စည်ကား ဆူညံနေသော စျေးလမ်းမကြီးတစ်ခု။ အသံစာစာ အော်ဟစ် စျေးခေါ်နေသံများကြား၌ ခင်ဘုန်းတို့ အပျိုတော်တစ်စုသား ပျော်ဝင်နေ၏ ။ ခင်ဘုန်းက ဆိုင်ပေါ်တင်ထားသော ကြွက်မြီးရှည် အုန်းသီးခြောက်များနှင့် ဆိုင်ရှေ့မှ အုန်းသီးစိမ်းများ၊ အခွံခွာထားသည့် ခြင်းကြားထဲမှ အုန်းသီးဖြူဖြူများကို စိတ်ဝင်စားနေသည်။
အုန်းသီးဆံ စားချင်၍ ဝင်မေးနေသည့် ခင်ဘုန်းအား အခြားသူများက ရပ်စောင့်မနေကြ၊ ရှေ့နားရှိ အသီးအရွက်တောင်းများ ချထားကြသည့် စျေးသည်များထံ ရောက်သွားကြချိန်။ လူတစ်စုက လှည်းကြီးတစ်စီးကို ညာသံပေး၍ စျေးလယ်မှ တွန်းသွားကြသည်။ သူတို့ကြား၌ လက်ျာဘီလူးကို ခင်ဘုန်း တွေ့လိုက်ရ၏ ။
ရုတ်တရက်သော် မမှတ်မိ၊ မြင်ဖူးပါသည်ဟု ကြည့်နေရာမှ လက်ျာဘီလူးမှန်း သိသွားသည်။ သူသည် အလွန် ပိန်သွားပြီး အသားအရေ ညိုညစ်ညစ် ဖြစ်နေ၏ ။ လက်ျာဘီလူးအား သပ်ရပ်တောက်ပြောင်သော အဝတ်တန်ဆာများဖြင့်သာ မြင်ဖူးလေ့ရှိသော ခင်ဘုန်းမှာ ဖျင်အင်္ကျီ ဟပြဲနှင့် ဆံပင်ဖွာလန်ကြဲကာ ဖရိုဖရဲဖြစ်နေပုံကို မြင်လိုက်ရသောအခါ မယုံနိုင်သလို ဖြစ်သွားရင်းမှ ပြုံးပျော်ကျေနပ်သွားမိ၏ ။
"သင်း ငါ့သိက္ခာကို စော်ကားခဲ့လို့ သာမန်ရဲမက်ကလေး ဖြစ်နေရပြီပေါ့လေ .. ဟင်းဟင်း"
စိတ်ထဲ၌ တစ်ကိုယ်တည်း ပြောနေစဥ် ခင်ဘုန်းအား လိုက်ရှာနေသည့် လက်သုံးတော်ကလေး ရှင်သဲ ရောက်လာသည်။
"အရှင်မတို့ စျေးကို သွားကြတယ်လို့ အထိန်းတော်ကြီးက ပြောလို့ လိုက်လာတာ"
ရှင်သဲနောက် နောက်ယောင်ခံ လိုက်လာသော မိစောမွန်လည်း ရှင်သဲနှင့် တွေ့ဆုံ စကားပြောနေသည့် နန်းတွင်းသူကလေးအား မြင်ဖူးသလိုလို ရှိသည်ဟု တွေးနေလေသည်။ ဘေးတိုက် ခပ်လှမ်းလှမ်းမှ ဖြစ်နေ၍ သေချာ မမြင်ရ။ ထိုသူငယ်မကလေးကိုလည်း ရှင်သဲ၏ သခင်ဟု မထင်ချေ။
အားစိုက် ကြည့်ရှု နားစွင့်နေရသဖြင့် အခြားလမ်းမှ ထွက်သွားကြသော လှည်းတွန်းနေကြသူများကို ဂရုမပြုမိ။ ထို့ကြောင့် သိကျွမ်းရင်းနှီးဖူးသူများ ပါနေသည်ကို မိစောမွန် သတိမထားမိလိုက်ပေ။ လက်ျာဘီလူးတို့ လူသိုက်ကတော့ တိုင်လိုက် အော်လိုက်နှင့် လေးနစ်နေသော လှည်းကြီးအား တက်ညီလက်ညီ တွန်းရင်း ဝေးသွားပြီ ဖြစ်သည်။
မိစောမွန်သည် အပျိုတော်များ အပြန်ကို ချောင်းလိုက်သွား၏ ။ တစ်ချိန်က ဗိုလ်မှူး မင်းထင်နော်ရထာ မြို့စောင့်ရင်း နေခဲ့သော နှစ်ဆောင်ပြိုင်အိမ်ကြီးထဲ မင်းမိဖုရားများ စတည်းချနေကြရာသို့ အားလုံး ဝင်သွားကြသည်အထိ စောင့်ကြည့်နေသလို တစ်နေ့လုံးလည်း စိတ်ရှည်ရှည်ဖြင့် စောင့်သည်။ ညနေ ရှင်သဲ ပြန်ထွက်လာပြီး အိမ်ပြန်သွားသည်အထိ။
နှစ်ရက် သုံးရက် ကြာသည်အထိ ရှင်သဲသည် သွားလိုက် ပြန်လိုက်သာ ရှိနေပြီး အခြားသို့ ထွက်လည်သည် မရှိ။ စျေး၌ မြင်ခဲ့သော အပျိုတော်များကိုလည်း နောက်ထပ်မမြင်ရတော့။ မိစောမွန် စဥ်းစားရ ကြပ်နေသည်။ ရှင်သဲအား မည်သူ ခိုင်းသနည်း။ ဗိုလ်မင်း တပ်မင်းများထဲမှ အကောက်ကြံသလော၊ ဝန်တို၍ လုပ်ကြံလိုသလောဟုသာ တွေးနေရ၏ ။
တစ်ညတွင်တော့ ရှင်သဲအပြန် မှောင်ရီပျိုးစအချိန် လမ်းမှ စောင့်နေလိုက်သည်။ ရှင်သဲလည်း မိစောမွန်ကို မြင်လျင် လန့်အော်၏ ။ မိစောမွန်က ခြုံစောင်ထဲ ဝှက်ထားသည့် ဓားကို လှစ်ပြရင်း အနားကပ်သွားလေသည်။
"မအော်နဲ့၊ တစ်ချက်တည်း အသက်ပျောက်သွားမယ်။ ငါ ဘယ်သူလဲ သိတယ် မဟုတ်လား အမိ"
"သိပါတယ်ရှင်၊ မလုပ်လိုက်ပါနဲ့။ ရှိကြီးခိုးပါရဲ့"
"ဟုတ်ပြီ၊ ညည်းကို ခိုင်းတာ ဘယ်သူလဲလို့ ထုတ်ဖော်ပြောပေတော့။ မပြောရင်တော့ ဒီနေရာမှာပဲ အသေထိုးသတ်ခဲ့တော့မယ်"
လူချင်းကပ်၍ တကယ် ထိုးမည့်ဟန် ပြရာ ရှင်သဲသည် မျက်ကလူးဆန်ပြာဖြစ်လျက်
"အောင်မယ်လေး.. မပြောပါရစေနဲ့။ ဓားနဲ့လည်း မထိုးပါနဲ့ရှင့်။ ကျွန်မ ကြောက်လို့ပါ"
အတော်ကြာသည်အထိ ငြင်းနေသေးသည်။ ခါးအသားထဲ စပါးလုံးတစ်ထောက်ခန့် စူးတော့မှ စန္ဒဝတီ ဟူသော အမည် ထွက်လာတော့သည်။ လုပ်ကြံရန် စေခိုင်းသူမှာ မိန်းမသား ဖြစ်နေသည့်အတွက် အံ့သြမိသော်လည်း ရှင်သဲကို လွှတ်ပေးလိုက်၏ ။
နောက်တစ်နေ့ အတွင်းတော် ဝင်ရသောအခါ ရှင်သဲက ကသည်းမင်းသမီးငယ်အား တိုးတိုးကြိတ်ကြိတ် ခေါ်ပြောလေသည်။ ခင်ဘုန်းလည်း အဘယ့်ကြောင့် သူ့အား သုတ်သင်သူ ဟူသည့် အမျိုးသမီးတစ်ဦးက လိုက်လံစုံစမ်းနေသည်ကို နားမလည်၊ လက်ျာဘီလူးနှင့် မည်သို့ ပတ်သက်နေမှန်းလည်း မသိ။ သူသိသည်မှာ လက်ျာဘီလူးအား ကြံလိုလျင် မြန်မြန် လက်စသတ်ရန် လိုသည်ဟုသာ တွေးမိလေသည်။
မယ်တော်ကြီး ခေါင်ဘုရား စန္ဒာဒေဝီ၏ အပါးတော်၌ ခစားရသော မင်းသမီးတစ်ဦးဖြစ်သည့် အားလျော်စွာ ခင်ဘုန်းသည် သုံးနိုင်သမျှသော အခွင့်အာဏာကို အသုံးချလျက် လက်ျာဘီလူးအား နည်းမျိုးစုံဖြင့် ကြုံလျင် ကြုံသလို ဒုက္ခပေးနေတော့၏ ။ ပဲခူးသို့ တက်ကြသောအခါ၌လည်း သူတို့ ဆုံမိကြပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်ကား လက်ျာဘီလူးအား ဒုက္ခရောက်စေရန် ကြံစည်ရင်း မည်သို့ ဖြစ်သွားသည်မသိ၊ သူကပင် ပြန်ကယ်လိုက်မိလေသည်။ သူ့ကြောင့် အားနည်း ပင်ပန်းကာ ရေနစ်သွားသော လက်ျာဘီလူး၏ မျက်လုံးအကြည့်ဒဏ်ကို မခံစားနိုင်ခဲ့။ မည်မျှ ပင်ပန်းနွမ်းနယ်နေသည်ဖြစ်စေ ထာဝစဥ် အပြုံးနှင့် ယှဥ်တွဲထားတတ်သော မျက်လုံးများသည် သူ့ကို မြင်လိုက်သည့် တစ်ခဏ အေးခဲမာကျောသွားကြောင်း တွေ့လိုက်ရသည်။
သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံမိချိန်မှာ လက်ဖျစ်တစ်တွက်သာသာ တစ်ဒင်္ဂလေးပဲဖြစ်၏ ။ သို့ရာတွင် မြင်မြင်ချင်း အရောင်ပြောင်းလျက် အမုန်းများဖြင့် စူးဝါးခက်ထန်သွားသည့် အကြည့်၌ လက်ျာဘီလူး၏ ဒေါသနှင့် မာန်မာနကို မြင်လိုက်ရသလို ရှိ၏ ။ လက်ျာဘီလူး၏ မုန်းတီးစက်ဆုပ်မှုကို ရရှိလိုက်ပြီဟု သိလိုက်ရသောအခါ ခင်ဘုန်း ထိတ်လန့်တုန်လှုပ်သွားမိသည်။
ချောင်းထဲမှ လက်ျာဘီလူးက ကြည့်နေရင်းပင် မျက်လုံးမမှိတ်ဘဲ ခေါင်းလည် နစ်မြုပ်သွားသည်။ ခင်ဘုန်းသည် သူ့ကိုယ်သူ မသိလိုက်ခင် ချောင်းစပ်သို့ ပြေးသွားမိ၏ ။ တစ်ချိန်က မြင်တွေ့ခဲ့ဖူးသော လူတစ်ယောက် ပြေးလာပြီး ချောင်းစပ်မှ လှေငယ်တစ်စင်းအား ကြိုးဖြည်နေသည်ကို တွေ့ရာ လုပ်မိလုပ်ရာ လှေကို ရေထဲ တွန်းချပြီး တက်လိုက်သည်။
ထို့နောက် ထူထူပူပူနှင့်ပင် လက်ျာဘီလူးအား ရေထဲမှ ဆွဲတင်ခဲ့ပြီး အရုပ်ကလေးတစ်ရုပ်လို ပခုံးပေါ် ထမ်းတင်ကာ ကုန်းပေါ် ပြေးတက်ခဲ့ရာ ရောက်လာကြသည့် စစ်သည်များအားလုံး အံ့သြကြရ၏ ။ နန်းတွင်းအဝတ်အစားနှင့် ကျားရဲမလေးသဏ္ဍာန် ဖြစ်နေသော ကောင်မလေးတစ်ယောက်က သူတို့တပ်မှူးအား စိုးရိမ်ပူပန်စွာ ထမ်းပြေးနေသည်ကို ငေးကြည့်နေကြသည်။
"ဟိတ်.. အဲသာ ဟိုကသည်းမကလေး မဟုတ်လား"
"ဟာ.. ဟုတ်တယ်၊ ကျားသစ်မလေးပဲ"
"ဘယ်လိုလုပ် သည်ကို ရောက်လာပါလိမ့်"
"ဘယ်က ပေါ်လာမှန်းမသိ တို့တပ်မှူးကို ငါတို့ထက် စိုးရိမ်သောက ရောက်နေတယ်... ကြည့်စမ်း"
မည်သူတွေ မည်သို့ဆိုဆို ခင်ဘုန်း မကြားချေ။ သူ့နားထဲ ကြားယောင်နေသည်မှာ "မင်းကို ကျုပ် သိပ်မုန်းတယ်၊ ဘယ်တော့မှ မကျေဘူး" ဟု ပြောနေသယောင်ရှိသော မျက်လုံးများ၏ စကားသံများသာ ဖြစ်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး" ဟု သူ့ဘာသာ ရေရွတ်ရင်း လက်ျာဘီလူးကို ပခုံးပေါ်မှ ချလျက် စေ့စေ့ကြည့်မိသည်။ မေ့မျောနေသော်လည်း လက်ျာဘီလူး၏ မျက်နှာမှာ ခက်ထန်တင်းမာလွန်းနေသည် ထင်ရ၏ ။
သူ့လူများက သူ့ကို သယ်သွားကြသည်အထိ ခင်ဘုန်း ခြေပစ်လက်ပစ် ထိုင်ရင်း ငေးကြောင်နေမိသည်။ "ကျွန်မ ဒီလိုဖြစ်ဖို့ ရည်ရွယ်တာ မဟုတ်ဘူး" "မလိုချင်ဘူး၊ အဲဒီအကြည့်တွေနဲ့ မကြည့်နဲ့" ဟု စိတ်ထဲဝယ် အော်ဟစ်နေမိသော်လည်း တကယ်တမ်းတွင် အသံထွက်မလာဘဲ နှုတ်ခမ်းများသည်သာ တလှုပ်လှုပ်။
မငိုတတ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၍ အေးစက်နေသော ပါးပြင်ကို ပွတ်ပစ်လိုက်ရန် မေ့လျော့နေမိသည်။ ဘယ်သူမှ မရှိတော့မှ ခွင့်မပြုဘဲ ကျဆင်းလာခဲ့ကြသည့် မျက်ရည်စက်များအား သုတ်ဖို့ သတိရလာသည်။ ရွှံ့အလူးလူး သဲအလိမ်းလိမ်း ပေကျံနေသော မိန်းမငယ်လေးတစ်ဦး ချောင်းစပ်၌ အသံကုန် အော်ပစ်လိုက်လေသည်။
(ဆက်ရန်...) ကလဲ့စား (၆)
Written by သင်္ခရာဇာ
End date: December 28, 2021
No comments:
Post a Comment