Translate

ဘုန်းဝှန်ပြိုင်ရှား အရှင့်သားကို (၄)

"မောင်ရင်လေးနဲ့ တွေ့မှ တို့လည်း လူအတွေ ဖြစ်ကုန်ပါကော"
ကိုရင့် ခမည်းတော် မယ်တော်တို့ကတော့ အားနာလွန်းသောကြောင့် ရှက်နေကြသည်။ 'ဒီကိုရင်နဲ့တော့ ဒုက္ခပါပဲ' ဟု ကိုရွှေမောင်က ညည်း၏ ။ ဦးဘိုးရင်က 'ဟေ့.. မင်း ချီခဲ့စမ်းကွာ' ဟု ကပ်ပြောလိုက်သည်။
ဆီမီးများ မထွန်းသေးသောကြောင့် မှောင်နှင့်မည်းမည်း ရှိနေရာ ဒေါ်ရွှေတုတ်က ကြောက်သည်ဆို၍ အပြင်ပြန်ထွက်ခဲ့ကြရ၏ ။ ကွင်းပြင်ကွက်လပ်ထဲရှိ မြက်ခင်းပြင်ပေါ်မှ စကျင်စားပွဲဝိုင်းလေး၌ ထိုင်မိကြချိန်မှ
"အခုမှ အသက်ရှူဝတော့တယ် ကိုရင်ရေ"
ဟု ဆိုသည်။ ထိုင်ခုံမှာ လေးခုံသာ ရှိသည့်အတွက် လူငယ်များက အနောက်၌ ရပ်နေရသည်။ ကိုရင်သက်နှံကတော့ ငလှမောင်လက်မှ လွတ်ကာ မြက်ခင်းပေါ် ကျွမ်းထိုးနေ၏ ။ မင်းတရားကြီးနှင့် မိဖုရားကြီးတို့က ရှုစားနေကြခိုက် အနောက်ဆောင်များမှ ပတ်လာသည့် မင်းသမီးနှင့် သူငယ်မလေးတို့လည်း ရောက်ရှိလာကြသည်။
ပဒုမ္မဝတီက မင်းတရားကြီးနောက် မြက်ခင်းပေါ် ကျုံ့ကျုံ့ထိုင်လိုက်မှ အခြားသူများ တစ်ယောက်ပြီး တစ်ယောက် ထိုင်ကြလေသည်။ ကိုလှမောင်မှာမူ မောင်ရင်မျောက်လောင်းကို ဖမ်းရမည်လား ရောယောင် ထိုင်ရမည်လား ချီတုံချတုံ ဖြစ်နေပုံ ရသည်။
"ကိုဘိုးရင်တို့ ဘဇာကြောင့် မြို့တက်လာခဲ့ကြပါသလဲ"
ဟု ဦးအောင်ဇေယျက မေးရာ ဦးဘိုးရင်က အကြောင်းစုံ ခင်းပြ၏ ။ အလောင်းမင်းတရားကြီးမှာ သူ၏ သူရဲတော်အတွက် ဂုဏ်ယူဟန် ရှိသော်လည်း သူတို့နှင့် ထည့်လိုက်ရန်ကိုမူ သဘောတော်တွေ့ဟန်မတူ။ ထို့ကြောင့် လက်ျာဘီလူးကပဲ ရှင်းပြ ငြင်းဆန်ရသည်။
"ကျွန်တော် လိုက်လို့ မဖြစ်ပါဘူး ဦးကြီးရယ်၊ မကြာခင် မိုးလေပွင့်လင်းတာနဲ့ အောက်ပြည်ကို စစ်ချီကြရတော့မှာ"
"စစ်က ဘာလို့ထိုးနေသေးလဲ မောင်စံ၊ အခုလည်း တိုင်းနိုင်ငံ မြို့ပြ ထူထောင်ပြီးသမို့လား"
ထိုအခါ အလောင်းဘုရားက ဝင်၍
"ဒီလို ကိုဘိုးရင်၊ စစ်တိုက်တယ် ဆိုတာမှာ ဘုန်းလက်ရုံးအင်အား ပြချင်လို့ တစ်ကြောင်း၊ လက်နက်နိုင်ငံပြု သိမ်းပိုက်ချင်တာ တစ်ကြောင်း၊ သာသနာတော်ကို စည်ပင်အောင် ပြုစုရန် တစ်ကြောင်း၊ တကွဲတပြား ပြန့်ကျဲနေတဲ့ တိုင်းနိုင်ငံတွေကို စုစည်းတည်ထောင်ပြီး မဟာသမ္မတ မင်းဧကရာဇ် ခံယူနိုင်ရန် တစ်ကြောင်း စစ်ပြုကြရပါတယ်"
"....."
"အခု ရာမညတိုင်းကို သိမ်းအုပ် မင်းပြုနေတဲ့ ဗညားဒလဘွဲ့ခံ ဆင်ဝန်ဦးအောင်လှ ဟာ ကျုပ်တို့တိုင်းရင်းသားလူမျိုး မဟုတ်ဘူး၊ ဇင်းမယ်သား ဗျမိုင် ဆိုသူဖြစ်တယ်"
"အလို.. ဟုတ်ကဲ့လား"
"မြတ်ဗုဒ္ဓသာသနာတော် နေလိုလင်းအောင် ထောက်ပံ့ဖို့ဆိုရင် တိုင်းကားပြည်ရွာ ညီညွတ်မျှတပြီး သာသနာကို စောင့်ရှောက်တဲ့မင်းလက်အောက် တစ်စုတည်း တည်ရှိနေဖို့ဟာလည်း အခရာကျတာပေါ့"
"မှတ်သားထိုက်ပါပေရဲ့ဗျာ၊ သူကြီးမင်း ကိုအောင်ဇေယျရဲ့ ပညာဗဟုသုတကတော့ ကျော်သည်နှင့် လျော်ပါတယ်။ မင်းဧကရာဇ် စင်စစ်ဖြစ်မယ့် လူမျိုးဗျ မိရွှေတုတ်"
"တော်မပြောလည်း တဘောင် သိုက်စကားတွေအရ သိကြပြီးသားပါတော်၊ မိကျောင်းမင်း ရေကင်းပြမနေပါနဲ့"
ထိုအခိုက် ရွှေနန်းရှင် အခေါ်တော်လွှတ်၍ ရောက်လာကြသော ဦးကောင်းနှင့် ဦးမြတ်သာနေတို့ ဝတ်စုံပြည့် ဆင်မြန်းလျက် အခစားဝင်လာကြသည်။ သူတို့ ဘုရင်မင်းမြတ်နှင့် တန်းတူရည်တူ တစ်စားပွဲတည်း ထိုင်နေကြသော တောသားအဘိုးကြီး အဘွားကြီး လင်မယားကို အံ့သြစွာ ကြည့်ရင်း မင်းမိဖုရားတို့ကို ဦးချလိုက်ကြ၏ ။
"သူက ကျုပ်အိမ်တော်ပါကျွန်ရင်း မောင်ကောင်း တဲ့"
ပြုံး၍ ခေါင်းညိတ်ပြကြသည်။
"အခုတော့ သေနတ်ဝန် မဟာသေနာပတိပေါ့"
ထိုင်ရမလို ထရမလို ဖြစ်သွားကြသည်။
"ဟိုဘက်က မောင်နေ၊ သူကတော့ လက်ဝဲသုန္ဒရဘွဲ့ခံ ဝန်ကြီးတစ်ပါး ဖြစ်နေပြီ"
ဝုန်းခနဲ ထိုင်ခုံမှ ဆင်းလိုက်ကြသည်။ စန္ဒာဒေဝီမိဖုရားကြီးက အမယ်ကြီးလက်ကို ဆွဲထားကာ
"ထိုင်ပါ.. ထိုင်ပါ၊ ဘာမှ မဖြစ်ပါဘူး"
"အို.. သေနာပတိ ဝန်ကြီးတွေအထက်က ထိုင်လို့ တော်ပါ့မလား။ အခု ဘာမှမဖြစ်တောင် အပြင်ရောက်ရင် ဒူးဖြတ်ခံနေရပါဦးမယ်"
သူတို့နှင့်ကျမှ ယခုမှ တွေ့ဖူးကြသည့် အမတ်ကြီးနှင့် ဦးကောင်းတို့ပင် ခံနေရသည်။ အခြေအနေကိုလည်း သဘောပေါက် ရိပ်စားလိုက်မိကြလေ၏ ။ ထို့ကြောင့် တစ်ဦးကိုတစ်ဦး မသိမသာကြည့်ကာ ခေါင်းငုံ့ပြုံးလိုက်ကြသည်။ ငယ်ရွယ်သွက်လက်သော ပဒုမ္မဝတီမင်းသမီးကလည်း ထောင်ပေးပြန်သည်။
"ဦးမင်းတို့ သည်းခံကြပါ၊ ဟောဒီညီမလေးကဆို သမီးကို ဘယ်လိုခေါ်သလဲ.. သိလား မယ်မယ်။ ယောင်းမ တဲ့"
"ဟယ်"
လက်ျာဘီလူး၏ အသံနှင့်အတူ ရယ်သံများ ဆူညံသွားကြလေသည်။ သည်ကြားထဲမှာ မိရွှေခင်က ဘုရင်နှင့် မိဖုရားကြီး ရှေ့တော်မှောက်၌ သမီးတော်မင်းသမီးကို လှမ်းဆိတ်လိုက်သည့်အတွက် အားလုံး ထူထူပူပူနှင့်ပင် ရယ်ပွဲဖွဲ့မဆုံးတော့။ အတွင်းဆောင်ထဲတွင်ကား နားစွင့်နေကြသည့် အပျိုတော်များ ခွက်ထိုးခွက်လန် ဖြစ်နေ၏ ။
"ကျွန်မက ခင်လို့ ရွာမှာလိုပဲ ခေါ်လိုက်တာပါနော်"
"အေးပါ.. အေးပါ၊ ဆက်ရှင်းမပြပါနဲ့တော့"
လက်ျာဘီလူး တောင်းပန်ယူရသည်။ အမတ်ကြီးနှင့် မဟာသေနာပတိတို့ကို သုံးသပ်နေခဲ့သော ဦးဘိုးရင်က
"တကယ့် မှူးမတ်ဝန်ကြီးတွေဟာ ရွာအလှူမှာ ပါတဲ့ အဆင်အပြင်နဲ့ လားလားမှမဆိုင်၊ ခန့်ညားလှပ ကျက်သရေရှိလိုက်ပါဘိ"
"ဒါကတော့ သူတို့က ရွှေအစစ် ကျောက်အစစ် သုံးနိုင်တာကိုး ကိုဘိုးရင်၊ ရွာမှာက ရွှေချည်ထိုး ဘော်ကြယ် အလွန်ဆုံး မဟုတ်လား"
"ဟုတ်ပါ့၊ ခေါင်းပေါ်က အချွန်တွေကလည်း အနုစိတ်လိုက်ထာ။ ဦးထိပ်မှာ စေတီတည်ထားသလား မှတ်ရ"
"ကိုအောင်ဇေယျတို့များ အင်မတန် ဘုန်းကြီးတာပဲ။ အေးလေ၊ မောင်စံတောင် သည်လောက် ဘုန်းလက်ရုံး ပြည့်စုံမှတော့ မင်းလောင်းအစစ်ဟာ ပြောဖို့လိုဦးမလား"
"ဦးမင်းတို့က ငစံနဲ့ ဘယ်လို တော်စပ်ကြပါသလဲ"
ဦးကောင်းက မေးသဖြင့် ဇာတ်စုံခင်းပြကြရပြန်၏ ။
"သူကြီး ဖိုးမြိုင်ကဆို သူ့တုတ်ချွန်ကို သမိုင်းဝင်လက်နက် ဆိုပြီး အိမ်ဦးခန်းမှာ ကလပ်နဲ့ ထားတာ မောင်။ ဧည့်သည်များ လာလို့ လှည်းတပ်တဲ့ တင်ကျည်း ပြောရင် နည်းနည်းမှ မကြိုက်ဘူး။ သူကိုယ်တိုင် မြင်ခဲ့ရသလို ဘယ်လိုတိုက် ဘယ်လိုကန်နဲ့ ဟောတော့တာပဲ"
"သူက ငစံတိုက်ခိုက်ပုံကို ဘယ်လိုသိသတဲ့လဲ"
"ဓားပြစခန်းက ပြေးလာတဲ့ ကောင်တွေ၊ မိန်းကလေးတွေကို သူတို့ရွာထိ နှစ်ညသုံးညအိပ်နေပြီး လိုက်မေးတာ မောင်ရေ့။ ပြီးရင် သူ့သမက်အကြောင်းလိုလို လုပ်ကရော.."
(ဦးအောင်ဇေယျနှင့် ခင်ယွန်းစံတို့ မျက်လုံးကျယ်သွားကြသည်)
"ကျုပ်နဲ့တောင် တစ်ခါတစ်ခါ စကားများရသေးတယ်၊ ဘယ်သူမှန်း မသိခင်ကတည်းက သမီးတွေနဲ့ ပေးစားမယ်ဆိုတာ ကျုပ် အရင် ကြေညာထားတာဗျ"
(မိရွှေခင် ရှက်သွားပြီး ပဒုမ္မဝတီ အံ့သြသွား၏)
"ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ကို ရအောင် ခေါ်ခဲ့ရမှာတော့ ကျုပ်တာ ဖြစ်သွားတာပေါ့လေ"
(ဦးကောင်းနှင့် ဦးမြတ်သာနေတို့ တစ်ဦးကိုတစ်ဦး ကြည့်မိကြပြန်သည်)
"အစကတော့ မောင်စံကို အကြီးမနဲ့ ရည်ရွယ်ထားတာ ဘုရားစူးရစေရဲ့။ ဟိုကောင် ငလှမောင် လက်ဦးသွားလို့"
(လက်ျာဘီလူးနှင့် လှမောင်တို့လည်း တစ်ယောက်ကို တစ်ယောက် မကြည့်ရဲတော့။ မဆီမဆိုင် မျက်နှာပူနေကြလေပြီ)
"အလတ်နဲ့ အငယ်တော့ သင်းကြိုက်တာယူ ဆိုပြီး.."
(ဒေါ်ရွှေတုတ်နှင့် ကိုရင်သက်နှံတို့ ပြိုင်တူအော်လိုက်ကြ၏)
"ကိုဘိုးရင်"... "ဒကာကြီး"
"ဟေလကွာ"
"ဘာတွေ လျှောက်ပြောနေတာလဲ၊ နောက်မှ ကျုပ်ပြောပါမယ် ဆို"
"ကျွန်တော့်ရှေ့မှာ ဒါတွေ မပြောကြနဲ့လေဗျာ"
"သြော်.. အေး အေး၊ အေးပါ။ တစ်လက်စတည်းမို့"
လက်ျာဘီလူးက..
"ဦးကြီး"
"ဗျာ"
"မှောင်နေပြီ.. ပြန်ကြရအောင်"
"ဟေ.. ဒီမှာ ကိုအောင်ဇေယျတို့ ဧည့်ခံနေတာ အားနာစရာ"
"ရတယ်.. ရတယ်၊ ကျွန်တော် နောက်မှ တောင်းပန်လိုက်မယ်။ ဦးကြီးတို့ကို ဧည့်ခံစရာ ရှိသေးတာ အခုမှ သတိရလို့"
"ဒါဆိုလည်း သွားလိုက်ပါဦးမယ်ဗျ နော။ ကိုအောင်ဇေယျတို့လည်း ရွာဘက်ရောက်ရင် ဝင်ခဲ့ကြပါ။ နောက်ဆို မောင်စံလည်း ရှိမှာပဲ"
သူတို့ ထွက်သွားသောအခါ မင်းမိဖုရားနှစ်ပါးလည်း ပြုံးရယ်၍
"ငစံ ခေါ်လာလိုက်ရင် ဘယ်လိုလူတွေမှန်း မသိ၊ အင်မတန် ရယ်ရသလို ပျော်စရာကောင်းတယ်"
"မယ်မယ်ဘုရား ခုလို ကြည်လင်ရွှင်ပျ ရယ်မောတော်မူတာကို မမြင်ရတာတောင် ကြာပါ့ဘုရား"
"အေးဆို ငကောင်းရယ်၊ မင်းပြောမှ သူ့လူ ငတိုက်မောင်းကို သတိရသွားပြီ။ အဲသည်ကောင်လေးရော ဘယ်ရောက်နေပါလိမ့်"
ထိုအခါ ဦးကောင်းက ပြုံးစေ့စေ့နှင့်
"မယ်မယ်ဘုရား တိုက်မောင်းကို အခုလေးတင် အရှေ့တံခါးဝမှာ မြင်ခဲ့ကြောင်းပါ"
"ဟုတ်လား၊ ဘာလုပ်နေသလဲ"
"သူတို့တပ်ထဲမှာ ငစံ့ဧည့်သည်တွေကို ကျွေးဖို့မွေးဖို့ ဆိုပြီး ဘုရင့်ပွဲတော်အုပ်လို ချက်ပြုတ်ပြင်ဆင်ထားကြသတဲ့။ ညနေ ပြန်မလာကြတော့ နန်းတော်ထဲက ကျွေးလိုက်မှာစိုးလို့ လာခေါ်တာဆိုပဲ"
"အောင်မယ်.. ဘာတဲ့"

              မိဖုရားကြီး ဟက်ဟက်ပက်ပက် ရယ်သလို အလောင်းမင်းတရားကြီးလည်း ကွမ်းသွေးထွေးရင်း ပြုံးတော်မူလေသည်။

 (ဆက်ရန်..)   ဘုန်းဝှန်ပြိုင်ရှား အရှင့်သားကို (၅) 


Written by သင်္ခရာဇာ
End date: February 20, 2022

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...