"တတ်လည်းတတ်နိုင်သည့် သူပါလား"
မျက်လုံးကြီးပြူးကာ မင်သက်နေမိသော ရှမ်းမင်းသား ညည်းညူမိပြီ။ သူ့ထက် လက်ရုံးညံ့ချင် ညံ့မည်ဖြစ်သော်လည်း ပရိယာယ် မာယာတွင် မယှဥ်သာမှန်း သဘောပေါက်သွားခဲ့သည်။ လက်ျာဘီလူးကို စိမ်းစိမ်းဝါးဝါး ကြည့်ကာ
"ငါ့လူတွေ ဘယ်ရောက်သွားသလဲ"
"စုဆောင်းထားသူထဲက အချို့ကို ပြန်လွှတ်လိုက်တယ်၊ အချို့ကို စစ်မှုထမ်းဖို့ နေပြည်တော် ပို့လိုက်တယ်"
"မင်း ငါ့ကို ဖြိုခွဲလိုက်တာပေါ့လေ"
"ကမ္ဘောဇတိုင်းက ဆူပူလှုပ်ရှား ပုန်ကန်ကြမယ့် အရေးကို ကြိုတင် ဖြေရှင်းလိုက်တာပါ"
"မင်း ငါ့ကို သတ်မှာလား"
လက်ျာဘီလူး ခေတ္တ စဥ်းစားနေခိုက်
"အေးလေ.. မင်း မသတ်လည်း မင့်အရှင် မုဆိုးဘိုမင်းက သတ်မှာပဲ။ အမြောက်တွေ ရတော့မယ့်ဆဲဆဲ ကျမှကွာ"
လက်ျာဘီလူးက ခွန်လောင်ကို အတော်ကြာကြာ စိုက်ကြည့်နေပြီး အပြင်ထွက်သွားသည်။ ရှမ်းမင်းသားမှာ မခံချိမခံသာဖြင့် မြန်မာရဲမက်တို့၏ ဓားလှံများကြား၌ စိတ်လျှော့ကာ ကျန်ရစ်ခဲ့ရသည်။
ရှမ်းပြည်မှ အောင်မြင်စွာ ဆုတ်ခွာလာသော တပ်များ လက်ဗလာဖြင့် နေပြည်တော်သို့ ပြန်လာကြသည် ဆိုသော သတင်းမှာ ရွှေဘုံရတနာနန်းတော်ကြီးအတွင်းသို့ ရောက်ရှိလျက် မှူးမတ်ဒေါဗညားတို့ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြပေပြီ။
လက်ျာဘီလူးကို မည်သို့သော အရေးကိစ္စမှ မခိုင်းသင့်ဟု ဆိုသူက ဆိုသည်။ သည်ကောင်လုပ်သမျှ မချေမရာ တလွဲချည်း လုပ်တတ်သည်ဟု ပြောသူလည်း ရှိ၏ ။ အကြောင်းရှိပါလိမ့်မည်ဟု မျှော်သူလည်း မရှားချေ။ ရွှေနားတော် ပေါက်ကြားစက မင်းတရားကြီးပင် မျက်မှောင်တော်ရှုံ့လျက် စိတ်ပျက်သွားဟန်ကို မြင်ကြရပြီးပြီ။
အဘယ့်ကြောင့် သူတို့ လက်ချည်းဗလာ ပြန်လာရသနည်း။ လူပေါင်းများစွာ၊ နေ့ရက်များစွာတို့၏ စရိတ်စကများကို ဖြုန်းတီးခဲ့ကြသလို ပုန်စားသူကို နိုင်ပြီးမှ ပါမလာ ဟု ကြားရသောအခါ သင်း လုပ်ပြန်ပြီ ဟုသာ ဝန်ကြီးအမတ်များ ရေရွတ်နေကြရတော့သည်။
နေပြည်တော်သို့ ရောက်ရန် နောက်ဆုံးညက သူတို့အလယ်မှ မီးပုံသည် ရင်တွင်းသို့ တဖျစ်ဖျစ်မြည်လျက် တောက်လောင်နေခဲ့၏ ။ အားလုံး တိတ်ဆိတ်နေကြခြင်းကြောင့် လက်ျာဘီလူးက စကားတစ်ခွန်း စလိုက်သည်။
"အရှေ့ဝင်းမှူးအသစ် ဘယ်သူဖြစ်လာမယ် ထင်သလဲကွ ငသူရိန်"
ငသူရိန်က အသက်မပါသည့် အပြုံးတစ်ခုကို ကြိုးစားပြုံးလိုက်ပြီး
"မင်းကျော်အာကာ၊ ဒါမှမဟုတ် မင်းလှနော်ရထာ တစ်ဦးဦးပေါ့ တပ်မှူး"
"ဟုတ်လိမ့်မယ်။ ဒါနဲ့.. ဟေ့ ငကံ၊ ငါ မရှိတော့ရင် မင်း ဘယ်သူ့တပ် သွားပြီး အမှုထမ်းချင်လဲ"
"ဘယ်သူ့တပ်ဖြစ်ဖြစ်ပါ တပ်မှူး၊ ကျုပ်ကတော့ တိုက်ပွဲတိုင်းမှာ ရှေ့ဆုံးက ရင်ကော့ဝင်ပြီး အသေခံတက်ဖို့ ကြံရွယ်ထားပြီပါပြီ"
"အို.. အဲလောက်တော့ မလုပ်နဲ့လေ ငကံ။ အသက်ကို ရှာကြံမွေးမှပေါ့ကွဲ့"
ထိုသို့ဆိုမှ လူကြမ်းကြီး ငကံ မျက်ရည်များ ကျလာသည်။ အခြားသူများလည်း မျက်ရည်ဝဲသူဝဲ၊ မျက်တောင် ပုတ်ခတ်လျက် သိမ်းသူ သိမ်း၊ မျက်နှာလွှဲသူလွှဲ ဖြစ်သွားကြရ၏ ။
"ကွပ်တာတော့ မကွပ်လောက်ဘူး ထင်ပါတယ်"
သူရိန်က ဖြည်းဖြည်းလေးလေး ဆိုလျင်
"ပုန်ကန်ထကြွသူကို လွှတ်ပေးလိုက်တာမို့ ပြောလို့တော့ မရဘူးပေါ့ကွာ။ ဖြစ်နိုင်ချေ အရှိဆုံးက ဒါပဲရှိတာ။ ရာထူးချမယ်၊ ထောင်သွင်း အကျဥ်းထားမယ်၊ ဘယ်လောက်ကြာမယ် မသိဘူး ဆိုတာ အနိမ့်ဆုံးပဲ။ ဦးတွန်တုန်းက တပ်ပျက်နေလို့ အမိန့်မနာခံတာတောင် ကွပ်မယ် ပြင်ခဲ့သေးတာပဲ၊ ကိုယ်တော်နဲ့ထပိတူ ယုံမှတ်လို့ အရေးကုန် လွှဲအပ်လိုက်တဲ့သူက ရန်သူကို လွှတ်ပေးလိုက်ပြီး ဘာမှ မပါဘဲ ပြန်လာခဲ့တယ် ဆိုတော့ အပြစ်ဒဏ်က လွတ်နိုင်ချေ မရှိတော့ဘူး"
အားလုံး စိတ်မသက်မသာ ဖြစ်သွားကြသော်လည်း အပြစ်ပေး အကွပ်ညှပ်ခံရမည့်သူ ကိုယ်တိုင်က စိုးစဥ်းမျှ ကြောက်ရွံထိတ်လန့်နေဟန် မရှိ၊ ခပ်အေးအေး အမူအရာနှင့် အစားအသောက်ပင် မပျက်သမို့ အနည်းငယ်တော့ ပူလောင်ခြင်း လျော့ပါးရလေသည်။
"ရှမ်းမင်းသားကို ရွှေဘိုခေါ်လာလိုက်ရမှာ"
အပ်ကြောင်းထပ်နေပြီဖြစ်သော စကားကို တစ်ဦးက ထပ်ဆိုပြန်သည်။ လက်ျာဘီလူးကတော့ မကြားယောင် ပြုနေချေပြီ။ သူ့အစား မနေနိုင်သူ ငသူရိန်ကပဲ ဝင်၍ ရှင်းပြရပြန်၏ ။
"အဲဒီ ရှမ်းမင်းသားက တို့တပ်မှူးနဲ့ အတော်များများ တူသကွ။ ငါလည်း သတိထားမိတယ်၊ ကြံရည်ဖန်ရည်ချင်း၊ တွေးခေါ်မြော်မြင်ပုံချင်း၊ စိတ်နေစိတ်ထားပါ အံ့သြလောက်အောင် တူတာ။ သူ ပုန်ကန်တယ် ဆိုတာလည်း တကယ်တော့ သူ့နယ်သူ ထူထောင်ရုံပဲ။ တို့နယ်တွေ ထိပါးဖို့ မဟုတ်ဘူး"
"ဘာဖြစ်ဖြစ် ပုန်ကန်သူ မပါရင် တပ်မှူး အကွပ်ခံရမှာလေဗျာ"
"ပါလာရင်လည်း ရှမ်းမင်းသား သေချာပေါက် အကွပ်ခံရလိမ့်မယ်လို့ တပ်မှူးက ပြောတယ်"
"တပ်မှူးထက်တော့.."
"ငါ နားလည်ပါတယ်။ တပ်မှူးက ပိုပြီး နားလည်မှာပါ။ ဒါပေမယ့် သူလိုလူတစ်ယောက်ကို အလဟဿ မသေစေချင်တာ တို့တပ်မှူးရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ပဲ။ ဒီဆုံးဖြတ်ချက်ကို ငါတို့ လေးစားရမယ်။ ရှမ်းမင်းသားကို ပြန်လွှတ်ပေးလိုက်တယ် ဆိုပေမယ့် မကြာခင် ရလာမယ့် အကျိုးအမြတ်တွေက မနည်းဘူးကွ"
"အို ဗျာ၊ ကျုပ်တော့ သူဝယ်ထားတဲ့ အမြောက်တွေ သူပိုင်တဲ့ ရတနာတွင်းတွေကို ဘာတန်ဖိုးမှ ရှိတယ် မထင်ဘူး။ ကျုပ်တို့ဘဝရှင်မှာလည်း အများကြီး ရှိနေပြီပဲ။ တပ်မှူး မရှိတော့ရင် ပိုနေတဲ့ အမြောက်တွေ ကြွယ်ဝချမ်းသာမှုတွေဆိုတာ တုတ်တိုတစ်ချောင်း ကျောက်ခဲတစ်လုံးလောက်မှ တန်ဖိုးမရှိတော့ဘူးဗျ"
"ငါတို့အတွက်လည်း မင်းလိုပါပဲ၊ အတူတူပါပဲ။ ဒါပေမယ့် တိုင်းပြည်အတွက်တော့ အကျိုးရှိပါတယ်။ သူ့ဆီက ရမှာတွေကို ငါတို့ မလိုချင်သလို တပ်မှူးကလည်း သူ့အသက်ကို မသေစေလိုဘူးလေကွာ"
"အဲဒီခွန်လောင်က အမြောက်တွေ ရောက်လာရင် ပို့လိုက်မယ်လို့ ကတိပေးခဲ့လို့လား"
ငသူရိန် ခေါင်းခါပြသည်။
"ဒါနဲ့များဗျာ.. သူ့ရွှေငွေစည်းစိမ်ကိုလည်း မသိမ်းယူခဲ့ရပါဘူး။ ဘယ်မှာနေမှန်းတောင် မသိခဲ့ကြရဘဲနဲ့"
"တပ်မှူးကတော့ သူ့ကို ပြန်မလွှတ်ခင်မှာ စကားတစ်ခွန်း သေချာ ပြောလိုက်တာပဲ။ မထိုက်တာတွေကို တတ်နိုင်နေရင်တောင် မလိုချင်ပါနဲ့ တဲ့။ ကိုယ်နဲ့မထိုက်တဲ့ အရာတွေကြောင့် ပျက်စီးရတာ မျက်မြင်ပဲ တဲ့။ ထိုက်တန်သူသာ သုံးပါစေ တဲ့"
"အဲဒီတော့ ဟိုက ဘာပြန်ပြောလဲ"
"မပြောဘူး၊ အကြာကြီး ကြည့်နေတာပဲ။ သူ့စိတ်ထဲမှာ ပြန်လွှတ်တာကိုတောင် မယုံနိုင်သေးပုံပဲ"
"အဲဒီမှာ ဆုံးပါလေရောဗျား"
တစ်ယောက်က နာနာကြည်းကြည်း ဆို၍ ဓားကို လွှင့်ပစ်ကာ ထထွက်သွားသည်။ လက်ျာဘီလူး ကြားသော်လည်း ယခင်အခါများကကဲ့သို့ အပြစ်မပေး၊ အရေးတယူ မလုပ်ဘဲ ခပ်အေးအေးသာ ရှိနေလေသည်။
လက်ဆောင်တော်မပါ၊ လက်ဗလာတပ်များ နန်းမြို့ရိုးတံခါးအတွင်းသို့ တန်းစီ ဝင်ခဲ့ကြပြီ။ စောင့်မျှော်နေကြသူများ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ဟပ်နေကြသလို အောင်ပွဲရသူများ၌လည်း အရယ်အပြုံးတို့ ပျောက်ကွယ်လျက် အသက်ကင်းမဲ့နေကြ၏ ။ နန်းတော်ရှေ့၌ တပ်များ ချပြီးလျင် လက်ျာဘီလူးနှင့် ဗိုလ်များ ညီလာခံသဘင်သို့ ဝင်သွားကြသည်။
မြေနန်းဆောင်တော်ကြီးအတွင်း၌ တိတ်ဆိတ်နေပြီး တစ်ချက်တစ်ချက်မှသာ လျှောက်တင်သံ မိန့်ကြားသံဝါးဝါး ကြားကြရသည်။ သူတို့နေရာမှ ဝေးသည်ဖြစ်၍ စကားလုံးမကွဲဘဲ ကြားသည်ဆိုရုံမျှသာ သူရိန်တို့ ကြားနေရသည်။ အတန်ကြာသည်အထိ ပြောဆိုနေကြပြီး တောင်ထားဝယ်ဆောင်ဘက်မှ မင်းသမီးငယ်တစ်ပါး အခြွေအရံနှစ်ဦးနှင့် အပြေးလှမ်းလာနေခိုက်တွင်မှ လက်ျာဘီလူးတို့ ပြန်ထွက်လာ၏ ။
သို့ရာတွင် ဝင်စဥ်ကကဲ့သို့ လွတ်လွတ်လပ်လပ် မဟုတ်တော့ပြီ။ ရဲမက်နှစ်ဦးက နှောင်ကြိုးတည်း ခြံရံလျက် ထွက်လာခြင်း ဖြစ်သည်။ သူ့နောက်မှ ဗိုလ်များလည်း ပြန်ပါမလာ။ လက်ျာဘီလူးအား သူတို့တပ်ချထားသည့် နေရာနှင့် ဝေးရာ၊ ရတနာသိင်္ဃ အကျဥ်းထောင်ကြီးဘက်သို့ ခေါ်ဆောင်သွားကြခြင်းပင်။
"မောင်ကြီး"
မင်းသမီးငယ်၏ လှမ်းခေါ်လိုက်သံ။ လက်ျာဘီလူး တစ်ချက် လှည့်ကြည့်သည်။ ထို့နောက် လှံကိုင်အစောင့်များကြားမှ ရာဇဝတ်သားတစ်ဦးအဖြစ် လိုက်ပါသွားရရာ မင်းသမီးငယ်လည်း မြေနန်းစမုတ်သို့ အလျင်စလို လှမ်းဝင်သွားသည်ကို တွေ့လိုက်ကြသည်။
သူရိန်တို့သည် မချိသောရင်ဖြင့် ကြည့်နေကြစဥ် အစောင့်တစ်ဦးက လက်ျာဘီလူး၏ သျှောင်ကို ဆွဲလိုက်ရာ ဆံပင်များ ပြေကျသွားသည်ကို မြင်လျင် ငကံ စိတ်မထိန်းနိုင်ဘဲ လှံကို ကောက်ကိုင်ကာ ပြေးသွားမည် ပြု၏ ။ နှစ်လှမ်းမျှ လှမ်းပြီးချိန် သူရိန် ဖမ်းဆွဲထားသောကြောင့် လှံမလွှတ်လိုက်နိုင်။
"စိတ်ကို ထိန်းထားပါ ကိုရင်ငကံ။ အခြေအနေ ကြည့်ရတာ ထင်သလောက်ကြီး မဟုတ်သေးပါဘူး"
"တောက်.. ခွေးမသား အတင့်ရဲတာ၊ နောက်တော့ တွေ့ကြဦးမှာပေါ့ကွာ"
တိုက်မောင်းသည် တဆတ်ဆတ် တုန်နေသော လက်ဖြင့် ထိုအစောင့်အား သေနတ်နှင့် ချိန်ကာ ကျည်မရှိဘဲ မောင်းကို အကြိမ်ကြိမ် ဆွဲ၏ ။ ငခေါင်းဖြူက ရာထူးချခံရမည်ကို သိလျက်နှင့် သေနတ်ကို ခြေကန်ချိုးပစ်လိုက်သည်။ ငသူရိန်ကတော့ တည်ငြိမ်စွာ ရပ်ကြည့်နေဆဲ။
အတွင်းတော်မှ ထွက်လာသည့် ဗိုလ်များထဲတွင် ဆုလာဘ်ပုဆိုး ပိုက်လာသူ ငထွန်းကျော်ကို မြင်သောအခါမှ ငသူရိန် ပြေးသွားပြီး
"ခင်ဗျားတို့ တပ်မှူးအတွက် ဘာမှ မလျှောက်တင်ပေးကြဘူးလားဗျ။ သည်အတိုင်း ငြိမ်ပြီး ကြည့်နေလိုက်ကြသလား"
ဟု အော်လေသည်။ ငထွန်းကျော်က
"သွေးသောက် စိတ်ထိန်းစမ်း၊ အလောင်းမင်းတရားကြီး အမျက်တော်ရှလို့ ဝန်ကြီး ဗိုလ်မှူးတွေတောင် အခုအချိန် ဝင်လျှောက်မပေးဝံ့ကြဘူးကွဲ့"
"သူတို့က သိမှမသိတာဗျ။ ခင်ဗျားက တပ်မှူး ဘယ်လောက် ဉာဏ်ချင်းပြိုင်ပြီး ရန်သူကို နှိမ်နင်းနိုင်ခဲ့တယ်၊ ဘယ်လောက် ခဲခဲကပ်ကပ် ကြိုးကုတ်အားထုတ်ခဲ့ရတယ် ဆိုတာ သိသိကြီးနဲ့ ဝင်ပြောမပေးရဲရင်တော့ တပ်မှူးလူ လုပ်ဖို့ မသင့်တော့ဘူး၊ သိလား"
"တော်ကွာ၊ ငသူရိန်။ တော်။ မင်းအတွက် နန္ဒသူက အဖမ်းခံပြီး အရေးတော်ရအောင် ဆောင်ရွက်ခဲ့ကြောင်း လျှောက်ပေးမတဲ့။ မင်းလည်း ငါ့လို ရာထူးရာခံနဲ့ ဟောဒီလို အဝတ်ပုဆိုး.."
သူရိန်က စိတ်ဆိုးမာန်ဆိုးဖြင့် ငထွန်းကျော်လက်မှ ပုဆိုးကို ပုတ်ချလိုက်သည်။
"တပ်မှူးအတွက် မပြောရဲရင် ကျုပ်အတွက်လည်း ဘာမှ လျှောက်တင်ပေးစရာ မလိုဘူး။ ခင်ဗျားလည်း တပ်ထဲ ပြန်လိုက်မလာသင့်ဘူး။ ခင်ဗျားနေရာမှာ တိုက်မောင်းကို ထည့်လိုက်ရင်တောင် အကြောင်းစုံတော့ တင်ဝံ့မှာပဲ။ သူရဲဘောကြောင်နေသူတွေကြောင့် တပ်မှူး ရာထူးပြုတ် အစော်ကားခံနေရပြီ။ အကွပ်ညှပ်ခံရရင် ခင်ဗျားတို့လည်း အပြစ်မကင်းဘူး မှတ်ထား"
အထက်ဗိုလ်အား ပြန်အော်ကာ ထွက်သွားသည့် သွေးသောက်တစ်ဦးအား ဗိုလ်များက မည်သို့မျှ မပြောနိုင်ဘဲ ငိုင်လျက် ကျန်ရစ်ခဲ့ကြသည်ကို မြင်သော ငတိုက်မောင်းသည် မည်သည့်အဓိပ္ပါယ်မှန်းမသိ၊ 'သျှရီ.. သျှရီ' ဟု မြည်တမ်းလျက် အံကြိတ်ကာ ခြေကို ဆောင့်နေလေ၏ ။
ထိုမှ ဆယ်ရက်မြောက်သော နံနက်တွင် အရှေ့ဝင်းမှူးသစ် မင်းကျော်အာကာ သူတို့တပ်သို့ ရောက်ရှိလာပြီး ရှမ်းပြည်မှ လက်ဆောင်တော်လှည်းများနှင့် မြင်းများစွာ ရောက်လာသဖြင့် မည်သူ အကြောင်းသိသနည်းဟု လာမေးနေလေသည်။ ငသူရိန်တို့လည်း စိတ်ပေါက်ပေါက်နှင့် မထဘဲ အိပ်နေလိုက်ကြသည်။
"ပက္ကလာဆောင်းထားတဲ့ ကိုယ်စားလှယ်တစ်ဦးက 'မိမိအသက်ဖိုး ကျေးဇူးဂုဏ်အင်နှင့်အမျှ' ဆိုတဲ့ စာနဲ့အတူ လက်ဆောင်တော် ပစ္စည်းတွေကို တံခါးအပြင်မှာ ထားခဲ့ပြီး ပြန်သွားတယ်။ လက်နက်အမြောက်အမြားလည်း ပါနေတယ်။ အဲဒီအကြောင်းရင်းကို ဘယ်သူသိသလဲ"
အပြင်မှ အသံကို ကြားနေရဆဲ။ မည်သူက ဖြေလိုက်သည်မသိ။ ဒေါသသံပါသော အဖြေကို ကြားရသည်။
"လက်ျာဘီလူးပဲ သိမယ်"
ဟူ၏ ။
Written by သင်္ခရာဇာ
End date: April 11, 2022
No comments:
Post a Comment