'တပ်ရှေ့မှာ အရှင့်ဧည့်သည်တွေ ရောက်နေကြပါတယ်' ဆိုသော သတင်းပို့ချက်ကြောင့် ညီလာခံဆင်းသည်နှင့် နန်းတွင်းမှ ထွက်လာခဲ့သည်။ မည်သူများပါလိမ့်၊ ရွာမှ အမျိုးအဆွေများလား ဟုလည်း တစ်လမ်းလုံး တွေးလာခဲ့သည်။ တပ်ထိပ်ဝင်ပေါက်ဘေး၌ ပေါင်းမိုးတပ် လှည်းကြီးတစ်စီးနှင့် လူ လေးငါးယောက်ခန့်ကို မြင်လိုက်မှ မည်သူတွေမှန်း သိ၍ အံ့သြသွားရ၏ ။
ရှေ့ဆုံးမှ စောင့်မျှော်နေသော လူကြီးနောက်ဝယ် ရပ်နေသည့် သူငယ်မလေးက လူကြီး၏ အင်္ကျီစကို အတင်းဆွဲထားသဖြင့် လူကြီးလည်း စောင်းငဲ့ကာ
"ဟဲ့.. ဟဲ့"
ဟု အသံပြုလိုက်ရာ သူငယ်မလေးက
"အဲဒီမြင်းပဲ အဖေကြီး၊ သူပဲ.. ဟုတ်တယ်"
"အေးပါကွယ်.. မြင်ပါတယ်"
ဟု ဆိုကာ ဆတ်ခနဲ ရုန်းလိုက်မှ ဆွဲထားသည့်လက် လွတ်သွားတော့သည်။ မည်သည့်စကားမှ မပြောနိုင်သေးဘဲ မြင်းပေါ်မှ အံ့သြစွာ ဆင်းလာသည့် သူ့ကို အရှေ့ဝင်းမှူးဝတ်စုံနှင့်မို့ အားလုံးကလည်း ပြူးကြည့်နေကြသည်။
"ဟို.. မောင်စံ၊ အဲ.. သူရဲကောင်းကြီး လက်ျာဘီလူး"
"ဦးကြီးတို့ ဘယ်လိုလုပ် ဒီအထိ ရောက်လာကြတာလဲ၊ အထဲဝင် စောင့်ကြရောပေါ့။ အပြင်မှာ ရပ်နေကြရတယ်လို့"
သူက အံ့သြဝမ်းသာသံနှင့် မေးရာ လူစုက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ကောင်းမွန်စွာ ဆီးကြိုနှုတ်ဆက်ဖော် ရပါပေသည် ဟူ၍ စိတ်သက်သာရာလည်း ရသွားကြ၏ ။ မိန်းမကြီးက လူကြီးကို ကျုပ်မပြောဘူးလား ဟူသော အပြုံးမျိုးနှင့် ကြည့်လိုက်သည်။
"ရပါတယ်ကွယ်"
"လာပါ..ကြွကြပါ"
ဆို၍ တစ်ဆက်တည်း
"ဟေ့ ကံလှတို့ ငနိုးတို့တွေ လှည်းပေါ်က အထုပ်တွေ တောင်းတွေ ဝိုင်းသယ်ခဲ့ကြပါဦး"
ရဲဘော်သုံးယောက် ပြေးလာကြပြီး အလုအယက် သယ်ကြသည်။ တောင်းကြီးတစ်တောင်း၊ အထုပ်နှစ်ထုပ်၊ ဖရဲ သခွား စသော သစ်သီး ဝလံများလည်း လှည်းအပြည့်ပါ၏ ။ လှည်းသမားကလည်း ရပါတယ် ပေးပေး ဟု ဝိုင်းကူဆွဲလေသည်။
လက်ျာဘီလူးက ခမောက်ဆောင်းထားသော လှည်းသမားကို သေချာကြည့်လျက်
"အို.. ဘယ်သူပါလိမ့်လို့ ကိုရင်လှမောင်ကြီးပဲ"
ငလှမောင်က မဝံ့မရဲနှင့် ရှက်ပြုံး ပြုံးလိုက်၏ ။ သူသည် ဘုရင့်သူရဲတော်ကြီး ရှေ့တွင် မော်ကြွားမိဖူးခဲ့သည်ကို ယခုအထိ ရှက်နိုးနေဆဲ။ လက်ျာဘီလူးကတော့ မေ့မေ့ပျောက်ပျောက်မို့ တပ်အလယ်ရှိ ဘုန်းကြီးကျောင်းနှင့်တူသော အိမ်မည်းမည်းတစ်လုံးဆီ ဦးဆောင်ခေါ်သွားရင်း စကားများ ပြောနေလေသည်။
"ကျွန်တော့်မှာ အိမ်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိလို့ တပ်ထဲက အိမ်မှာပဲ ဦးကြီးတို့ အမိတို့ကို တည်းခိုခိုင်းရမှာပဲ။ ကျွန်တော်က နန်းတွင်းမှာပဲ နေရတာ များတယ်ခင်ဗျ"
နောက်က လိုက်လာသူ ငါးဦးမှာ တစ်ဦးကို တစ်ဦးကြည့်ကာ တီးတိုး တွတ်ထိုးလာကြ၏ ။
"နန်းတွင်းမှာ နေရတယ်ဆိုတော့ တော်တော်တန်တန့်လူတော့ မဟုတ်ဘူးတော့် အဖေကြီး"
"ဘုရင့်သူရဲကောင်း ပါတဲ့ဆို.. မိရွှေတုတ်ကလည်း။ ဒါ့ကြောင့် ဟိုကောင်တွေကို တစ်ယောက်တည်း ဝင်ရှင်းရဲတာပေါ့ဟဲ့"
လှမောင်က သူငယ်မကို ကျော်ကာ ခပ်ကြိတ်ကြိတ် ဝင်ပြောသည်။
"တကယ့်လူပဲဗျ နော်.. ဦးကြီး"
"အိမ်း.. မင့်လို ရွာတင်ကျယ်ရဲတာ မဟုတ်ဘူး"
ငလှမောင် အောင့်သွားသည်။ သူငယ်မလေးကလည်း ခပ်တိုးတိုးနှင့်
"ပြီးတော့လည်း လုပ်ပြီး သူမဟုတ်သလို ထွက်သွားသေးတယ်။ ဘယ်လိုလူပါလိမ့်"
သူ့အသံက တစ်ယောက်ကျော်သွားရာ လက်ျာဘီလူး နောက်လှည့်ကြည့်ပြီး
"အဲဒီလူအကြောင်း ကျွန်တော် ဘုန်းကြီးကျောင်းသားဘဝမှာတင် ကြားဖူးခဲ့တာဗျ။ ယခုထိ ဆိုးသွမ်းနေတယ် သတင်းရလို့ ဘုန်းတော်ကြီးဘုရားထံ ခွင့်တောင်းပြီး နှိမ်နင်းဖို့ လာခဲ့တာပါ"
ထိုအခါ ဒေါ်ရွှေတုတ်က
"မင့်နှယ်အေ၊ လာရင်လည်း တပ်စုတစ်စုလောက် ခေါ်ခဲ့ရောပေါ့။ ခုတော့ တစ်ယောက်တည်း ဝင်လုပ်သွားပုံက မထိတ်သာ မလန့်သာ ရှိလိုက်တာ"
"အမေကြီး..၊ ဘာတွေ လျှောက်ပြောနေတာလဲ။ သူနိုင်လို့ သူလုပ်တာပေါ့ကွဲ့၊ မဟုတ်ဘူးလား မောင်စံ။ အဲ.. အဲ၊ တို့ကတော့ တောသူတောင်သားမို့ အပြောအဆို အမှားအယွင်းပါရင် ခွင့်လွှတ်ကွယ်"
"သူတို့သတင်း စုံစမ်းကြည့်တော့ အနီးအနားက လူတွေ များတယ် ဆိုတာရယ်၊ သတ္တိလက်ကောင်းလည်း သိပ်ပါပုံမရတာနဲ့ တစ်ဦးတည်းပဲ လာခဲ့လိုက်တာပါ။ ရဲမက်တော်တွေကို မဆိုင်တဲ့ အခြားကိစ္စတွေမှာ ခေါ်မသုံးချင်တာကြောင့်ရောပေါ့"
"ဆိုင်ပြီလားကွဲ့၊ ပြည်သူပြည်သားအရေးဟာ ဘုရင့်အရေး ဘုရင့်ကိစ္စပဲပေါ့"
လက်ျာဘီလူးက ဒေါ်ရွှေတုတ်ကို ပြုံးကြည့်ကာ ခေါင်းညိတ်ပြသည်။
"အမယ်ပြောတာလည်း မှန်ပါတယ်၊ သို့ပေမယ့် စစ်သည်တစ်တပ် ချီလာရင် သူတို့တွေ တောင်ကမ်းကြီးရာ မပြေးလားခင်ဗျာ"
ထိုအခါမှ ဒေါ်ရွှေတုတ် ကျေနပ်သွားရ၏ ။ သမီးဖြစ်သူက နောက်မှ ခါးကို ဖျစ်လိုက်သည်ကိုလည်းကောင်း၊ ဦးဘိုးရင် မျက်စောင်းထိုးသည်ကိုလည်းကောင်း မသိကျိုးကျွံ ပြုကာ ခေါင်းမော့နေလေသည်။ ဦးဘိုးရင်က 'မရွှေတုတ်နဲ့တော့ ခက်တယ်၊ သူ့သားကျနေတာပဲ' ဟု တွေးနေသည်။
အိမ်ပေါ်ရောက်သောအခါ သူ့အတွက် လက်ဆောင်ယူလာသော သစ်သီးဝလံများကို သယ်ယူသူများအား "မင်းတို့ ခွဲစားလိုက်ကြ၊ ဧည့်သည်တွေအတွက်လည်း လက်ဖက်အုပ် ကွမ်းအုပ်နဲ့ တစ်ခုခု စီစဉ်လိုက်ကြစမ်း" ဟု ဆိုရာ ဒေါ်ရွှေတုတ် မျက်နှာပျက်ချင်ချင် ဖြစ်သွားသည်။
ဦးဘိုးရင်နှင့် လှမောင်တို့ကတော့ လက်ဖက်ကွမ်းအုပ်သာမက ဘာပစ္စည်းမှ မရှိဘဲ ရှင်းလင်းနေသော သူရဲကောင်းတစ်ဦး၏ အိမ်ကို အထူးအဆန်း ဖြစ်နေကြလေသည်။ လက်ျာဘီလူးက အိမ်ဦးခန်းသို့ ခေါ်သွားပြီး တစ်ချိန်လုံး စကား မပြောဘဲ ဝစီဣနြ္ဒဖြေင့် သူ့ကိုသာ စိုက်ကြည့် လိုက်ပါလာသူ ကိုရင်လေးအား ဘုရားစင်ရှေ့ ဖထိုင်ပေါ် သီတင်းသုံးရန် ပင့်လျှောက်၏ ။
သူက ကြမ်းပေါ်ထိုင်၍ ဦးဘိုးရင်ကိုလည်း ဘုရားခန်းအမြင့်ဝယ် ဖထိုင်တစ်ခု ပေးရာ
"မောင်ပဲ ဖထိုင်မှာ ထိုင်ပါ၊ ကျုပ်တို့ အောက်မှာ ထိုင်ပါ့မယ်။ ဖျာတွေက ချောသားပဲ"
"လူကြီးက အောက်မှာ ထိုင်ရင် ကျွန်တော် ငရဲကြီးမှာပေါ့။ ထိုင်သာ ထိုင်ပါ၊ မထိုင်ရင် အရေးယူရလိမ့်မယ်"
အတည်ပေါက်နှင့် ပြောသောကြောင့် ရိုးအသော ဦးဘိုးရင် ကြောင်တောင်တောင်နှင့် ထိုင်လိုက်ရသည်။ အခြားသူများက အောက်ဆင့်တွင် ခင်းထားသော ဖျာချောနှစ်ချပ်ပေါ် ထိုင်လိုက်ကြ၏ ။ ထိုစဉ်တွင် ကိုရင်သက်နှံက သူထိုင်ရမည့် ဖထိုင်ဆွဲလာပြီး လက်ျာဘီလူးကို ခပ်တည်တည်နှင့် ထိုးပေးသည်။
မည်သည့် စကားမျှတော့ မဆို၊ ကိုရင် စိတ်ဆိုးနေသည် ထင်၍ လက်ျာဘီလူးက ဖထိုင်ယူကာ ထိုင်လိုက်သည်နှင့် စွေ့ခနဲ သူ့ပေါင်ပေါ် တက်ထိုင်ချလိုက်ရာ ထိုအခါမှ လက်ျာဘီလူးလည်း ရယ်နိုင်လေတော့သည်။
"ဟဲ့.. ဟဲ့၊ ကိုရင်"
"အို"
"ကျွန်တော် ဒီလိုထိုင်ချင်နေတာ ကြာပြီဗျ"
ဟု ကိုရင်သက်နှံက အားပါးတရ မိန့်တော်မူလေသည်။
"မသိပါဘူး ကိုရင်၊ တပည့်တော်များ စိတ်ခုနေသလားလို့"
"ဟဲဟဲ"
နူးညံ့သော ရွှေချည်ထိုး ပိုးပုဆိုးထက်ဝယ် မောင်ရင်လေး ဇိမ်ကျနေလေပြီ။ ငလှမောင်ကတော့ ခါး၌ စည်းထားသော ရွှေကျင်ခတ်ပုဝါ၏ တန်ဖိုးကို ခန့်တွက်နေရင်း ရှေးက မြင်ခဲ့ဖူးသည့် စုတ်ပြတ်နုံချာလှသော ဖျင်ကြမ်းအင်္ကျီပွပွ အဖာပရဗျစ်နှင့် ယှဉ်တွေးမိလေသည်။ အရှေ့ဝင်းတော်မှူး ဝတ်စုံကိုလည်း မမြင်ဖူးကြသည့်အလျောက် စစ်သူကြီးဝတ်စုံဟု ထင်နေကြ၏ ။
ပတ်တီးစည်းထားသည့် ဝါးတောင်ဝှေးနှင့် ယခု ကိုင်စွဲထားသော ရွှေဗိန်းဓားကြီးမှာ ကွာခြားလှပါဘိတောင်း။ ရန်သူများကို ဤသို့သော ဓားကောင်းပင် မသုံးဘဲ လှည်းထောက်သည့် တင်ကျည်းဝါးတုတ်တိုနှစ်ချောင်းဖြင့် ဆုံးမရှင်းလင်းသွားခဲ့သည်မှာ အလွန်အစွမ်းထက်လွန်းသူ သူရဲကောင်းစစ်စစ် ဖြစ်ပေလိမ့်မည်ဟု လေးစားအားကျမိကာ တစ်ချိန်တည်း၌ ရှက်ရွံခြင်းကိုလည်း ခံစားမိရသည်။
အနီရောင်ဝတ်လုံဖြင့် မိန့်မိန့်ထည်ထည် ထိုင်နေသော လက်ျာဘီလူးက လာရင်းအကြောင်းကိစ္စကို မေးမြန်းရာ
"အစကနေ ပြောရရင်တော့ မောင်ရင် ထွက်သွားပြီး နောက်ပိုင်း ကျုပ်တို့ရွာမှာ နှစ်ဖွဲ့ကွဲသွားတာပဲ။ ကျုပ်တို့ ခေါ်လာတဲ့ ဂီလာနပုဂ္ဂိုလ်ဟာ သူရဲကောင်းစစ်သည် ဖြစ်တယ် ဆိုပြီး ထင်မြင်ယုံကြည်ကြတဲ့ သူတွေရယ်၊ မဖြစ်နိုင်ဘူး ယူဆကြတဲ့ သူတွေရယ်ပေါ့လေ"
"နှစ်ဖွဲ့ မကပါဘူးတော်၊ အကြောင်းစုံ လိုက်စုံစမ်းကြတဲ့ ငအောင်မျိုးတို့ အဖွဲ့တွေရော၊ အခြားက စစ်သည်တွေ လာတာနဲ့ အကြောင်းတိုက်ဆိုင်သွားလို့ပါ လို့ ခုထိ ငြင်းဆန်နေကြသူတွေရော၊ တစ်ယောက်တည်းတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုပြီး ကန်သုံးဆင့်ဘက်ထိ လိုက်မေးကြသူတွေတောင် ရှိသေး မောင်ရဲ့"
"ဟုတ်တယ်၊ တစ်ယောက်တည်းတော့ မဟုတ်နိုင်ပါဘူး"
ဟု လက်ျာဘီလူးက ရောယောင် ထောက်ခံလိုက်ရာ အမယ်ကြီး အမ်းသွားသည်။ ဦးဘိုးရင်သည်လည်း ခေတ္တဆိုင်းနေပြီးမှ
"အဲဒါနဲ့.. ခင်ဗျားတို့ ခေါ်လာတဲ့သူအရေး ခင်ဗျားတို့ပဲ ပြန်ရှင်းပေး လို့ တောင်းဆိုကြသူတွေ နေ့စဉ်ရက်ဆက် ဆိုသလို လာလာပြောနေကြလို့ ကျုပ်တို့လည်း မသေခင် နေပြည်တော်ကို တစ်ခါတစ်ခေါက် ရောက်ဖူးရအောင်၊ မတွေ့သော်ရှိ ဘုရားဖူး ပြန်မဟဲ့လို့ ရွှေဘိုအထိ တက်လာရပါတယ် မောင်ရေ"
"ဒီရောက်တော့ ကျွန်တော်မှန်း ဘယ်လိုသိကြလဲ"
"မေးမြန်းစုံစမ်းကြရတာပေါ့။ မလည်အရပ်က ငစံလို့ မေးလိုက်ရင် လက်ျာဘီလူးပဲ လို့ လူတိုင်းသိနေကြတာကလား။ ဘုရင်မင်းတရားကြီးရဲ့ သူရဲကောင်းကြီးမှန်းတော့ မကြာမတင်ကပဲ သိကြရတာ။ ဒါကြောင့်လည်း သည်လောက် စွမ်းတာပေါ့လေ"
"ကိုရင်လှမောင်ရော မင်းမှုမထမ်းချင်ဘူးလားဗျ၊ ကျွန်တော့်ထက်တောင် နာမည်ကျော်မယ့်သူ ဖြစ်လာနိုင်တယ်နော်"
ဟု ဆွယ်လိုက်ရာ ငလှမောင် ခေါင်းငုံ့သွားသည်။ မျက်နှာမဖော်နိုင်ဘဲ "ကျုပ် ရှက်လိုက်ထာဗျာ" ဟု အာလုတ်သံကြီးနှင့် ဆို၏ ။
"ဘဇာကြောင့်တုန်း ကိုရင်ရဲ့"
"အိမ်မှာ သူပြောပြောနေတာတော့ တကယ့်သူရဲကျော် ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်ပြီး လက်ခမောင်းတွေ ဘာတွေတောင် ခတ်နေလိုက်သေးတာ တွေးကြည့်ရင် ရှက်သရာကြီးဗျ တဲ့"
"မောင်ရင်ကလည်း အဲဒါကို ပြုံးကြည့်နေတာဆို"
"အဟီး"
ကိုရင်သက်နှံက သူ့ပေါင်ကို ထုလိုက်ကာ
"ကဲ.. ခင်ဗျား.. ဒကာကြီး ရွာကို ပြန်လိုက်ခဲ့ပေတော့"
"ဗျာ"
"ဟုတ်ပါတယ် မောင်စံ၊ ရွာက လူတွေက တကယ်လို့ ကျေးဇူးရှင်သူရဲကောင်းဟာ ဟိုဧည့်သည် ဖြစ်နေခဲ့ရင် တစ်ခါတည်း အပါခေါ်လာခဲ့ပါလို့ မှာလိုက်တယ်"
"ဟာ"
လက်ဖက်အုပ် ကွမ်းအုပ်များ ချနေကြသည့် တပ်သားများက သူတို့အဖြစ်ကို ကြားကာ ရယ်မိကြသည်။ တောမှ လူများသည် ဘုရင့် အရှေ့ဝင်းတော်မှူးကို ဘုန်းကြီးပင့်သလို လာပင့်နေကြခြင်းပေတည်း။
(ဆက်ရန်..) ဘုန်းဝှန်ပြိုင်ရှား အရှင့်သားကို (၂)
Written by သင်္ခရာဇာ
End date: February 18, 2022
No comments:
Post a Comment