Translate

ကလဲ့စား (၂)

            မိစောမွန်တို့ ပေးလိုက်သော ဆေးဖြင့် လက်ျာဘီလူး ထူထူထောင်ထောင် ဖြစ်လာပြီဟု ကြားသိရသောအခါ အဆိပ်ခတ်သည့်သူကို ရှာဖွေရန် အားထုတ်ကြရပြန်သည်။ အစောင့်များကတော့ မသိဟုသာ ဖြေကြသည်။ သိလျင်လည်း ပြောမည့်ဟန် မရှိ။ လက်ျာဘီလူးကို တစ်ဖက်လှည့်နှင့် မေးကြည့်ရသည်။
ဝင်တွေ့ခွင့်ရသော တပ်သားတစ်ဦးအား လှည့်ပတ်မေးစေရာ တရားခံကို လက်ျာဘီလူး သိနေကြောင်း သဲလွန်စ ရခဲ့သည်။ သို့သော် မည်သို့မှ မေးမရခဲ့ဟု ဆို၏ ။ သူတို့ တစ်တပ်လုံးလည်း ဖြစ်နိုင်မည့်သူကို ရှာကြသည်။ အချင်းများဖူးသူ၊ ရန်ငြိုးဖွဲ့နိုင်သူ၊ မနာလိုဝန်တိုသည်ဟု ကြားရသူ၊ နေရာလိုချင်သူတို့ကို စုံစမ်းကြရ၏ ။
သို့သော် မည်သူက သူတို့တပ်မှူးကို လုပ်ကြံသည်မှန်း မသေချာ။ အချို့က ဝမ်းသာကြသည်။ ထိုသူများကို စစ်ဆေးကြည့်သောအခါ သူတို့လုပ်ကြံမှု မဟုတ်ဟု ယူဆရ၏ ။ 'ကောင်းတယ်၊ နည်းတောင် နည်းသေးတယ်' အစရှိသည် ပြောဆိုကြသော်လည်း သူတို့ကိုယ်တိုင်မူ မလုပ်ရဲကြောင်း တွေ့ရ၏ ။
မည်သူမည်ဝါဟု မပြောလိုလျင် ရှိပါစေ၊ မည်သည့်အကြောင်းကြောင့် လုပ်ကြံရသည်ကို သိလိုပါသည် ဟူ၍ မေးရာတွင်လည်း လက်ျာဘီလူးက ဝဋ်ကြွေးရှိလို့ ခံရတာပါ၊ အခြားအကြောင်းမရှိ၊ သူ့အပေါ် မလိုမုန်းထားစိတ် ရှိသူမဟုတ်ပါ ဟုသာ ဖြေသဖြင့် စဉ်းစားရ ကြပ်လှလေသည်။
နောက်ဆုံးအကြိမ်အဖြစ် ထောင်တွင်းသို့ ဝင်တွေ့ခွင့် ရသည့် အချိန်က လက်ျာဘီလူးသည် မိစောမွန်အား ထူးခြားသည့် စကားတစ်ခွန်း ပြောခဲ့၏ ။
"အစော အမှုထမ်းအဖြစ်က နှုတ်ထွက်ပြီး ဒဂုံကို ပြန်ပါတော့။ အစောက မွန်ဖြစ်နေတော့ ဗမာတွေက ယုံကြည်မှုထားဖို့ ခက်သလို မွန်ကလည်း မြန်မာကို ယုံကြည်ဖို့ ခက်တယ်။ ဘယ်သူ့ကိုမှ မယုံရတဲ့ အချိန်မို့ မောင်ကြီး မရှိတဲ့နေရာမှာ နေရတာ အန္တရာယ် များပါတယ်"
"အစော မပြန်ဘူး၊ မောင်ကြီး လွတ်တဲ့ထိ လာပြုစုနိုင်အောင် ကြိုးစားမယ်။ အားမလျှော့ပါနဲ့၊ မောင်ကြီး သခင်က မောင်ကြီးကို အကြာကြီး ပြစ်ဒဏ်ပေးထားမှာ မဟုတ်ပါဘူး"
"ဒီတစ်ကြိမ်တော့ မျှော်လင့်လို့ မရနိုင်ဘူး အစော။ မောင်ကြီးက မင်းဧကရာဇ်ကို စကားလွန်ကျူး စော်ကားသလို ဖြစ်ခဲ့တာ။ ရှင်ဘုရင် အရှက်တော် ရစေတဲ့ အမှုဟာ သေဒဏ်အထိ ထိုက်တယ်။ ဒါ့ကြောင့် အစော မွန်ပြည်မှာပဲ ဇာတ်မြှုပ် နေစေချင်ပါတယ်။ မောင်ကြီး အခွင့်ရရင် လာရှာမယ်"
လက်ျာဘီလူး၏ စကားနှင့် အမိန့်ကို လွန်ဆန်နိုင်ခြင်း မရှိသဖြင့် သူ့ရှေ့၌ပင် မိစောမွန် ချုံးပွဲချ ငိုခဲ့ရ၏ ။ ခြေ၊ လက်နှင့် လည်အထိ သံကြိုးများဖြင့် ခတ်ထားခြင်း ခံရသော လက်ျာဘီလူးကို ထိတွေ့ခွင့်မရ။ သံကြိုးတန်းလန်းနှင့် လက်ျာဘီလူးကတော့ ကောက်ရိုးပုံပေါ် ထိုင်နေရင်း ပြုံးပြသည်။ မိစောမွန်က နောက်ဆုံးမျက်ရည်ကို သုတ်ပြီး ကြည်လင်စွာ ပြန်ပြုံးလိုက်၏ ။
"ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပြန်ဆုံကြဦးမှာပါ"
သို့ဖြင့် ရွှေဘိုတပ်များ ရန်ကုန်သို့ စုန်ကြဦးမည့် အချိန် ရောက်လာပြန်သည်။ တိဂုံဆံတော်ရှင်ဘုရား ထီးတင်ရန်ဟု ဆိုသော်လည်း တကယ်တမ်းတွင်မူ ဘုန်းလက်ရုံး အာဏာပြရန်လည်း ဖြစ်သည်။ မကျိုးနွံသည့် နယ်များ၊ မသိမ်းရုံးမိသေးသည့် တိုင်းများ၊ ပုန်ကန်လိုသည့် ဒေသများသို့ လှည့်လည်ရန် စစ်သည်အင်အား အမြောက်အမြားဖြင့် ချီခဲ့ကြ၏ ။
ဘီလူးတပ်သည်လည်း အကွဲကွဲ အပြားပြားဖြင့်ပင် စစ်ချီရာသို့ ပါသူပါ၊ ကျန်သူ ကျန်ခဲ့ကြ၏ ။ ကျန်ခဲ့ရမည့် အထဲတွင် မိစောမွန်လည်း ပါသည်။ ဗိုလ်မင်းများက ယခုချီမည့်အရေး၌ မသင့်တော်ဟု ဆိုကာ ထားခဲ့မည်ပြုရာ မိစောမွန်က အကြီးအကဲများ စီစဉ်သည်ကို မနာခံဘဲ နေပြည်တော်မှ ထွက်သွားလေသည်။
လက်ျာဘီလူးလည်း အရေးကြီး အကျဉ်းသားအဖြစ် ရန်ကုန်သို့ ပါသွား၏ ။ အဘယ်ကြောင့် အကျဉ်းသားဖြစ်သူကို စစ်ချီရာတွင် ခေါ်ယူသွားသည်ကိုတော့ အလောင်းမင်းတရားကြီးသာ သိပေလိမ့်မည်။ ရန်ကုန်ရောက်သောအခါ တနင်္သာရီနှင့် မုတ္တမကျေးတို့မှ အရေးပေါ်နေ၍ ရှမ်းတို့သည် တိုက်ရည်ခိုက်ရည် လုပ်ရေးကြံမှု၌ ညံ့ဖျင်းကြောင်း ကြားသိရလျင် သုရှင်အလောင်းဘုရား ကိုယ်တော်တိုင် ယိုးဒယားပြည်သို့ ချီမည်ဟု အမိန့်တော် ထွက်လာသည်။
ရန်ကုန်၌ ရှိနေကြစဉ် ထူးခြားမှုများစွာ ပေါ်ပေါက်လာခဲ့သည်။ နေပြည်တော်၌ မိုးကြိုး ၁၃ ချက် ကျသည်ဟု ကြားရသလို ရန်ကုန်တွင်လည်း 'မျက်ရည်သုတ်၍ နောက်ဆုတ်ပြန်' ဟူသည့် တဘောင်ကို ကလေးသူငယ်များ သီဆိုနေကြသည်။ မှူးမတ် ဝန်ကြီးများမှ စ၍ စစ်သည်အပေါင်းတို့က ရှမ်းပြည်သို့ မချီစေလို၊ သူတို့အရှင်အတွက် အတိတ်နိမိတ် မကောင်းကြောင်းသာ ပြောဆိုနေကြလေသည်။ အလောင်းမင်းဘုရားကတော့ သည်တစ်ကြိမ်၌ နိမိတ်တဘောင်တို့ကို အားကိုးယုံကြည်ခြင်း မရှိတော့ဘဲ သူ၏ ဘုန်းသမ္ဘာကို အလွန်ယုံကြည်နေကြောင်း သိရသည်။
ကုန်းဘောင်ရွှေဘိုတပ်များ ရောက်လာပြီးမှ ငြိမ်သက်စ ပြုလာသည့် ရန်ကုန်မြို့သစ်၌ ညလူ သုံးဦးလည်း ပေါ်၏ ။ တစ်ဦးမှာ ဖမ်းရန် အလွန်ခက်သော သူခိုး ဘိုးသောင် ဆိုသူ ဖြစ်သည်။ ငဘိုးသောင်သည် ကိုယ်ခန္ဓာ သေးသွယ်၍ ဆေးအစီအရင်ကောင်းသူဟု နာမည်ကျော်နေသည်။ ရုတ်တရက် နာမည်ကြီးလာပြီးနောက် ယခုအချိန်ထိ ဖမ်းမမိသေး။ နောက်တစ်ဦးသည် ညဘက် တိုက်တတ်သော တစ်ကိုယ်တော် ဓားပြကြီး ငရွှေမှိတ် ဟူ၏ ။
သူက ဘိုးသောင်နှင့် ဆန့်ကျင်ဘက် နီးပါး၊ လူကောင် ကြီးကြမ်းသလောက် အတိုက်အခိုက် ကျင်လည်သည်။ ဓား လှံ သေနတ် လက်နက်မျိုးစုံ ကျွမ်းကျင်သည်။ မိန်းမမှုလည်း များသည်။ သူ့သတင်းလည်း မရတတ်။ မည်သည့်အချိန် မည်သည့်နေရာကို တိုက်မည်ဟု မည်သူမျှ မသိ။ တိုက်၍ ပါသွားပြီးမှသာ သိကြရသည်ချည်း။
နောက်ထပ် ညလူတစ်ဦးမှာ အဆိုးဆုံး ဖြစ်သည်။ မည်သူမည်ဝါဟုပင် မသိရ။ သုတ်သင်သူ ဟု နာမည်ထွက်လာပြီးနောက်ပိုင်း ညဘက်များတွင် လိုက်လံ သတ်ဖြတ်တတ်လေ့ ရှိသောကြောင့် မြို့အလုံး ထိတ်လန့်နေကြရသူ။ လုပ်ကြံရာတွင်လည်း အိမ်ပေါ်တက်ကာ လူအများကြားတွင်ပင် အလိုရှိသူကို ဓားမြှောင်ဖြင့် ထိုးသွားသောဟု သတင်းကြီးနေသည်။
ထို ညလူသုံးဦးကြောင့် အမှုထမ်း အရာထမ်း မင်းမှူးမတ် အုပ်ချုပ်သူများ စိတ်ရှုပ် အလုပ်များနေကြရသည်။ အလောင်းမင်းကြီးနှင့် မြန်မာတပ်များလည်း ယင်းသုံးဦးအား ဂရုမထားနိုင်။ အောက်ပြည်သို့ ချီရန် လူသူလက်နက် စားနပ်ရိက္ခာ စုဆောင်းနေကြရ၏ ။ အမှုအခင်းများကို ရန်ကုန်မြို့ အုပ်ချုပ်သူများဖြင့်သာ လွှဲထားကြသည်။
ထိုအတွင်း မင်းကြီး မင်းခေါင်နော်ရထာက အကျဉ်းစံ လက်ျာဘီလူးအား ဝင်တွေ့ပြီးနောက် မိဖုရားခေါင်ကြီး စန္ဒာဒေဝီထံ အဖူးမြော်ရောက်သည်။ မိဖုရားကြီး၏ လျှောက်တင်ချက်အရ လက်ျာဘီလူး ထောင်မှလွတ်လာပြီး သာမန်တပ်သားငယ်အဖြစ် ပြန်လည် အမှုထမ်းရ၏ ။ သို့ရာတွင် တပ်တွင်းမှ ဗိုလ်က သွေးသောက်ကြီးအရာသို့ တိုးပေးလိုက်ပြီး လူ ၅၀ ခန့်ကိုလည်း ပေးလေသည်။
မိဖုရားခေါင်ကြီး ရှင်ယွန်းစံအနီး ခစားနေရသည့် ကသည်းမင်းသမီးငယ် စန္ဒဝတီသည် မိဖုရားကြီး၏ ဘွဲ့အမည် စန္ဒာဒေဝီနှင့် ဆင်နေသဖြင့် ခင်ဘုန်းဟူသော အမည်သစ်ဖြင့် အမှုတော်ထမ်းနေရ၏ ။ အဆင်းအလျာ ရုပ်ဆင်းသွင်ပြင်နှင့် ပြည့်စုံသူ ဖြစ်ရာ ဆယ့်သုံးနှစ်ကျော်သာ ရှိသေးသော်လည်း နောင်တွင် မင်းသားတစ်ဦး၏ ကြင်ရာ ဖြစ်လာမည်ဟု ထင်ကြေးပေးခံနေရသည်။
လက်ျာဘီလူး ထောင်သွင်း အကျဉ်းချခံနေရသည်ကလည်း သူနှင့် သက်ဆိုင်၏ ။ လက်ျာဘီလူး၏ စကားတစ်ခွန်းသည် သုရှင်ကို ရိုင်းပျမိရုံမျှမက ကသည်းမင်းသမီး၏ အရှက်နှင့် သိက္ခာကိုလည်း ထိပါးစေခဲ့သည်။ တွေ့စက အထင်ကြီး အံ့သြမိမလို ဖြစ်ခဲ့ရသော လူတစ်ယောက်က စော်ကားမော်ကား ပြောဆိုခြင်း ခံလိုက်ရသောအခါ ကသည်းမင်းသမီးငယ် အလွန်စိတ်နာသွားခဲ့၏ ။
ထို့ကြောင့် လက်ျာဘီလူးအား အဆိပ်ခတ်ခဲ့၏ ။ သို့သော် သူကား မသေ၊ ရန်ကုန်ဆိပ်ကမ်းမြို့သစ်အထိပင် ပါလာချေသေးသည်။ ယခုအခါ လွတ်သွားပြီ ဟုလည်း ကြားသိရသည်။ ထို့ကြောင့် လက်ျာဘီလူးအား ဘေးဖြစ်စေရန် အစဉ်အားထုတ် ကြံစည်နေလေသည်။
"အရှင်မ သူ့ကို ကြံလို့ မဖြစ်နိုင်ဘူးနော်။ သူက လူသာမန် မဟုတ်ဘူး၊ ဘယ်လိုမှ မရှင်နိုင်တဲ့ တိုက်ပွဲတွေက လွတ်မြောက်လာခဲ့သူ။ ယခုလိုပဲ သေပြီ ထင်ရတဲ့ အနာကနေ ထလာနေကျ လူ။ သူ့ကို လုပ်ကြံသတ်ဖြတ်လို့ မရဘူး ဆိုပြီး ဒဂုံက မွန်တွေလည်း ပြောနေကြတယ်။ ကြံသူတွေပဲ ပြန်ထိကြသတဲ့။ အရှင်မအကျိုးကို လိုလို့ ပြောတာပါ"
ခင်ဘုန်း၏ အနီးကပ် တိုင်ပင်ဖော် အလုပ်အကျွေးမလေး ရှင်သဲငယ်က စိုးရိမ်စွာ သတိပေးလာသည်။ ရိုးသားသော တောသူအမှုထမ်းကလေးမို့ သူ့အတွက် ပြောနေကြောင်း ခင်ဘုန်း နားလည်သော်လည်း လက်လျှော့လိုစိတ်တော့ မရှိ။ လက်ျာဘီလူးအား တစ်ခုခု တုံ့ပြန်လိုက်ရမှ ကျေနပ်မည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။
ယင်းသောအခါ မြန်မာလို ထန်းတစ်ပင်ဟု ခေါ်သော တာမွေရပ် ဆင်ခြေဖုံး ဘုံဆိုင်တစ်ခုတွင် ငဘိုးသောင် နှင့် ငရွှေမှိတ် တို့ စတင် တွေ့ဆုံမိကြ၏ ။ သူတို့သည် တစ်ဦးကိုတစ်ဦး မသိကြဘဲ ထောင့်တစ်ဖက်စီတွင် ထိုင်နေကြသည်။ သူတို့ကြားမှ လူသုံးဦးက စကားပြောရင်း ညလူသုံးယောက်အကြောင်း ရောက်သွားကြရာမှ စ၏ ။
ပထမလူ ။ ။ သူခိုး ဘိုးသောင်ကိုတော့ ဒီတစ်သက် မိကြတော့မှာ မဟုတ်ပါဘူးဗျာ။
ဒုတိယလူ ။ ။ မမိဆို သူကလည်း တယ်စွမ်းသကိုးဟ။
နားစွင့်နေသော ငဘိုးသောင် ပြုံးသွားသည်။
တတိယလူ ။ ။ ညဉ့်ဓားပြ ငမှိတ်ကို မီနိုင်ရိုးလားကွာ။ ငမှိတ်က အခုအချိန်ထိ ဘယ်မှာနေတယ် ဝေးစွ၊ ဘယ်ကို တိုက်မယ် ဆိုတာတောင် ဘယ်သူမှ မမှန်းနိုင်သေးဘူး ဆိုပဲ။
"ကျုပ်ကတော့ မှန်းနိုင်တယ်ဗျ" ဟု ငရွှေမှိတ် စကားဝိုင်းထဲ ဝင်ပြော၏ ။ တစ်ဆိုင်လုံးရှိလူများ အားလုံးနီးပါး လှည့်ကြည့်ကြသည်။
တတိယလူ ။ ။ ကိုယ့်လူက ဘယ်လိုများ သိနိုင်သလဲ။ ငမှိတ်က တစ်ကိုယ်တော် ဆို။
ငရွှေမှိတ် ။ ။ အို.. ကျုပ် သိတယ် ဆို သိတယ်ပေါ့။ ခင်ဗျားတို့ မသိလို့ ဘာမှ မဖြစ်ဘူး။
ဒုလူ ။ ။ သိရင် ပြောစမ်းပါလေ့ဗျာ။
ငမှိတ် ။ ။ အိမ် အတိအကျတော့ မပြောဘူး။ ဒေါပုံဘက်မှာ ဒီည တိုက်လိမ့်မယ်။
ဒုလူ ။ ။ (ရယ်လျက်) ဒါတော့ မဟုတ်နိုင်ပါဘူးဗျာ။ ဒေါပုံက အခြေအနေမှ မကောင်းဘဲ။ တိုက်ပွဲဖြစ်ထားခဲ့ဖူးတဲ့ နေရာတွေမို့ လူတွေက ပြန့်ကျဲ၊ ဖရိုဖရဲနဲ့ ဟိုတစ်စ သည်တစ်စ ဖြစ်နေကြတာ တော်ရုံ ငွေကြေးရှင်တောင် မရှိလောက်ဘူး။ ရှိရင်း ပွဲစားကြီးတွေလည်း အားလုံးပြောင်းပြေးကုန်ကြသတဲ့။
ငမှိတ် ။ ။ ကျုပ်ပြောတာ မယုံရင် လောင်းကြေး စားကြေး လုပ်လိုက်လေ။ မနက်ဖြန်ခါတော့ သတင်း သိရတဲ့အခါ ဒီအချိန် ဒီကိုပဲ လောင်းကြေးလာပေးရမယ်၊ ဘယ့်နှယ့်လဲ။
ငဘိုးသောင် ဝင်လာသည်။
"ဟုတ်ပြီဗျာ။ ဘယ်လောက် ကြေးတင်မလဲ"

ထိုညက ငဘိုးသောင်နှင့် ငရွှေမှိတ် တို့ အလောင်းအစား ဖြစ်ကြသည်မှာ နံနက်တွင် ဒေါပုံရပ် ဓားပြတိုက်ခံရသည့် သတင်းနှင့်အတူ ဟိုးဟိုးကျော်သွားခဲ့၏ ။ 

(ဆက်ရန်...)   ကလဲ့စား  (၃) 

Written by သင်္ခရာဇာ
End date: December 26, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...