Translate

တောဝင်ခြင်း (၁)

လက်ျာဘီလူး ဝင်လာတော့ ကလူကလဲရွာလေးမှာ ထူးထူးခြားခြား တိတ်ဆိတ်နေ၏ ။ မိုးရွာထားသောကြောင့် လူတွေ မထွက်ကြခြင်းမျိုး မဟုတ်ဘဲ တစ်စုံတစ်ခုသော အကြောင်းကြောင့် ငြိမ်သက်နေကြသလို ထင်မိသည်။

သူသည် မြင်းကို ဆွဲကာ လူရှိမည် ထင်ရသော အိမ်တစ်အိမ်ရှေ့၌ ရပ်၍ အော်လိုက်၏ ။
"အိမ်ရှင်တို့ ရှိကြပါသလား ခင်ဗျာ"
အတန်ကြာ တိတ်ဆိတ်နေခဲ့သည့် တဲအိမ်ကလေး ငြိမ့်ခနဲ ဖြစ်သွားသည်။ အိမ်ထဲမှ ကြက်တောင်စည်းနှင့် သျှောင်ပေစူး ကလေးငယ်နှစ်ဦး ချောင်းကြည့်ကြသည်ကိုလည်း တွေ့ရပြီး ခေါင်းကလေးများ ပြန်ဝင်သွားကြသည်။
"လာပြီ.. လာပြီ"
အိမ်အတွင်းဘက်မှ အသံ ထွက်လာလျက် ထမီရင်လျားနှင့် မိန်းမတစ်ဦး ပေါ်လာသည်။
"ဘာပါလိမ့်ကွယ်၊ ဧည့်သည်လား။ ဒီကာလကြီးမှာကွယ်"
"လူတစ်ယောက်ကို စုံစမ်းချင်လို့ပါ"
မိန်းမကြီးက စူးစမ်းအကြည့်ဖြင့် ဆင်းလာ၏ ။
"ဒီရွာမှာ ငကံ ဆိုတဲ့သူ ရှိသလား လို့ပါ။ အရင်က မင်းမှုထမ်းဖူးတဲ့ ငကံလေ"
"သြော်.. သိတယ်။ ရှိတယ်၊ သူ့အိမ်က ဟိုဘက်ခြမ်းမှာပဲ။ သည်ရှေ့က လမ်းအတိုင်း လိုက်သွား၊ ညောင်ပင်နဲ့ လမ်းထဲ ချိုးဝင်လိုက်ရင် ရေအိုးစင်ကလေးနဲ့ ဝိုင်းက သူတို့ဝိုင်းပဲ"
"ဟုတ်ကဲ့.. ကျေးဇူးပါခင်ဗျာ"
မိန်းမကြီးက ခပ်သုတ်သုတ် ပြန်တက်သွားရင်း နှုတ်မှလည်း ဖတ် ဖတ် ဟု ရေရွတ်သွားသေးသည်။ ထိုစဥ် သူ့နောက်မှ ရောက်နေသော အသက် ၅၀ ခန့် အဒေါ်ကြီးတစ်ယောက်က ပြောင်းဖူးဖက် ဆေးလိပ်ကြီးအား တစ်ဖက်မှ ဖွာလျက် ကျန်လက်တစ်ဖက်က ခြံစည်းရိုးတိုင်ပေါ် လက်ထောက်လိုက်ပြီးလျင်
"ဟဲ့.. သူငယ် ၊မင်းက ဘယ်သူလဲ။ ဘယ်ကလဲကွဲ့"
သူက လာရောက်မေးမြန်းသော အဒေါ်ကြီးဘက် လှည့်၍ ခါးညွှတ်ကာ
"ကျွန်တော့်အမည် လက်ျာဘီလူးပါ"
"အောင်မယ်လေးတော်.. နာမည်ကလည်း"
ထိုအဒေါ်ကြီးသည် ရုတ်တရက် အော်ဟစ်လျက် လှည့်ပြေးသွားပြီး မျက်နှာချင်းဆိုင်ရှိ အိမ်ပေါ် တဒုန်းဒုန်း ပြေးတက်သွားရာ လက်ျာဘီလူး ငေးကြောင် ကျန်ခဲ့၏ ။
"ဘာများ ဖြစ်လို့ပါလိမ့်"
မြင်းကို ဆွဲရင်း လှည့်ထွက်မည်ပြုစဥ် ထိုအိမ်ပေါ်မှ အဒေါ်ကြီးအသံ ထွက်လာပြန်သည်။
"ဟဲ့.. ကလေးတွေ၊ ဘယ်သွားနေကြလဲ။ မြန်မြန်လာကြစမ်း။ ခု အိမ်ပေါ်တက်ခဲ့"
ခေါ်သံကြောင့် အကွယ်မှ ကလေးတစ်ဦး ပြေးထွက်လာပြီး လက်ျာဘီလူးနှင့် မြင်းကို ကြည့်ကာ ကြောက်လန့်တကြား အိမ်ပေါ်ပြေးတက်ပြန်လေ၏ ။ သို့ရာတွင် လှေခါးထိပ်ရောက်ပါမှ ခြေချော်နင်းမိလျက် နံဘေးသို့ ယိုင်သွားပြီး အိမ်အဝတွင် ချိတ်ထားသည့် ပိုက်ကွန်နှင့် လုံးထွေး ငြိယှက်နေသည်။
ကလေး၏ လန့်အော်လိုက်သံ ကြားသော်လည်း အဒေါ်ကြီးမှာ ထွက်မလာချေ။ ကလေးက ဝူးဝူးဝါးဝါး အော်ဟစ်နေသဖြင့် လက်ျာဘီလူးလည်း ထိုခြံဝင်းထဲ ဝင်သွားလိုက်ပြီး ကလေးကို ဆွဲထုတ်ပေးရန် ကြိုးစား၏ ။ ကလေးမှာ ရုန်းကန်နေ၍ ပိုမိုရှုပ်ထွေးနေသည်။
ကလေး တစ်ကိုယ်လုံးကို ငုံးထောင်သည့် ပိုက်ထဲမှ ဆွဲထုတ်ပြီးသောအခါ ခြေကျင်းဝတ်တွင် ပိုက်ကြိုးများက တင်းကြပ်စွာ ရစ်ပတ်နေကြောင်း တွေ့ရလေသည်။
"ဒီကြိုးကိုတော့ ဖြတ်မှ ဖြစ်လိမ့်မယ်"
သူက ကလေးကို အသိပေး၍ ကျော၌ လွယ်ထားသော ဓားကို ဆွဲထုတ်လိုက်လျင် အိမ်ပေါ်မှ လန့်အော်လိုက်သံ ဗလုံးဗထွေးကို ကြားရပြန်၏ ။ သူကမူ ဂရုမစိုက်တော့ဘဲ ကြိုးကို ကြိတ်လှီးလိုက်ရာ ကလေးမှာ လွတ်သည်နှင့် လှေကားအတိုင်း လျင်မြန်စွာ လေးဘက်ထောက် တက်သွားတော့၏ ။
သည်ရွာမှာ ရဲမက်တွေ ရမ်းကားနေသလား၊ ခိုးသားဓားပြ ဆူပူထကြွ မင်းမူနေသည်လားဟု တွေးရင်း ငကံအိမ်ရှေ့ ရောက်လာသောအခါ နွားတင်းကုပ်ဝယ် အဖိုးအိုတစ်ဦးကို မြင်သဖြင့်
"ဗျိုး.. ဘကြီး၊ ဒါ ငကံတို့ အိမ်များလားခင်ဗျ"
အဖိုးအိုသည် လှည့်ကြည့်လျက်
"ဟုတ်တယ် မောင်၊ ငကံတော့ မရှိဘူး။ နွားစာ ပြောင်းရိတ်သွားတယ်။ လာလုပါပြီ"
အဖိုးအိုကပင် သူ့ကို ဧည့်ခံ၏ ။
"ကျွန်တော်က သူ့တပ်မှူးပါ။ ငစံလို့ ခေါ်ပါတယ်"
"အို.. မောင်ကံ ပြောပြောနေတဲ့ တပ်မှူးကြီးလား။ လက်ျာဘီလူး ဆိုတာ၊ တွေ့ရတာ ဝမ်းသာပကွယ်"
"ဟုတ်ပါတယ်။ သူ ရွာပြန်သွားတယ် ကြားလို့"
"မယ်ရင်ရေ.. မယ်ရင်၊ ဒီမှာ ဧည့်သည် ရောက်နေတယ်ဟေ့။ ရေနွေးကြမ်းအိုး ဖြည့်ခဲ့ပါဦး"
အိမ်နောက်သို့ အော်လည်းအော်၊ ကွမ်းအစ် ဆေးလိပ်တောင်းတို့ကိုလည်း သူ့ရှေ့ တည်ခင်းလျက်မှ
"ဟုတ်တယ်မောင်ရေ၊ မောင်မရှိတော့လို့ ဆိုပြီး သူလည်း နေပြည်တော်မှာ သိပ်မနေပါဘူး။ ပြန်လာတာပဲ။ မင်းမှုမထမ်းချင်တော့ဘူး ဆိုတာပဲ"
"လာပြီ ကိုဖိုးစီရေ၊ ဘယ်က ဧည့်သည်များပါလိမ့်။ အနီးနားကတော့ မလာပါဘူး။ တောင်သာဘက်ကများ.. အလို"
အိမ်နောက်မှ တစ်အိုးလုံးမည်းနေသည့် ရေနွေးအိုးကိုင်လျက် ထွက်လာသူ အဘွားအိုက တိုင်တွင် ချည်ခဲ့သော မြင်းကို မြင်ပြီး အံ့သြသွား၏ ။
"မောင်ကံ့တပ်မှူးတဲ့ဟေ့။ နေပြည်တော်က လာတာတဲ့"
အဘွားအိုက သူ့နားဝင်ထိုင်ပြီး ဦးချမည် ပြုသဖြင့် အလျင်အမြန် ထကာ ဆွဲထားရ၏ ။
"အရင်က တပ်ဗိုလ်ကြီးတွေ လာပြီး လူသစ်စုဆောင်းရင်တော့ သည်လိုပဲ ရှိခိုးကြရတာကိုးကွဲ့"
အဖိုးအိုက ဝင်ပြောပေးသည်။
"မလိုပါဘူးဗျာ။ ကျွန်တော်က သာမန်လူပါ"
"ဘယ်က သာမန်ပါ့မလဲ လူလေးရဲ့။ ဘုန်းကံရှင် အလောင်းမင်းတရားကြီးရဲ့ သက်တော်စောင့် အကြီးအမှူးဆို။ တပ်ပေါင်းဗိုလ်ချုပ်ကြီးလည်း ဟုတ်တယ်လို့ မောင်ကံက ပြောတယ်။ အိမ်ရှေ့မင်းတောင် သူ့လောက် အရာမရောက်ဘူး ပြောတာပ"
"ဒါတွေက ပြီးခဲ့ပါပြီ။ အခု ကျွန်တော်က သာမန် ဗိုလ်အဆင့်ပါပဲ။ အမှန်ဆို အိုးစားဖက်ပဲ ဖြစ်ရမှာ၊ အရင်က အသိအကျွမ်းတွေကြောင့်သာ"
သူတို့ စကားစမြည် ပြောဆိုကြ၍ အတန်ကြာလျင် ခြံထဲ နွားလှည်းတစ်စီး မောင်းဝင်လာပြီး
"ဟာ... တိမ်ပျံကြီး"
ကွပ်ပျစ်ပေါ် ထိုင်နေသည့် လက်ျာဘီလူးက လှည်းမောင်းလာသည့် တောသားကြီး ငကံကို ပြုံးကြည့်နေသည်။ ငကံသည် ခေါင်းပေါင်းကို ဆွဲဖြုတ်လိုက်ကာ နွားများကို ကျွတ် ကျွတ် ကျွတ် ဟု စုတ်သပ်ရင်း လှည်းမရပ်မီပင် ပြေးဆင်းလာ၏ ။ သူ၏ အဘ အဖိုးအိုက လှည်းသွားဖြုတ်နေစဥ် ငကံကတော့ လက်ျာဘီလူးအနီး ဝင်ထိုင်ပြီး
"တပ်မှူး မသေသေးဘူးပေါ့၊ ဝမ်းသာလိုက်တာဗျာ"
"ငကံတောင် တကယ့် ယာသမားကြီး ပြန်ဖြစ်နေပြီပဲ"
"တပ်မှူးလည်း ပိန်သွားပြီး အတော်ရင့်သွားတယ်နော်"
"အေးကွာ၊ ငါ့မှာ သည်အတောအတွင်း အငတ်ငတ် အပြတ်ပြတ် ဖြစ်တာ များနေတယ်"
လက်ျာဘီလူးက ရယ်၍ ပြောလိုက်ခြင်း ဖြစ်သော်လည်း ငကံကတော့ စိတ်မကောင်း ဖြစ်သွားရ၏ ။ ယခင်က နုနယ်လှသော တပ်မှူး၏ ရုပ်ရည်သွင်ပြင်မှာ ယခုအခါ များစွာ ခြားနားခဲ့ပြီ။ ရင့်ကျက်တည်ငြိမ်လာခြင်းနှင့်အတူ မျက်နှာလည်း အတော်ကျသွား၏ ။ အသားညိုမောင်းလျက် နီနေသည်ဟုပင် ထင်ရသည်။ ထူးခြားသည်မှာ သူ့ကိုယ်မှ အခိုးများပင် ထွက်နေသလိုလို ထင်ရခြင်း ဖြစ်သည်။
"တပ်မှူး ရင်ဘတ်မှာ.. ဟို ဘီလူးရုပ်ကို ထပ်ထိုးလာတာလား"
"ဟုတ်တယ်၊ ရှမ်းပြည်မှာတုန်းက ဆရာတော်တစ်ပါး ထိုးပေးလိုက်တာ"
"ကျွန်တော့် မျက်စိထဲမှာ အဲသည်က အခိုးအငွေ့တွေ ထွက်နေသလိုပဲ"
ဟု ဆိုလျက် ဖျင်အင်္ကျီကို ဆွဲဟ ကြည့်၏ ။
"ဘီလူး မျက်လုံးတွေက ထွက်နေတာပဲ"
"မထွက်ပါဘူးကွာ၊ မင်း အပူထဲက ပြန်လာလို့ပါ"
"အဘ.. အဘရော သူ့ကိုယ်က အခိုးတွေ မြင်လား"
"ဟေ.. မမြင်မိပါဘူးဟ"
အဖိုးအိုက နွားဆွဲရင်း မျက်လုံးကို လက်ဖြင့်ကာ၍ ကြည့်နေသေး၏ ။
"အေး.. ငါကလည်း ထူးဆန်းတာ မေးရဦးမယ်။ မင်းတို့ရွာမှာ တစ်ခုခု ဖြစ်နေတယ် မဟုတ်လား။ ဘာကို ခြောက်ခြားနေကြတာလဲ"
"တပ်မှူးက ဘယ်လိုလုပ် သိလဲ"
"ငါ လာတော့ နေတောင် မကျသေးဘူး၊ လူတွေ တိတ်ဆိတ်လို့။ တွေ့တဲ့သူတွေလည်း ထိတ်ထိတ်ပျာပျာနဲ့.. မဟုတ်မှ လွဲရော.."
သူက စဥ်းစားရင်း ပြောရာ ငကံက
"တပ်မှူး မှန်းကြည့်လေ၊ ဘာဖြစ်မလဲ"
လက်ျာဘီလူးက အပြင်ကို ငေးရင်း တစ်စုံတစ်ခုကို နားစွင့်နေရာမှ
"မင်းတို့ရွာ တောများ ဝင်နေသလား"
..............................................

Written by သင်္ခရာဇာ

End date: May 25, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...