ထိုညတွင် လက်ျာဘီလူးက သူ့တပ်သားများကို အဖွဲ့ ၅ ဖွဲ့ ခွဲလိုက်၏ ။ တစ်ဖွဲ့က ခင်ဦး၊ မြေဒူး၊ ရေဦးတို့ကို ဖြတ်၍ ချင်းတွင်းကြောင်း သွားရန်၊ ဒုတိယအဖွဲ့က မုံရွာ၊ တည်တော၊ အမြင့်၊ အနိမ့်များမှ တစ်ဆင့် ပုဂံသို့ ချီရန်၊ နောက်တစ်ဖွဲ့သည် ကျောက်မြောင်း၊ မလည်၊ တကောင်းကို ဖြတ်၍ ကသာ၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်တစ်ဝိုက် စုံစမ်း စနည်းနာရန်၊ စတုတ္ထမြောက် အဖွဲ့သည် တောင်သုံးဆင့် ကန်သုံးဆင့်မှ မိုးမိတ်ကြောင်း တက်၍ ရှမ်းပြည်မြောက်ပိုင်းတစ်ဝိုက် လှည့်လည် သတင်းစုဆောင်းရန်နှင့် သူပါဝင်သော အဖွဲ့မှာ စစ်ကိုင်း၊ အင်းဝတို့မှ တဖြည်းဖြည်း ဆင်းသွားပြီး ပြည်မြို့ကို လွန်ကာ မြန်မာနယ်နိမိတ် အစပ်ထိ သွားရောက်ကြရန် ဖြစ်သည်။
ချင်းတွင်းကြောင်း လူ ၅၀၊ ပုဂံကြောင်း ၅၀၊ ကသာသို့ ၁၅၀၊ မိုးမိတ်ကြောင်း ၁၅၀၊ ပြည်သို့ စုန်ဆင်းမည့် လူ ၁၀၀၊ စုစုပေါင်း လူ ၅၀၀ တွင် မြင်း ၂၀၀ ကို တစ်မြို့ တစ်ရွာစီ၌ အထောက်တော်အဖြစ် နေခဲ့ရန်၊ ထူးခြားသည့် သတင်း၊ စစ်ရေး အကြောင်းချင်းရာ ပေါ်ပါက ချက်ချင်း သူရှိရာသို့ လိုက်၍ အကြောင်းကြားရမည်ဟု မှာကြားလိုက်၏ ။ သူကမူ ရတနာသိင်္ဃမှ စစ်ကိုင်းသို့ သုံးစခန်းကြာအောင် နားနေသွားလာပြီး စုံစမ်း၏ ။ စစ်ကိုင်း၌ သုံးရက် နေ၏ ။ ထို့နောက် အင်းဝသို့ ကူး၍ ငါးရက်ခန့် နေပြန်သည်။
ထိုအတောအတွင်း အခြား လေးဖွဲ့မှ မည်သည့် သတင်းမှ မလာ။ ချင်းတွင်းကြောင်းမှ ခွဲသွားသော မြင်းတစ်စီးက ချင်းနယ်ဘက် ဆင်းသွားပြီး သတင်းတစ်ခု ကြားလာသော်လည်း သူလိုချင်သည့် သတင်းမျိုး မဟုတ်။ လူမျိုးစု ပြဿနာမျှသာ ဖြစ်နေသည်။ သူသည် ချင်းတို့ လူမျိုးရေး ပဋိပက္ခအပေါ် ဝင်ရောက်စွက်ဖက်လိုစိတ် မရှိ၊ တိုင်းရင်းသားတို့၏ အရေးအခင်းအပေါ် အခွင့်ကောင်း ယူလိုခြင်း မရှိသောကြောင့် မြင်းသည်ကို ပြန်လွှတ်လိုက်သည်။
ရတနာပူရ အင်းဝမှ ခွာ၍ စုန်ဆင်းမည်ပြုစဥ် မြင်းလျင်များ အလျှိုလျှို ရောက်လာကြ၏ ။ မိုးကောင်း၊ မိုးညင်းနယ်များ၌ စော်ဘွားကြီးများက ဆန့်ကျင်လိုဟန် မရှိသော်လည်း အချို့ ရှမ်းကချင်တို့က လူစု ပုန်ကန်လိမ့်မည်ဖြစ်ကြောင်း၊ တောင်ငူရာဇာ ဆုံးပါးသွားသဖြင့် ပိုနိမ့်ပိုမြင့်တပ်မှ မင်းကြီးရဲထင်၊ ရာဇာဓိရာဇ်၊ မင်းရဲကျော်စွာတို့ ဆင်မြင်း လူသူများစွာနှင့် ဝင်ရောက်လာကြောင်းများ ကြားသိရသည်။
အချိန်မှာ ၁၇၅၄ နှစ်ဦး၊ အင်းဝကို သိမ်းပြီးစ အချိန်ဖြစ်ရာ အထက်ဒေသများ ကျိုးနွံမှု ရှိထားမှ အောက်ပြည်စုန်ဆင်းချိန်တွင် နောင်ရေးအေးမည်ဟု ကြံစည်မိ၍ ရောက်လာကြသူများအား နေပြည်တော်သို့ ပြန်စေကာ နေ့ဘက်ရောက်သော် မဝင်ကြနှင့်၊ ညချမ်းအချိန်မှ ခြေတော်ရင်းသို့ ဦးခိုက်ကာ မိုးကောင်း မိုးညှင်းနယ်သို့ စစ်ချီစေလျက် စော်ဘွားစော်ခံများကို သစ္စာတော် ပေးသင့်ကြောင်း မင်းထင်နော်ရထာက လျှောက်ကြားလိုက်သည်ဟု ချေငံစွာ ပြောဆိုတတ်စေရန် သင်ကြားပေးလိုက်သည်။
ထိုအရေး မနှောင့်နှေးစေရန် သူ၏ တပ်သားတစ်ဦးကို မွေးမြူခိုင်းခဲ့သော သိမ်းငှက်ဖြင့် အမတ်ကြီး လက်ဝဲသုန္ဒရထံသို့လည်း စာပို့လိုက်၏ ။ လက်ဝဲသုန္ဒရမှာ အရေးပါ အရာရောက်သူ ဖြစ်ရာ သူလျှောက်တင်ပါက မင်းတရား လက်ခံလိမ့်မည်ဟု မျှော်လင့်ရပေသည်။
လက်ျာဘီလူး ပြည်သို့ ဆင်းလာ၍ နှစ်စခန်းမျှ အရောက်တွင် ရှမ်းပြည်မှ လာသော ထူးခြားသတင်းတစ်ခု ကြားရသည်။ ပတ္တမြားတွင်း၊ ပယင်းတွင်း၊ ခဲမဖြူ အဖြိုက်နက် မိုင်းတွင်းများကို ပိုင်ဆိုင်သော ရှမ်းစော်ဘွားငယ်တစ်ဦးသည် လူသူလက်နက် စုဆောင်းလျက် သင်္ဘောကုလား၊ ယိုးဒယားတို့ထံမှ အမြောက်စိန်ပြောင်းများ ဝယ်ယူလိမ့်မည် ဟူသော ကောလာဟလတစ်ခုအကြောင်း မြင်းလျင်ဆက်သားက အမှုမဲ့အမှတ်မဲ့ ပြောလာခြင်း ဖြစ်သည်။
လက်ျာဘီလူးက မြင်းသည်ထံမှ လာရင်းအကြောင်းထက် ထို ရှမ်းမင်းသားဟု နာမည်ထွက်နေသော မယုံကြည်လောက်သည့် ကောလာဟလကို ပို၍ စိတ်ဝင်စားသွား၏ ။ ထိုသတင်းသည် အမှန်ပင် ထူးခြားလှသည်ဟု ထင်မြင်မိသည်။ မည်သူကမှ စတင် ကြံစည်ခြင်း မရှိ၊ အစပြုခြင်း မရှိဘဲ ထိုသို့သော အကြောင်းအရာသည် ဖြစ်ပေါ်ပျံ့နှံ့လာစရာမရှိပေ။ မုချမသွေ တစ်ဦးဦးကတော့ အမှန်တကယ် ကြံစည်လျက် ရှိနေပြီဟု ထင်မြင်မိ၏ ။
ကြားရသောသတင်းသာ မှန်ပါက ကမ္ဘောဇတိုင်းသည် ရုတ်တရက် ချက်ချင်း စုစည်းမိကာ အင်အားကြီးလာနိုင်သည်ဟု သုံးသပ်မိသည်။ ရှမ်းတို့တွင် ဆင်ကြီးမြင်းကောင်း များသည်။ လူသူလက်နက်အင်အား ရှိသည်။ ကျောက်သံပတ္တမြား ပေါများ ချမ်းသာ၍ အလိုရှိသည်ကို ရနိုင်သည့် အကြောင်းခိုင်မာ၏ ။ ယခု စော်ဘွားများ မစုစည်းမိသေး၊ စော်ဘွားတို့အပေါ် ရာဇာဓိရာဇာ ပြုမည့်သူ မပေါ်သေးခြင်းက မိမိတို့ ကံကောင်းနေသည့် အချက်ပင်။
သို့သော် ကြွယ်ဝ ထက်မြက်သော ဘုန်းလက်ရုံးရှင် တစ်ဦးဦးကသာ စတင် စုရုံးသိမ်းသွင်းလာပါက မိမိတို့အတွက် စစ်ကြီးနှစ်ခွ ရှိလေတော့မည်။ မွန်တို့ အင်အားကြီးသကဲ့သို့ ရှမ်းတို့ အင်အားကြီးလာလျင် မြန်မာနယ်များကို ထိပါးလာနိုင်သည်။ ထိုအကြောင်းကို အလောင်းမင်းတရားထံ လျှောက်တင်ရန် သတင်းမှန်ကန် ခိုင်မာမှု ရှိသလားဟု မေးရာ အရပ်စကား တီးတိုးစကားသာ ဖြစ်ပြီး မည်သည့် အထောက်အထား အချက်အလက် သက်သေမှ မရှိဟု ဆို၏ ။
သူ စဥ်းစားရပြီ။ ပါလာသော လူ ၈၀ ကျော်အနက် ၃၀ ကျော်အား ပြည်သို့ စေလွှတ်လိုက်ပြီး သူနှင့် လူ ၅၀ က ရှမ်းပြည်ဘက် ဦးလှည့် ဖြန့်ထွက်သွားကြလေသည်။ ထိုသတင်း အစအနကို ရသမျှ ဆွဲထုတ်၍ မိမိထံ အဆက်မပြတ် ပေးပို့နေရန်လည်း အထူးမှာကြားထား၏ ။ မိမိသွားမည့် လမ်းကြောင်းကို အတတ်နိုင်ဆုံး အတိအကျ ဖြစ်စေရန် တွက်ချက်ကာ မိမိလူများကို ပြောပြထားသည်။ ရှေ့မှလည်း မြင်း ၁၀ စီးခန့်ကို ကြိုတင် သွားလာစေကာ သတင်း မပြတ်စေရ။ သို့မှသာ ရှေ့ရှိ ရွာများ၏ ခရီးအကွာအဝေးနှင့် တည်နေရာကို သိနိုင်ပြီး သူ့လူများ အဆက်အသွယ် မပြတ်ရဘဲ အမြန်ဆုံး ရောက်လာနိုင်ကြလိမ့်မည်။
စုံစမ်းကြသောအခါ ရှမ်းမင်းသား၏ သတင်းသည် မြို့ရွာအများစုတွင် ပျောက်နေပြီး မသိပါဟု ဖြေသူသာ များ၏ ။ အချို့ကလည်း ကြားမိပါသည်၊ ဧကန် မသိ ဟူ၏ ။ မဖြစ်နိုင်ပါ၊ မိမိတို့နယ်ကို မရနိုင်ပါ၊ မိမိတို့ စော်ဘွားကြီးက အင်အားသာလွန် ကြီးမားပါသည် ဟု ဆိုသူလည်း မရှား။ မည်သို့ဆိုစေ ဖြစ်နိုင်စရာ ပို၍ များလာသည်ကတော့ အမှန်။
တဖြည်းဖြည်းနှင့် သူတို့သည် လူများစွာ တစ်စုတည်း သွားနေခြင်းဖြင့် လိုချင်သော သတင်းကို မရနိုင်မှန်း သဘောပေါက်လာသည်။ အထူးသဖြင့် မြန်မာတပ်သားများအား မည်သည့်ရှမ်းက တော်လှန်ပုန်ကန်မည့် သတင်း ပေးပါမည်နည်း။ ထို့ကြောင့် နှစ်ယောက်စီ၊ သုံးယောက်စီ လူခွဲ၍ စုံစမ်းကြရန်နှင့် မြန်မာတပ်များမှန်း မသိစေရန် အထူးဂရုပြုရမည်ဟု သူ့လူများကို မှာကြားလိုက်ရပြန်သည်။
သို့ဖြင့် လူ ၅၀ မှာ အဖွဲ့ပေါင်း ၂၀ ကျော် ဖြစ်သွားကာ ကျေးရွာအနှံ့ လှည့်လည် စနည်းနာကြသည်။ လက်ျာဘီလူးသည်လည်း ငကံနှင့် ငမျှင် နှစ်ဦးကို ခေါ်ကာ အခြားသူများနှင့် နောက် ၅ ရက်နေလျင် မည်သည့်နေရာတွင် ဆုံတွေ့ကြမည်ဟု အချိန်းအချက် ပြုလျက် ထွက်လာခဲ့သည်။ သို့သော် သူသွားသည့် လမ်းတစ်လျှောက် မည်သူကမှ သူလိုချင်သည့် အကြောင်းအရာကို မသိကြချေ။
ငဖျော်နှင့် ငနွေးအုံတို့ သွားသည့် ရွာတစ်ရွာ၌မူ သူတို့ သတင်းစုံစမ်း မေးမြန်းပြီး ထွက်လာစဥ် လူအချို့ နောက်မှ လိုက်လာကာ ဝိုင်းဝန်းဖမ်းဆီးကြမည့် လက္ခဏာ ရှိသောကြောင့် လျှိုတစ်ခုထဲ ဆင်းပုန်း ရှောင်ရှားခဲ့ကြရကြောင်း သိရသည်။ ထို့ကြောင့် တပ်သားများကို ပြန်လည် စုစည်းရပြီး ထိုရွာ အနီးတစ်ဝိုက်တွင် လှုပ်ရှားကြရန် ဆုံးဖြတ်လိုက်လေ၏ ။
သူ့တပ်၌ လက်ရုံးအကောင်းဆုံး ဖြစ်ကြသော ငသူရိန်နှင့် ငရောင်နီ နှစ်ဦးကို ခရီးသွားများအဟန် ပြုစေလျက် ထိုရွာသို့ စေလွှတ်လိုက်၏ ။ သူတို့နှစ်ဦး မီးရှူးမီးကျည် တစ်ခုစီနှင့် ဓားတစ်လက်စီ ကိုင်စွဲလျက် ထွက်ခွာသွားကြသောအခါ မနီးမဝေးမှ နောက်ထပ် ၂ ယောက်တစ်တွဲစီ စောင့်ကြပ် လိုက်စေ၏ ။ နေကျော်စက ထွက်ခွာသွားသော ငသူရိန်တို့ နှစ်ဦးသည် ညနေစောင်းသော်လည်း ပြန်မရောက်ဘဲ ရွာ၏ တစ်ဘက် အဝေးဆီမှ မီးကျည်ပစ်ဖောက်သံကိုသာ ကြားလိုက်ရသည်။ ငသူရိန်တို့ကား ဘေးတွေ့လေပြီ။
(ဆက်ရန်..) ရှမ်းမင်းသား (၃)
Written by သင်္ခရာဇာ
End date: April 10, 2022
No comments:
Post a Comment