မမောနိုင် မပန်းနိုင် ပျော်တပြုံးပြုံး ဖြစ်နေကြသော တောင်သူဦးကြီးများကို ကြည့်၍ လက်ျာဘီလူးတို့ တပ်မှူး တပ်သားများလည်း ပျော်ကြရသည်။ နန်းတွင်းထဲ လိုက်ပြမည် ဆိုသောအခါတွင်မူ ဒေါ်ရွှေတုတ်က အသည်းအသန် ငြင်းတော့၏ ။
"မင်းတို့ ပြည့်ရှင်မင်းတရားကြီးနဲ့ တိုးနေရင် ဘယ်လိုလုပ်မလဲ မောင်ရင်ရဲ့။ မဖြစ်ပါဘူး၊ ကျုပ်တော့ မလိုက်ရဲဘူး။ တော်တို့ သွားချင် ဝင်ကြ၊ အပြင်မှာပဲ စောင့်နေတော့မယ်။ ဒီက ကြည့်ရရင် ကျေနပ်ပါပြီ အဖေကြီးရယ်"
"ဘယ်ဟုတ်မလဲ မိရွှေတုတ်ကယ်၊ မောင်စံက လိုက်ပြတာကို မလိုက်လို့ ကောင်းမလားဟ။ လာစမ်းပါ အေရဲ့.. မင်းဘုရားများက သူတို့ဘာသာ အဆောင်တော်ထဲ ညီလာခံ ကျင်းပနေကြမှာပါ။ တို့က အပြင်ကပဲ လှမ်းကြည့်မှာပေါ့ဟ"
ညနေစောင်းမို့ ညီလာခံတက်ချိန် မဟုတ်တော့သော်လည်း လက်ျာဘီလူးက ရောချသည်။
"ကျွန်တော်တို့ အလောင်းမင်းတရားကြီးဟာ အင်္ဂလိပ် ပြင်သစ် နိုင်ငံခြားသားတွေ ဖူးမြော်ပါရစေ ဆိုတာတောင် အမြဲတမ်း အခွင့်ရတဲ့ သူမျိုး မဟုတ်ပါဘူးဗျ။ အလွန်အနေကျစ်တာမို့
မြင်ရဖို့ မဖြစ်နိုင်၊ ကြည့်ချင်ရင်တောင် ညီလာခံအပြင်က လှမ်းဖူးမှ ရလိမ့်မယ် အမယ်"
သို့နှင့် ဒေါ်ရွှေတုတ်လည်း ကန့်လန့် ကန့်လန့် ပါလာသည်။ ရွှေဘုံရတနာ နန်းတော်နှင့် အနောက်ဆောင် ထားဝယ်ဆောင် ဗြဲတိုက် ဗောင်းတော်ဆောင် စသည်တို့ကို အပြင်မှ ပတ်ပြရာ လူငယ်နှစ်ဦးတို့မှာ ပါးစပ်အဟောင်းသားနှင့် ရွှင်မြူးနေကြ၏ ။ အနောက်ဆောင်များအား ညွှန်ပြကာ မိဖုရားတို့ ရသော အဆောင်တော်များ ဖြစ်ကြောင်း ရှင်းပြနေစဥ်
"ဟေး မောင်ကြီး၊ ဧည့်သည်တွေ ရောက်နေတယ်ဆို"
"ဟော.. ငါ့နှမ၊ ဘယ်က ပြန်လာသလဲ"
မူနွဲ့နွဲ့နှင့် နန်းတွင်းသူလေးတစ်ဦးက နှုတ်ခမ်းကလေး ခပ်စူစူပြုကာ လက်ျာဘီလူး၏ ဘယ်လက်ကို ချိတ်ထားလိုက်ပြီး
"မယ်မယ်ကြီးက ခေါ်ခဲ့ ဆိုတုန်းကတော့ မလာတော့ပါဘူး လို့ အကြောင်းပြန်လိုက်ပြီးမှ အခု ခိုးလာတာ ဟုတ်လား၊ နှမတော်တို့ကို မောင်ကြီး ရွှေမျိုးတွေနဲ့ မိတ်ဆက်မပေးချင်လို့လား"
လက်ျာဘီလူး ဟက်ခနဲ ရယ်လိုက်ပြီး
"သူတို့က ရွှေနန်းရှင်ကို အဖူးမြင် မဝင်ရဲဘူး ဆိုလို့ပါ နှမရယ်၊ ဟောဒါက ဟိုတစ်ခေါက် မောင်ကြီး အပြင်သွားတုန်း ကျွေးမွေးစောင့်ရှောက်ခဲ့ဖူးတဲ့ ကျေးဇူးရှင်တွေပါ။ ဦးကြီး၊ သူက.. အဲ၊ ကျွန်တော့် နှမကလေး ပဒုမ္မဝတီ တဲ့"
"နန်းတွင်းသူကလေးများ ချောလိုက်တာ မှုန်လို့နော်"
"ဟုတ်ပါ့ အစ်မရယ်၊ ကျုပ်တို့ တောသူတွေနဲ့ စာရင် ယဥ်ကျေးသိမ်မွေ့လိုက်တာလည်း လွန်ပါရော"
တွေ့တွေ့ချင်း သူ့ကို ချီးကျူးလိုက်ကြသည့် သားအမိနှစ်ဦးအား မင်းသမီးလေးကလည်း ခင်မင်သွားလေပြီ။ အလောင်းမင်းတရား၏ သမီးတော်ဟု မပြောဘဲ သူ့နှမဟူ၍ မိတ်ဆက်ပေးသည်မှာ အကြောင်းရှိရမည်ဟု တွေးကာ လက်ျာဘီလူးအပေါ် တေးမှတ်ထားလိုက်သည်။
"ငါ့ညီမလေးလည်း ချောပါတယ်။ ချစ်စရာကလေး၊ ဆံတောက်လေးကို ပြောင်လို့ ကော့လို့။ လာ.. ညီမလေး၊ အစ်မတော် လက်ကိုတွဲ"
ဆိုကာ ရုတ်တရက် အနောက်ဆောင်ဘက် ခေါ်သွားလိုက်သဖြင့် မည်သူမှ တားဆီးချိန်မရ၊ သူငယ်မမှာလည်း ငြင်းဆန်ခွင့် မရလိုက်ဘဲ ပါသွားလေသည်။ ပဒုမ္မဝတီမင်းသမီး လုပ်ပုံကြောင့် လက်ျာဘီလူးပင် ပါးစပ်အဟောင်းသားနှင့် ကျန်ရစ်၏ ။
သူတို့သည် အဆောင်တော်များ၊ နန်းတော်အဆောင်အခန်းများ၊ စုလစ်မွန်းချွန်း အထွဋ်အတင် အပြောက်အမွှန်းများ စသည်တို့ကို ကြည့်ရှုငေးမောလာကြရာ သီးခြားဆောင် တစ်နေရာတွင် ကွယ်ရပ်၍ ရှုစားနေသူနှစ်ဦးကို သတိမထားမိကြပေ။ ထိုသူများကလည်း အကြောင်းစုံ ကြားသိထားပြီး ဖြစ်သဖြင့် အခြေအနေကို ရိပ်စားမိသည့်အားလျော်စွာ ပန်းပင်များအကွယ်မှ အကဲခတ်နေကြ၏ ။
"တကယ့် တောသူတောင်သား လူရိုးကြီးတွေမှန်း မသိသာပေဘူးလားတော်"
လှည့်လည်သူများသည် သူတို့အနီး ရောက်လာကြရာ ဦးစွာ ငလှမောင်က မြင်သည်။ သို့သော် မည်သို့မျှ ထူးခြားဟန်မပြ၊ ထို့နောက် ညီလာခံကျင်းပရာ မြေနန်းပြသာဒ်တော်ကြီးအကြောင်း ရှင်းပြလာသည့် လက်ျာဘီလူး မြင်သွားပြီး မျက်လုံးပြူးသွားသည်။ ကျန်သူများလည်း နောက်မှ မြင်ကြပြီး ရှက်သလို ကြောက်သလို အမူအရာနှင့် ရှိနေကြရာ ကိုရင်လေးတစ်ပါးသာ ဝံ့ဝံ့ရဲရဲ ရှိလေသည်။
သိုရင်းအင်္ကျီဖြူနှင့် တောင်ရှည်ပုဆိုးကို ရိုးရိုးယဥ်ယဥ် ဝတ်ဆင်ထားသည့် လူကြီးက သူ့နောက်မှ ထိုင်မသိမ်းနှင့် ရွှေချည်ထိုးကြမ်းကြမ်းချိတ် ဆင်ယင်ထားသူ ခပ်ပြည့်ပြည့် အမျိုးသမီးကြီးအား လက်ကုတ်လျက်
"မောင်စံ၊ မင့်အမျိုးတွေလား"
ဟု နှုတ်ဆက်လိုက်၏ ။ လက်ျာဘီလူး ဦးချရမလို ခါးညွှတ်ရမလို ဖြစ်နေပြီးမှ ခပ်ကိုင်းကိုင်းနှင့်ပင်
"မှန်ပါဘုရား"
"အတွင်းဘက်တွေရော ပြပြီးပလား သားငယ်"
အမျိုးသမီးကြီးက ဝင်ပြောသဖြင့်
"အဲ.. မပြရသေးပါ"
"ဒါဖြင့် တို့လည်း အဲဒီဘက် သွားမှာပဲ၊ တစ်ခါတည်း လိုက်ခဲ့တာပေါ့"
လက်ျာဘီလူး အမူအရာ ပျက်နေသောကြောင့် ဆံထုံးနှင့် လူကြီးက မျက်မှောင်တစ်ချက် ကုတ်ကာ ကြည့်သည်။ တစ်လက်စတည်း ဧည့်သည်များ၏ အိမ်ထောင်ဦးစီးဖြစ်သူ ဦးဘိုးရင်အား မိတ်ဆက်လိုက်လေ၏ ။
"ကျုပ်က အောင်ဇေယျ ပါ။ ကြားဖူးလိမ့်မလားပဲ"
ဦးအောင်ဇေယျ သွေးတိုးစမ်း မေးလိုက်သည်ကို ဦးဘိုးရင်က ဝမ်းသာအားရနှင့်
"ဟာ.. ကြားဖူးရင်ကော။ မင်းလောင်းလို့ နာမည်ကျော်နေတဲ့ မုဆိုးဘိုသူကြီး ဦးအောင်ဇေယျ ဆိုတာ မဟုတ်လား"
"ဟုတ်ပါတယ်၊ သူက ကျုပ်ဇနီး ခင်ယွန်းစံပါပဲ"
"ခုလို ထင်ရှား ကျော်ကြားသူတွေနဲ့ ကြုံရ ဆုံရတာ အမှန်ပဲ ဝမ်းမြောက်မိပါရဲ့ဗျာ။ မင်းလောင်း ဆိုသူလည်း ရွှေဘိုနန်းတွင်းထဲ ရောက်နေပါပကော။ ကောင်းတယ် ကောင်းတယ်၊ တိုင်းပြည်အတွက် တစ်အားပေါ့.. အဟဲ ဟဲ"
ဤမျှအထိ ရိုးအသော တောသားများပါတကား။ မိဖုရားကြီးက ဦးအောင်ဇေယျ ကိုယ်နှင့် ကွယ်၍ ပြုံးလိုက်သလို လက်ျာဘီလူးလည်း အူကြောင်ကြောင် ဖြစ်သွားရသည်။ အနောက်တွင် ပြူတစ်ပြူတစ် လုပ်နေကြသော မောင်းမကိုယ်လုပ် ရံရွေများမှာမူ နံရံအကွယ်မှ ရယ်မောနေကြကုန်၏ ။
ယခင်က မင်းလောင်း၊ ယခု ရှင်ဘုရင်၊ ထိုသို့မျှ မစဥ်းစား။ ဦးအောင်ဇေယျနှင့် အလောင်းမင်းတရားကိုလည်း တွဲ၍မသိ၊ တစ်ဦးစီ ထင်မြင်နေကြမှန်း သဘောပေါက်လိုက်ကြသည်။ သူတို့အဖို့ရာမှာမူ နေပြည်တော် မဆိုထားနှင့် မြို့သို့ပင် မရောက်ဖူးသူများ ဖြစ်ကြသောကြောင့် မကြားဖူးကြသည်ကို အပြစ်မဆိုသာချေ။
"ညီလာခံက ပြီးသွားပြီလား"
နန်းတွင်းထဲ ရောက်လျင် သီဟာသနပလ္လင်တော်ကို မြင်၍ ဦးဘိုးရင်က မေးလိုက်သည်။
"သိမ်းပြီးလို့ မှူးမတ်တွေတောင် အိမ်ပြန်ရောက်နေလောက်ပါပြီ"
ဦးအောင်ဇေယျက ဖြေရာ
"ဟာ.. နာတာပဲ။ ဟိုရောက်ရင် မှူးကြီးမတ်ရာတွေ ညီလာခံတက်တာကို လှမ်းမြင်ခဲ့ရကြောင်း အားပါးတရ ပြောလိုက်မယ်လို့ ကြံထားတာ။ တစ်ဖူနာသဟေ့"
"တော့်.. မှူးမတ်တွေ မြင်ရမှာက နောက်၊ ရဲမက်တွေ မျက်စိရှုပ်လို့ မောင်းထုတ်ခံနေရမှာက အရင် ဖြစ်နေဦးမယ် ကဘိုးရင်"
သူတို့ အချီအချ ပြောနေကြစဥ် ဦးအောင်ဇေယျက နန်းတော်စောင့်ရဲမက်တစ်ဦးအား ခေါင်းညိတ်ခေါ်ကာ တစ်စုံတစ်ခု ပြောနေ၏ ။
"ဒကာကြီး ဒကာကြီး ကိုရင်ငစံ၊ ကျွန်တော် တစ်ခုလောက် မေးစမ်းပါရစေ"
"တင်ပါ့ ကိုရင်၊ မေးပါဘုရား"
"အဲဒီပလ္လင်ကြီးက ဘုရင်မင်းမြတ်ပဲ ထိုင်လို့ရတာလား။ ကျုပ်တို့ ရဟန်းသံဃာတွေရော သီတင်းသုံးလို့ မရဘူးလား"
"အဲ.."
ကိုရင်သက်နှံ၏ စကားဦးကို ရိပ်မိကာ မည်သည့်လမ်းကြောင်းသို့ ဦးတည်နေကြောင်း သိ၍ လက်ျာဘီလူး ဉာဏ်ထုတ်နေခိုက် ရှင်မိဖုရားကြီးက
"ရတာပေါ့ မောင်ရင်ရဲ့၊ ရဟန်းသံဃာ ဆိုတာ လူတွေထက် မြင့်မြတ်တာပဲ။ ကိုယ်"
ဦးအောင်ဇေယျက လက်နောက်ပစ်ကာ ပြုံးသည်ဆိုရုံ ပြုံးသဖြင့် ရှင်မိဖုရားခေါင်ကြီးကိုယ်တိုင် မောင်ရင်လေးအား မ တင်ပေးမည်ဟု ပခုံးပေါ်မှ တဘက်ကို နောက်သို့ ဖယ်လိုက်မှ မနေသာတော့သည့် ဘုရင်က ချိုင်းနှစ်ဘက် ကိုင်ကာမြှောက်ချီ တင်ပေးလိုက်ရသည်။
"အဟမ်း.. ကိုရင် တရားဟောမယ်။ ဒကာကြီးတို့ ကောင်းကောင်းနေကြ"
"ဟောတော်မူပါဘုရား"
ခင်ယွန်းစံ လက်အုပ်ချီ လျှောက်သော် ကိုရင်က
"ဟောပြီးပြီလေ၊ ဒကာမကြီးအတွက်လည်း ဟောရဦးမယ်။ လိမ်လိမ်မာမာ နေပါ.. ဒကာမကြီး"
"တင်ပါ့ဘုရား၊ ထူးခြားကောင်းမွန်လှပါတယ်"
"အဟေး ဟေး"
ဟု ဆိုကာ ရုတ်တရက် ခုန်ချလာသောကြောင့် လက်ျာဘီလူး ပြေးဖမ်းထားလိုက်ရ၏ ။
"ကိုရင် ငြိမ်ငြိမ်နေပါဘုရား၊ နန်းတော်ထဲ ဆော့ကစားရင် ထိပ်တုံးနဲ့ ညားတတ်တယ်"
"အို.. ကိုရင် ဒါတွေ စိတ်မဝင်စားသေးပါဘူး"
"ဟင်"
"သူ ဘာပြောလိုက်တာလဲ" ဟူ၍ မိဖုရားကြီးက မျက်ခုံးပင့်ပြ၏ ။ လက်ျာဘီလူးလည်း နားမလည်၍ တိုးတိုး ကပ်မေးရသည်။
"ကျွန်တော့်ကို ငတုံးထင်လို့လား ဒကာကြီး။ နန်းတော်ထဲမှာ မင်းသားဆို ထိပ်တင်၊ မင်းသမီးဆို ထိပ်ထား ဘာညာနဲ့ ခေါ်ကြရတယ်ဆိုတာ ဒီမလာခင် ကပ္ပိယကြီးကို သေသေချာချာ မေးမြန်းမှတ်သားထားပြီးသားပါ"
"အဲဒီတော့.."
"တယ်.. ဒုံးဝေးရန်ကော" ဆိုသည့် အကြည့်နှင့် ကြည့်ရင်း ကိုရင်က ရှင်းပြလေသည်။
"ကျုပ် ထိပ်တုံးတွေ ထိပ်ထားတွေ ဘာမှ စိတ်မဝင်စားဘူးဗျ၊ သာသနာ့ဘောင်မှာ ပျော်သလောက် နေဦးမှာ။ ယူရမယ် ဆိုရင်လည်း ရွာက မိတဆုပ်ပဲ ယူမှာ.. ရှင်းလား ဒကာ"
လက်ျာဘီလူး မအီမလည်နှင့် မိဖုရားခေါင်ကြီးကို မော့ကြည့်လိုက်သည်။ အလောင်းမင်းတရားကတော့ ချောင်းဟန့်သလို ရင်ဖိသလိုနှင့် တစ်ဘက်သို့ လှည့်သွားလေပြီ။
(ဆက်ရန်..) ဘုန်းဝှန်ပြိုင်ရှား အရှင့်သားကို (၄)
Written by သင်္ခရာဇာ
End date: February 19, 2022
No comments:
Post a Comment