"ဟိုကလေးမ ကွာ.."
ချောင်းတဟွတ်ဟွတ် ဆိုးနေရင်းမှ အားယူပြောလိုက်သည့် စကား။ အနားရှိ ရဲဘော်များက သူ့ကို ပြုစုရင်း ငြိမ်နေကြသည်။ သူရိန်က နဖူးပေါ်မှ ရေစိုဝတ်ကို ယူ၍ ရေစိမ်ကာ ညှစ်လိုက်ရင်း
"ဘာဖြစ်လို့လဲ တပ်မှူး"
လက်ျာဘီလူး စကားမဆက်၊ မကျေမနပ် ဖြစ်နေမှန်းတော့ သိသာသည်။ သူတို့တပ်မှူး၏ ဟန်မဆောင်တတ်သည့် မျက်နှာကို ကြည့်ပြီး အချို့က ပြုံးကြသည်။ အတန်ကြာ အားယူပြီးမှ လက်ျာဘီလူးက သူ့စကားကို ဆက်၏ ။
"......... လွန်လွန်းတယ်"
ငသူရိန်ပါ တစ်ဖက်လှည့်ရင်း ပြုံးဖြစ်သွားသည်။ "ဒါပဲလား" ဟု မေးချင်သော်လည်း မမေးမိ။ မေးလည်း ပြောမည့်သူ မဟုတ်ပြီ။ သူ အပြစ်တင်သမျှမှာ ထိုလောက်သာ ဖြစ်လေသည်။
"ဘာလဲ၊ တပ်မှူးကို အကြိမ်ကြိမ် ဒုက္ခပေးဖို့ ကြိုးစားလို့လား"
"မင်းတို့ကိုပါ အများကြီး ပေးခဲ့လို့"
ဟု ပြောရင်း ပြန်မှိန်းသွားသည်။ အားမရှိသော်လည်း ဖြူဖျော့မနေဘဲ ဒေါသရောင် နီမြန်းနေသော မျက်နှာကြောင့် သူတို့ အားတက်ကြရ၏ ။ တပ်မှူး၌ အားအင်နှင့် မာန်များ ရှိနေသေးကြောင်း သိသာစေသောကြောင့် ဖြစ်သည်။ ဆေးကြိတ်နေသည့် ငကံက တစ်ခုခု ပြောမည် ပြင်ပြီးမှ စကားကို လွှဲပြောသည်။
"နောက်ဆိုရင်တော့ လုပ်တော့မှာ မဟုတ်ဘူး လို့ မျှော်လင့်ရတာပဲ"
လက်ျာဘီလူး ကြားသော်လည်း မျက်လုံးပြန်ပွင့်မလာတော့။ ဆေးကြိတ်ပြီး၍ တိုက်သောအခါ ပါးစပ်ဟပေးသည်။ ခါးသက်လှသော အရသာကြောင့် မျက်မှောင်တစ်ချက် ရှုံ့သွား၏ ။ ထို့နောက် အားယူထရာ ငကံတို့က တွဲထူပေးလိုက်ကြသည်။ သူ၏ လက်များသည် ပူခြစ်နေပြီး လူကလည်း ယိုင်တိုင်တိုင်။ သို့သော် မူးရိပ်မူးရီဖြင့်ပင် ထသွားသည်။
"အဖျားရှိရင် မထနဲ့ဦးလေ၊ ဘာလုပ်ချင်လို့လဲ ကျုပ်တို့ကို ပြောပါ တပ်မှူး"
သူက အပြင်ရောက်မှ
"ရပါတယ်၊ မင်းတို့ သတင်းရော ပို့ပြီးပြီလား"
"လူလွှတ် ပို့လိုက်ပါပြီ"
"ဒါနဲ့ ဦးတွန် ဘယ်ရောက်နေတယ် တဲ့လဲ"
"မင်းကြီးလည်း ပဲခူးချောင်းဘက် ရောက်နေတယ် ကြားပါတယ်"
"ငါ သူ့ကို စာပို့လိုက်ချင်တယ်၊ မယ်မယ်ကြီးဆီ ဝင်တွေ့ဖို့"
အပြင်ထွက်လိုက်လာသည့် သူရိန်က
"နန်းမတော်ကြီးဆီ တပ်မှူးကိုယ်တိုင် သွားပြီး အဖူးအမြော် မဝင်တော့ဘူးလား"
လက်ျာဘီလူး တွေသွား၏ ။
"မဝင်တော့ပါဘူးကွာ"
ထရံကို မှီထားရင်းမှ
"ငါက အရှေ့ဝင်းမှူးလည်း မဟုတ်တော့ဘူးလေ"
"မယ်တော်ကြီးဘုရားကတော့ တပ်မှူးကို သံယောဇဉ် ရှိရှာသား၊ ထောင်ထဲထိတောင် ဝင်တွေ့တော်မူတယ်နော်"
"အခုက ငါ အခစားဝင်ချင်တောင် ဝင်လို့ မရတော့ဘူး ငသူရိန်"
သူရိန် ငြိမ်သွားရသည်။ လက်ျာဘီလူးကတော့ ယမ်းအိတ်များ သယ်ချနေကြသည့် ယာယီယမ်းတိုက်ဘက်သို့ လျှောက်သွားလေသည်။ တပ်ရေးဗိုလ် နန္ဒသီရိကျော်သူက ယခင်တစ်ခေါက် ဟံသာဝတီအား မလုပ်ကြံမီ အင်္ဂလိပ်တို့ထံမှ ဝယ်ယူထားခဲ့ပြီး ယခုမှ ရောက်လာသည့် ယမ်းအိတ်များအား ဂရုတစိုက် သယ်ယူကြရန် ကွပ်ကဲနေသည်။
"ကျွန်တော် ဘာလုပ်ရဦးမလဲ"
"ဟာ.. သွေးသောက်၊ နေ.. နေ.. ရတယ်။ အဲ.. ဟိုအရိပ်ထဲမှာ ထိုင်ပြီး တာလီမှတ်ပေးဗျာ"
သူ မခိုင်းလျင် အခြားအလုပ်တစ်ခု သွားလုပ်နေမည်ကို စိုးရိမ်၍ ဗိုလ်နန္ဒက လက်ျာဘီလူးအား သက်သာမည့် အလုပ် ပေးထားခဲ့ပြီး အမြောက်တပ်ဘက် ထွက်သွားလေ၏ ။
ရှင်သဲ ပေါ်မလာသည်မှာ သုံးရက်ရှိပြီဖြစ်၍ အပျိုတော်သား အခြားသူများထက် စန္ဒဝတီက ပိုမိုစိုးရိမ်နေမိသည်။ သုတ်သင်သူအကြောင်း ပြောပြီး နောက်တစ်ရက်သာ မယ်တော်ကြီးထံ အခစားဝင်နိုင်ပြီး လုံးဝ ပေါ်မလာတော့။ ရှင်သဲ တစ်ခုခု ဖြစ်နေပြီဟု ထင်မိသဖြင့် ညနေ၌ မယ်မယ်ဘုရားထံ ခွင့်ပန်ကြည့်ရာ အသာတကြည်ပင် လွှတ်တော်မူသည်။
ထို့ကြောင့် ရှင်သဲ နေထိုင်သည် ဆိုသော အရပ်သို့ မေးစမ်း လိုက်ခဲ့၏ ။ ရှင်သဲနေအိမ်အား အလွယ်တကူ ရှာတွေ့သော်လည်း မိဘနှစ်ပါးမှာ သမီးဖြစ်သူ ပျောက်နေသဖြင့် သောကမီးတောက် လောင်မြိုက်ပူလောင်နေကြကြောင်း တွေ့ရလေသည်။ ခင်ဘုန်းကတော့ သုတ်သင်သူ ဟူသည့် အမျိုးသမီးလက်ချက် ဖြစ်လိမ့်မည်ဟု ထင်လိုက်သည်။
ရှင်သဲပြောခဲ့သည့် တာမွေဘက်သို့ သွားရောက်စုံစမ်းမည်ဟု ထွက်ခဲ့ရာ အရိပ်တစ်ခု ကပ်ပါလာသည်ကို သတိမထားမိပေ။ သူ့နောက် လိုက်နေသည့် အရိပ်သည် အလွန်လျင်မြန်၏ ။ ပေါ့ပါး သွက်လက်လှပြီး မျောက်တစ်ကောင်ကဲ့သို့ သစ်ပင်တက်ခြင်း အပင်ကူးခြင်းများ ပြုနိုင်သူ ဖြစ်သည်။
အသက်အသံလည်း လုံးဝ မကြားရသလောက်ပင် ရှိနေရာ ခင်ဘုန်း သတိမထားမိဘဲ လူပြတ်သည့် တောတန်း လှည်းလမ်းကလေးတစ်ခုသို့ ရောက်လာခဲ့သည်။ အပင်ကြီးများလည်း မရှိတော့သဖြင့် နောက်မှအရိပ်က ချုံနွယ်ပေါင်းပင်များကို ခိုကွယ် လိုက်ပါလာသည်။
အလွန် လူပြတ်သည်မို့ တစ်ယောက်တည်း လာခဲ့မိသည်ကို ခင်ဘုန်း နောင်တရချင်သလို ဖြစ်လာ၏ ။ မကြောက်တတ်သော်လည်း မိန်းမသားတစ်ဦးတည်း မသင့်တော်သည်ကတော့ အမှန်။ ထိုစဉ် ကျောမလုံသကဲ့သို့ ခံစားရသဖြင့် အမှတ်မထင် လှည့်ကြည့်လိုက်မိသည်။ သူ့နောက်ဝယ် ကြောက်စရာကောင်းသော အဆင်းသဏ္ဍာန်တစ်ခုကို မြင်လိုက်ရ၍ ကြက်သီးတဖြန်းဖြန်း ထသွားရ၏ ။
တစ္ဆတေစ်ကောင်၊ သို့မဟုတ် သူရူးတစ်ယောက်နှင့် တူသော စုတ်စုတ်ပြတ်ပြတ် မိန်းမပုံရိပ်တစ်ခုက ဓားတစ်လက်ကိုင်လျက် ရပ်နေသည်။ ခပ်ကုန်းကုန်း အနေအထားမှ ကိုယ်ကို တဖြည်းဖြည်း ဆန့်မတ်လာရာ ဖရိုဖရဲ ဆံပင်များ လေနှင့်အတူ လှုပ်ခတ်နေပုံက လန့်ထိတ်စရာ။ အဖာပရပွနှင့် အင်္ကျီဖားဖားက လေအဝှေ့တွင် လွင့်လူးသွားတတ်သေးသည်။ မှောင်နေသောကြောင့် မျက်နှာကို မမြင်ရဘဲ မည်းနေ၏ ။
ယင်းပုံရိပ်က တရွေ့ရွေ့ တိုးကပ်လာပြီး ပီပြင်လာသည်။ နှစ်ဆယ်ဝန်းကျင်သာ ရှိဦးမည့် မိန်းမပျိုတစ်ဦး၏ သွယ်လျသော မျက်နှာ၊ ပြတ်သားတည်ငြိမ်သော မျက်လုံးများ၊ ရက်စက်တတ်မည့် နှုတ်ခမ်းပါးများနှင့် ဖြူဖြူဖျော့ဖျော့ အသားအရေတို့က ၄သည် သုတ်သင်သူဟူသော လူသတ်သမား ဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောစရာမလိုဘဲ သိသာနေစေ၏ ။
"ရှင်ကိုး.. ဘာလိုချင်လို့လဲ"
သတ္တိမငယ်သော ကသည်းမင်းသမီးက ခပ်တည်တည်ဖြင့် ရင်ဆိုင် စကားဆိုရာ သူရူးတစ်ယောက်ကဲ့သို့ ပုံဟန်သွင်ပြင်ရှိသော အမျိုးသမီးသည် မြန်မြန်ဆန်ဆန်ပင် လျှောက်လာပြီး သူ၏လက်ထဲမှ မတိုမရှည် ဓားဖြင့် ခင်ဘုန်း၏ ရင်ဝကို လှမ်းထောက်လိုက်သည်။ သို့ရာတွင် ခင်ဘုန်းက မရှောင်မဆုတ်ဘဲ လူပြတ်သောလမ်း၌ မိန်းမဖော် ရလိုက်သောကြောင့် အားတက်သွားဟန်ဖြင့် ပြုံးလိုက်သေးသည်။
"သူရဲကောင်းတွေ ငိုကြသလား"
"ဟင်"
ခင်ဘုန်း ရင်ဝကို ဓားဦးထောက်ထားရင်း ရီဝေသောအကြည့်နှင့် အမှောင်ထဲသို့ ငေးနေသော မိစောမွန်က မေးလိုက်ရာ ခင်ဘုန်း ကြောင်သွားသည်။ မိစောမွန် ဘာကို ဆိုလိုချင်မှန်း မသိလိုက်။
"ယောက်ျားကောင်းတွေဟာ ငိုတတ်ကြသလား"
မိစောမွန် ထပ်မေးသည်။ ခင်ဘုန်းကို မေးသည်နှင့် မတူသောကြောင့် ဖြေရနိုးနိုး ဖြစ်နေပြီးမှ
"ငါတို့ဆီမှာတော့ ယောက်ျားတွေ မငိုကြဘူး"
မိစောမွန်က သူ့အဖြေကို ဂရုစိုက်ဟန် မပြ၊ လှည့်တော့ ကြည့်သည်။
"နင်တို့က အရိုင်းအစိုင်းတွေပဲ၊ တောလိုက် သတ်ဖြတ်နေရတဲ့ မုဆိုးမျိုးနွယ်တွေဆိုတော့ လူကြမ်းစိတ်ကြမ်းတွေပဲ ဖြစ်မှာပေါ့လေ"
သူ့အသံက နူးညံ့သည်လည်းမဟုတ်၊ တင်းမာသည်လည်း မဟုတ်။ ရှုတ်ချသံမျိုး မဟုတ်သလို ကဲ့ရဲ့သံလည်း မပေါက်ဘဲ ဝမ်းနည်းသံ ပေါ်နေ၍ ခင်ဘုန်း သူ့ကို စိုက်ကြည့်နေမိသည်။
"အေးလေ.. ရွှေဘိုသားတွေဟာလည်း မုဆိုးမျိုးရိုးတွေပါပဲ။ ဒါပေမယ့် သူတို့ ယောက်ျားတွေ ငိုတတ်ကြတယ်။ ငါတို့ မွန်ယောက်ျားတွေလည်း ငိုစရာတွေ့ရင် ငိုကြတာပဲ။ ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်တုန်းကလည်း သူ့ သူရဲကြီးတွေအတွက် မျက်ရည်ဖြိုင်ဖြိုင် ငိုဖူးသတဲ့"
သူ ဘာကို ပြောချင်နေမှန်း မသိသောကြောင့် ခင်ဘုန်း ငြိမ်သက် နားထောင်နေလိုက်သည်။ မုဆိုးမျိုးရိုးဟု ဆိုလိုက်သော ရွှေဘိုသားများအကြောင်းကိုတော့ ရွှေဘုံရတနာနန်းတော်ကြီးသို့ ရောက်စကပင် ကြားဖူးခဲ့ပြီး ဖြစ်၏ ။
ပုဂံခေတ်က အလောင်းစည်သူမင်းကို အားကျသော ဒုတိယစည်သူခေါ် နရပတိစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်ရင်း ထိုအရပ်မှ မုဆိုးငပိုအား နယ်မြေအချို့ ပေးသနားခဲ့သည် ဆို၏ ။ မုဆိုးငပိုတည်ထောင်သော ရွာမို့ မုဆိုးပိုရွာဟု အမည်တွင်ခဲ့သည်၊ ထိုမှ မုဆိုးဘို ဖြစ်လာပြီးလျင် ရွှေဘိုဟု အယဉ်အကျေး သုံးနှုံးလာခြင်း ဖြစ်ကြောင်း လေ့လာသိရှိခဲ့ပြီးလေပြီ။
မိစောမွန်က သူ့စကားကို ဆက်သည်။
"ဒါပေမယ့် ကြမ်းတမ်းခက်ထန်ပါတယ် ဆိုတဲ့ လူကြမ်းကြီးတွေ ငိုတတ်လိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ နင် လူကြမ်း စိတ်ကြမ်း သူရဲကောင်းကြီး လို့ သတ်မှတ်ခံရတဲ့သူတစ်ယောက် ငိုတာ မြင်ဖူးသလား"
မျက်လုံးထောင့်များ နီနေသည့် မိစောမွန်၏ အကြည့်ကို တုံ့ပြန်ရင်း ခင်ဘုန်း ခေါင်းကို သွက်သွက် ယမ်းပြလိုက်သည်။
"နင် သိပ်သေစေချင်နေတဲ့ လက်ျာဘီလူး ငိုတာကိုရော ကြားဖူး ကြုံဖူးသလား"
ခင်ဘုန်း၏ မျက်လုံးဝိုင်းဝိုင်းကလေးများ ပို၍ ပြူးကျယ်လာလျက် ခေါင်းခါလိုက်မိပြန်သည်။
"သူက ငိုမယ့်သူမှ မဟုတ်ဘဲ"
မိစောမွန် ပြုံးလိုက်သည်။ နှုတ်ခမ်းထောင့်တစ်ဖက်သာ တွန့်ရုံ အပြုံး၊ ထိုအပြုံးမျိုး လက်ျာဘီလူး ပြုံးခဲ့သည်ကို ပထမဦးဆုံးအကြိမ် တွေ့စဉ်ကပင် သတိထားမိခဲ့သည့် ခင်ဘုန်းမှာ မိစောမွန်အား အံ့အားသင့်လာရပြီ။ လက်ျာဘီလူးနှင့် အလွန် နီးကပ်ခဲ့သူတစ်ဦး ဖြစ်လိမ့်မည်ဟုလည်း ထင်မြင်လာလေ၏ ။ သို့သော် ဤမိန်းမပျိုကို တစ်ကြိမ်တစ်ခါမှ သူ မမြင်ဖူးခဲ့ချေတကား။
မိစောမွန်၏ အပြုံးကား အပြုံးစစ်တစ်ခု မဟုတ်။ နာကျင်မှုကို ဖုံးကွယ်လိုဟန်နှင့် မသိနားမလည်သူကို ခနဲ့လိုသော အပြုံးသာ ဖြစ်ကြောင်း ရင်ညွန့်ကို ပိုမိုဖိစိုက်လိုက်သော ဓားဦးက သက်သေပြနေသည်။ စူးကနဲ ခံစားချက်နှင့်အတူ မထင်မှတ်သော စကားကိုလည်း ကြားရ၏ ။
"ငိုတာပေါ့၊ ဟော့ဒီ နှလုံးသားနေရာမှာ သိပ်ပြီး ဖြူစင် နူးညံ့လွန်းတဲ့ အဲဒီကောင်လေးဟာ ဘာမှ မဟုတ်လောက်တာလေးတစ်ခု အတွက်နဲ့လည်း ဘယ်သူမှ မသိအောင် ကြိတ်ငိုနေခဲ့ဖူးတာပေါ့။ နင်တို့ လူကြမ်းကြီးလို့ မြင်ကြတဲ့ ကောင်လေးတစ်ယောက်ရဲ့ နှလုံးဟာ ပျော့ညံ့သိမ်မွေ့လွန်းတယ် ဆိုတာ နင့်ရဲ့ မောက်မာတဲ့ အရိုင်းနှလုံးသားနဲ့ ဘယ်သိတတ်လိမ့်မလဲ စန္ဒဝတီမင်းသမီးရဲ့"
မိစောမွန်က နာနာကြဉ်းကြည်းဖြင့် ခင်ဘုန်း၏ နှလုံးနေရာကို ထောက်ကာ ထောက်ကာ ပြောနေသည်။ နာသော်လည်း နောက်သို့ ယိုင်ယိုင်သွားသည်မှအပ ခင်ဘုန်း မရှောင်ဖယ်မိ။
(ဆက်ရန်...) ကလဲ့စား (ဇာတ်သိမ်း)
Written by သင်္ခရာဇာ
End date: December 28, 2021
No comments:
Post a Comment