ထိုသို့ လေးတွဲခန့် ပြိုင်မိသောအခါ မြန်မာဗိုလ်များက ၃ ကြိမ် နိုင်၍ ရွာသားတစ်ဦးက တစ်ကြိမ် နိုင်သည်။ ထို့ကြောင့် စောစေးကိုယ်တိုင် ဝင်လာသည်။
လက်ျာဘီလူးက ဘေးမှ ငသူရိန်ကို ဓားရိုးဖြင့် တွန်းလိုက်၏ ။ ငသူရိန် ရှေ့ထွက်သွားသည်။ သူက ပြုံး၍ လက်ျာဘီလူးထံ ဓားကို ကမ်းပေးလိုက်သည်။
"ဗိုလ်မင်းရဲ့ အမည်လေး သိပါရစေခင်ဗျား"
စောစေးက အရိုအသေပြုရင်း မေးရာ
"ကျုပ် ဗိုလ်မဟုတ်ပါဘူး၊ သွေးသောက်တစ်ယောက်ပါ"
"စိတ်မရှိပါနှင့်ခင်ဗျား၊ ကျွန်တော်မျိုးက ဗိုလ်တွေနဲ့ ဖက်ပြိုင်ကြည့်ချင်လို့ပါ သွေးသောက်ကြီး"
ထိုအခါ နောက်မှ လက်ျာဘီလူးက
"သူနဲ့ပဲ ယှဉ်ကြည့်ပါဦးလေ၊ သူ့ကို နိုင်တော့ ကြိုက်ရာလူ တောင်းပေါ့"
စောစေးက လက်ျာဘီလူးကို တစ်ချက်ကြည့်ရင်း တွေနေသည်။ နောက်မှ လက်ခံကာ ခေါင်းညိတ်ပြ၏ ။ ကွင်းလယ်တွင် နှစ်ယောက်သား ယှဉ်ရပ်မိကြပြီ။
အသားဖြူဖြူ ကိုယ်ထည်တောင့်တောင့်တွင် ဆေးစိမ်းများ တစ်ကိုယ်လုံး ထိုးနှံထားသူနှင့် အသားလတ်လတ် အရပ်ရှည်ရှည် ပိန်သွယ်သွယ်ခန္ဓာမှာ သိကြားရုပ်တစ်ခုသာ ထင်ထင်ရှားရှား ပေါက်ထားသူ နှစ်ဦး၊ သိကြားရုပ်ပိုင်ရှင်က သိကြားရုပ်ဆန်ဆန် လက်အုပ်ချီထားသည်။ ရှမ်းစာများ ထိုးထားသူက သိုင်းကွက်နင်းလိုက်၏ ။
"ဟိတ်"
ငသူရိန်က မတုန်မလှုပ် ပြုံးနေရင်း ခြေစုံရပ် လက်အုပ်ချီထားရာမှ မရွေ့။ စောစေး လက်သီးတစ်ချက် ဆတ်ပြလိုက်သော်လည်း လက်အုပ်ချီမပျက်၊ ထို့ကြောင့် စောစေးက အလျင် ဝင်လိုက်သည်။
"ဖန်း" "ဖန်း"
စောစေး၏ လျင်မြန်သော ထိုးချက်နှင့် လှပသော ဝိုက်ကန်ချက် တွဲလုံးကို သတိအနေအထား ရပ်နေရာမှပင် လက်ဖျံနှစ်ဖက်ဖြင့် ရိုက်ထုတ်လိုက်ကာ ပြန်၍ လက်အုပ်ချီလိုက်ပြန်သည်။
"ကိုယ့်လူက ဘာပုံလဲ၊ မခန့်မညားနဲ့.. လာလေ့"
စောစေး၏ အကွက်ကျကျ ကန်ချက် တိုက်ချက်များကြားမှ ရုတ်တရက် ဒူးပျံတစ်ချက် လှစ်ခနဲတိုးထွက်လာ၏ ။ ငသူရိန် ချက်ချင်း ပုံစံပြောင်းသွားကာ ရင်ညွန့်သို့ ဝင်လာသော ဒူးကို လက်နှစ်ဖက်ဖြင့် အုပ်ကာရင်း လေပေါ် အလိုက်သင့် မြောက်သွားသည်။
နှစ်ဦးသား မြေပေါ် ပြန်ကျလာချိန်တွင် ကရင်လူငယ်၏ ဒူးကို မြန်မာတပ်သားက ပိုက်မိထားပြီတည်း။ ပရိသတ်မှာ ဝေါခနဲ ဆူသွားလေသည်။ စောစေး၏ ပြင်းထန် မြန်ဆန်သော ဒူးတိုက်ချက်ကို မိသူတိုင်း မချိမဆံ့ ခံစားသွားရသည်ချည်း ဖြစ်သော်လည်း ယခုအကြိမ်တွင်တော့ မြန်မာတစ်ယောက်က ပထမဦးဆုံးအဖြစ် ချုပ်ဖမ်းထားနိုင်ခဲ့၏ ။
သို့ရာတွင် သူရိန်က ဘာမှ မလုပ်ဘဲ အသာတွန်းကာ ပြန်လွှတ်ပေးလိုက်သည်။ စောစေး ဖျတ်ဖျတ်လတ်လတ်နှင့် လက်သီးတွဲလုံးများ ပစ်သွင်းလာ၏ ။ ငသူရိန်က တံတောင် လက်ဖျံ မြှောက်ဒူး စသည်တို့ဖြင့် ရိုက်ပယ်ရာ ထိသည်လည်းရှိ၊ လွဲသည်လည်း များလေသည်။
ငသူရိန်ကတော့ တကယ် မထိုးသေးဘဲ ဟန်ပြလောက်သာ ဝိုက်လက်သီး ဖြောင့်လက်သီးများ ထိုးပြသည်။ အားလည်းမပါ၊ ထိအောင်ထိုးသည်လည်း မဟုတ်၊ နည်းပြဆရာက တပည့်ကို သင်နေသလို ဖြစ်နေ၏ ။ သို့သော် တစ်ချီ၌ စောစေး အပိုင်ထင်၍ ဝင်လာသည်ကို တစ်ချက် ထောက်မိသွားသည်။
သို့နှင့် လူရော လက်ပါ လိုက်ဝင်သွားရာ အထိမနာသော စောစေးက နောက်သို့ ကိုယ်ယိမ်းကာ ညွှတ်ရှောင်သည်။ လူချင်း ရုတ်တရက် ပူးကပ်သွား၏ ။ လက်ရုံးပညာရှင် နှစ်ဦးမို့ အမှားမခံ၊ သာသူက စားသွားမည့် အချိန်မျိုးမှန်း နားလည်သူတိုင်း သိနေကြပြီ။
စောစေးက နောက်ယို့ထားရာမှ လူကျွံလာသော သူရိန်ကို ဝိုက်လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ သူရိန်ကလည်း အယောင်ပြ ဖြောင့်လက်သီး ထိုးပြီးသည်နှင့် ခေါင်းကို ငုံ့ထားကာ နောက်လက်ဖြင့် ပတ်၍ ရိုက်လိုက်ရာ စောစေးမှာ မထင်မှတ်ချိန် ကျားတံတောင်စာ မိသွားလေသည်။
"ဖြောင်း"
စောစေး ယိုင်ဆင်းသွား၏ ။ မလဲစေရန် ဟန်ချက် ထိန်းနေစဉ် သူရိန်က မြေရှပ်ဝိုက်ခြေနှစ်ထပ် တစ်ဆက်တည်း လိုက်သွားသဖြင့် ခြေချိတ်မိကာ ပက်လက်ကျလေတော့သည်။ ငသူရိန်အဖို့ လုပ်နေကျ ဖြစ်ပေလိမ့်မည်။ သူစိမ်းဖြစ်သော ကရင်လူငယ်ကတော့ မရှုမလှ ခံလိုက်ရ၏ ။
"ဟိတ်"
စောစေး လဲကျနေရာမှ ချက်ချင်း မထနိုင်ဘဲ မူးဝေနေခိုက် နောက်လူတစ်ဦးက ခုန်ဝင်လာသည်။ သူရိန်ကို ဒူးဖြင့် ခုန်တိုက်လာ၏ ။ ရှောင်လျက် ခွာထားသောအခါ လိုက်မလာဘဲ စောစေးကို လက်ကမ်း ထူနေသည်။ အရှက်တကွဲ ရှုံးနိမ့်မခံလိုသောကြောင့် ဖြစ်မည်။ သူရိန်က လက်ျာဘီလူးကို ကြည့်ရာ တပ်မှူးမှာ သူ့ကို ကြည့်မနေချေ။
"ဝင်မယ်ဆိုလည်း ပြောလေဗျာ၊ ရပါတယ်"
"မဝင်ပါဘူး၊ လူကူတာပါ"
စောစေးက သူ့ကို ကမ်းထားသော လက်ကို ရိုက်ပုတ် ဖယ်ထုတ်လိုက်ပြီး ထပြေးလာကာ သူရိန်ကို ပင့်လက်သီး ၂ ချက် အယောင်ပြပြီးနောက် ခြေစုံပစ်ကန်ထည့်လိုက်သည်။ လက်သီးချက်များကို ယိမ်းရှောင်နေသော သူရိန်မှာ တစ်ကိုယ်လုံး ပစ်ဝင်လာသည်ကိုမူ မရှောင်နိုင်တော့ဘဲ လုံးထွေး လဲကျသွား၏ ။
တလင်းပြင်၌ လူနှစ်ဦး လုံးထွေး နပန်းသတ်နေသည်ကို ပရိသတ်က တခဲနက် အားပေးကြသည်။ အချို့က ရယ်ကြပြီး အချို့မှာ အားမာန်ပါပါ လက်သီးလက်မောင်း တန်းနေ၏ ။ တန်သင့်ပြီ ဖြစ်သော်လည်း မည်သူမျှ မတားမိကြဘဲ ကြည့်နေကြရာ သူရိန်က သန်မာစွာ ချုပ်ကိုင်ရန် ကြိုးစားနေသည့် စောစေးအောက်မှ လှပစွာ လိပ်ပြာရုန်း ရုန်းထွက်ပြလိုက်သည်။
ဖတ်ခနဲ ငသူရိန် အပေါ်ရောက်သွားလျင် သွားချင်း စောစေး လက်ကို ခြေခွင်နှင့် ပစ်ညှပ်ပြီး လူကိုလှည့်ဖိချသည်။ စောစေး တောင့်ထားသော်လည်း လူအားကြောင့် လက်လိမ်ခံလိုက်ရလေပြီ။ ရုန်းမရတော့။ ငသူရိန် တစ်ကွက်ကောင်း အပိုင်ချုပ်နိုင်ခဲ့ပြီမို့ စောစေး ရှုံးရတော့သည်။
ပရိသတ်များမှာ ငြိမ်နေကြသည်။ လူစွာ စောစေးအား အဖက်ဖက်မှ အနိုင်ယူနိုင်စွမ်းသည့် သွေးသောက် ငသူရိန်ကိုသာ အံ့သြစွာ ကြည့်နေကြရသည်။ ငသူရိန်က စောစေးကို တွဲထူပြီးနောက် လက်ျာဘီလူးထံမှ ဓားကို ပြန်ယူသည်။ စောစေးက
"ကုန်းဘောင် ရွှေတပ်တော်သားများ လက်ရုံးအစွမ်းထက်လှကြောင်း ကျော်သည်နှင့် ညီပါပေသည်။ ဤနောင်ကြီး၏ ပညာမှာမည်သူ့ကိုမျှ ရှုံးရန် မရှိပြီ"
ဟု ထုတ်ဖော်ချီးကျူးလိုက်ရာ ပရိသတ်များ လက်ခုပ်တီးလိုက်ကြသည်။ လက်ျာဘီလူးနှင့် ပရိသတ်ထဲမှ လူကြီးတစ်ဦးတို့ကတော့ တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်ကာ အကြည့်ချင်း ပြိုင်နေသည်မှာ လူအများ သတိထားမိလာကြသည်အထိ။
သျှောင်ထုံးထားသော လူကြီးက စူးရဲအေးစက်စွာ မလွှဲမဖယ် ကြည့်နေသလို လက်ျာဘီလူးသည်လည်း ခက်ထန်မာကျောစွာ စိုက်ကြည့်နေခြင်း ဖြစ်သည်။ မသိလျင် ရန်သူနှစ်ဦး စောင်နေကြသကဲ့သို့ရှိ၏ ။ လူတချို့ သတိထားမိသွားကြပြီး တစ်ခုခု ဖြစ်တော့မည်လားဟု တွေးထင်နေကြစဉ် စောစေးက ထိုလူကြီးကို လက်မောင်းဆွဲကိုင် ခေါ်သွားလေသည်။
ကျောမှ ကြည့်လျင်ပင် ကြွက်သား အပြိုင်းအရိုင်း ထနေသည့် လူကြီးမှာ လက်ျာဘီလူးကဲ့သို့ သေးသွယ်သွယ် လူငယ်ကလေးနှင့်ဆိုလျင် သားအဖခန့် ကွာခြားနေ၏ ။ ငကံက တီးတိုးမေးလိုက်သည်။
"ဘယ်သူများလဲ တပ်မှူး"
"မသိဘူး"
တိုပြတ်ပြတ် ဖြေသော်လည်း မျက်လုံးမရွေ့။ တပ်မှူး ထိုမျှ စူးစိုက်သည်ကို မမြင်ဖူးသဖြင့် ငကံ ထပ်မမေးတော့ဘဲ
"သည်ရွာက မဟုတ်သူတွေ အများအပြား ရောက်နေတယ် တပ်မှူး၊ အိမ်ရှင်လူကြီးတွေနဲ့ ရုပ်ရည်လက္ခဏာ မတူညီတဲ့ လူငယ်တွေ၊ တစိမ်းမှန်း သိသာစေတဲ့ အမူအရာတွေ တွေ့ခဲ့ရပါတယ်"
လူအများ အကဲခတ် ကြည့်နေကြသဖြင့် လက်ျာဘီလူး မသိမသာ ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။ မည်သူကမှ နှုတ်မဆက်ပါ။ မည်သူကမှလည်း ရန်မပြု၊ အေးချမ်းစွာ ပြန်ထွက်သွားကြသည်။
ကာလသားသမီးများ ဆုံရာ အိမ်ကြီးတစ်လုံးတွင်တော့ လူငယ်များစွာ အံတကြိတ်ကြိတ်။ အထူးသဖြင့် စောစေး ရှုံးနိမ့်ခဲ့ရမှုအတွက် နာလိုခံခက် ဖြစ်နေကြသည်။ ရှင်မင်းအေးကိုယ်တိုင် မနိုင်မှန်း သိသော်လည်း ထိုသွေးသောက်ဆိုသူကို ရသလောက် သတ်ပုတ်လိုက်ချင်သည်။ မြန်မာများ၏ ကျွမ်းကျင်မှုကို မြင်ခဲ့ရ၍ သတိထားစရာများ တိုးလာခဲ့၏ ။
"ဒီကောင်တွေ လက်ရုံး သိပ်ကောင်းတယ်၊ ဒါ့ကြောင့် မွန်ဗိုလ်မှူးတွေ မနိုင် ဖြစ်နေရတာပဲ။ ငါတို့ အမှုမဲ့ ပေါ့ဆလို့ မဖြစ်ဘူး။ အလစ်ကို မိမိရရ ကိစ္စဖြတ်နိုင်ဖို့ လိုတယ်"
စောစေးက လက်ကို တောင်ဆိတ်ဆီလိမ်းဆေး လိမ်းရင်း ပြောနေ၏ ။ ညတွင်းချင်း လုပ်ကြံလိုသည်ဟု သွေးဆူနေခဲ့သူများမှာ ယခုတော့ နှုတ်ဆိတ်နေကြလေပြီ။ ငသူရိန်လို လူမျိုးတွေနှင့် တိုးနေမှာ ကြောက်နေကြလေသလော။ သည်ကြားထဲ အပြင်မှ တပ်များ ရွေ့နေကြသည်ဟု ကောလာဟလ ထွက်လာပြန်၏ ။
မည်သို့ ရွေ့သနည်း ဟူမူ စခန်းချရာများ ပြောင်းသည်၊ သို့မဟုတ် လူများ စခန်းတစ်ခုမှ တစ်ခုသို့ ပြောင်းကြသည်၊ ထို့ပြင် ကင်းစင်ပေါ်မှ ကြည့်လျင် ပေါ်လိုက် ပျောက်လိုက် မြင်ရသည်၊ တစ်ခါတစ်ရံ လမ်းပေါက် လုံးဝ ဖွင့်ထားလိုက်ပြီး အတန်ကြာအထိ ရှိနေတတ်သည် ဆို၏ ။
မြန်မာများ ဘာလုပ်နေကြသည်ကို သူတို့ မသိသော်လည်း ပရိယာယ်တစ်ခုခု ရှိလိမ့်မည်ဟုတော့ နားလည်နေကြသည်။ ထို့ကြောင့် မည်သူမျှ ဆင်းမကြည့်၊ စစ်ကူခေါ်ရန် မထွက်ကြ။ စောစေးကလည်း မထွက်သည်မှာ မှန်သည်ဟု သုံးသပ်သည်။ ထွက်မိပါက သစ္စာပေးပွဲ ပျက်ပေလိမ့်မည်။
တစ်ရွာလုံး ညီညီ တိုက်နိုင်ဖို့မှာ လူငယ်လူကြီး ရွာလေးရွာလုံး ပါဝင်သော နံနက်ပွဲမှသာ ဖြစ်နိုင်သည်။ ညဘက်ချောင်းမြောင်းတိုက်လျင် နိုင်ရန် မလွယ်သကဲ့သို့ အုပ်မိရန်လည်း ခက်လှသည်။ အပြင်မှ တပ်များကို ဖမ်းဆီးမိရန်မှာ ပို၍ မဖြစ်နိုင်ဟု ထင်လာရသည်။ တုတ်လက်နက်များပင် ဖြစ်စေကာမူ သူရဲကျော်တစ်ဦး ဦးစီးနေခြင်း ဖြစ်၏ ။ မိမိပင် ထိုတပ်မှ သွေးသောက်တစ်ဦးကို ရှုံးနိမ့်ခဲ့ရပြီ။
ထို့ကြောင့် နံနက် ပြုလုပ်ရန်တို့ကိုသာ အသေးစိတ် အစီအစဉ် ဆွဲကြပြီးလျင် လူစုခွဲလိုက်ကြလေသည်။
(ဆက်ရန်..) စစ်တွင်းသစ္စာ (၅)
Written by သင်္ခရာဇာ
End date: November 7, 2021
No comments:
Post a Comment