Translate

အမာခံဗိုလ် (၄)

သို့သော် ဟိုင်းကြီးကျွန်းရောက်ရန် တစ်စခန်းသာ လိုတော့ချိန်တွင် စစ်သူကြီး မင်းလှမင်းခေါင်ထံသို့ အလောင်းမင်းတရား စေလွှတ်လိုက်သော တပ်များနှင့် ပါလာသည့် လျှို့ဝှက်ချိတ်ပိတ်အမိန့်စာတစ်စောင် ရောက်လာသည်။ စာမှာ ဤသို့ဖြစ်သည်။

"အရေးရှင် ဗိုလ်ချုပ် မင်းလှမင်းခေါင်ထံသို့ အလောင်းမင်းတရားကြီး ကြားရောက်လိုက်သည့် အမိန့်တော်၊ ယခုစာချွန်လွှာအား မည်သူ့ကိုမှ မပြရ။ မပြောရ။ မုတ္တမတွင် အစောင့်ခန့်သော ဒေါစွယ်ယစက်သည် လူပြေးတလပန်းနှင့် ပေါင်း၍ ထောင်ထားခြားနားမည် ကြံသည်ဟု ကြားသိတော်မူရသည်။ မင်းလှမင်းခေါင် ပုသိမ်သို့ အမြန်ပြန်ခဲ့ရမည်။ ယခု စေလွှတ်လိုက်သော ဗိုလ်မှူး မင်းရဲကောင်းပုံအား စစ်ရေး၊ အာဏာ၊ စိုင်းပြင်းထားသည်များ ကုန်စင်အောင် လွှဲအပ်ခဲ့ရမည်။ မင်းလှသီရိ၊ ငစံမိုက်တို့နှင့် တိုင်ပင်၍ လုပ်ကြံစေ"
ဗိုလ်တွန်မှာ တိုက်ရခါနီးမှ လှည့်ပြန်ရသဖြင့် တောက်တခေါက်ခေါက်။ မင်းရဲကောင်းပုံဘွဲ့ ချီးမြှင့်ခံထားရသူ ပေါ်တူဂီလူမျိုး အမြောက်ဗိုလ် အန်တိုနီယိုအား ခေါ်၍ ငစံကို အပ်ခဲ့ရသည်။ မင်းရဲကောင်းပုံကလည်း သန်လျင်မြို့တွင် မင်းထင်နော်ရထာကို ကြုံခဲ့ဖူးသည်ဖြစ်၍ ယခု သူ့လက်အောက် ရောက်လာသော်လည်း ရွံကြောက်ဖြစ်နေသည်။ သည်ကြားထဲ ဗိုလ်တွန်က ကြိမ်းသွားသေး၏ ။
"ငါ့လူ ငစံကို အငြိုးနဲ့ အနိုင်ကျင့်မယ်၊ ကောက်ကျစ်မယ် ကြံရင် မင်းကို ငါကိုယ်တိုင် ဟောဒီဓားနဲ့ ကွပ်မယ်။ မြဲမြဲမှတ်ထား"
ယိမ်းနွဲ့ပါးဓားကို အိမ်မှ ဆတ်ခနဲ ထုတ်ပြ၍ ချပ်ခနဲ ပြန်ထည့်လိုက်ရာ ဖြူဖွေးသော ဓားသွားမှာ ဝင်းလက်သွား၏ ။
"မကြံဝံ့ပါဘူး ဗိုလ်မင်း၊ ကျွန်ုပ် အလောင်းမင်းကြီးအပေါ် သစ္စာရှိတာ ဟောဒီက ကုန်းဘောင်တပ်သားတိုင်း သိပါတယ်"
မင်းလှမင်းခေါင်နှင့် တပ်တစ်တပ် ပြန်သွားပြီး မင်းရဲကောင်းပုံနှင့် လူ ၁၀၀၀၊ မင်းလှသီရိနှင့် လူ ၁၀၀၀ ကျန်ခဲ့သည်။ မင်းလှသီရိက မင်းရဲကောင်းပုံအား စစ်ဆိုင်ရန် ပြင်ဆင်ထားသည့် အစီအမံတို့အား ရှင်းပြ၏ ။ မင်းလှမင်းခေါင်၏ ရေတပ်နေရာတွင် မင်းရဲကောင်းပုံတပ်က အစားဝင်၍ မြို့ကို တက်ရန်ဖြစ်သည်။
ငစံကတော့ ဗိုလ်တွန်နှင့် အတူတွဲ မတိုက်ရတော့သော်လည်း အနှစ်နှစ်အလလ က ကျင့်ခဲ့သည်တို့ အချည်းနှီးမဖြစ်ဘဲ တိုက်ပွဲဝင်ခွင့်ရ၍ တော်သေးသည် ဆိုရမည်။ ယခင်က သူ၏ သန်လျင်မြို့စောင့် အမြောက်ဗိုလ် ဖြစ်ခဲ့ဖူးသည့် အန်တိုနီယို၏ လက်အောက်တွင် ပြန်လည် အမှုထမ်းရသဖြင့် မချင့်မရဲ ဖြစ်နေသော်လည်း စစ်ရေးကိုသာ အပြင်းအထန် လုံးပန်းနေလိုက်သည်။ မင်းရဲကောင်းပုံကလည်း သူ့ကို ခေါ်၍ ကောင်းမွန်စွာ မေးမြန်းတိုင်ပင်လေ၏ ။
xxxxxxxxxxxxxxxxxxxxxxxxxxxx
အင်္ဂလိပ်တို့သည် သစ္စာမရှိ၊ ကတိမတည်သည့်အပြင် အလွန်ဉာဏ်များ ကောက်ကျစ်ခဲ့ကြသည်။ အလောင်းမင်းတရားနှင့် ကုန်းဘောင်သားတို့အာဏာ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်သောအခါ ရတနာသိင်္ဃအထိ ရောက်လာကြသည်။ သို့ရာတွင် ထောင်ထားခြားနားလာသည့် မြန်မာခေါင်းဆောင်ကို ထောက်ပံ့ရန် စိတ်မကူးသည့်အပြင် ပဲခူးကိုပင် တစ်ဖက်လှည့်နှင့် ကူညီလိုက်ကြသေးသည်။ ပဲခူးတိုက်ပွဲတစ်ခုတွင် အင်္ဂလိပ်တို့၏ စစ်သင်္ဘော ၃ စင်း ကူသည်ကို မြန်မာတို့ သိရှိသွား၏ ။
ထို့ကြောင့် ကတိမတည်၍ အကူအညီ မရသည့်အပြင် လူပါးဝသော အင်္ဂလိပ်တို့၏ သာသည့်ဘက်မှ နေမည့်အကြံဖြင့် ချည်းကပ်လာခြင်းကို ရိပ်မိသည့် အလောင်းဘုရားက ဟံသာဝတီအား သိမ်းယူအပြီး၌ ဟိုင်းကြီးကျွန်းကို သိမ်းမည်ဟု ကြိမ်းဝါးထားခဲ့သည်။ ဟံသာဝတီမှ အပြန် ဟိုင်းကြီးကျွန်း တာဝန်ခံအသစ် နယူတန်အား ပြည်သို့ လာရောက်ရန် ရာဇသံ ပို့ခဲ့သော်လည်း ကိုယ်တိုင်မလာဘဲ သံအမတ် လက်စတာနှင့်အတူ ၄ ပေါင်ဒါအမြောက်တစ်လက်သာ ပေးပို့ခဲ့၏ ။
လက်စတာက မြန်အောင်သို့ လိုက်လာ၍ မြန်မာတို့နှင့် ပထမဦးဆုံးစာချုပ်ကို ရအောင် ချုပ်နိုင်ဆိုခဲ့၏ ။ စာချုပ်အရ မော်တင်၊ ပုသိမ်တို့တွင် အမြဲတမ်းနေထိုင် အခြေချခွင့်နှင့် ရန်ကုန်၌ ကုန်တိုက်ဖွင့်ခွင့် ရခဲ့ပြီး အခွန်အကောက် မရှိဘဲ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရခဲ့သည့်အတွက် သူတို့က ပြန်ပေးရသည်မှာ တစ်နှစ်လျင် အမြောက်တစ်လက်နှင့် ခဲယမ်းအချို့သာ။
သို့သော် သူတို့သည် ထိုအချိန်တွင် ပြင်သစ်နှင့် စစ်ဖြစ်နေ၍ တကွဲတပြား ဖြစ်နေသည့် လူများကို စုစည်းရန်အတွက် ဟိုင်းကြီးကျွန်းစခန်းအား ပိတ်သိမ်းရန် စီစဉ်ပြီးလေပြီ။ ထိုအရေးကို မြန်မာဘုရင်ထံ အကြောင်းမကြားဘဲ မြန်မာပြည်မှ ခုတ်ယူစုဆောင်းထားသည့် သစ်များကို သယ်မည့် သင်္ဘော ရောက်ရှိလာခြင်းကို အလောင်းမင်းတရား သိရှိ၍ ဟိုင်းကြီးကျွန်းအား ချက်ချင်းတိုက်ခိုက် သိမ်းပိုက်ရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။
လက်နက်အင်အား တောင့်တင်းသည့် သင်္ဘောကုလားများနှင့် တိုက်ရန် အားထားရသည့် ဗိုလ်မှူးများကို စေလွှတ်ခဲ့သော်လည်း ရန်ကုန်မှ ပုသိမ်သို့ ချီရာ လမ်းခရီးတွင် ဗညားဒလဘွဲ့ခံ ဒေါစွယ်ယစက်သည် မုတ္တမမှ ပုန်စားရန် ကြံစည်နေကြောင်း သတင်းရောက်လာသောကြောင့် မင်းလှမင်းခေါင်ကို ပြန်ခေါ်လျက် သစ္စာရှိသည်ဟု ယုံကြည်ရသည့် ပေါ်တူဂီကြေးစား အမြောက်တပ်ဗိုလ် အန်တိုနီယိုအား စေလွှတ်ခြင်း ဖြစ်၏ ။ တိုင်းတစ်ပါးသားချင်း တိုက်ခိုင်းရန် အကြံလည်း ဖြစ်သည်။
မင်းရဲကောင်းပုံဘွဲ့ခံ အန်တိုနီယိုသည် ပါးနပ်၍ ပရိယာယ် ကြွယ်သော်လည်း တိုက်ရေးခိုက်ရေးတွင် သူမတူအောင် လုပ်ကြံတတ်သည်မဟုတ်။ ဦးစီးအုပ်ချုပ်မှုနှင့် အစီအမံ ကောင်းသူဖြစ်သည်။ သို့ဖြစ်ရာ မဆုတ်မနစ် ကြိုးကုတ်လုပ်ကြံတတ်သော မင်းလှသီရိအပြင် မိုက်ရူးရဲ လုပ်တတ်၍ စစ်ရေး၌ စိတ်ချရသည့် ငစံတို့နှင့် တွဲဖက် တိုက်ခိုင်းသည်မှာ အမြော်အမြင်နှင့် ပြည့်စုံသည့် အကြံပင်။ ဟိုင်းကြီးကျွန်းတွင် အရေးလှ၍ ပွဲရခဲ့ပါက ငစံအား မင်းထင်နော်ရထာဘွဲ့ ပြန်လည်အပ်နှင်းမည်ဟု ရည်ရွယ်ထားပြီး ဖြစ်သည်။
အရည်အချင်း မတူညီကြသည့် ဗိုလ် ၃ ဦးသည် နောက်တစ်နေ့ နံနက်တွင် တစ်ယောက် တစ်နေရာစီမှ တစ်မျိုးစီသော အစီအစဉ်တို့ဖြင့် ဟိုင်းကြီးကျွန်းအား ဝင်စီးကြပေတော့မည်။ ဟိုင်းကြီးကျွန်းရှိ သင်္ဘောကုလားတို့မှာလည်း အောင်မြင်စွာ ဆုတ်ခွာမည် ကြံစဉ်အတွင်း မြန်မာတပ်များ ချက်ချင်း ရောက်လာကြသဖြင့် အဆောတလျင် စစ်ပြင်ကြရလေသည်။ သို့သော် သူတို့မှာ ကြိုတင်စီစဉ်ထားခဲ့ကြသဖြင့် အရာအားလုံး နေသားတကျ အသင့်ဖြစ်နေကြ၏ ။
မိုးသောက်လျင် ဗိုလ် ၃ ဦးသည် စစ် ၃ ကြောင်းခွဲလျက် မင်းရဲကောင်းပုံက လက်ဝဲဘက် ရေကြောင်းမှ လှေတက်အများနှင့် နောက်ချန်၍၊ သွေးသောက် ငစံတို့ မြင်းတပ်က အလယ်ကြောင်းမှ ချီ၍၊ မင်းလှသီရိ၏ တပ်ကြီးက လက်ယာကြည်းကြောင်းဖြင့် ချီ၍ အင်္ဂလိပ်တို့ ခံတပ်တည်ထားရာ ဟိုင်းကြီးကျွန်းစခန်းသို့ တက်သွားကြသည်။
ခံတပ်ကို မြင်ရလျင် မင်းလှသီရိ၏ တပ်မသည် အနောက်တောင်အရပ်သို့ ခွဲသွားလျက် တောင်မျက်နှာမှ တိုက်ရန် ပြင်ဆင်သည်။ ငစံတို့ မြင်းတပ်များကမူ ဆီအိုးများကို အလုံပိတ်၊ အုန်းဆံကြိုးထူထူကို အိုးလည်ပင်းတွင် ကြိုးဖြင့်တွဲချည်လျက် အမြောက်တစ်ကမ်းကျော် အကွာမှ အသင့်ပြင်ဆင် စောင့်နေစေပြီး မြင်းသည်အများဖြင့် စတင် တိုက်ကြ၏ ။
သေနတ်ကိုင် မြင်းသည်များကြားတွင် မီးရှို့ထားသည့် အိုးများကို တစ်ဖက်က မြင်းဇက်ကြိုးနှင့် ရောကိုင်၍ တစ်ဖက်က မွှေ့ယမ်းလျက် ကွေ့ကွေ့ကောက်ကောက် ပြေးလာသည့် မြင်းအချို့ကို တပ်ထိပ်မှ အမြောက် သေနတ်သားများက ဝိုင်းပစ်ကြ၏ ။ သို့သော် သူတို့ရှေ့ ကွင်းပြင်ထဲတွင် ရွှံများ ထူထပ်စွာ လူးထားကြပြီး အရိုင်းအစိုင်းပုံ ပေါက်နေသော မြင်းများနှင့် လူများမှာ အလွန်ရှုပ်ထွေးစွာ ပြေးလွှားနေကြပြီး သေနတ်သမားများကလည်း ပစ်ပြေး နှောင့်ယှက်နေသဖြင့် ကောင်းမွန်စွာ ပစ်ခွင့်မသာ။
ရုတ်တရက် ဆီအိုးများ လွင့်တက်လာပြီး အမြောက်ကြီးများရှိရာအနီး ကျရောက် ပေါက်ကွဲ မီးစွဲလောင်တော့မှ မြန်မာတို့၏ ရည်ရွယ်ချက်ကို ရိပ်စားမိလာကြသည်။ လက်စသတ်တော့ သူတို့သည် အမြောက်များကို ဖျက်ဆီးရန်အကြံအပြင် ပစ်ခွင့်မသာဘဲ အလုပ်ရှုပ်စေရန် ဆီအိုးများ ပြင်ဆင်၍ မတော်တဆ လူနှင့် မြင်းများကို မီးစွဲလောင်ခြင်းတို့မှ ကာကွယ်ရန် ရွှံ့နွံများ သုတ်လိမ်းလာခြင်း ဖြစ်ကြောင်း သဘောပေါက်လာခဲ့သည်။ တောင်ဘက်စစ်မျက်နှာတွင်လည်း စတင်ပစ်ခတ်နေလေပြီ။
အုန်းဆံကြိုး မီးတရဲရဲဖြင့် ဝှေ့ယမ်းလျက် လွင့်တက်လာသော ဆီအိုးများမှာ တစ်ကြိမ်လျင် ၁၀ လုံးခန့် အဆက်မပြတ်။ ပြေးလွှားရှောင်တိမ်းရင်း ပစ်ခတ်ရသော်လည်း လက်ဆ တိကျလှပြီး အမြောက်ကြီးများတစ်ဝိုက် ထိမှန် မီးစွဲလောင်လေ့ရှိ၏ ။ တစ်ကြိမ် ထိလိုက်လျင်လည်း သင်္ဘောကုလားတို့အဖို့ အချိန်များစွာ ကြန့်ကြာရလေသည်။ မီးလောင်ပြေးလွှားနေသော စစ်သားများကို ရှောင်၍ အမြောက်ကြီးများကို ပြန်လည်ပစ်ခတ်နိုင်ရန် မီးသတ် ရှင်းလင်းရသည်နှင့် အချိန်ကုန်လာသည်။ လူအင်အားများစွာ လိုလာသည်။
ဆီဖြင့် လောင်သော မီးဖြစ်၍ ရေနှင့်ငြှိမ်းလည်းမရ၊ အစပိုင်းက သဲများ ကျုံးလာ၍ ပက်ဖို့ရသော်လည်း အမြောက်ပစ်ရန် ပြန်လည်ဆေးကြောရသည့် အလုပ် ပိုလာပြန်၏ ။ အဝတ်များဖြင့် ရိုက်ပုတ်ကြရာတွင် မီးညွန့်မှာ အတော်နှင့် မသေနိုင်ဘဲ ဆီစွဲ၍ အဝတ်ကိုပင် လောင်ချင်သေးသည်။ လူအင်အားလိုလာ၍ မြောက်ဘက်စစ်မျက်နှာမှ အကူခေါ်ကြရ၏ ။
မြန်မာဘက်မှ မြင်းသည်အချို့ ကျသွားသော်လည်း အနောက်မှ သေနတ်ယမ်းထိုးပေးသူ၊ ဆီအိုးများကို မီးရှို့ပေးသူများထံ ရောက်အောင်မူ မပစ်နိုင်။ သေနတ်သား မြင်းသည်တို့ကလည်း ကျည်အသင့်ထိုးပြီးသည့် သေနတ်များ ပြန်ယူလိုက်၊ ပစ်ပြီးသည့် သေနတ်တို့ကို ပစ်ချပေးခဲ့လိုက်ဖြင့် နှစ်လက် သုံးလက်စီ လွယ်လျက် ကွင်းပြင်ထဲ ခပ်ကျဲကျဲ ရှိနေကြ၏ ။
အနောက်တောင်ထောင့်မှ ကွပ်ကဲနေသည့် စစ်ဗိုလ်ချုပ်နှင့် လူယုံတော် ဂျွန်နသန်တို့သည် တိုက်ပွဲ ပြင်းထန်နေသော စစ်မျက်နှာနှစ်ဖက်အား ကြည့်ရှု သုံးသပ်နေစဉ် ဂျွန်နသန်က မြင်းတပ်မှ ရွှံ့အလူးလူးနှင့် ဆံပင်များပါ သုတ်လိမ်း ဖြည်ချထားသူ လူတစ်ဦး၏ မျက်နှာကို မှတ်မိလိုက်သည်။ မိမိအား ဒဂုံတွင် ခေါ်ယူ မေးမြန်းခဲ့သည့် မြို့စောင့်ဗိုလ်မှူး ဖြစ်၏ ။ မြန်မာတပ်မှ ဗိုလ်မှူးဖြစ်သူသည် တပ်သားတစ်ဦးကဲ့သို့ ဝတ်ဆင်လျက် အင်္ကျီမပါ လူရိုင်းနှင့်တူစွာ ဦးဆောင် တိုက်ခိုက်နေခြင်းပါတကား။
သူတို့၏ ထူးဆန်းလှသော မြင်းစီးသွားလာပုံများကို ကြည့်နေရင်း ဂျွန်နသန်က ဗိုလ်မှူးကို သတိပေးသည်။ မြန်မာတို့ စံနစ်တကျ ကြိုတင်ပြင်ဆင်၍ စုံစမ်းပြီးမှ တိုက်လာခြင်းဖြစ်ကြောင်း ပြောသော်လည်း ဗိုလ်မှူးက 'ငါသိပါတယ်၊ တောင်မျက်နှာက အင်အားများပြီး ပိုအရေးကြီးတယ်။ အနောက်ဘက်က တို့ကို လှည့်စားဖို့ ကြံနေတာ' ဟု ဆို၏ ။ သူပြောသည်လည်း မှန်နေသဖြင့် စောဒကမတက်သာ။ တောင်တပ်လောက် အန္တရာယ်မရှိသော်လည်း အထိအခိုက် များနေသည်မှာ အနောက်ဘက် စစ်မျက်နှာ ဖြစ်နေသည်ကတော့ အမှန်။
ဟိုင်းကြီးကျွန်းသားတို့ကမူ သေနတ်သားတို့ကို အရေးမစိုက်နိုင်။ အမြောက်ကြီးများအား ခြိမ်းခြောက်နေသည့် ပစ်ရခက်လှသော ရွှံ့ပြောင်ပြောင် မြင်းသည်များကိုသာ လိုက်ပစ်နေကြသည်။ သို့သော် ဆီအိုးကိုင် မြင်းသည်များမှာ ကြိုသိနေကြသည့်အလား အကဲဖမ်းမရလောက်အောက် ပြေးလွှားသွားလာနေကြသည်။ အမြောက်ပစ်ချိန်ကို မှတ်သား၍ အချိန်ကိုက် ကွေ့ပတ်ရှောင်တိမ်းနေရာ အမြောက်ဆံများမှာ သီသီကလေး လွဲချော်နေသည်က များ၏ ။
ကြိုပစ်၍လည်း မရ၊ လိုက်ပစ်၍လည်း မထိ။ ချိန်ရသော အမြောက်ဗိုလ်များ ဦးနှောက်ခြောက်လာ၏ ။ အထူးလေ့ကျင့်ထားခဲ့သော လက်စွမ်းဖြင့် မြင်းနံပါး ထိုးစိုက်ထားသော လှံတိုများကို သုံး၍ ပြန်လည်ပစ်ခတ်ရာတွင်လည်း ထိရောက်ကြ၏ ။ လှံနှစ်စင်းလျင် တစ်ယောက်တော့ ထိမြဲ။ အမြောက်စိန်ပြောင်းများ ထားရာတို့တွင်လည်း မီးစွဲလောင်သည်မှာ များလာပြီ။
မြန်မာတို့ လာမည် မဟုတ်သည့် ပင်လယ်ဘက်မှ အစောင့်များနှင့် မြောက်မျက်နှာမှ တပ်သားများ ပြေးလာကူ၍ မီးငြှိမ်းသတ်၊ တိုက်ခိုက်နေရသည့်အခါမှ အင်အားနည်းသွားသည့် မြောက်ဘက်တပ်ကို မင်းရဲကောင်းပုံ၏ လှေတပ်များ မြစ်ပြင်ပြည့် ပြန့်ကျဲ ရောက်ရှိလာပြီး ပစ်ခတ်ထိုးခုတ် တက်လာတော့သည်။ တောင်မျက်နှာစာတွင်လည်း အမြောက်စိန်ပြောင်း သေနတ်ပစ်ဖောက်သံတို့ သောသောညံလျက်ရှိ၏ ။



Written by သင်္ခရာဇာ

End date: August 14, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...