"ဟေ့ ဟေ့ မင်းတို့တွေ ငကျော်ရှိန်ကို ပြောလိုက်ကြစမ်း၊ နေ့စာအတွက် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ပြီးရင် ညစာကို ဘုရင့်ပွဲတော်အုပ်လို ချက်စမ်း လို့။ မင်းတို့လည်း ကူလိုက်ကြ"
"ဟုတ်ကဲ့ပါ တပ်မှူး"
တပ်သားများ ပြန်ဆင်းသွားကြလျင် သူငယ်မက ငလှမောင်ဘက် ကြည့်ကာ လေသံဖြင့်
"တပ်မှူးတဲ့"
ဟု ဆိုသည်။ ငလှမောင်က
"အင်း.. အင်း..၊ ဖြစ်ရပေမပေါ့"
သူ မည်သို့ ပြော၍ ငြင်းရမည်ကို မစဉ်းစားတတ်သေးသဖြင့် စကားလမ်းကြောင်းလွှဲကာ
"မိရွှေခင်၊ ညည်းက ကျုပ်ကို ရွံနေတုန်းလား"
သူငယ်မ မျက်နှာမထားတတ်အောင် အားနာသွားသည်။
"မဟုတ်ပါဘူး.. ကျွန်တော်မျိုးမ.. ဟို၊ အရှင်ကြီးကို ရိုင်းပျခဲ့မိတာ အားနာနေလို့ပါ"
"အရှင်ကြီး ဟုတ်လား၊ သြော်.. ဟုတ်ပေတယ်။ အသေကြီး မဖြစ်သေးတော့လည်း အရှင်ကြီးပေါ့လေ"
"အယ်"
အတည်ပေါက်နှင့် နောက်ပြောင်နေမှန်း မသိကြသူများမို့ ဗလုံးဗထွေးနှင့် ဖြေရှင်းကြပြန်သည်။
"လုံမလေးက ဒီသဘော ပြောတာမဟုတ်ပါဘူး မောင်ရယ်၊ ဟိုတုန်းက တကယ့် နူနာသည်အမှတ်နဲ့ မကပ်ရဲခဲ့တာကို ခမျာမှာ တွေးတွေးပြီး စိတ်မကောင်းဖြစ်နေရတာပါ။ တို့များရောပေါ့"
"ဒါနဲ့ မရွှေကျေး တို့ ခင်ခင်လေးတို့ မပါပါ့လား၊ ဘာလို့ မခေါ်ခဲ့သလဲ အမယ်။ ရောက်ခဲလှပါဘိနဲ့ ခေါ်ခဲ့ဖို့ကောင်းတာပ"
"မိရွှေကျေးက အိမ်ထောင့်တာဝန်တွေနဲ့မို့၊ သမီးငယ်ကလည်း ငယ်သေးတော့ ကူဖော်လောင်ဖက်ရအောင် ထားခဲ့ရတယ် မောင်စံရေ့"
"သြော.. ဒီလိုလား" ဆိုသော မျက်နှာပေးဖြင့် ပွဲကျောင်းသား လှမောင်အား ကြည့်ရာ ငလှမောင်က ပြုံးပြုံးကြီး။
"အဲဒါပဲ မောင်ရေ.. အလှူပွဲပြီးလို့ ၂ လလောက် နေတော့ သင်းက ကျုပ်တို့သမီး အိမ့်ဆည်းလည်းကို သုတ်ပြေးတယ်လေ။ တစ်ရွာတည်းသားချင်းမို့ မကောင်းတတ်ထာနဲ့ပဲ အိမ်ထောင်ချပေးလိုက်ရတယ်။ အခုတော့ သူလည်း အားကိုးရပါတယ်"
ဆို၍ အမယ်ကြီးဘက် မျက်စပစ်သည်။ အမယ်ကြီးက တပြုံးပြုံးနှင့် မရွှေခင်ကလေးဘက် ကြည့်ရာ သူငယ်မလေး မျက်နှာရဲသွား၏ ။ လက်ျာဘီလူး အခြေနေ မဟန်မှန်း သိသောကြောင့် ရုတ်တရက် ပေါင်ပေါ်မှ ကိုရင်ကို ရွှေ့လိုက်ကာ
"အပြင်မှာ ဘယ်သူပါလိမ့်၊ မြင်းခွာသံတွေ ကြားနေရတယ်"
ဟု ထသွားသည်။ အကယ်ပင် သူမျှော်နေခိုက် အိမ်ရှေ့သို့ မြင်းတစ်စီး ဆိုက်လာ၏ ။
"ကိုကြီးကုလားပါလား၊ အိမ်ပေါ်ကို ကြွပါ"
သူလို ဝတ်စုံမျိုးနှင့် နောက်တစ်ဦး တက်လာသဖြင့် ဗိုလ်မင်းကြီးများလားဟု တွေးနေကြစဉ်
"မလာစဖူး ဘာကိစ္စများပါလိမ့် အစ်ကို"
"မင့်မယ်မယ်ကြီးက လွှတ်လိုက်လို့ဟေ့"
"မှန်ပါ"
လက်ျာဘီလူး တရိုတသေဟန် ဖြစ်သွား၏ ။ ထို့ကြောင့် အရေးကြီးလိမ့်မည်ဟု ထင်မှတ်လိုက်ကြသည်။
"မင့်ဆီ ဧည့်သည်ရောက်ကြောင်း ကြားလို့ ရွာကဆွေမျိုးသားချင်းတွေ လိုက်လာတာ ဖြစ်လိမ့်မဟဲ့ဆိုပြီး ငါ့သားရွှေမျိုး ငါ့ရွှေမျိုး၊ နန်းတွင်းကို အလည်အပတ် ခေါ်ခဲ့ချေဦး လို့ မိန့်တော်မူလိုက်တယ် မင်းကြီး"
သူငယ်မ မျက်လုံးပြူးသွားပြန်သည်။ လူလေးဦးသား တစ်ဦးမျက်နှာ တစ်ဦးကြည့်ကြလျက်
"မင်းကြီး တဲ့"
"ငါတို့လူက အလွန့်သူရဲ နေမှာပ"
"သာမန်အဆင့်တော့ မဟုတ်နိုင်ဘူး။ သူရဲကျော်တွေထဲမှာမှ ဗိုလ်မင်း တပ်မင်းကြီး ဖြစ်နိုင်တယ်"
"တပ်မှူးကြီးပါတဲ့ဆို ဖေကြီးကလည်း"
သူတို့သည် ယခုထိ သူရဲကောင်း လက်ျာဘီလူး ဟုသာ သိကြ၍ မည်သည့်ရာထူးဖြစ်ကြောင်းကိုမူ မရိပ်မိကြသေးချေ။
"ကျွန်တော့် ဆွေမျိုးသားချင်းတွေတော့ မဟုတ်ပါဘူး။ အမိ အဘလို ကျေးဇူးကြီးတဲ့ ကျေးဇူးရှင်မိသားစုပါ။ သူတို့ကို မေးစမ်းပြီး ခေါ်ခဲ့ပါ့မယ် အစ်ကိုကြီး"
ထို့နောက် ငေးမောနေကြသော လူငါးဦးတို့ဘက် လှည့်၍
"ဟောဒါက အနောက်ဝင်းတော်မှူး ဥဒိန်နော်ရထာ ပါ။ အစ်ကိုကုလား၊ သူတို့က တောင်သုံးဆင့် ကန်သုံးဆင့်အရပ်က ကျွန်တော့်ကို ကျွေးမွေးပြုစုခဲ့ကြသူတွေ"
ထိုအခါမှ ဦးဘိုးရင် ဦးဆောင်သော မိသားစုသည် ဥဒိန်နော်ရထာအား ဦးကုန်းချကြလေ၏ ။ ဦးကုလားလည်း အရှေ့ဝင်းတော်မှူးကို ဦးမချဘဲ မိမိကိုမှ ဦးညွှတ်ဝပ်တွားနေကြသူများကို တအံ့တသြ ကြည့်နေလေသည်။
"နေကြပါဗျာ၊ မင်းကြီးကို ဆက်ဆံသလိုပဲ ဆက်ဆံကြပါ"
"မသိလို့ မေးလျှောက်စမ်းပါရစေ၊ သူကရော မင်းကြီး ဘယ်သူတဲ့လဲ"
"မင်းကြီး မင်းထင်နော်ရထာ လေ"
"အမယ်၊ ဘွဲ့မည် တယ်လှပါကလားဟဲ့။ ငါတို့လူကတော့ အရေးရောက်သူ ဖြစ်နေတာပ"
ဝမ်းသာအားရ ထပြောလိုက်သဖြင့် ဦးကုလား ပြုံးသွားသည်။
"ကဲ.. ဦးကြီးတို့ အမယ်တို့၊ မယ်မယ်ကြီးဘုရားကတော့ နန်းတွင်းလိုက်လည်ဖို့ အခေါ်လွှတ်နေပြီ။ မင်း မိဖုရားများနဲ့ တွေ့ဝံ့ကြပါသလားခင်ဗျ"
"ဘာရယ်၊ မင်းမိဖုရားတွေကို အဖူးမြော်ဝင်နိုင်သတဲ့လား"
"ဟုတ်ပါတယ် ဒေါ်ဒေါ်၊ မိဖုရားခေါင်ကြီးကိုယ်တော်တိုင် ဖိတ်လိုက်တာပါ"
"အလိုလေး"
ငလှမောင် နှင့် ဦးဘိုးရင် တို့ မြောက်တက်သွားကြသည်။
"ရှင်ဘုရင် မိဖုရားကြီးတွေကိုတော့ မတွေ့ဝံ့ဘူး မောင်ရဲ့။ ကျုပ်တို့ တောသူတောင်သား ထူပါးနားမလည် မင်းရေးမှားရင် အပြစ်တော် ခံနေရပါ့မယ်။ လာတုန်းကတော့ နေပြည်တော်ကြီး ရောက်လို့ ရွှေနန်းတော်ကြီးကို အပြင်က မြင်ရရင် တန်ပြီဟဲ့လို့ မဲတင်းလာခဲ့ကြတာပဲ"
"အို.. နန်းတော်ဝင်းထဲကို လည်ပတ် ကြည့်ရှုလို့ ရပါတယ် ဦးကြီးတို့ရဲ့။ ကျွန်တော်လည်း လိုက်ပို့မှာပါ"
"မောင်မင်းကြီးသား ဒီလောက် ဘုန်းကြီးနေတာ မသိလို့ ကျုပ်တို့က သားလို သားမက်လို အမြင်မျိုးနဲ့ တရင်းတနှီး ဆိုမိတာတော့ ဗွေမယူပါနဲ့ နော့"
ဒေါ်ရွှေတုတ်၏ စကားပြောလည်ဝယ်မှုကြောင့် နားဖောက်လိုက်သကဲ့သို့ ဖြစ်သွားရာ လက်ျာဘီလူး မျက်နှာ နီရဲသွားသည်။ သူငယ်မကတော့ နီစွေးသော ဝတ်စုံနှင့် လိုက်ဖက်လှသည့် မျက်နှာရဲရဲကို ငေးကြည့်နေလေသည်။
အနောက်ဝင်းမှူး ပြန်သွားသောအခါ စကားစမြည် ပြောဆိုကြ၍ စားသောက်ဖွယ်များ အသင့်ဖြစ်လျင်
"ကဲ.. အချိန်လည်း မနည်းတော့ဘူး၊ နေ့လယ်စာ သုံးဆောင်ကြဖို့ သင့်ပြီ။ ကျွန်တော်နဲ့ တစ်ဝိုင်းတည်း အတူစားဝံ့ကြရဲ့လားဗျ"
နှစ်ခွအဓိပ္ပါယ်နှင့် ဆိုလိုက်သော စကားကြောင့် ရယ်လိုက်ကြပြီး
"ဟိုလို ဆိုရင်တော့ စားဝံ့ပါပြီ။ ဒီလိုပုံနဲ့တော့ လက်ရည်တစ်ပြင်တည်း စားကြရမှာ အားနာစရာများ ဖြစ်နေမလား လို့"
"ဘယ်သူမှ မရှိပါဘူး၊ ကျွန်တော်တို့ချည်း မိသားစုလို ဝိုင်းလိုက်ကြတာပ"
မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် ကောင်းမွန်စွာ ကျွေးမွေးဧည့်ခံပြီးနောက် ရတနာသိင်္ဃတစ်ခွင်ရှိ ရွှေချက်သိုဘုရား၊ မဟာနန္ဒာကန်တော် စသည့် အထင်ကရ နေရာများသို့ ဦးစွာ လိုက်ပို့လေသည်။
ခြူသံလွင်လွင် ပန်းပွားစုံနှင့် လှည်းယဉ်ကျော့ကလေးများပေါ်တွင် ဒေါ်ရွှေတုတ်နှင့် မရွှေခင်တို့က တစ်စ်ီး၊ ဦးဘိုးရင်နှင့် ကိုလှမောင်တို့ တစ်စီး လိုက်ပါလာကြ၍ လက်ျာဘီလူးနှင့် မြင်းနှစ်စီးက ရှေ့ဘယ်ညာမှ ခြံရံကာ လှည့်ပတ် ပြသကြနေ၏ ။
(ဆက်ရန်..) ဘုန်းဝှန်ပြိုင်ရှား အရှင့်သားကို (၃)
Written by သင်္ခရာဇာ
End date: February 19, 2022
No comments:
Post a Comment