးခိုင်းလိုက်တာ"
မြတ်ကျော် ပြီးပြီဖြစ်ရာ သူတို့ သုသာန်ထဲမှ ထွက်ခဲ့ကြသည်။ ဖိုးမှန်က နောက်တကြည့်ကြည့်၊ ငမြတ်ကျော်ကလည်း မြေမဖုံးခဲ့သည့်အတွက် စိုးရိမ်နေသည်။ ငကံကတော့
"ဘာမေးခိုင်းလိုက်တာလဲ တပ်မှူး"
"ငါလည်း မသိသေးဘူး လေကွာ"
"တပ်မှူး သိရသလောက် ကျွန်တော်တို့လည်း ပြောပြထားပါဦး"
"ဒီလိုကွဲ့ ငကံ"
လက်ျာဘီလူး ကလူကလဲရွာ အရှေ့ကျောင်းသို့ ရောက်ခဲ့စဥ်က ကပ္ပိယကြီးနှင့် စကားပြောရင်း အမှတ်မထင် ကြားလိုက်ရသည့် စကားတစ်ခွန်းမှာ "သူတို့ ရောက်လာကတည်းက သည်ကျောင်းမှာ ငါနဲ့ အရင်ဆုံး စခင်ကြတာပဲကွ" ဟူ၏ ။ တခြားမှ ပြောင်းလာကြသည် ဖြစ်မည်ဟု အနည်းငယ် မေးမြန်းကြည့်ရာ သူ့ဖခင် အရက် သောက်တတ်ကြောင်းကိုပါ သိလာရသည်။
ထို့ကြောင့် ဦးသော်ကောင်း ရှိမည့်နေရာကို ရှာဖွေတီးခေါက်ကြည့်သည်။ ညနေ ထန်းတောသို့ ရောက်တတ်ကြောင်း ကြား၍ သွင်ပြင် ပုံသဏ္ဍာန် ဘယ်သို့ရှိသည်ကို မေးကာ သာမန်အခြားရွာသားဟန်နှင့် ထန်းတောထဲမှ သွားစောင့်နေသည်။
နေမစောင်းမီ ဦးသော်ကောင်းနှင့် အဖော် နှစ်ယောက် ရောက်လာသဖြင့် မိတ်ဖွဲ့ပြီးလျင် ရွာအခြေအနေ မေးမြန်းရသည်။ ထိုမှတစ်ဆင့် လူအများက မပိုး၏ သေဆုံးခြင်းမှ စခဲ့သည်ဟု ပြောဆိုနေကြကြောင်း အသိပေးလိုက်ရာ ဦးသော်ကောင်းက
"ငါ ကြားသားပဲကွ။ ဒီကောင်မလေးကလည်း လူကြည့်တော့ ပျော့စိစိနဲ့ မာန်က အင်မတန်ကြီးတာ။ ပြောလို့တော့ မရဘူးပေါ့။ ဘာလို့ သတ်သေသွားမှန်းလည်း သူ့အမေကို မေးမရဘူး။ ဘယ်သူမှ မသိဘူးလို့ ပြောတယ်။ သူတို့ သမီးရည်းစား ပြဿနာကြောင့် စိတ်ညစ်ပြီးများ လုပ်သွားသလားပဲ"
ဟု ဆို၏ ။ ထိုနေရာအရောက်တွင် လမ်းလျှောက်ရင်း နားထောင်လာသော ဖိုးမှန်က ဒေါသတကြီးနှင့်
"ဘာဗျ၊ ဒီလူကြီး ဒီလိုပြောတယ် ဟုတ်လား။ ကျုပ်တို့က ရန်ဖြစ်ဖို့ ပြဿနာဖြစ်ဖို့ နေနေသာသာ သူကြောက်တတ်လွန်း စိုးရိမ်တတ်လွန်းတာနဲ့ပဲ လူချင်းတောင် သိပ်မတွေ့ရပါဘူး။ အဖော်အပေါင်းများနဲ့ သွားလာလည်ပတ်မှသာ အများနဲ့ ရောနှောတွေ့ခွင့် ရတာမျိုး။ သူတို့က ကာလသားတွေ အလည်လာတာလည်း သိပ်သဘောကျပုံ မရတာနဲ့ ဘယ်သူမှတောင် သွားချင်ကြတာ မဟုတ်ဘူး"
လက်ျာဘီလူးက ဖိုးမှန်ကို မကြည့်ဘဲ ခပ်တည်တည် မျက်နှာဖြင့်ပင်
"ဒါကတော့ ဘယ်သူ ဘာလဲ ဆိုတာ မနက်ကျ သိရမှာပါ။ ခုတော့ ဘယ်သူ့ကိုမှ မစွပ်စွဲတာ ကောင်းပါတယ်လေ။ ဒါတောင် ကျွန်တော့်မှာ အလကားနေ စွပ်စွဲခံနေရတာ သိတဲ့အတိုင်းပါပဲ"
ဖိုးမှန်မှာ သူ့ကို အမှုပတ်လာသည့်အတွက် ဂနာမငြိမ် ဖြစ်နေသည်။ လက်ျာဘီလူးကလည်း တည်တည်ကြည်ကြည်။ ငကံတို့ကလည်း ဘာမှ မပြော။ တကယ်တမ်း ပြောနေသည့် အသံကို အိမ်မရောက်မီ အဝေးကြီးမှ ကြားလိုက်ကြရသည်။
"မကျေနပ်ဘူး၊ လုံးဝ မကျေနပ်ဘူး.."
........................................................
No comments:
Post a Comment