စေတီအနီးရှိ မြင်းချည်တိုင်တွင် ချည်ထားခဲ့သော စစ်မြင်းကြီး တိမ်ပျံမှာ ဓားသံ လှံသံ အော်ဟစ်ကြုံးဝါး တိုက်ခိုက်သံများကြောင့် စိတ်ကြွကာ ရုန်းကန်နေသည်။ မိန်းမငယ်တစ်ဦးက ပြေးလာ၍ ကြိုးဖြည်ပြီး တက်စီးသွားသည်ကို စစ်သည်များက လက်ျာဘီလူးဟု ထင်နေကြ၏ ။
ထိုအချိန်၌ အိမ်ဝင်းတစ်ခုထဲမှ လက်ျာဘီလူး ယိမ်းယိုင်ကာ ထွက်လာသည်ကို မြင်လျင် ချက်ချင်း တုန့်ရပ်ပစ်ပြီး ကုန်း၍ ခါချလိုက်၏ ။ မြင်းဇက်ပေးကာ စီးလာသည့် ရှင်မင်းအေးမှာ အမှတ်မဲ့မို့ မထိန်းနိုင်ဘဲ ကျကျန်ခဲ့သည်။ တိမ်ပျံက လှည့်ပတ်နင်းပြီး သခင်ရှိရာ ပြေးလာခဲ့၏ ။ လက်ျာဘီလူးက မိန်းမငယ်၏ အဖြစ်ကို စိတ်မကောင်းမိသော်လည်း မတတ်နိုင်။
လေးရွာစုသား ၆၀၀ ကျော်တို့မှာ မြန်မာစစ်သည် ၂၀၀ ခန့်ကို မနိုင်ဘဲ တဖြည်းဖြည်း ပြိုကွဲလာခဲ့ပြီ။ နှစ်ဘက် အထိအရှ များခဲ့၍ စစ်သည်များမှာ သိသိသာသာ အင်အားလျော့သွားခြင်း မရှိဘဲ ရွာသားတို့သာ ဖရိုဖရဲ ဖြစ်နေကြ၏ ။ သတ္တိ၊ စည်းစနစ်နှင့် တိုက်ရည်ခိုက်ရည်က ရေရှည်တွင် ကွာခြားမှု ကြီးစေခဲ့လေသည်။
မြန်မာတပ်များက သစ္စာမခံလိုသော လေးရွာသားများကို သိမ်းအုပ်မိလာကြပြီး ဒဏ်ရာရသူ လက်ရများစွာဖြင့် ရွာကို စီးမိသွားသောအခါ သူကြီးနှင့် လူငယ်ခေါင်းဆောင် စောစေးတို့အား ဗိုလ်မှူးများထံ ခေါ်လာခဲ့၏ ။ နွမ်းနယ်နေသော လက်ဝဲကြံသိုင်းက သူကြီးကို ပါးရိုက်လိုက်ပြီး ဒဏ်ရာရထားသူ စောစေးကိုမူ ကွပ်မည် ဆို၏ ။
ဗိုလ်မှူး ပင်လယ်ဂါမဏိကတော့ ကျောင်းပေါ်၌ ဆေးကုသမှု ခံယူနေသော လက်ျာဘီလူးကို တက်ကြည့်သည်။ မကြာမီ အဝတ်ပတ်တီးများ စည်းလျက် လက်ျာဘီလူးတို့ ဆင်းလာကြသည်။ ဖမ်းဆီးရမိသူအားလုံးအား မကွပ်ရဟု ဆို၏ ။
"သစ္စာမခံ ပုန်ကန်ထကြွလျင် ရွာကို မီးထင်းတိုက်၍ ကျွဲနွား စပါး စားရေ ရိက္ခာ သိမ်းယူရမြဲ ဖြစ်သော်လည်း သူတို့သည် မွန်ပြည်နှင့် နီး၍ မွန်တိုင်းရင်းသား အများစုပင် ဖြစ်ကြသည်။ မြန်မာကို သစ္စာမခံလိုခြင်းမှာ မှန်ပေသည်။ ထို့ကြောင့် ရမိသမျှ သုံ့လူလက်ရတို့ကို ရွှေဖဝါးတော်အောက်သို့သာ ပို့ဆက်၍ သင့်တော်ရာ မြို့တည် ကျုံးလုပ် အစုအရပ်များထဲ သွတ်သွင်းရမည်"
အမိန့်တော်ဖြင့် တော်လှန်ထကြွသည့်အထဲ၌ ပါဝင်သူများအား စိစစ်ဖမ်းဆီးစေကာ ကျန်သူများကို လွှတ်ပေးလိုက်ရာ လက်ဝဲကြံသိုင်း မကျေနပ်လှ။ သူ့သဘောအရဆိုလျင် သူပုန်ရွာကို ရွာလုံးကျွတ် မီးတိုက်ပစ်ပေလိမ့်မည်။ ဂါမဏိကတော့ နောက်လူတို့ ကြောက်လန့်ကြစေရန် ရွာကို ဖျက်ရမည်ဟု ဆိုသည်။ လက်ျာဘီလူး သဘောမတူလေ။
သစ္စာပေးရန် အချုပ် ခန့်လိုက်သော ဗိုလ်မှူး မင်းထင်နော်ရထာကမူ လက်ဝဲကြံသိုင်းနှင့် ပင်လယ်ဂါမဏိတို့အား ပုသိမ်နှင့် မြောင်းမြသို့ ခရီးလမ်းကြောင်း ခွဲဖြန့်ကာ တစ်ရွာချင်း သစ္စာပေးရန်နှင့် မကျိုးနွံပါက ဆုံးမကွပ်ညှပ်လျက် ရွှေစက်တော်အောက် ဆက်သရန် မှာကြားလိုက်၏ ။
သူကတော့ အသက်မသေ ကျန်ရစ်သူ ရွာသားများနှင့် စစ်သည်အချို့ကို ဖောင်ကြီးများ ပြုလုပ်စေပြီး သုံ့ပန်းလက်ရများစွာ တင်ဆောင်လျက် ရေကြောင်းတစ်လျှောက် စုန်သွားသည်။ ဖမ်းဆီးလာသည့် ကြိုးတုပ် ဒူးထောက်နေရသူများအား လမ်းဘေးဝဲယာ ရွာများမှ ထွက်ကြည့်ကြစေ၏ ။
မြင်းသည်အချို့နှင့် တင်ကျည်းတပ်သားများက ကမ်းပေါ်မှလည်းကောင်း၊ လှေရံနှင့်လည်းကောင်း လိုက်ကြရ၏ ။ တိုက်ပွဲသတင်းသည် ပျံ့နှံ့ပြီး ဖြစ်ရကား မည်သူမျှ သုံ့ပန်းမလုဝံ့၊ ချုံခို မတိုက်ဝံ့၊ ဗိုလ်မှူး မင်းထင်နော်ရထာ ဦးစီးလာသည် အသံကြားရုံဖြင့် မကြံစည်ဝံ့ဘဲ လက်လျှော့ ကြည့်နေလိုက်ကြရသည်။
အထူးအားဖြင့် တင်ကျည်း တုတ်ရှည်များ၏ အကြောင်းသည် အလွန်ကျော်ကြားနေလျက် စမ်းဝံ့သူမရှိ ဖြစ်နေကြသည်။ တင်းပုတ်ကိုင်ဆောင်ထားသည့် ဘီလူးများကဲ့သို့ မှတ်ထင်နေကြပြီ။ လုပ်ကြံသတ်ဖြတ်၍ မရသော အကြံအစည်များသည့် ဗိုလ်မှူး ဟူသော ဂုဏ်ပုဒ်ဖြင့် ပေါင်းမိုးတပ် လွန်းကြင်လှေတစ်စင်းပေါ် လဲလျောင်းနေရသည့် လက်ျာဘီလူးအား ကြောက်လန့်နေကြ၏ ။
လက်ျာဘီလူးမှာ ဝမ်းဗိုက်ဝယ် နက်နက်ရှိုင်းရှိုင်း ထိခဲ့သော ဒဏ်ရာကြောင့် အသက်အန္တရာယ် ဖြစ်လောက်သည်အထိ မဆိုးရွားသော်လည်း သွေးထွက်များခဲ့သည်ဖြစ်၍ အသားအရေ ဆုတ်ယုတ်နေသည်။ နောက်တစ်ပွဲမက တိုက်နိုင်သေးသည်ဟု ဆိုသော်လည်း ယခုအခါ ငြိမ်သက်စွာသာ လျောင်းလျက် နေရလေသည်။
အကယ်ပင် ပရိယာယ်များလှသော တပ်မှူးက ကတ္တူလှေကြီးတစ်စင်းပေါ်၌ ဗိုလ်မှူး အဆောင်အယောင် အဆင်အပြင်နှင့် လူတစ်ဦးကို တင်ပြီး ရွှေထီးဆောင်းပေးထားသေး၏ ။ သူကမူ ဖောင်များ၏ နောက်မှ လှေတပ်များနှင့် လိုက်သည်။ မည်သည့်ကမ်းမှလည်း မကပ်၊ ဟင်္သာတအရောက် စုန်သွားလေသည်။
ဟင်္သာတ၌ အလောင်းမင်းတရား၏ တပ်မကြီးများနှင့် ပြန်ဆုံကြရာ ဆေးဝါးကောင်းစွာ ကုသပေးပြီးလျင် ဆုတော်လာဘ်တော်များစွာလည်း ပေးအပ်ချီးမြှောက်လေသည်။ ရမိသူတို့ကို ရတနာသိင်္ဃသို့ ပို့စေလျက် ရပ်ရွာတည် နေစေ၏ ။ ရေခပ် ထင်းခွေ လယ်လုပ် စသည့် အစုများတွင် ဖြည့်လေသည်။
သန်မာသော စောစေးမှာ ဆင်ထိန်းအဖြစ် တောထဲ ပါသွားပြီး သူကြီးနှင့် ခေါင်းမင်းအချို့သည် ဘုရင့်လမိုင်းလယ်တော် ထွန်ယက်စိုက်ပျိုးရသည့် လယ်ကျွန်များ ဖြစ်သွားကြ၏ ။ ဗိုလ်မှူး လက်ဝဲကြံသိုင်းကတော့ မြောင်းမြ၌ အရေးတော် လစ်ဟင်းကြောင်း ကြားသိရသဖြင့် တပ်ပေါင်းဗိုလ်အဖြစ်သို့ လျှောကျသွားရလေသည်။
အရေးတော်ပြီး၍ ပုသိမ်မှ ပြန်လာသော ဗိုလ်မှူး ဂါမဏိသည် လက်ျာဘီလူး၏ အခြေအနေကို လာကြည့်ရာ လူကောင်းပကတိနီးပါး ကျန်းမာသန်စွမ်းနေသော လက်ျာဘီလူးက
"စစ်တွင်းသစ္စာ မှန်ခဲ့သလား"
ဟု ဆီးမေးသဖြင့် လက်ျာဘီလူး၏ တိုက်ပွဲဖြစ်ပွားစေခဲ့သော စကားကို ပင်လယ်ဂါမဏိ အမှတ်ရမိလိုက်သည်။
"ငါတို့လက်ထက်မှာတော့ မှန်ရမှာပေါ့ကွာ"
ပြုံး၍ ပြောလိုက်သော ဂါမဏိ၏ မျက်နှာကို ကြည့်နေသော်လည်း လက်ျာဘီလူးကတော့ စေတီရှိ ပန်းအိုးထဲ ထိုးစိုက်ထားသော ရောင်စုံ သစ္စာပန်းများကိုသာ မြင်ယောင်နေ၏ ။ မြင်းပေါ်မှ အမျိုးသမီး မရှုမလှ ကျသွားပုံကို တွေးမိသောအခါ လက်မှ ဒဏ်ရာက စူးခနဲ ကိုက်ခဲသွားသလို ခံစားရသည်ဟု ထင်လိုက်မိလေသည်။
Written by သင်္ခရာဇာ
End date: November 9, 2021
No comments:
Post a Comment