မင်းကြီး မင်းခေါင်နော်ရထာမှာ အောက်ပြည်သို့ချီရန် လူသစ်စုဆောင်းရင်း ဖျက်ဆီးထားသော ဟံသာဝတီ နေပြည်တော်အနီး ရောက်လာခဲ့၏ ။ အင်းကြီးတစ်ခုကို မြင်ရာ တိုက်ဖော်တိုက်ဖက် ရဲဘော်ဟောင်း မင်းထင်နော်ရထာကို သတိရမိလေသည်။
ယခင်အကြိမ် ရောက်ခဲ့စဉ်က ဤအင်းကြီး၌ ရှေ့ဖျားချီတပ်များ၏ ထိပ်မှ ပါလေ့ရှိသော မင်းထင်နော်ရထာဘွဲ့ခံ ဗိုလ်မှူး လက်ျာဘီလူးသည် အထောက်တော်များ ထားခဲ့ပြီး တိုက်ဆင်များကို အင်းထဲသို့ ရေစိမ်ထားရမည်ဟု အမိန့်ထုတ်ခဲ့ဖူး၏ ။ သူက အဘယ်ကြောင့် ဤနေရာတွင် ရေချရသနည်းဟု မေးရာ နောင်လာမည့် တိုက်ပွဲကြီးအတွက် အောင်မြေနေရာ ဖြစ်သောကြောင့်ဟု ဖြေခဲ့သည်။
လက်ျာဘီလူး၏ စကားကို အပြည့်အဝ နားမလည်သော်လည်း ရိပ်မိသည့်အလျောက် လက်ရွေးစင် မြင်းတပ်သားများကို ကင်းစမ်းချီစေရာ တစ်စခန်းမရောက်မီပင် ကြိုနေသော မွန်တပ်မကြီးနှင့် တွေ့ကြ၍ ဗိုလ်မှူးများထံ မြင်းလျင်လွှတ် အကြောင်းကြားလာသည်။ လက်ျာဘီလူးက တပ်ချမပျက် ချက်ပြုတ်စားသောက်နေကြရင်းမှ ရသလောက် တိုက်ယူခဲ့ဟု ဆို၏ ။
မြန်မာမြင်းသည်တို့လည်း အသက်ကို အသက်မမှတ် ရွပ်ရွပ်ချွံချွံ ထိုးဖောက်တိုက်ခိုက်ကြပါ၏ ။ သို့ရာတွင် အင်အားချင်း ကွာခြားလွန်းရကား မြင်းတပ်ရွေ့ပြီး ခက်ခဲစွာ ဆုတ်ခွာလာခဲ့ရသည်။ အောင်နိုင်သူ မွန်တို့လည်း တရကြမ်း လိုက်ထပ် တိုက်ခိုက်လာရာ ရှေ့ဦးတပ်များ ပျက်လာသည်ကို မြင်ကြသော ချရပ်နေသည့် တပ်များလည်း ဖရိုဖရဲ ဖြစ်နေကြလေသည်။
ထိုအခါ မင်းထင်နော်ရထာနှင့် မင်းခေါင်နော်ရထာ ဗိုလ်မှူးနှစ်ဦး တပ်များကို သိမ်းရုံးလျက် ဖိဖိစီးစီး ကွပ်ညှပ်ထိန်းကျောင်းကာ ဆုတ်လာခဲ့ကြသည်။ တိုက်ဆင်များ ရေစိမ်နေကြသည့် အင်းသို့ရောက်မှ မင်းထင်နော်ရထာက ဆင်အားလုံး ရေမှ တက်စေ၍ ဆင်တပ်ဖြင့် ပြန်တိုက်စေ၏ ။ ဆုတ်လာသူများ၊ မြင်းများ ခေတ္တ အပန်းဖြေ အနားယူကြရသည်။ ဗိုလ်တွန်ပင်လျင် ပွဲကြည့်ပရိသတ် ဖြစ်သွားခဲ့ရသေးသည်။
မွန်တို့၏ တရကြမ်း လိုက်ထပ်လာကြသော ဆင်တပ် မြင်းတပ်များလည်း ခရီးဝေး ပြေးခဲ့ရသောကြောင့် ခြေကုန်ပြီ ဖြစ်ရကား ဆင်တပ်ချင်း ဆိုင်မိလျင် မထိုးနိုင်၊ မခံနိုင်၊ အစွယ်ပင် မယှက်နိုင်ဘဲ တန့်နေရာမှ နောက်သို့သာ လည်ကုန်ကြလေသည်။ ရေစိမ်ထားရသဖြင့် အင်အားပြည့်နေကြသော မြန်မာဆင်များ၏ တစ်ဖက်သတ် ထိုးခြင်းကို ခံရပြီး နောက်လှည့်ပြေးကြရင်း ကိုယ့်တပ်ကို နင်းမိကုန်တော့သည်။
ထိုအခါမှ မြန်မာတပ်ဟူသမျှ တစ်စုတည်း ဝိုင်းတိုက်စေလိုက်သောအခါ မွန်တို့သည် မရပ်မခံနိုင်တော့ဘဲ ဆင်မြင်းလက်နက် သုံ့ပန်းများစွာ ထားခဲ့ရပြီး နီးရာ တောကြိုအုံကြားသို့ ခြေလွတ်လက်လွတ် ဝင်ပြေးကြရလေ၏ ။
ယင်းသို့သော စစ်ဆင်ပုံအကြောင်းကို မင်းခေါင်နော်ရထာက မေးသောအခါ လက်ျာဘီလူးသည် သူ၏ နည်းဗျူဟာမှာ ရာဇာဓိရာဇ် ဆင်တော် ဗကမတ်အား အတုယူလျက် အင်းဝမင်းသား မင်းရဲကျော်စွာ အသက်နှင့် ရင်း၍ ပေးခဲ့သော သင်ခန်းစာနှင့် အင်းကိုမြင်စဉ် သတိရလိုက်မိသော တောင်ငူဥပရာဇာ ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ ဗျူဟာများ ပေါင်းစပ်ထားခြင်းသာ ဖြစ်ကြောင်း ဖြေခဲ့သည်။
ထိုသို့ စီမံနိုင်စွမ်းရှိသော စစ်ဘုရင် ဗိုလ်ချုပ်တစ်ဦးမှာ ယခုအခါတွင် ရှေးနည်းတူ စစ်ဦးမှ မပါဝင်ရတော့ဘဲ စစ်ခြေဖြစ်သွားခဲ့ရသည်ကို လွန်စွာ နှမြောတသမိ၏ ။ ရှေးအခါက မင်းတရားကြီး ချီတော်မူလျင် ရှေ့တော်မှ ခန့်ညားလှပစွာ ဓားထမ်းလိုက်ရပုံကိုလည်း မြင်တွေ့ရရန် မလွယ်တော့။ ရေကြောင်းမှ စုန်ခဲ့တိုင်း ဇလာကပင်း ကတ္တူလွန်းကြင်များစွာ ခြံရံလျက် သုရှင်ဖောင်တော်ရှေ့ ရွှေလှော်ကားလေးစင်းနှင့် လိုက်ရသည့် အရှေ့ဝင်းမှူးလည်း မဟုတ်တော့။
"စကားတစ်ခွန်းအတွက်နဲ့များ.. ကွယ်ရို့"
ဟု ဦးတွန် မသက်မသာ ညည်းမိသည်။ သူ့နောက်၌ ရဲမက်သားတစ်ယောက် လာရပ်နေသည်ကို တွေ့သဖြင့် လှည့်ကြည့်ရာ
"အရှင့်ကို အရပ်သမတစ်ဦးက တွေ့ခွင့်တောင်းနေပါတယ်ဘုရား"
"ဘယ်က အရပ်သူလဲ"
"မွန်အမျိုးသမီး သူဆင်းရဲမတစ်ဦးပါ၊ အဝတ်ဗလချာနှင့် နွမ်းနယ်ဟန် ပေါက်ပါသည်"
"ငါ မအားဘူး ပြောလိုက်ကွာ၊ လျှောက်စရာရှိတာကို မေးမှတ်ထားလိုက်"
"အမိန့်တော်အတိုင်းပါ"
ရဲမက်သား နောက်သို့ဆုတ်လျက် အရိုအသေပြုကာ ထွက်သွားသည်။ အကယ်၍ မင်းခေါင်နော်ရထာသာ ထိုအမျိုးသမီးကို လက်ခံတွေ့ဆုံခဲ့ပါက သူ့အိမ်တော်၌ စားဖိုဆောင် အကူ ပြုခဲ့ဖူးသည့် သူငယ်မ၊ ပဲခူးမင်းညီတော် ဥပရာဇာ၏ သူလျှိုတစ်ဦး၊ ထို့ပြင် ခရီးဖော် တိုက်ဖော် ဖြစ်ခဲ့ဖူးသည့် လက်ျာဘီလူး၏ ထမင်းချက်မလေး မိစောမွန်ကို မြင်ရပေလိမ့်မည်။
မိစောမွန် အဖြစ်ကလည်း ဆိုး၏ ။ မိမိ အရှင်သခင် ဗညားအရိန္ဒမထံမှ ထွက်၍ လက်ျာဘီလူးနောက် လိုက်လာသောအခါ ဝရမ်းပြေးအဖြစ် မွန်တို့ သတ်မှတ်ခြင်း ခံခဲ့ရပြီး သူ့ရွာ၊ သူ့အိမ်များသို့လည်း ရဲမက်များ ရောက်လာခဲ့ကြရာ တစ်ရွာလုံးက မိစောမွန်အား သစ္စာဖောက်အဖြစ် သတ်မှတ် ရှုမြင်ခဲ့ကြပြီဖြစ်သည်။
ထို့ကြောင့် မွန်တိုင်းဌာနီ နေပြည်တော်ကြီး ဖျက်ဆီးခံလိုက်ရပြီး မွန်ပဒေသရာဇ်ခေတ် ချုပ်ငြိမ်းသွားရပြီးနောက်တွင် မြန်မာတို့ထံမှ ပြန်လာခဲ့သော မိစောမွန်ကို မည်သူကမျှ လက်သင့်မခံကြတော့ဘဲ မုန်းတီးရန်လိုနေကြပေသည်။ ငယ်စဉ်ကပင် ထွက်လာခဲ့သဖြင့် ရွာအပေါ် သံယောဇဉ် မရှိလှသည့် မိစောမွန်ကလည်း တွယ်ကပ်မနေ၊ အန္တရာယ် မကျရောက်ခင် ချက်ချင်း ပြန်ထွက်လာခဲ့၏ ။
ထို့နောက် ဒဂုံခေါ် ရန်ကုန်မြို့သစ်၌ အလုပ်အကိုင် ရှာဖွေရင်း ကျင်လည်နေခဲ့ရာ လက်ျာဘီလူး ပြန်လွတ်လာသည့် သတင်းနှင့်အတူ မင်းကြီး မင်းခေါင်နော်ရထာ ပဲခူးဘက်သို့ ရောက်လှာသည်ဟု ကြားသောကြောင့် အကြောင်းချင်းရာ မေးမြန်းလို၍ လိုက်လာခြင်း ဖြစ်သည်။ သို့သော် ဦးတွန်က အတွေ့မခံ။ ထို့ကြောင့် ချေချေရာရာ မပြောတော့ဘဲ လှည့်ပြန်လာသည်။
လက်ျာဘီလူး မည်သည့်တပ် မည်သူ့လက်အောက်၌ ရောက်နေသည်ကို သူမသိ။ တိုင်းရေးပြည်ရေး ရှုပ်ထွေးနေချိန်ဖြစ်သဖြင့် စုံစမ်းရန်လည်း ခက်ခဲနေ၏ ။ စည်းကြပ်ခံရသော တပ်သားသစ်များလည်း ခြေသံမစဲ ရှိနေသည်။ ဝမ်းရေးကလည်း ရှိသေးရာ မိန်းမကိုယ်တစ်ဦးတည်း ရုန်းကန်နေရသည်မှာ ခက်ခဲလှ၏ ။
အစကို ပြန်ကောက်ကြပါဦးစို့။ တာမွေရပ်ဝယ် အောင်ပွဲခံနေသော ဓားပြ ငရွှေမှိတ် နှင့် သူခိုး ငဘိုးသောင်တို့ မိတ်ဖွဲ့လိုက်ကြသော်လည်း တစ်ဦးကိုတစ်ဦး မည်သူမည်ဝါဟု အသိပေးကြခြင်း မရှိ။ ငွေသားငါးဆယ် ရှုံးထားသည့် ငဘိုးသောင်က အခဲမကျေဘဲ ငရွှေမှိတ်လူဟု သံသယဝင်နေသလို ငရွှေမှိတ်ကလည်း ငဘိုးသောင်ကို မသင်္ကာ၊ သတိဖြင့် ပေါင်းသင်းနေလေသည်။
တစ်ညသ၌ သူတို့နှစ်ဦး အပေါင်းအဖော်များနှင့် စကားချင်းရာ များကြပြန်လေသည်။ ထုံးစံအတိုင်း ငမှိတ် သာသည်၊ ငသောင် ပိုသည် ငြင်းကြရာမှ စ၏ ။ ငရွှေမှိတ်က ငဘိုးသောင် လူများကို စတင်စိန်ခေါ်ရာ မည်သို့ဖက်ပြိုင်ပြိုင် ငရွှေမှိတ်ကို မနိုင်ကြချေ။ လက်ဗလာ၊ ကြိုက်ရာလက်နက် ယှဉ်ကြသည့်အနက် ငရွှေမှိတ်သာ အတော်ဆုံးဖြစ်နေရာ ငဘိုးသောင်က
"မဟုတ်မှ လွဲရော၊ နောင်ကြီးက ငရွှေမှိတ်ကိုယ်တိုင်များလား"
ဟု မေးလိုက်၏ ။ ငရွှေမှိတ်ကလည်း ဝံ့ကြွားစွာဖြင့်
"ဟုတ်ပါသော်ကော၊ ငရွှေမှိတ်ကို ဘယ်သူ နိုင်မှာလဲ"
ဟု လက်မထောင်လျက် ကြုံးဝါးလိုက်သည်။ ဘေးလူများအားလုံး အံ့အားသင့်နေခိုက် တစ်နေရာမှ ကြည့်နေသည့် ရှင်သဲ ထလာပြီး
"မောင်ကြီးက လက်ရုံးအထူးထက်မြက်လှတဲ့ ညဉ့်လူ လူစွမ်းကြီး ရွှေမှိတ် ဆိုတာပေါ့"
ဟု မေးလေသည်။ ငရွှေမှိတ်လည်း မျက်ခုံးပင့်ကာ
"ဟုတ်ပ၊ နှမ ဘာအတွက် မေးသလဲ"
"လူတစ်ယောက်ကို လုပ်ကြံဝံ့မလားလို့ မေးခိုင်းလိုက်လို့ပါ"
"ဘယ်လို၊ လုပ်ကြံတာက ကျုပ်အလုပ် မဟုတ်ဘူး။ သုတ်သင်သူ ဆိုတဲ့ တစ်ဦးကို ရှာရမယ်မဟုတ်လား"
"သူ့ကို ဘယ်လို အစရှာရမှန်း မသိလို့ ဓားလှံလက်နက် အစုံတတ်ကျွမ်းပါတယ် ဆိုတဲ့ မောင်ကြီးကို ကြေးစားထည့်ချင်လို့ပါတဲ့ရှင့်"
"အော်ဟော်၊ သည်လိုလား။ ရတယ်လေ.. ကျုပ်တောင်းသလောက် ရမယ်ဆို လုပ်ပေးရမှာပေါ့။ ကျုပ်က ဘယ်သူ့ကို လုပ်ကြံရမှာလဲ နှမရဲ့"
ငရွှေမှိတ်က ဝါကြွားလိုဟန်ဖြင့် ဘေးဘီဝေ့ဝိုက်ကြည့်ရင်း ပြုံးစေ့စေ့ မေးရာ ငဘိုးသောင် အံကြိတ်ထားလိုက်မိသည်။
"လက်ျာဘီလူး ဆိုတဲ့ စစ်သည်တစ်ဦးကိုပါ"
"ဟာ.. ကုန်းဘောင် ရွှေဘိုတပ်သားလား"
"မှန်ပါတယ်"
"ရွှေဘိုသား ဓားထက်တယ် ကြားတယ်နော်။ အန္တရာယ် များလွန်းလှတယ်ဗျ"
ထိုအခါ ငဘိုးသောင်က အကွက်ဝင်လာပြီဖြစ်၍ ဝင်ပင့်ပေးသည်။
"အို.. ရွှေဘိုသားတော့ရော ဘာဖြစ်လဲ၊ နောင်ကြီးက ဓားပြဗိုလ် ဗိုလ်ရွှေမှိတ်ပဲဟာ။ ဗိုလ်မှိတ်ကိုတော့ ခံနိုင်မှာတဲ့လား"
ငရွှေမှိတ် ယောင်အမ်းအမ်း ဖြစ်သွားသည်။ ရှင်သဲကလည်း 'ဟုတ်သားပဲ မောင်ကြီးရဲ့' ဟူ၍ ထောင်လိုက်ပြန်သည်။ တက်လုလု ဖြစ်နေသော ဘဝင်က တစ်ချက်တည်း မြင့်သွားတော့၏ ။
"အိမ်း.. ဒါဆိုလည်း လုပ်ရတာပလေ။ တပ်ထဲတော့ ဝင်မလုပ်နိုင်ဘူး။ လုပ်ရေးသာအောင် စီစဉ်ပေးရမယ်။ ဘယ့်နှယ်လဲ"
"ဖြစ်ရမှာပေါ့ရှင်၊ ကျွန်တော်မ အကြောင်းပြန်ပါ့မယ်"
ထိုစဉ် မထင်မှတ်သည်က ဖြစ်လာ၏ ။ မိန်းမပျိုတစ်ဦး ဆိုင်ထဲ တည့်တည့် ဝင်လာပြီး ဓားတိုနှစ်ချောင်း လက်ခနဲ ပေါ်လာကာ ငရွှေမှိတ်၏ ရင်အုံနှင့် မိတ်ဆက်သွားခြင်း ဖြစ်သည်။
"စွပ်" "စွပ်"
(ဆက်ရန်...) ကလဲ့စား (၄)
Written by သင်္ခရာဇာ
End date: December 26, 2021
No comments:
Post a Comment