"ဘယ်လိုလဲ ဂျိုနသန်၊ အဆင်ပြေခဲ့ရဲ့လား"
အနီရောင် စစ်ဝတ်စုံနှင့် အဖြူရောင် ဆံပင်ခွေများပါသည့် ဆံတု စွပ်ထားသော နီစပ်စပ် လူကြီးတစ်ဦး၏ အမေးကို အနောက်တိုင်းဝတ်စုံ ကုတ်အင်္ကျီများနှင့် ဝင်လာကြသည့် အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက ဖြေကြားလိုက်ခြင်း ဖြစ်သည်။
စစ်ဗိုလ်ချုပ်သည် အလိုမကျဟန်ဖြင့် မျက်နှာတစ်ချက် မဲ့လိုက်ကာ ဝိုင်ခွက်ကို မ ရင်း
"မင်းတို့ သေချာမပြောကြဘူးလား။ အဲဒီနေရာကို ရတာနဲ့ လိုချင်တဲ့ လက်နက်ခဲယမ်းတွေ လိုသလောက် မှာပေးပါ့မယ် လို့"
"အမျိုးမျိုး ပြောပါတယ် ဗိုလ်ချုပ်ရယ်။ နေမဝင်သခင်ထံ ချက်ချင်း လျှောက်တင်ပေးပါမယ် ဆိုတာတောင် မြန်မာဘုရင်က လက်မခံဘူး။ ကျွန်ုပ်က ပါးပါးနပ်နပ် လှည့်ပတ်ပြောပေမယ့် အလောင်းမင်းတရားက ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်တယ်"
"ဘယ်လို ပြောတာလဲ"
"ငါက ခုမှ ထီးနန်းရဖို့ ကြိုးစားနေတုန်း တဲ့။ ငါတောင် ထီးနန်းမခိုင်မြဲသေးခင် ဗုဒ္ဓဘာသာ အထွဋ်အမြတ်ထားရာ ဘုရားမြေနေရာကို မင်းတို့ကို ပေးလိုက်မယ် ဆိုရင် ပြည်သူတွေ ကျေနပ်ကြမှာ မဟုတ်ဘူး တဲ့။ ပြည်သူတွေသာ မကျေနပ်ရင် ငါလည်း ထီးနန်းရတော့မှာ မဟုတ်ဘဲ ကျရှုံးသွားလိမ့်မယ် တဲ့။ ဒါ့ကြောင့် တိုင်းသူပြည်သားတွေရဲ့ အလိုကို ဆန့်ကျင်ပြီး မင်းတို့ကို ဘုရားကုန်းနေရာ မပေးနိုင်တာ လို့ ပြောလိုက်တယ်"
"ခက်တော့တာပဲကွာ.. ဒီနေရာက ငါတို့အတွက် ဘယ်လောက် အချက်အချာကျတယ် ဆိုတာ သူ သိမှာ မဟုတ်ဘူး။ သူက သူ့ထီးနန်းနဲ့ သူ့လူတွေကိုပဲ ကြည့်နေတာ။ ဒီစစ်ခေါင်းဆောင် နိုင်ငံရေးတော့ အတော် အပါးဝတယ်။ တောက်လျှောက် နိုင်ခဲ့ပြီး တစ်စ တစ်စ နယ်မြေကျယ်ပြန့်လာတာလည်း မပြောနဲ့၊ သိပ်လည်တာကိုး"
ဗိုလ်ချုပ်၏ ညည်းတွားသံအဆုံးတွင် သံအဖွဲ့ခေါင်းဆောင် ဂျိုနသန်က
"မြန်မာဘုရင်တင် နိုင်ငံရေး စစ်ရေး ကျွမ်းကျင်တာ မဟုတ်ဘူး။ သူ့လူတွေလည်း အင်မတန် ပါးနပ်ပါတယ်။ အဲဒီ အစုအဖွဲ့ကို ကျွန်ုပ်တို့တင်မဟုတ်၊ လတ်တလော ဘယ်သူမှ နှိမ်နင်းနိုင်ဦးမှာ မဟုတ်ဘူး"
"ဘာဖြစ်လို့လဲ ဂျိုနသန်"
"ရန်ကုန် မြို့စောင့်ကျတဲ့ မင်းထင်နော်ရထာ ဆိုတဲ့ ဗိုလ်မှူးက သူတို့ဘုရင်မင်းမြတ်နဲ့ တွေ့ဆုံပွဲအပြီးမှာ ကျွန်ုပ်တို့ သံအဖွဲ့ကို သီးခြား ခေါ်တွေ့တယ်။ သူတို့ ဘုရင်လိုပဲ ပဲခူးနဲ့ သန်လျင်ကို တိုက်ဖို့ အမြောက် လက်နက်တွေ အသည်းအသန် လိုချင်နေပုံရတယ်။ ဒါပေမယ့် သူမေးတာက ကျွန်ုပ်တို့မှာ ရှိတဲ့ လက်နက် အမျိုးအစားတွေနဲ့ စွမ်းဆောင်ရည်တွေကို အသေးစိတ် မေးနေတယ်။ မြန်မာထဲမှာ သူ့လောက် စေ့စပ်တာ ယခင်က မတွေ့ဖူးဘူး"
"မင်း ဘာတွေ ပြောခဲ့လဲ"
"မပြောလို့ မရဘူး။ သူက အချက်အလက် အတိအကျကို တောင်းနေတာ။ ရေးမှတ်မယ့်သူကလည်း အဆင်သင့် စောင့်နေတယ်။ လက်နက် ရောက်တဲ့အခါ အသုံးပြုပုံနဲ့တကွ ရှင်းလင်းပြသပေးမယ့်သူတွေပါ ပါလာမှာပါ လို့ ပြောပေမယ့် မရဘူး"
"အဲဒီတော့.."
"ကျွန်ုပ်တို့မှာ ရှိတဲ့ အမျိုးအစားတွေနဲ့ စွမ်းဆောင်ရည် အကျဉ်းကိုတော့ သူ စိတ်ကျေနပ်အောင် ပြောပြခဲ့ရတယ်။ သူက လူငယ်ပေမယ့် အများကြီး ရစ်တယ်။ မေးပြီးသားကို ရုတ်တရက် မသိသလို ပြန်လှည့်မေးပြီး ဖြေတာ နည်းနည်း လွဲသွားရင်ကို ထောက်တော့တာပဲ။ မင်းတို့လည်း မယုံရဘူးချည်း တွင်တွင် ပြောနေတယ်။ ဒါနဲ့ အတတ်နိုင်ဆုံး မှန်အောင် သတိထား ပြောကြရတယ်"
"သူက ဒါတွေကို ဘာလုပ်ဖို့ မေးတာတဲ့လဲ"
"လာမယ့် သန်လျင်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ချင်လို့ လို့ ပြောတယ်။ အဲဒီပွဲ မတိုင်ခင် အချိန်မီ ရောက်လိမ့်မယ်လို့ တစ်ထစ်ချ တွက်ဆထားပုံပဲ"
ဗိုလ်ချုပ်က ခနဲ့ပြုံး ပြုံးသည်။
"မြန်မာတွေက ဒီလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးပြီး ယုံကြည်မှု လွန်ကဲနေကြတာပဲ"
"ဟုတ်တယ်။ ဒါပေမယ့် အဲဒီတစ်ယောက်ရဲ့ စံနစ်တကျ အကွက်ချ လုပ်တတ်ပုံနဲ့ တွေးခေါ်ပုံတွေအရ ဒီထက်ပိုပြီး လိုချင်တာရှိလိမ့်မယ်လို့ ယူဆရပါတယ်"
"ထားလိုက်စမ်းပါကွာ။ ငါတို့ လိုချင်တဲ့ ရှေးဟောင်း ဘုရားကုန်းအကြောင်းရော မေးသေးလား"
"ဘာလုပ်ဖို့လဲ တစ်ခွန်းပဲ မေးတယ်။ ကုမ္ပဏီ တည်ဆောက်ဖို့ ကုန်းမြင့်လိုချင်တာ လို့ ဖြေတော့ ထပ်မမေးတော့ဘူး"
"ကောင်းတယ်။ တခြားဗိုလ်ချုပ်တွေကရော"
"ညီလာခံမှာ သိပ်အမြင်မကြည်ကြတဲ့ဟန် ရှိပေမယ့် ဘာမှ ထွေထွေထူးထူး မပြောကြပါဘူး။ သူတို့ဘုရင်နဲ့ တစ်သဘောတည်း၊ ဘုရင့်ဆန္ဒကို မငြင်းဝံ့ကြသူတွေပါပဲ။ ဘုရင်ကသာ ခွင့်ပြုမယ် ဆိုရင် အားလုံး ရေငုံနေကြမယ့်သူတွေ"
"မြန်မာဘုရင်ရဲ့ သဘောကရော"
"အလောင်းမင်းတရားကတော့ အင်္ဂလန်ဘုရင်မင်းမြတ်နဲ့ မဟာမိတ် ဖွဲ့လိုဟန် ရှိတယ်။ ဂျော့ဘုရင် II ထံ ရွှေသဝဏ်လွှာ ပို့ထားတယ်လို့ မိန့်ကြားပါတယ်။ အရှေ့အိန္ဒိယ ကုမ္ပဏီကနေ တစ်ဆင့် ပို့တာပါ"
"အိန္ဒိယကို ပို့ရင်တော့ ဂျော့ဘုရင်မင်းမြတ်ဆီ ရောက်မှာ မဟုတ်ဘူး။ အဲဒီက ကောင်တွေက သူတို့ကိုယ်သူတို့ ဘုရင်လို ထင်နေကြတာ။ အေးလေ၊ သူတို့က မြေနေရာ မပေးရင် တို့ကလည်း လက်နက် မှာမပေးဘဲ ဆိုင်းငံ့ထားရမယ်။ သူတို့ အခက်တွေ့မှ တို့ကို ပုသိမ်မှာ ခြေချခွင့် ပေးတော့မှာပဲ"
"ဟုတ်ပါတယ်။ ကျွန်ုပ်တို့ဆီက လက်နက်ကို မျှော်ကိုးပြီး ဟိုင်းကြီးနဲ့ ပုသိမ်သာမက ဒဂုံမှာပါ အခြေချခွင့် ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်"
"ဟားဟား၊ ဒီလိုပဲ ဖြစ်ရမှာပေါ့။ လက်နက် မရလို့ သူတို့လူတွေ အထိနာတော့မှ ငါတို့ဆန္ဒအတိုင်း အကုန်လိုက်လျောလာရလိမ့်မယ်။ တို့က အချိန်ကို စောင့်ရုံပဲ"
"ဒါပေမယ့် တစ်ခုရှိတာက ဒီဘုရင်နဲ့ ဒီလူတွေ ရှိနေချိန်အတွင်းမှာတော့ ကုန်သွယ်ဖို့ရာ ကိုလိုနီနယ်တွေ ရဖို့ကိစ္စက နှောင့်နှေးနေဦးမှာပါ။ သူတို့ကို အနိုင်တိုက်ဖို့ မလွယ်ဘူး။ ဒီလူတွေက စစ်ရေး မဟာဗျူဟာတွေ နားလည်တယ်။ အခြေနေကို သုံးသပ်တတ်တယ်။ အတင်းဝင်သိမ်းလိုက်ရင် ပဲခူးဘုရင်လို ပြင်သစ် ပေါ်တူဂီအကူအညီယူပြီး ပြန်တိုက်ကြမှာပဲ။ နောက်ပြီးတော့"
"နောက်ပြီးတော့ ဘာဖြစ်လဲ"
"သူတို့က ကျောက်ခဲကို ဆီကြိတ်နိုင်တဲ့ သူတွေ။ နွားချိုက ရေကျအောင် ညှစ်တယ် ဆိုတာ သူတို့မှ အစစ်။ သူတို့ ပြောနေကျ စကားတစ်ခွန်း ရှိတယ်။ သံမြို့နဲ့ ခံသော်လည်း ငါတို့ကို ခံနိုင်မည်မဟုတ်၊ ငှက်ကဲ့သို့ ပျံပြေးလည်း တို့လက်က မလွတ်နိုင် တဲ့"
xxxxxxxxxxxxxxxxxxxxxxxxxxxxx
အင်္ဂလိပ်သံများ ပြန်သွားပြီးနောက် မင်းထင်နော်ရထာ ငြိမ်ချက်သား ကောင်းနေသည်ဟု မဟာသေနာပတိက စုံစမ်းရန် ဝင်လာ၏ ။ တပ်တွင်းအရောက် လက်ျာဘီလူးအား မေးရာ မြေစိုက်တဲကြီးတစ်ခုအတွင်းသို့ ညွှန်ပြကြသဖြင့် ဦးကောင်း ဝင်ခဲ့သည်။
"ငစံငယ် ဘာတွေ လုပ်နေသတုံး"
"ဝန်မင်း ကြွလာသကိုး။ စစ်ရေး လေ့လာစရာများ ရှိလို့ အပတ်တကုတ် လေ့လာဆည်းပူးနေရကြောင်းပါ"
"အောင်မာ၊ မင်းနဲ့ ငါပဲ ရှိသာ။ ရိုးရိုးပဲ ပြောစမ်းပါ"
ထိုစဉ် တပ်သားတစ်ဦး ဝင်လာပြီး
"ဗိုလ်မှူး ရှာခိုင်းထားတဲ့ လူနှစ်ဦး ရပါပြီ။ ရှေ့တော်ဝင်ရန် အသင့်"
"အေး၊ ခေါ်လိုက်လေ။ ဦးကောင်း ထိုင်ပါဦး"
"မထိုင်တော့ပါဘူး။ လုပ်စရာရှိတာလုပ်။ မင်း ဘာလုပ်နေလဲ လာစူးစမ်းသာ"
တပ်သား ပြန်ထွက်သွားပြီး လူနှစ်ဦး ဝင်လာသည်။ လက်ျာဘီလူးက
"မြေပုံပန်းချီဆွဲတတ်တာ ဘယ်သူလဲ"
"ကျွန်တော်ပါ။ ငဖိုးစီ"
"ဟုတ်ပြီ။ မင်းတို့နှစ်ယောက် ပုသိမ်နဲ့ ဟိုင်းကြီးကျွန်းကို သွားရမယ်။ အမြန်ဆုံးသွားပြီး အမြန်ဆုံး ပြန်ခဲ့ရမယ်။ ဖိုးစီက ပုသိမ်မြို့ကို ငါလိုချင်တဲ့ အချက်တွေ မြေပုံဆွဲလာရမယ်။ နောက်တစ်ယောက်က ဟိုင်းကြီးကျွန်းကိုသွား၊ ခံတပ်ပေါ်မှာ လက်နက်တွေ ချထားပုံကို မှတ်လာခဲ့။ ပြီးရင် သင်္ဘောကုလားတွေနဲ့ အကျွမ်းဝင်တဲ့ ကုန်သည်ကြီးတစ်ဦးကို ရွှေငွေပေးပြီး ဒဂုံကို လာခဲ့ဖို့ ဖိတ်လာခဲ့"
ဦးကောင်းက ဝင်မေးလိုက်သည်။
"ဘာတွေ လုပ်နေသလဲကွဲ့ မောင်စံ"
No comments:
Post a Comment