Translate

တောဝင်ခြင်း (ဇာတ်သိမ်းပိုင်း)

"ငကံ.. ကိုရင်ဖိုးမှန်၊ ထ ထ"

စောစောစီးစီး လက်ျာဘီလူးက နှိုးနေသောကြောင့် ငကံတို့ လူးလဲ ထလိုက်ကြသည်။
"ငါ သတိတစ်ချက် လိုသွားတယ်။ ညက ငါတို့ တူးခဲ့တာရယ်၊ မိဆိုင်ကို ဝင်ပူးတဲ့ သတင်းရယ် ကလူကလဲ ရောက်သွားရင် မကောင်းဘူး။ မင်းတို့ ရွာကို အမြန်သွားပြီး ဦးသော်ကောင်းကြီးကို စောင့်ကြည့်ထားစမ်းပါ။ သူတို့ အိမ်နီးချင်းတွေရဲ့ အခြေအနေကိုလည်း ကြည့်ထား။ ပြေးမယ့်ဟန် မြင်ရင် ဖမ်းသာထားလိုက်ကွာ"
"အဲဒီလူကြီးက တရားခံလား၊ သူလုပ်တာလား"
"ငါထင်တာကို ပြောတာ၊ သူမဟုတ်ရင် အဲဒီနားတစ်ဝိုက်က ဖြစ်နိုင်တယ်။ ကိုရင်ဖိုးမှန်က ဦးသော်ကောင်းရဲ့ အရက်သောက်ဖက် ကြက်တိုက်ဖက် အသိတွေကို စောင့်ကြည့်ပေးပါ။ ကိုရင့် သူငယ်ချင်းတွေကိုလည်း အကူအညီ တောင်းလို့ရရင် တောင်းပြီး ရွာကို ဝိုင်းစောင့်ကြပါ။ တစ်ယောက်ယောက် ထွက်ပြေးလွတ်မြောက်သွားရင် ပြန်ဖမ်းရ ခက်နေမယ်။ ငါတို့မှာ ဒီနေ့ တစ်ရက်ပဲ ရှိတယ်"
လက်ျာဘီလူးက ဇွတ် တိုက်တွန်းနေသဖြင့် သူတို့ ထသွားရသည်။ ငမြတ်ကျော်ကလည်း
"ကျုပ်ရော ဘာလုပ်ပေးရဦးမလဲ"
"ကိုမြတ်ကျော်တော့ မလိုလောက်ပါဘူး။ တခြားရွာက ဝင်ပါသင့်တဲ့ အမှုအခင်းမျိုး မဟုတ်တော့ဘူး။ ကျွန်တော်နဲ့အတူ ဟိုလူငယ် ပြန်အလာကို စောင့်ကြတာပေါ့"
လွှတ်လိုက်သည့် လူငယ်က နံနက်စောစော ရောက်မလာဘဲ နေမြင့်မှ ပေါ်လာတော့သည်။ လက်ျာဘီလူးပင် ဖင်တကြွကြွ ဖြစ်ရလောက်အောင် စိတ်လှုပ်ရှားနေသလောက် သူကတော့ အေးအေးဆေးဆေး လာနေ၏ ။
"ဟိုက ကောက်ညှင်းပေါင်း စားသွားပါဦး ဆိုတာနဲ့ စောင့်နေရတာဗျာ.. ဟဲဟဲ"
လက်ျာဘီလူးက သူ့စကားကို စိတ်မဝင်စား၊ ဖြတ်မေး၏ ။
"သူတို့မိသားစုအကြောင်း သိခဲ့ရလား။ ဦးသော်ကောင်းအကြောင်းရော"
"ဦးကြီးသော်ကောင်းက အသောက်အစား လောင်းကစား နည်းနည်းပါးပါး ရှိတာကလွဲလို့ လူကောင်းပါတဲ့။ ပုံမှန်ပါပဲ တဲ့။ သူတို့ မိသားစုလည်း ရိုးရိုးသားသားပါပဲတဲ့။ ပြဿနာဖြစ်ပြီး ပြောင်းသွားတာ မဟုတ်ဘူးတဲ့။ စျေးရောင်းရအောင် ပြောင်းတာတဲ့"
"ဒါဖြင့် သူတို့ ပတ်သက်မှုရော"
"ဦးကြီးက ဒေါ်တုတ်ရဲ့ နောက်ယောက်ျား တဲ့။ သူ့လင် ဆုံးပြီး ၅ နှစ်လောက်ကြာမှ ရတာဆိုပဲ။ မပိုး ၁၀ နှစ် သမီးလောက်.."
လက်ျာဘီလူး အိမ်ပေါ်မှ ခုန်ချသွားသည်။
မြင်းကို သွားဆွဲရင်း လူငယ်ကို 'မင်း နောက်မှ လိုက်ခဲ့ပေတော့' ဟု လှမ်းပြော၏ ။ ငမြတ်ကျော်ကိုလည်း
"ဦးသော်ကောင်းပဲ ကိုမြတ်ကျော်ရေ"
ဟု အသိပေးလိုက်လေသည်။ ငမြတ်ကျော်က
"ကျုပ်လိုက်ရဦးမလား"
"နောက်မှ သင်္ချိုင်းကို လာချင်လာခဲ့ ကိုမြတ်ကျော်"
လက်ျာဘီလူးက အော်၍ မြင်းကို ဒုန်းစီးသွားလေသည်။ ကလူကလဲမှ လူငယ်မှာ မြတ်ကျော်နှင့် စကားအနည်းငယ် ပြောဆိုကြ၍ ခဏအကြာ ပြန်လိုက်ဦးမည် ဆိုကာ ပြန်သွားသည်။ သို့သော် အတော်ကြာတော့ မထင်မှတ်ဘဲ ပြန်ရောက်လာ၏ ။ သူသည် အူယားဖားယား ပြေးလာပြီး
"ရွာမှာတော့ လက်ျာဘီလူးနဲ့ ရွာသားတွေ အချင်းများကုန်ကြပြီ ဆရာရေ၊ တုတ်တွေ ဓားတွေနဲ့ ချကုန်တာ အတော်ကြမ်းနေပြီ"
ဟု သတင်းပေးလေတော့သည်။
မှန်ပါသည်။ ညက မိဆိုင်အား အပမှီသည့်သတင်းသည် သင်္ချိုင်းမှ မြေပုံ ပြန်ဖော်ထားသည့် အကြောင်းနှင့်အတူ ရှေ့ဆင့်နောက်ဆင့် ရွာသို့ ရောက်သွားခဲ့လေပြီ။ ထိုအခါ ရွာသားများ အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်၏ ။ အချို့က သူကြီး သွားတိုင်ပြီး အချို့က သင်္ချိုင်းသို့ လူစု၍ ချီတက်သွားကြသည်။ ထိုအချိန်တွင် လက်ျာဘီလူးက ရွာသို့ ဝင်လာခြင်း ဖြစ်သည်။
ရွာသားများက သူ့အား အဝင်မခံ။ မုန်းတီးစွာ ပြောဆို ဝိုင်းပိတ်ထားကြ၏ ။ သူပြောမည်ကိုလည်း နားမထောင်၊ သို့စဥ်အတွင်း လူအုပ်ထဲမှ ဦးဆောင်သူ နှစ်ဦးမှာ ဦးသော်ကောင်းနှင့် ပါလာသည့် သောက်ဖော်များဖြစ်ကြောင်း လက်ျာဘီလူး မှတ်မိလိုက်၏ ။ သူတို့ကတော့ ယခုအခါ တဘက်ခေါင်းပေါင်း မပါတော့သည့် လက်ျာဘီလူးအား သိချင်မှ သိပေမည်။
ထိုနှစ်ယောက်နှင့် သက်တူရွယ်တူ အသောက်သမားများ လေးငါးယောက်ခန့်၌ တုတ်ဓားများပါကြောင်း၊ ငယ်ရွယ်သူ လေးငါးဦးလည်း လက်နက်များ ကိုင်ဆောင်ထားလျက် သူ့အား ဆန့်ကျင်နေကြောင်း စေ့ငုပြီးသည်နှင့် လက်ျာဘီလူးက မြင်းပေါ်မှ ဆင်းလိုက်၏ ။
"ခင်ဗျားတို့ ခွင့်မပြုလည်း ရွာထဲကို ကျွန်တော် ဝင်ရလိမ့်မယ်။ ခင်ဗျားတို့ရွာ အတွက်သာ လုပ်နေတာ မဟုတ်ဘူး၊ သေဆုံးသူ မပိုးအတွက်ပါ တရားမျှတမှု ရအောင် ဆောင်ရွက်ပေးနေတာ"
"တားမရရင်လည်း ချကွာ"
​သူက လူအုပ်ထဲ တိုးဝင်လိုက်လျင် လူတစ်ဦးသည် တုတ်တိုတစ်ချောင်းဖြင့် စတင် ပြေးရိုက်လာသည်။ သူက အားမပြင်းလှသော တုတ်ကို ဖမ်းလိုက်ပြီး ထိုသူ၏ ရင်ဝကို ကန်ကျောက်လွှတ်လိုက်ရာ လူမှာ လွင့်သွားပြီး တုတ်သည်လည်း သူ့ထံ ကျန်ရစ်၏ ။
နောက်တစ်ဦးကလည်း လှံတံဖြင့် လှမ်းပစ်သည်။ သူ လှံကို ဖမ်းလျင် ရသော်လည်း ကိုယ်လွတ်ရုံ တိမ်းပေးလိုက်ပြီး ဓားနှင့် ပြေးဝင်ခုတ်သူ တစ်ဦးကိုမူ ဘေးဘက်သို့ စွေ့ခနဲ ခုန်ရှောင်ကာ တုတ်ဖြင့် ပြန်ရိုက်လိုက်၏ ။
နောက်ဘက်သို့ ပတ်သွားသူ တစ်ဦးက အလစ်တွင် လှံနှင့် ပြေးထိုးသည်။ လက်ျာဘီလူးက လူကိုလှည့်ကာ တုတ်ဖြင့် ရိုက်ဖယ်ပြီး ရှေ့မှ ခက်ရင်းခွနှင့် ထိုးလာသည်ကိုလည်း ခက်ရင်းဖျားပေါ် ခုန်တက်သွားလျက် ရှေ့နောက် ခြေခွင်နှစ်ဖက်အား အသုံးပြု၍ ခက်ရင်းကို ညှပ်ရင်း လူကို မိုးရိုက်ချလိုက်၏ ။
ထိုသို့ နန်းတွင်းဓားရေးအချို့ကို ထုတ်ပြသော်လည်း ရွာသားများမှာ နားမလည်ဘဲ ဝင်ရောက်သတ်ပုတ်ရန်သာ အားထုတ်နေကြသဖြင့် သူက ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့၊ လှစ်ခနဲ လှစ်ခနဲသာ ရှေ့သို့ ရှောင်တိမ်း တိုးဝင်သွားလိုက်သည်။ လက်နက်ကိုင်များမှာ သူ၏ အလျင်ကို ထိအောင် မတိုက်ခိုက်နိုင်၊ ဓားတစ်ကမ်း လှံတစ်ကမ်းစာ ကျန်ရစ်ခဲ့သည်ချည်း ဖြစ်၏ ။
လက်ျာဘီလူးက တိမ်ပျံကို ခေါ်လိုက်ပြီး ဖိုးမှန် ပြောဖူးသည့် ဦးသော်ကောင်းအိမ်ဘက် နှင်လာလေသည်။ အနောက်မှ လူတရုံးရုံးလည်း ပြေးလွှားလိုက်ပါလာကြ၏ ။ ဦးသော်ကောင်း အိမ်ဝတွင် ရပ်နေသော ငကံက ဓားလွတ်ကိုင်ကာ ပြေးလာရာ
"ဘယ်လိုလဲဟေ့ ငကံ"
"သူ့ပုံစံ အစိုးမရတာနဲ့ ဖမ်းဆီးထားလိုက်တယ် တပ်မှူး"
"တော်ပါသေးရဲ့။ လွတ်သွားမှာ စိုးရိမ်နေတာ"
သူလည်း မြင်းပေါ်မှ ပြေးဆင်းပြီး အိမ်တွင်း ပြေးဝင်သွားလျင် ဦးသော်ကောင်းကို ကြိုးများ တုပ်လျက်သား တွေ့ရ၏ ။ သူက တရားခံကို ဆွဲထုတ်လာပြီး ဝိုင်းလာသည့် ရွာသားများအား
"ကဲ.. ခင်ဗျားတို့ရွာ တောဝင်ရတဲ့ အကြောင်းရင်း သိချင်ရင် သုသာန်ကိုသာ လိုက်ခဲ့ကြပေတော့။ အဲဒီမှာ မပိုးအကောင်ရှေ့ အားလုံး ရှင်းမယ်"
ဦးသော်ကောင်းမှာ အကြီးအကျယ် ထိတ်လန့်ပြီး ဖြူဆုတ်နေပြီ။ လက်ျာဘီလူးက မြင်းနောက်မှ ဆွဲခေါ်သွားပြီး သင်္ချိုင်းထဲမှ စောင့်ကြိုနေသူများကို ဂရုမစိုက်ဘဲ မြေပုံရှေ့သို့သာ ဦးတည် သွားလေသည်။ ညက မိုးရွာထားသဖြင့် မြေများ စိုစွတ်နေသေးသော်လည်း ကျင်းထဲ၌ ရေရှိမနေ။ မပိုးအား လွှမ်းထားသည့် စောင်မှာမူ မြေစများ ဖုံးလျက် စွတ်စိုပေကျံနေ၏ ။
"ကဲ.. မပိုးရေ၊ ခင်ဗျားကို သတ်ခဲ့တဲ့ ပထွေး ဦးသော်ကောင်းကိုတော့ ခင်ဗျားရှေ့အရောက် ခေါ်လာခဲ့ပါပြီ။ ခင်ဗျား ကျေနပ်အောင် လုပ်ပေးပါ့မယ်"
လက်ျာဘီလူး စကားကြောင့် လူများ လှုပ်လှုပ်ရွရွ ဖြစ်ကုန်၏ ။ သူသည် ဦးသော်ကောင်း၏ ကြိုးကို ဆောင့်ဆွဲလိုက်ပြီး
"ခင်ဗျား မပိုးကို ဘာ့ကြောင့် သတ်ခဲ့တာလဲ"
"ငါ မသတ်ဘူး"
"ခင်ဗျား ညာလို့ မရတော့ဘူး၊ ညက မပိုးကိုယ်တိုင် ပြောပြပြီးသွားပြီ"
"မင်း လျှောက်မပြောနဲ့၊ ဘာသက်သေပြနိုင်လဲ"
"ဟားဟား၊ သက်သေတွေမှ အများကြီး"
သင်္ချိုင်းထဲမှ လူအုပ်တွင် သူကြီးပါ ရှိနေသဖြင့် လက်ျာဘီလူးက ခေါ်လိုက်ပြီး အနားကပ်ကာ တိုးတိုး ပြော၏ ။ သူကြီးက ကျင်းဝရှိ အုံနေကြသော လူအုပ်ကို ဖယ်ရှားခိုင်းပြီးနောက် မိန်းမကြီး တစ်ယောက်နှင့်အတူ မြေကျင်းထဲ ဆင်းသွားသည်။
"ဟုတ်တယ်၊ သူပြောတာ အမှန်ပဲ"
"လွန်ခဲ့တဲ့ တစ်လကျော် မပိုးသေဆုံးတဲ့ နေ့က သူ့အမေ ဒေါ်တုတ်ဟာ ထုံးစံအတိုင်း နံနက်ဘက် စျေးရောင်းထွက်သွားတယ်။ မပိုးက ချက်ပြုတ်ပြီး အရှေ့ကျောင်းကို ဆွမ်းတော်အုပ် သွားပို့သတဲ့။ အလုပ်မရှိတဲ့ လူယုတ်မာကြီး ဦးသော်ကောင်းကတော့ နေမတက်မီကတည်းက အဖော်တွေနဲ့ ကြက်တိုက်သွားနေတယ် ဆိုတယ်"
"ဟုတ်တာပဲ၊ ငါ ကြက်ဝိုင်းရောက်နေတာ အားလုံးသိတယ်။ သူ့အလောင်းကို သူ့အမိ အရင်မြင်တာပဲ"
ဦးသော်ကောင်းက မြေကျင်းကို လက်ညှိုးထိုးလျက် ဆိုနေရာ လက်ျာဘီလူးက ခနဲ့ပြုံး ပြုံးလျက် လက်ကာပြသည်။
"ကြက်ဝိုင်းမှာ နိုင်တော့ ဘုံဆိုင်ဝင်ကြတယ်။ ဘုံဆိုင်က အပြန်မှာ လူစုခွဲလိုက်ကြတာ ဆွမ်းခံပြန်ချိန်လောက် တဲ့။ ခင်ဗျား အရက်တိုက်ခဲ့တဲ့ တစ်ယောက်က ထွက်ပြီးပြီ။ ခင်ဗျား အိမ်တန်းပြန်သွားသတဲ့။ ဟေ့ ကိုရင်ဖိုးမှန်၊ မင်းနဲ့ မပိုး တွေ့တာရော ဘယ်အချိန်လဲ"
သုသာန်မြေသို့ ယခုမှ ဝင်လာသော ဖိုးမှန်ကို လှမ်းမေးရာ
"နေထန်းတစ်ဖျား.. အဲ၊ ဆွမ်းခံပြန်ချိန်လောက်ပဲဗျ"
"ကိုင်း၊ ခင်ဗျား အိမ်မှာ လူမရှိတုန်း ကြောက်တတ်တဲ့ မယားပါသမီးကို မူးမူးနဲ့ ကျင့်ကြံခဲ့တာကို သူကြီးတို့လည်း သက်သေ ရပြီးပြီ။ ခင်ဗျား လည်ပင်းညှစ်ထားတုန်း မေ့မျောသွားတဲ့ မပိုးကို သေပြီအထင်နဲ့ ထုပ်မှာ ဆွဲခဲ့တာ မဟုတ်လား"
"မင်း အရမ်း မစွပ်စွဲနဲ့ကွ၊ ငါသတ်တာလို့ ဘာသက်သေမှ မပြနိုင်ဘဲနဲ့၊ သူ့ကောင် ဖိုးမှန်လည်း အိမ်လိုက်လာပြီး ကျူးလွန်တာ ဖြစ်နိုင်တာပဲ"
"ဖိုးမှန် မဟုတ်ကြောင်း အရှေ့​ကျောင်း ကပ္ပိယကြီးကို သွားမေးရင် သိပါလိမ့်မယ်။ အဲဒီနေ့က မပိုး ပြန်သွားသွားချင်း ဖိုးမှန် ရောက်လာပြီး သူ့ရည်းစားသူအကြောင်းတောင် မေးနေ ပြောနေကြသေးသတဲ့။ မပိုးသေပြီ ကြားမှ ကျောင်းထဲက ပြေးသွားကြောင်းလည်း ဖိုးမှန်ပြောလို့ သိရပြီးပြီ။ အဲဒီအချိန် ရှိနေတဲ့သူတွေ မေးရင် သိမှာပဲ။ ဒါ့ကြောင့် ခင်ဗျား လက်ချက်ပဲ ဆိုတာ သေချာနေပြီ"
ရွာသားများမှာ ကြွက်စီစီနှင့် အနီးသို့ ဝိုင်းလာကြပြီး သူကြီးကို မေးနေကြသည်။
"သူကြီး ဘယ်လိုလဲ၊ သူပြောတာ အမှန်ပဲလား"
"ငါလည်း အတပ်မပြောနိုင်ဘူး၊ ဖြစ်နိုင်တာတော့ မှန်တယ်။ အလောင်းမှာလည်း ကျူးလွန်ထားကြောင်း သဲလွန်စ တွေ့တယ်"
"ဒါပေမယ့် သူက အထင်နဲ့ ရမ်းပြောနေတာရော မဖြစ်နိုင်ဘူးလား"
လူအုပ်ထဲ လက်ျာဘီလူး ဝင်လာပြီး
"ဟုတ်တယ်၊ ကျွန်တော် အထင်နဲ့ ရမ်းနေတာပါပဲ။ အတိအကျ သိချင်ရင် ဒီလူအုပ်ထဲက လူတစ်ယောက်ဆီ မပိုးကို ဝင်ပူးပြီး ပြောခိုင်းလိုက်ရမလား"
လူအုပ်မှာ ငြိမ်ကျသွားသည်။
"ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က တစ်ခုခု သိထားရင် ထုတ်ပြောဦးမလား၊ ဒါမှမဟုတ် ခင်ဗျားတို့ရွာကို မပိုးက ရွာလုံးကျွတ် ပြုတ်အောင် လက်စားချေတာ ထိုင်စောင့်နေကြမလား"
"ငါတို့ကို ဘာလို့ လက်စားချေရမှာလဲ"
"ခင်ဗျားတို့ထဲက၊ အထူးသဖြင့် ဦးသော်ကောင်းရဲ့ မိတ်ဆွေတွေက သိထားတာ ရှိလျက်နဲ့ ဝိုင်းဝန်း ဖုံးဖိပေး၊ ကာပေးထားကြလို့ ဖြစ်မှာပေါ့"
လူအုပ်ကြီး ငြိမ်သွားကြပြန်သည်။ ခဏအကြာ လူတစ်ဦးက
"မပိုးသေတာ ကိုသော်ကောင်းကြောင့် အမှန်ပါပဲ"
"ဟေ့ကောင်.. မင်း ဘာတွေ ပြောနေတာလဲ"
ဦးသော်ကောင်းက လှမ်းကြိမ်းရာ
"ခင်ဗျား လုပ်ခဲ့တာကြောင့် မဆိုင်တဲ့ ကျုပ်သားလေး ရုတ်တရက် အပြင်းဖျားပြီး ဆုံးခဲ့ရပြီးပြီဗျ။ ကျုပ် မပြောဘဲ နေပေမယ့် ကျေနပ်လှတယ်တော့ မဟုတ်ဘူး။ မပြောရင် မပိုးက ကျုပ်ကိုပါ ကလဲ့စား ချေတော့မှာ၊ အလိုတူ အလိုပါဆိုပြီး သတ်မှာပဲ"
"မင်း ယုံလား၊ ဒီကောင်မက သေပြီးပြီ၊ ဘာမှ မလုပ်နိုင်တော့ဘူးကွ"
လက်ျာဘီလူးက ခေါင်းညိတ်လျက်
"လုပ်နိုင် မလုပ်နိုင် ခင်ဗျား ဒီညတော့ သိရမှာပေါ့ ဦးသော်ကောင်းရယ်။ ကဲ.. ခင်ဗျား ပြောပါဦး၊ သူသတ်တာလို့ ဘယ်လိုသိလဲ"
"မပိုးသေပြီး တစ်ပတ်လောက်နေတော့ ရွာထဲမှာ လူ သုံးလေးယောက် သေပြီးပြီ၊ တစ်နေ့ ကိုသော်ကောင်းနဲ့ အရက်သောက်ရင်း 'ကောင်မတော့ လုပ်နေပြီကွ၊ ဒင်းစိတ် ကြီးပုံနဲ့ သူပဲ ဖြစ်ရမယ်' လို့ ကိုသော်ကောင်းကိုယ်တိုင် ပြောတယ်ဗျ။ ဘယ်ကောင်မလဲ ဆိုတော့ မိပိုးပေါ့ တဲ့။ ဒါပေမယ့် ဘယ်သူမှ မသိပါဘူး တဲ့။ ဘာတွေ ပြောနေတာလဲ ဆိုတော့ ဘာမှ မဟုတ်ဘူး၊ ထားလိုက်ပါလို့ ပြောတယ်။
အဲဒီကတည်းက မသင်္ကာဖြစ်နေတာ နောက် ၃ ရက်လောက်မှာ ကျုပ်သားလေး ဆုံးပါးသွားရတယ်။ သူကတော့ ငါစိတ်မကောင်းပါဘူး၊ ဒီလောက်ထိ ဖြစ်မယ် မထင်ခဲ့ဘူး လို့ ပြောတယ်ဗျာ။ သူပါပဲ။ နောက်ထပ်လည်း အဲဒါမျိုးတွေ မူးရင် ပြောတတ်တယ်"
"ဟုတ်ပြီ၊ တော်တော်များများတော့ ပြည့်စုံနေပါပြီ။
အခြား ပြောမယ့်သူ ရှိသေးလား"
လူများက အချင်းချင်း ကြည့်နေကြ၏ ။
"ပြောမယ့်သူ ရှိရင် ထွက်ခဲ့ပေးပါ၊ မကြောက်ပါနဲ့"
မည်သူမျှ ထွက်မလာ။
"ဦးသော်ကောင်းက မကြောက်ရတော့ပါဘူး။ တကယ် ကြောက်ရမှာက မိပိုးပဲ၊ သူ့အတွက် တရားမျှတမှု မရမချင်း လူတွေ ဆက်သေနေလိမ့်မယ်"
"တို့ကတော့ ဒီကိစ္စကြီး ပြတ်သွားပြီး မြန်မြန် အေးချမ်းစေချင်တာပါပဲ"
"သူကြီး သဘောကရော ဘယ်လိုလဲ"
"မောင်ရင်ပဲ ဆက်လုပ်ပါ၊ လုပ်လက်စနဲ့ ဆက်စီရင်လိုက်ပေါ့။ မောင်က ရွှေမြို့တော်က လာတဲ့ ဗိုလ်ပဲ။ ခုံရုံးပို့မလား"
"ကျွန်တော် တွေးမိတာတော့ ဒီတစ်ည မပိုး ကျေနပ်ရမယ်လို့ ကျွန်တော် ကတိပေးထားတယ်။ ဒါကို ဟောဒီက ကိုမြတ်ကျော် (သင်္ချိုင်းထဲ ရောက်နေပြီ ဖြစ်သော ငမြတ်ကျော်ကို ညွှန်ပြလျက်) သိတယ်။ ဒါ့ကြောင့် အပြစ်ရှိရှိ မရှိရှိ ဦးသော်ကောင်းကို ဒီတစ်ညတော့ မပိုးအကောင်ရှေ့ ချုပ်ထားခဲ့ရလိမ့်မယ်။ နောက်တစ်နေ့မှ သူကြီး ပို့ချင်တဲ့နေရာပို့"
"ကောင်းပါပြီ"
ငကံဦးစီး၍ လူငယ်များက မြေပုံရှေ့ တိုင်ထူကာ ဦးသော်ကောင်းအား ကားစင်တင်လိုက်ကြသည်။ ဦးသော်ကောင်းမှာ ကြောက်လန့်တကြား အော်ဟစ် ငြင်းဆန်နေဆဲ။ လက်ျာဘီလူးက အားပေးစကား ဆို၏ ။
"ခင်ဗျားပဲ သေသူက ဘာမှ မလုပ်နိုင်ဘူးလို့ ပြောတယ် မဟုတ်လား။ တကယ်လို့ ခင်ဗျားမှာ အပြစ်မရှိရင်၊ သူကလည်း ဘာမှ မလုပ်နိုင်ရင် ခင်ဗျားအသက်ကို ကျွန်တော် အာမခံတယ်ဗျာ။ မကြောက်ပါနဲ့၊ တစ်ညပါပဲ။ မနက်ကျ အားလုံး ပြေလည်သွားမှာပါ"
ထိုနေ့က ဦးသော်ကောင်း တစ်ယောက်တည်း ရွာပြင်သုသာန်တွင် ကျန်နေခဲ့ရ၏ ။ ဒေါ်တုတ်က ငိုယိုနေသော်လည်း ရွာသူရွာသားများ ပြန်ခေါ်သွားကြပြီး လက်ျာဘီလူးကိုလည်း သူကြီးကိုယ်တိုင် ဧည့်ခံချင်ပါသည်ဟု ဖိတ်ကြားလာသည်။ လက်ျာဘီလူးက ငြင်းလိုက်ပြီး
"ကျွန်တော် ရိုက်ခဲ့တဲ့ လူတွေကိုပဲ ဆေးဝါးကုသပေးလိုက်ပါ"
ဟု ဆိုသည်။ သူကတော့ မြစ်ခြေရှိ ငမြတ်ကျော် အိမ်သို့သာ ပြန်သွားရာ မိဆိုင်မှာ သူ့မြင်လျင်ပင် ကြောက်နေလေပြီ။ သို့သော် ထိုညက ဘာမှ မဖြစ်။ သူလည်း နှစ်ခြိုက်စွာ အိပ်မောကျသွား၏ ။ နံနက် လင်းအားကြီးတွင်
"ရှင့် ကြိုးစားမှုနဲ့ သူရသတ္တိ၊ ဉာဏ်ပညာကိုတော့ ကျွန်မ လေးစား အသိအမှတ်ပြုပါတယ်။ ရှင့်လိုလူ မတွေ့ဖူးသေးဘူး၊ ကျေးဇူးအများကြီး တင်ပါတယ်"
ဟု အနားနား ကပ်ပြောသံမျိုး ကြားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်ရာ မိဆိုင်သည် သူ့အနီးတွင် လက်ဖက်ရည်ကြမ်း ပန်းကန်များကို ချရင်း ပြုံးကြည့်နေသည်ကို တွေ့ရ၏ ။ သူက ခုန်ထလိုက်ပြီး
"မပိုးလား.. ခင်ဗျား မပိုးလား"
မိဆိုင်က ပြုံးရင်းမှ ခေါင်းညိတ်ရာ သူ ဓားကို ဆွဲပြီး အိမ်​ပေါ်မှ ပြေးဆင်းသွားသည်။ မိဆိုင်က လိုက်လာပြီး မြင်းဖြင့် ထွက်သွားတော့မည့် လက်ျာဘီလူးအား လှမ်းပြောလိုက်သေး၏ ။
"ကျွန်မ ကျေနပ်သွားပါပြီ"
လက်ျာဘီလူးလည်း ခပ်စူးစူး စိုက်ကြည့်ရင်း ခေါင်းညိတ်ပြကာ ကလူကလဲ သုသာန်ဆီသို့ ထွက်ခဲ့သည်။ သူသွားသည်နှင့် မိဆိုင် အရုပ်ကြိုးပြတ် လဲကျ ကျန်ခဲ့၏ ။ သုသာန်သို့ ရောက်သွားတော့ မိုးစင်စင် လင်းနေပြီး လူအချို့ ကြိုတင်ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
"ဦးသော်ကောင်းကြီး ညက တစ်ညလုံး အော်နေလိုက်တာ"
"ခုတော့လည်း မအော်နိုင်တော့ပါဘူး"
"သူ့တရားသူ စီရင်သွားတာပဲ"
လူများကို ဖြတ်ကျော်ကာ မြေပုံရှေ့ ရောက်သော် ဦးသော်ကောင်းမှာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေလေပြီ။ မျက်လုံးများက ပြူးထွက်လျက်၊ လျှာမှာ ရှည်လျားစွာ တွဲလောင်းကျနေပြီး ခြေကိုကုပ်၍ လက်ချောင်းများ ကွေးကောက်နေ၏ ။ ဇက်လည်ကာ ပြောင်ပြနေသည်သို့။
မပိုး အလောင်းသည်လည်း မနေ့ကနှင့်မတူ မဲခြောက်ကပ်ကာ အသားအရေ မရှိတော့။ ဆံစအချို့ ကျွတ်လျက် ရှိပြီ။ သို့သော် ခြောက်ကပ်နေသည့် နှုတ်ခမ်းများမှာ ပြုံးနေသည်ဟု ထင်ရလေသည်။
လက်ျာဘီလူးသည် အကောင်နှစ်ခုအား မီးရှို့ သင်္ဂြိုဟ်ရန်နှင့် မပိုး၏ အရိုးအိုးကို မြေမြှပ်ရန်၊ ဦးသော်ကောင်း၏ အရိုးပြာများကိုတော့ ချောင်းတွင် မျှောလိုက်ရန် သေသေချာချာ မှာကြားခဲ့ကာ ငကံကို ခေါ်ရန် ထွက်သွားလေတော့သည်။
*ပြီးပါပြီ*

 

Written by သင်္ခရာဇာ

End date: June 11, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...