"ခုနကပဲ ပြောတော့ သာသနာ့ဘောင်မှာ ပျော်သလောက် နေဦးမယ်ဆို ကိုရင်၊ မလုပ်ပါနဲ့"
"အခု မပျော်တော့ဘူး၊ လူဝတ်လဲပေးတော့"
"ကိုရင့်အတွက် အဝတ်အစားမှ မပါတာ မောင်ရဲ့"
"မရဘူးဗျာ၊ ကိုရင်က ဟိုကျမှ ပြန်ဝတ်လို့ ရတယ်။ ဘုရင့်ပွဲတော်အုပ်က တစ်သက်လုံး စားနိုင်မှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် အခု စားသွားမယ်"
သူပြောသည်မှာလည်း မှန်နေသည်မို့ ခွကျနေရာ လက်ျာဘီလူးက
"ပြန်မယ့်နေ့ကျ နေ့ဆွမ်းကို ဒီလိုကပ်မယ်ကွာ။ တစ်ပြည်တစ်ရွာမှာ အထူးသဖြင့် မိဘတွေအပေါ် မဆိုးရဘူး ကိုရင်၊ မင့်ကြောင့် မျက်နှာငယ်ရလိမ့်မယ်"
ထိုအခါမှ ငြိမ်သွားလေတော့၏ ။ ဝိကာလဘောဇနာပုဒ် ညှိုးနွမ်းမည်စိုး၍ ကိုရင်အား တပ်သား လူပျော်လူနောက်များကို လာခေါ်စေပြီး အပ်ထားလိုက်ရသည်။ ညစာမှာ စားကောင်းလွန်းသည်ထင့်၊ သူငယ်မလေးပင် ယွန်းအုပ်တစ်ခြမ်းကုန် ဝင်လေသည်။
စားသောက်ပြီးစီးကြသောအခါ ကိုရင်အတွက် ဘုရားစင်ရှေ့တွင် ခင်းကျင်းပြင်ဆင်၍၊ အိပ်ခန်း နှစ်ခန်း၌ ယောက်ျားနှစ်ဦး မိန်းမနှစ်ဦးစီအတွက် ပြင်ဆင်စေ၍၊ ဧည့်ခန်း၌ ခိုင်းစေရန် ရဲမက်တော် ငပေါကျင်တို့ လင်မယားအား လှည်းရှင်း နေရာယူစေ၍၊ လက်ျာဘီလူးက လေသာဆောင် ထွက်အိပ်မည်ဟု စီရင်ခဲ့ပြီးလျင် မောင်ရင်အား သွားရောက်ခေါ်ငင်ရန် ထွက်ခဲ့လေသည်။
ငထင်၊ ငမှတ်၊ ငခေါင်းဖြူ စသော ရဲဘော်ကြီးများကြားဝယ် မောင်ရင်လေးမှာ လက်မလည်အောင် ဖြေနေရသည် ဖြစ်မည်။ ကြည့်လေ၊ ငမှတ်က..
"ကိုရင်လေးမှာ အစ်မ ဘယ်နှယောက် ရှိလဲဘုရား"
"သုံးယောက် ရှိတယ်"
"နိပ်ဟ၊ အခု ပါလာတာ အကြီးလား အငယ်လား"
"အလယ်"
"ရွေ့.. အစ်မကြီးက ပိုချောမှာပေါ့ဘုရား"
"ချောတာပေါ့၊ ချောလို့ပဲ ဒကာကြီး ကိုရင်လှမောင် ခိုးပြေးသွားတာပေါ့ဗျာ"
"အို.. ကျွတ်၊ ကျွတ်"
"အခု လုံမလေးရော ရည်စား သနားသူများ ရှိသလား၊ ကိုရင် သိသလား"
"ရဲစားတော့ မရှိသေးဘူး"
"အင်း.."
"ကိုရင်ငစံနဲ့တော့ ပေးစားမလို့ ဆိုပဲ"
"သေစမ်း၊ ဒါဆို အငယ်ဆုံးလေးက ဘယ်အရွယ် ရောက်ပြီလဲ ကိုရင်"
"ဟိတ်.. ဟိတ်၊ နင်တို့ မောင်ရင်လေးကို ဘာတွေ လျှောက်မေးနေကြတာလဲ။ ဖယ်စမ်း.. မောင်ရင်ငယ် သင်းတို့ကို အရေးမလုပ်နဲ့။ သည်လိုကောင်တွေက ယောက်ဖတော်သင့်တဲ့အစား မဟုတ်ဘူး။ ဒီမှာကြည့်.. ဒါမျိုးမှ"
ဟု ဆိုကာ ငကြွက်က လက်မောင်းကြွက်သားများကို ညှစ်ထုတ်ပြနေသဖြင့် ငမှတ်က ဓားလွတ်နှင့် လှမ်းပက်လိုက်လေသည်။
"တို့ တပ်မှူးက ယူမယ်ပြောလို့လားကွ"
"မယူလို့ မရဘူးလေ၊ ဘုရားသားတော် ပြောရင် လူတွေ နားထောင်ရတာပဲ"
"ဟာ.. ကိုရင်က အောင်သွယ် လုပ်လို့ မရဘူးလေ"
"ကျုပ်ကတော့ ရွာကို အပါခေါ်သွားရမှာပဲဗျ"
"မောင်ရင့်အစ်မလေး သဘောကရော"
"မမကြီးကို မလတ် ပြောတာ ချောင်းနားထောင်ဖူးတာတော့.. ဟိုလူကြီးကို နင်ယူမလား၊ ငါယူရမှာလား တဲ့"
"အဟေးဟေး.. ဟုတ်လားကွ၊ အဲဒါနဲ့.."
"မမကြီးက ယူချင်ပါဘူး တဲ့၊ တကယ် ရောဂါရှိနေရင် ဘယ်လိုလုပ်မလဲ တဲ့"
"ဟီဟိ"
"မလတ်က ငါကတော့ အဲဒီလူကြီးသာ တကယ် သူရဲကောင်းဆို ဘာကြီးဖြစ်နေနေ ငါက လုပ်ကျွေးမှာပဲ လို့ ပြောတယ် ဒကာကြီး"
"တို့တပ်မှူးတော့ ပွတာပဲ"
"မမလေးကလည်း ပြောတယ်၊ ဟုတ်တယ်.. ရုပ်ရည်က မဆိုးဘူး တဲ့။ လူက ကြောက်စရာ ကောင်းနေလို့ တဲ့။ သူတော့ ကြည့်ကို မကြည့်ရဲဘူး တဲ့"
"မင့် မမလေးက ဘယ်အရွယ်လဲကွ"
ငမှတ်က ဝင်မေးပြန်သည်။
"ခင်ဗျာ့သမီး အရွယ်လောက်ပေါ့"
"မှတ်ဟ၊ တို့တပ်မှူးတော့ ဒီတစ်ခါ ပါရတော့မယ်နဲ့ တူပါရဲ့"
"ပါမှာ ပါမှာ၊ တစ်ရွာလုံးက ပါအောင် ခေါ်ခဲ့ဖို့ မှာလိုက်တာပဲ။ ရွာက မလတ်သူငယ်ချင်းတွေကဆို ပါအောင်သာ ခေါ်ခဲ့၊ ညည်းမယူချင်လည်း ငါတို့ထဲက ရွေးပလေ့စေ တဲ့။ သေချာ မှာလိုက်တယ်"
"ဟာ.. အဲလိုတောင်လား။ ငါတော့ နေရာချင်းသာ လဲလိုက်ချင်သဟိတ်.. ဟီဟီ"
"ဒါပေမယ့် မဖြစ်ပါဘူးဗျာ။ သူရဲကောင်းဆိုတာကို ရွာကတွေ့ကရာ မိန်းမတွေနဲ့ ပေးစားလို့ ဘယ်ဖြစ်မလဲ"
"အေ အေး၊ ဟုတ်တယ်ဟ။ မောင်ရင်ပြောတာ ဟုတ်သားပဲ"
ကိုရင်က လက်ပိုက်လိုက်သည်။ ငခေါင်းဖြူက လက်အုပ်ချီလျက်
"သူရဲကောင်းတွေဟာ ဘယ်လိုမိန်းမမျိုးနဲ့ တန်သလဲ ဆိုတာ တပည့်တော်တို့ မှတ်သားရအောင် ဟောတော်မူပါဦးဘုရား"
"ကျုပ် အဲလိုပြောတော့ သူတို့ကလည်း အခု လျှောက်သလို မေးလျှောက်ကြသေးတာပဲ"
"ဘယ်သူတို့ကလဲ ဘုရား"
"ရွာက မိနန့်တို့ အုပ်စုပေါ့၊ ဘယ်လိုလူနဲ့မှ ပေးစားမှာလဲ ကိုရင် တဲ့"
"တင်ပါ့"
"ကျုပ်ကလည်း ပြောလိုက်တယ်။ ကျုပ် သဘောတူတဲ့ သူနဲ့မှ ပေးစားမှာ လို့"
"အမ်"
'ဒီကိုရင်က လုပ်စားပဲကွ' ဟူ၍ ငတိုက်မောင်းထင်သည်၊ တစ်ယောက်က အော်လိုက်ရာ လက်ျာဘီလူး မနေသာတော့ဘဲ ထွက်လာပြီး
"ကိုင်း ကိုင်း၊ ကိုရင်.. ဟောလို့ ပြောလို့ ပြီးရင် မနက်ဖြန် မိဖုရားကြီးကောင်းမှုတော် အောင်မြေဘုံသာ ကျောင်းတော်ကြီးဆီ ကြွရောက်ဖူးမြှော်ဖို့ အနားယူလိုက်ကြရအောင်.. ရှေ့က ကြွပါ"
"ဟာ.. တပ်မှူး၊ ဒီတစ်ခါ ခရီးသွားဖြစ်ရင် ကျွန်တော်မျိုး လိုက်ပါရစေ။ ခေါ်ဖြစ်အောင် ခေါ်ပါဗျို့"
လက်ျာဘီလူးကလည်း...
"စိတ်ချ၊ ဟံသာဝတီရောက်ရင် မင်း ရှေ့ဆုံးက ဝင်ရမယ် ငမှတ်"
"ဗျာ"
*** **** **** **** **** **** **** **** **** ***
ထိုမှ သုံးရက်မြောက်သောအခါ သူတို့မိသားတစ်စု ပြန်သွားကြရသည်။ ရွာသို့ ခေါ်မည့်အရေးအား မင်းတရားကြီးက အခွင့်ပေးတော်မမူ ဟု လှည့်ပတ်ပြောမှ စိတ်မကောင်းခြင်းကြီးစွာဖြင့် လက်လျှော့သွားကြသည်။ ဦးဘိုးရင်က စိတ်မကောင်းဟန်ဖြင့် ညှိုးငယ်လျက်၊ ဒေါ်ရွှေတုတ်က တဘက်ဖြင့် မျက်ရည်သုတ်လျက်၊ ကိုရင်လှမောင်သည် ယောက်ျားတန်မဲ့ လှည်းပေါ်တွင် ငိုလျက်၊
သူငယ်မလေးကတော့ လက်ျာဘီလူးကို စိန်းစိန်း စိုက်ကြည့် မျက်ရည်ဝဲနေပြီး ကိုရင်သက်နှံသည် လှည်းပေါင်းမိုးထဲတွင် ခွေအိပ်ကာစိတ်ကောက်နေလေပြီ။ မျက်နှာကို သပိတ်ဖြင့် အုပ်ထား၏ ။ လက်ျာဘီလူးက ရယ်ရယ်မောမောနှင့်
"စိတ်မကောင်း မဖြစ်ကြပါနဲ့ဗျာ။ ကျွန်တော်တို့ မင်းမှုထမ်းဆိုတာ ကိုယ့်ကိုယ်ကိုယ် မပိုင်ပါဘူး။ ကျွန်တော်ဟာလည်း ရွှေနန်းရှင် ယုံမှတ်ရသူတစ်ဦးမို့ သူထားရာနေ စေရာသွား အိမ်ထောင်ရေးကအစ သဘောတော်အတိုင်းသာ ရှိရပါတယ်။ မိမိသဘောနဲ့ လုပ်ခွင့် မရှိပါဘူး။ လုပ်ချင်ရင်တောင် လျှောက်တင်လို့ ခွင့်ပြုတယ်ဆိုမှ ရတာပါ။ ဒီအတွက်ကို နားလည်ကြစေချင်ပါတယ်ခင်ဗျား"
"တို့က နားလည်ပါတယ်ကွယ်၊ ရွာကျရင်သာ ဘယ်လို ပြန်ပြောရမှန်း မသိတာပါ"
"မတွေ့ခဲ့ဘူး၊ သို့မဟုတ် ငါတို့လူ မဟုတ်ဘူး ပြောချင်ပြော။ အမှန်အတိုင်း ပြောပြလိုက်လည်း အမယ်တို့ အပြစ် မရှိနိုင်ပါဘူးလေ"
"ဘာပဲပြောပြော ကျုပ်တို့ကို ခုလောက် လက်ခံပြုစုဖော် ရတာပဲ ကျေးဇူးတင်လှပါပြီ။ ကျန်တာ ကျုပ်တို့ကံပေါ့။ မောင်စံလည်း ပန်းလှရော့မယ်၊ သွားချည်ဦးတော့ကွဲ့"
"ရပါတယ် ဦးကြီး၊ ဦးအောင်ဇေယျကလည်း အလုပ်များနေလို့ ထွက်မလာနိုင်ကြောင်းနဲ့ နှုတ်ဆက်ကြောင်းကို ကျွန်တော်နဲ့ အမှာပါးလိုက်ပါတယ်။ ဟိုလက်ဖက်အုပ်က မယ်မယ်ကြီး ခင်ယွန်းစံ က ဦးကြီးတို့ လမ်းမှာသုံးဆောင်ကြဖို့ ပေးလိုက်တာပါ။ ရွှေကွမ်းအစ်က ဦးကြီးအတွက် လက်ဆောင်တော်ပါတဲ့.. ဦးအောင်ဇေယျက"
"လက်ဖက်ညွန့်လေးတွေက နုလိုက်တာ၊ ကွမ်းအစ်ကြီးကလည်း ကောင်းမှကောင်းပဲ။ တို့များက သူတို့အတွက် ဘာလက်ဆောင်မှ မပါတာ အားနာစရာကောင်းလိုက်တာ။ သူတို့သမီးတော်လေးကလည်း သူ့နှမဖို့တဲ့၊ ပိတ်ကောင်းအုပ်တွေ ပေးလိုက်သေးတယ်"
"ငါ့ဖို့လည်း မင့်သား မောင်စံက ပုဆိုး ၂ အုပ်
ကင်္ကလိတိုင်းဖြစ် ဆိုလား ပါပါတယ်ဟ"
"နောင်လည်း လာပါကွယ်၊ တစ်ရွာလုံး တစ်နယ်လုံးက မောင့်ကို မျှော်နေကြမှာပါ"
"ဟုတ်ကဲ့ပါ အမယ်၊ ကဲ.. နေမမြင့်ခင် ခရီးဆက်လိုက်ကြပါဦး"
ကိုလှမောင်က နွားများကို စုတ်သတ်ကာ လှည်းကို လှည့်လိုက်သည်။ အဘိုးကြီး အဘွားကြီး နှစ်ဦးတို့ ဖြည်းညင်းစွာ တက်သွားကြပြီး သူငယ်မလေးက နှုတ်ခမ်းစူလျက် ခေတ္တ ကြည့်နေ၏ ။
ထို့နောက် ချာကနဲ လှည့်ထွက်သွားရာ ပန်ဆင်ထားသော စံပယ်သုံးပွင့်အနက်မှ တစ်ပွင့် ကျနေခဲ့လေသည်။
လက်ျာဘီလူး မြင်လိုက်သော်လည်း ကောက်သင့်.. မကောက်သင့်၊ လိုက်ပေးသင့်.. မပေးသင့် စဉ်းစားရင်း ကျန်ခဲ့၏ ။
*** **** **** **** **** **** **** **** **** ***
"အင်း... ပျော်စရာတော့ အကောင်းသားပ"
"ဟုတ်ပါ့၊ ကိုယ်တော် နေနိုင်ပေမယ့် ကျုပ်တော့ ပြန်တွေးတိုင်း ရယ်ချင်နေတော့တာပဲ.. ခိခိ.. ခိ"
"သည်အကောင်ကလည်း ပေါက်ပေါက်ရှာရှာ အလွန်လုပ်တယ်။ တော်သေးတာက သူ ရိုးသားသလောက် တကယ့်သဘောဖြူအူစင်း အရိုးခံတွေနဲ့ တွေ့ရတတ်လို့ပဲ"
"မောင်ကြီးက နားလည်ရ ခက်လွန်းပါတယ်.. နော် မယ်မယ်ဘုရား။ ဖြူချင်လည်း သူ၊ လှည့်ပတ်ရမယ် ဆိုလည်း နှစ်ယောက်မရှိဘူး"
မှန်နန်းဆောင်တွင် သားတော် သမီးတော်များနှင့် သိုက်သိုက်မြိုက်မြိုက် စံမြန်းတော်မူနေကြသည့် မင်းတရားကြီးနှင့် မိဖုရားခေါင်ကြီး စန္ဒာဒေဝီ၊ ကိုယ်လုပ်တော် ခင်သူနှင့် ရသော အလောင်းမင်းတရား သမီးတော်အငယ် ပဒုမ္မဝတီမင်းသမီးတို့ စကားစမြည် ပြောဆိုနေကြခြင်း ဖြစ်သည်။ အခြား သမီးတော်များကလည်း ထိုအဖြစ်ကို သဘောကျကာ အထပ်ထပ် နားခံလိုနေကြ၏ ။
"တကယ်ကို ခမည်းတော်ကို ရှင်ဘုရင်မှန်း သိမသွားကြဘူးပေါ့ မယ်မယ်.. အဟင်းဟင်း"
"အမလေးလေ.. မသိတဲ့အပြင် ဟော့ဒီမှန်နန်းဆောင်ကြီးကို လက်ညှိုးထိုးပြီး ဟိုအဆောင်ကြီးက ကောင်းလိုက်တာ လှလိုက်တာနဲ့ ချီးကျူးနေလို့ အဲဒါ ကိုအောင်ဇေယျရဲ့ အဆောင်ပေါ့ လို့ မယ်မယ်က ပြောလိုက်တော့လေ.. အဲဒီဦးဘိုးရင်ကြီးက ရှင်ဘုရင့်အိမ်ထက်တောင် ကိုအောင်ဇေယျ အဆောင်က လှလိမ့်ဦးမဗျား တဲ့"
မိဖုရားကြီးက သလွန်တော်ကို ပုတ်ကာ ပုတ်ကာ သရုပ်ပါပါ ပြောပြနေရာ သမီးတော်များဖြစ်သည့် မယ်သာနှင့် မယ်မြတ်လှတို့ မျက်ရည်လည်သည်အထိ ရယ်မောကြရလေသည်။ ငပိုး၊ ငစိုးနှင့် ငဖိုးရှင် သားတော် သုံးပါးကတော့ ဣနြ္ဒရေရ ပြုံးနေကြ၏ ။ အလောင်းဘုရားက ကွမ်းရေတော်ကိုင်ကို အမူအရာနှင့် ခေါ်လိုက်ရင်း
"သူတို့က ငစံငယ်ကို လာတောင်းတာ ဆိုပါ့လား။ သည်အတိုင်း ထားလို့တော့ မဖြစ်ချေဘူး မယ်မင်း"
ထိုအခါ ခင်ယွန်းစံအနီးတွင် ရှိနေသော ပဒုမ္မဝတီ မင်းသမီးက နှုတ်ခမ်းကို စူလိုက်မိ၏ ။ ဤသည်ကို အနောက်ဝင်းမှူး ဥဒိန်နော်ရထာနှင့် မိဖုရားကြီးတို့ မြင်လိုက်ကြသည်။
"တော့်သားကို တော် စိတ်မချရင် အနီးအနားက တစ်ပါးပါးနဲ့ ပေးစားလိုက်ပါလား"
မင်းသမီးငယ်လေး မျက်လုံးဝိုင်းသွားသည်။ ဖခမည်းတော်ကို တစ်လှည့်၊ မယ်တော်ကြီးဘုရားကို တစ်လှည့် ကြည့်ရာ သူ့ကို စိုက်ကြည့်နေကြကြောင်း တွေ့လိုက်ရ၏ ။ မယ်တော်မိဖုရား ခင်သူအား ကြည့်လိုက်ရာတွင်လည်း စိတ်ဝင်စားသည့် အရိပ်အယောင် လေးနက်သော ဟန်ပန်ကို မြင်ရသည်။ ထိုအချိန်တွင် အရှေ့ဝင်းတော်မှူးလည်း တံခါးပေါက်မှ ပေါ်လာလေသည်။
(ဆက်ရန်..) ဘုန်းဝှန်ပြိုင်ရှား အရှင့်သားကို (ဇာတ်သိမ်း)
Written by သင်္ခရာဇာ
End date: February 21, 2022
No comments:
Post a Comment