အဖြစ်အပျက်တို့သည် ၂ နှစ်ခန့် ကာလအတွင်း များစွာ ပြောင်းလဲခဲ့၏ ။ သင်္ဘောကုလားတို့အား တိုက်ရန် တိုင်ပင်ဖော် ဖြစ်ရမည့် အဂ္ဂမဟာ သေနာပတိ ဦးကောင်းမှာ သန်လျင်တိုက်ပွဲ၌ ကျခဲ့ပြီ။ လက်ျာဘီလူးလည်း ဟံသာဝတီကို ရပြီးနောက် ကြမ္မာငင်ခဲ့လျက် အရှေ့ဝင်းမှူး မင်းထင်နော်ရထာအဖြစ်မှ ရာထူး ဘွဲ့ အဆောင်အယောင် အလုံးစုံ ရုတ်သိမ်းခံရကာ တပ်သားငစံ အဖြစ် အကျဉ်းကျခဲ့ရသည်။
တနင်္သာရီ ထားဝယ်ဒေသကို ယိုးဒယားရှမ်းတို့ ထိပါးနှောင့်ယှက်လာသည် ဟူသည့် သတင်းကြားမှ ဦးတွန်၏ တောင်းဆို လျှောက်တင်ချက်ကြောင့် ပြန်လွတ်လာရ၏ ။ သို့သော် လက်ျာဘီလူး မဟုတ်တော့၊ သွေးသောက်ငစံဘဝ ရောက်သွားသည်။ လက်ယာဝင်းမှူး မင်းကျော်အာကာမှာ အရှေ့ဝင်းမှူး ဖြစ်လာ၏ ။ ငစံကတော့ ဘွဲ့၊ အဆင့်တို့ကို စိတ်မဝင်စားဘဲ ထောင်မှ လွတ်လာသည်နှင့် မြင်းစီးကျင့်နေတော့သည်။
အချိန်ရတိုင်း အကြပ်ငကံ၊ မြင်းအကြောင်း အလွန်နားလည်သည့် မြင်းထိန်း ငပုတို့နှင့်အတူ တိမ်ပျံကို အမျိုးမျိုး လေ့ကျင့်ပျိုးထောင်နေသည်ကိုသာ တွေ့ကြရသည်။ မြင်းကို သွားနေရာမှ အချိန်သတ်မှတ်ကာ အချက်ပြသည်နှင့် ရုတ်တရက် ခုန်၍ ဦးတည်ချက်ပြောင်းစေရန်၊ ပြေးလမ်းကြောင်းပေါ်၌ အရှိန်မပျက် လိမ်ဖယ်ကွေ့ဝိုက်၍ ပြေးတတ်စေရန်၊ မြင်းကို ယိမ်းစောင်းလျက် မြွေလိမ်မြွေကောက် ဦးတည်ချက်မရှိ ပြေးစေရန်တို့ကို အထူးကျင့်ယူနေရာ လူအများမှာ သူ့ကို ရူးသွပ်စပြုပြီ ထင်ကြသည်။
မေးလျင်လည်း တိုက်ပွဲဖြစ်လာနိုင်သောကြောင့် ဟုသာ ဖြေတတ်သည်။ တိမ်ပျံ အသားကျလာသောအခါ သူ့တပ်တွင်းမှ သူနှင့်စိတ်တူကိုယ်တူ မြင်းသည်တို့အား ထိုအတိုင်း ကျင့်ကြံစေပြန်သည်။ ရူးနှမ်းသော မြင်းတပ်အဖြစ် အခြားတပ်များမှ လှောင်ပြောင် ကဲ့ရဲ့ကြသော်လည်း သူတို့ကတော့ မြင်းရေးနောက်တစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်လာခဲ့ပြီဖြစ်၏ ။
အလောင်းမင်းတရားက မင်းမိဖုရားများနှင့် သားတော်ကြီး သီရိသုဓမ္မရာဇာအား နေပြည်တော်သို့ ပြန်စေပြီးလျင် သားတော်လတ် မြေဒူးမင်းသားကို ခေါ်လျက် ယိုးဒယားသို့ တနင်္သာရီကြောင်း ချီမည်ဟု သိရသည်။ သားတော်၏ စာဆို စိန္တကျော်သူက မိုးကြိုးကျစာ တစ်ဆယ့်သုံးချက် ဆက်သွင်းပြီး မှူးမတ်အများက ညောင်ရမ်းမင်း ရှမ်းပြည်ချီသည့် နိမိတ်နှင့် တိုက်ဆိုင်နေသဖြင့် ယခု မချီသင့်သေးကြောင်း လျှောက်တင်ကြသော်လည်း နာယူတော်မမူဟု ဆိုသည်။
နေပြည်တော်၌ မျက်ရည်သုတ်၍ နောက်ဆုတ်ပြန် ဟူသော တဘောင်လည်း ပေါ်လေသည်။ အားလုံးက စိုးရိမ်ပူပန်နေကြသော်လည်း လုံးဝ မစိုးရိမ်ဟန် ပေါက်နေသူနှစ်ဦးကား မင်းလှမင်းခေါင် ဦးတွန်နှင့် သွေးသောက်ငစံတို့ ဖြစ်ကြသည်။ သူတို့သည် ယနေ့ ငါမသေသေး ဟူသည့် မူကို ကိုင်စွဲထားသူများပီပီ နောက်တစ်နေ့တွင် အသက်ရှင်နေရန် မျှော်လင့်ချက်မထားကြ၊ တိုက်ရင်းသေမည်ဟု ခံယူထား၍ အေးအေးဆေးဆေး ရှိနေကြ၏ ။
အလောင်းမင်းတရားသည် အင်္ဂလိပ်သံတို့ နေပြည်တော်ရောက်သည့် ၁၇၅၅ ခုနှစ်မှ ဟံသာဝတီကို ရသော ၁၇၅၇ အထိ နှစ်နှစ်ကျော်ကာလအတွင်း လက်နက်ခဲယမ်းလည်း မလာ၊ အကြောင်းကြားစာလည်း မပို့၊ မည်သည့် အရေးတယူလက်ခံမှုမှ မပြသည့် သင်္ဘောကုလားတို့၏ ဟိုင်းကြီးကျွန်းအား သုတ်သင်ရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်။ ယင်းအမိန့်တော်ကို ကြားလျင် ငစံမှာ ဦးတွန်ထံ ပြေးလာ၍ မေး၏ ။
ဟိုင်းကြီးကျွန်းသို့ ချီရမည့် တပ်တော်များတွင် မင်းလှမင်းခေါင်တပ်လည်း ပါသည်ဟု သိသော် မိမိအား ခေါ်ပါရန် အနူးအညွတ် တောင်းဆိုလေသည်။ ဗိုလ်တွန်ကလည်း မင်းပါရင် တစ်အားပေါ့ ဟု ဆိုကာ ခေါ်သွားရာ သူ၏ ဝမ်းမြောက်မှုမှာ မဖော်ပြနိုင်လောက်အောင်ပင်။ ဟိုင်းကြီးကျွန်းချီ တပ်များမှာ မင်းလှမင်းခေါင် အချုပ်ခန့်လျက် မြင်း ၂၀၀၊ သေနတ် ၃၀၀၊ ဓားလှံ တင်ကျည်းစွဲများနှင့် လူအင်အား ၁၀၀၀၊ မင်းလှသီရိ မြင်း ၂၀၀ သေနတ် ၃၀၀ အင်အား ၁၀၀၀ ဖြစ်သည်။
မြင်းတပ်မှ သွေးသောက်ငစံတို့ မြင်းတစ်စုမှာ မြောင်းတွေ့လျင် ဘောင်နှစ်ဖက်ကို ခုန်၍ ခုန်၍ သွားကြသည်။ မညီမညာ တိမ်းစောင်းလျက် ခက်ခဲကြမ်းတမ်းသော လမ်းကိုမှ ရွေးချယ်လျှောက်ကြ၏ ။ မြင်းများပေါ်သို့ ဝန်များစွာ တင်လျက် ခြေမလိပ် မခေါက်ဘဲ ပြေးနိုင်စေရန် ကျင့်လာခဲ့ကြသည်။ ဗိုလ်တွန်ကလည်း သူ့လူ၏ အရည်အကဲကို သိသည့်အလျောက် အကျိုးမယုတ်တန်ကောင်းဟု လွှတ်ထားသည်။
ဟိုင်းကြီးကျွန်း မရောက်မီ လမ်း၌ မြင်းနှစ်စီး ခြေကျိုး၍ တစ်စီး ရွှံ့နွံနစ်ကာ ခြေခေါက်သွားတော့မှ သူတို့၏ အပြုအမူဆန်းများ တစ်ခန်းရပ်သွားတော့၏ ။ အင်္ဂလိပ်တို့ကလည်း ရွှေဘိုတပ်များ ချီလာပြီ ကြားလျင် အိန္ဒိယမှ ခေါ်လာသည့် ဘရင်ဂျီ၊ ဂေါ်ရခါး၊ ကုလားတပ်များနှင့် ဒေသခံတို့ကို စုစည်းလျက် ခိုင်လုံစွာ တည်ထားသည့် ခံတပ်ကြီးပေါ်ဝယ် အမြောက်ကြီးငယ် များစွာ တင်ထားလေသည်။
ပုသိမ်တွင် ရှေးယခင် မင်းထင်နော်ရထာအဖြစ်နှင့် မိတ်ဖွဲ့ခဲ့သည့် ကျွန်းသား ကုန်သည်အား သွေးသောက်ငစံက ခေါ်ယူတွေ့ဆုံလျက် သင်္ဘောကုလားတို့၏ မြို့စီးပြစီး၊ လက်နက်အင်အား၊ ပစ်အားနှင့် လက်နက်များအကြောင်းကို အသေးစိတ် စုံစမ်းစေပြန်သည်။ လိမ္မာပါးနပ်သည့် တပ်သားတစ်ဦးကို နောက်လိုက်အဖြစ် ထည့်ပေးလိုက်သည်။ လိုအပ်သည့် ရွှေငွေတို့ကိုမူ မင်းလှမင်းခေါင်က အသာတကြည် ထုတ်ပေးလေ၏ ။ ဟိုင်းကြီးမရောက်မီ ၃ စခန်းတွင် တပ်သား ပြန်လာ၍ အဖိုးတန် အချက်အလက်များစွာ ရရှိလာသည်။
ခံတပ်ပေါ်မှ အမြောက်ကြီးများ တစ်ချက်ပစ်ပြီးတိုင်း ရေလောင်း ပြောင်းတိုက် ယမ်းထည့်လျက် နောက်တစ်ကြိမ် ပြန်လည်ပစ်ခတ်နိုင်သည်အထိ ကြာချိန်၊ အင်္ဂလိပ်တို့၏ အမြောက်တစ်လက်တွင် လိုအပ်သော လူအင်အား၊ စိန်ပြောင်း သေနတ်များ၏ အစွမ်း၊ မြန်မာ မွန်တို့ လက်ဝယ်ရှိ အမြောက်များကဲ့သို့ မဟုတ်ဘဲ ပေါက်ကွဲထိရောက်မှု၊ ကွင်းပြင်ရှိသော အနောက်နှင့် တောင်အရပ်တွင် ပြောင်းသေနတ် ထူထပ်လျက် ရွှံ့ညွန်များသော အရှေ့၊ ရေလမ်းမှသာ တက်နိုင်မည့် မြောက်ဘက်တို့တွင် လူအင်အားနည်းကာ အဓိက အမြောက်ကြီးများ ထားကြောင်း သိရှိရသည်။
ရရှိလာသည့် အချက်များပေါ် မူတည်၍ လက်နက်အင်အား လွန်စွာ သာလွန်နေသည့် သင်္ဘောကုလားတို့အား တစ်ကြိမ်တည်းနှင့် လက်ရ သိမ်းဆည်းမိစေရန် တိုင်ပင်ကြရသည်။ မင်းလှမင်းခေါင် တပ်များက တိုက်လှေကြီးများကို နောက်ချန်၍ ရဲလှေ၊ လှော်ကား အများဖြင့် တပ်ဖြန့်လျက် မြောက်အရပ် ရေလမ်းမှ ချည်းကပ် တက်ရန်၊ ငစံတို့ သေနတ်ကိုင် မြင်းတပ်များက အနောက်အရပ်မှ စစ်မြှူရန်၊ ဗိုလ်မှူး မင်းလှသီရိ (နောင် မဟာနော်ရထာ) တပ်က တောင်အရပ်မှ တိုက်ရန် တာဝန်များ ခွဲဝေလိုက်ကြသည်။
ငစံက သူ့တပ်သို့ ပြန်လာပြီး ဗိုလ်နှင့် အကြပ် တပ်သားများကို ရှင်းပြ၏ ။
"အခု လက်နက်အင်အား ကောင်းမွန်တဲ့ သင်္ဘောကုလားတွေကို တိုက်ဖို့က ငါတို့ လူညီပြီး စံနစ်တကျနဲ့ တစ်စိတ်တစ်ဝမ်းတည်း တိုက်ကြမှ အရေးတော် လှမယ် ရောင်းရင်းတို့။ ပြီးတော့ ဒီပွဲဟာ ငါတို့ပွဲ မဟုတ်ဘူး။ မင်းကြီး မင်းလှမင်းခေါင်တို့ မင်းလှသီရိတို့ ပွဲပဲ။ ဒါ့ကြောင့် ပွဲလမ်းရလိုသူနဲ့ အချောင် အသေမခံလိုသူများ ရှိခဲ့ရင် အခု ငါ့ကို ပြောနိုင်တယ်"
မည်သူမှ မလှုပ်။ သူ့စကား ဆက်ရန်ကိုသာ ငံ့လင့်နေကြသည်။
"ဟောဒီက ဗိုလ်သိပ္ပရွှေတောင်ရဲ့ ဦးဆောင်မှုအောက်မှာ ငါတို့ .."
သိပ္ပရွှေတောင်က လက်ကာ၍
"သွေးသောက်ပဲ ဦးဆောင်ပါ၊ ကျုပ်သဘောတူတယ်"
ငစံက သူ၏ ဗိုလ်အား ဦးညွှတ်အလေးပြုပြီး
"ငါတို့ ပြောင်းသေနတ် လူသူ အထူထပ်ဆုံးဖြစ်တဲ့ အနောက်ဘက် စစ်မျက်နှာကို ကပ်ကြမယ်။ ဖြစ်နိုင်ရင် ဟိုင်းကြီးတစ်ကျွန်းလုံးက လူတွေ ငါတို့ဘက် ရောက်လာလေ မင်းကြီး မင်းလှမင်းခေါင်တို့ မြို့တက်မယ့် တပ်တွေအတွက် အရေးသာလေပဲ"
အားလုံး ငြိမ်သက်နေကြ၏ ။
"ပြီးရင် မင်းကြီး မင်းလှသီရိရဲ့ တောင်မျက်နှာဘက်ကို ရွေ့မယ်။ ဗိုလ်မှူး မင်းလှသီရိတပ်ကို ပူးတုံခွာတုံ ပြုပြီး စစ်ကူကြရမယ်။ ဒီအတွက် ငါတို့ နာမည်ရမှာ မဟုတ်ဘူး။ နိုင်ရင်တောင် ပွဲလမ်း ရာထူးမရနိုင်ဘဲ အသက်စွန့်ကြရလိမ့်မယ်။ ကိုယ့်ဘဝကိုယ် စိတ်မကောင်းဖြစ်တဲ့သူ ရှိသလား"
တပ်သားများ၏ ရယ်သံအချို့ ထွက်လာသည်။
"ဒီလိုအဖြစ်မျိုးကို ဝမ်းနည်းတဲ့သူ ရှိလား"
သူတို့တပ်မှ ကျယ်လောင်သော တဝေါဝေါ ရယ်လိုက်သံများကြောင့် အခြားတပ်များက နားစွင့်နေကြသည်။
"ငါလည်း အချည်းနှီးငစံအဖြစ်နဲ့ သေချင် သေမယ်။ ဒါပေမယ့် ခုလို ရဲဘော်ရဲဘက်ကောင်းတွေနဲ့အတူ တိုက်ပွဲဝင်ရင်း သေရတဲ့အတွက် အင်မတန် ဝမ်းမြောက်မိတယ် အစ်ကိုတို့"
သူတို့တပ်မှ တပ်သားများ၏ အော်ဟစ် ကြိမ်းဝါးသံများ ထွက်ပေါ်လာပြန်သည်။ လက်ျာဘီလူးကွ၊ ဘီလူးတပ်ကွ၊ သေမှာမကြောက်လို့ သည်ရောက်နေတာ ဂုဏ်ယူတယ် ဟူသည့် အသံများကို နားစွင့်နေကြသော အနီးနားတပ်များပင် ရဲစိတ်အားမာန် တက်ကြွလျက် သွေးများ တဖျင်းဖျင်း ပူနွေးလာသည်သို့ ခံစားလိုက်ကြရသည်။
ထို့နောက် ညဘက် အားလပ်ချိန်များ၌ပင် သူတို့၏ လေ့ကျင့်ရေး အစီအစဉ်များ ပြုလုပ်ကြလေတော့သည်။ ဟိုင်းကြီးကျွန်းမှ လွှတ်သည့် သူလျှိုများ ရှိနိုင်လင့်ကစား သူတို့ ဘာတွေလုပ်နေကြသည်ကိုမူ မသိနိုင်။ စုံစမ်းရန် လာသူများအဖို့ မြင်းများသည် ပြေးနေရာမှ အချိန်မှတ်၍ တုံ့ဆွဲ ကွေ့ခြင်း၊ စောင်းဝိုက်ကာ ပြေးစေခြင်း၊ ကျောက်ခဲများကို ကြိုးချည်လျက် အပင်မြင့် ခွကြားများကြားသို့ ပြေးရင်း ပစ်တင်နေကြခြင်းများကိုသာ တွေ့ရပေလိမ့်မည်။
အဘယ့်ကြောင့် မြင်းများစွာသည် ရူးသွပ်နေကြသကဲ့သို့ ခုန်ပေါက်ကာ ဦးတည်ချက်မဲ့ ပြေးချင်ရာ ပြေးနေကြသည်ကို မြင်းသည်များက မြဲမြံစေလျက် ခြေကုပ်စီးနင်း လိုက်ပါနေကြသည်ကိုလည်းကောင်း၊ စက်ဝိုင်းအတိုင်း ပတ်ဝိုက် ပြေးနေသည့် မြင်း၏ ဘေးတွင် ဖက်လိုက်ခြင်း၊ ယှဉ်ပြေးခြင်း၊ ချန်နေရစ်ခြင်း၊ တစ်ဖန် ကြိုစောင့်လျက် အဟုန်မပျက် တက်ခြင်း ဆင်းခြင်းတို့ ပြုလုပ်နေကြသည်ကိုလည်းကောင်း နားလည်နိုင်ကြမည်မဟုတ်။ တွေးကြည့်သော်လည်း ရေးရေးမျှသာ သဘောပေါက်ကြပေလိမ့်မည်။
ကျောက်ခဲကြိုးချည်ပစ်တင် လေ့ကျင့်ခြင်းကို မြင်းခင်းသဘင်ပွဲကဲ့သို့ပင် လာရောက်ကြည့်ရှုသူ အများအပြားရှိပြီး ထိထိရောက်ရောက် ပစ်တင်နိုင်သူများမှာ ပရိသတ်အားပေးခြင်း ခံကြရ၍ ဆုလာဘ်များလည်း ရရှိကြ၏ ။ သို့သော် မြင်းသည်များစွာအနက်မှ လက်စွမ်းကောင်းလှသူများမှာ လူ ၂၀ ထက် မပိုပေ။
ဦးတွန်ကတော့ အခါအားလျော်စွာ လာကြည့်သည်။ လိုအပ်သည်တို့ကို အကြံပေး ညွှန်ကြား၏ ။ သို့သော် ရန်သူနှင့် နီးကပ်နေပြီ ဖြစ်သည့်အတွက် သူလည်း ပြင်ဆင်နေရပေပြီ။ လှေပေါ့လှေလျင်အများ ရှာဖွေလုပ်ဆောင်ခြင်း၊ လှေကို ကျွမ်းကျင်စွာ လှော်ခတ် ကွေ့ရှောင်နိုင်ကြစေရန် အပူတပြင်း လေ့ကျင့်နေကြခြင်း၊ အာမခံ လူကောင်းများကို ကျွေးမွေးဆုပေးလျက် အားယူစေခြင်းတို့ကို စီစဉ်နေရသောကြောင့် ရန်သူနှင့် နီးလေ သူတို့ချင်း ဝေးသွားလေဖြစ်သည်။
No comments:
Post a Comment