မြန်မာသက္ကရာဇ် ၁၂၄၇ ခု၊ တန်ဆောင်မုန်းလဆန်း ၈ရက်၊ သမိုင်းဝင် တိုက်ပွဲကြီး ဖြစ်ပွားရန် တစ်ရက်အလို။ ထိုနေ့က နံနက်စောစောတွင် မြစ်ပြင်၌ မြူနှင်းများ ခပ်ပါးပါး ကျဆင်းနေ၏ ။ ကတ္တီပါဝတ်လုံ ခြုံထားသော လှေသင်းဗိုလ် မင်းကျော်သိဒ္ဓိရန်အောင် နှင့် ဗိုလ်ရဲခေါင်အပြင် အခြား ဗိုလ်နှစ်ဦးတို့သည် မြစ်အနောက်ဘက်ကမ်းသို့ ကူးလာခဲ့ပြီး အသင့် စောင့်စားနေကြသော မြင်းများကို ယူကာ မင်းလှခံတပ်သို့ လေးဘက်ကျ စီးနင်းခဲ့ကြသည်။
"ကွေ့ချောင်းဗိုလ်မင်း ကိုယ်တိုင်ပါလားဟေ့"
မင်းလှခံတပ်ဦးစီးက နှုတ်ဆက်ရာ ကွေ့ချောင်းဗိုလ်ကလည်း
"လှေသင်းဝန်မင်းတို့လည်း ဝီရိယ ကောင်းနေပါ့လား ဟရို့"
"အို.. ကောင်းဆို အင်္ဂလိပ်တွေက စစ်သင်္ဘောတွေနဲ့ ထွက်လာကြပြီလို့ မနေ့ကပဲ သတင်းရောက်တယ်။ ယောအတွင်းဝန်မင်းကြီး ကျေးဇူးနဲ့ အချိန်မဆိုင်း ကြေးနန်းသတင်းတွေ ရနေတာပေါ့ဗျာ။ ကျေးဇူးကြီးပါပေ့"
မင်းလက်ဝါးကြီးက 'တက်ခဲ့လေကွဲ့' ဟု လှမ်းခေါ်သဖြင့် သူတို့ ခံတပ် သူရဲပြေးလမ်းပေါ် တက်သွားကြ၏ ။ ဗိုလ်ရဲက စံနစ်တကျ စီထားသော အမြောက်များကို ဝေ့ကြည့်လိုက်ရင်း
"စစ်သင်္ဘော ဘယ်နှစင်းလောက်များ ပါတယ်ကြားသလဲ မင်းကြီး"
"ဒီလိုတော့ မပါဘူး၊ အင်အား ၈၀၀၀ ကျော် ဆိုတော့ ဘယ်နည်းမလဲ။ တို့ အမြောက်ကလေး ၃၅ လက်ဟာ ဒင်းတို့အဖို့ ရယ်စရာ ဖြစ်နေတော့မပေါ့"
ဗိုလ်မှူး ရန်အောင်သည် အံကိုကြိတ်လျက်
"ကျုပ်တို့ကိုလည်း ဆင်ကျုံးကြီး ဆောက်ထားပြီး ဆင်တစ်ကောင်မှ မပို့ဘူး။ နေပြည်တော်မှာ အလုံးအရင်းနဲ့ ထားတော့ ယခု အလကား ဖြစ်ကုန်တော့မယ်... ဟင်း"
"တို့လည်း ဝန်တင်ဖို့ ဆင်မ လေးကောင်ပဲ ရှိတာပါကွယ်။ တိုက်ဆင် မပါ၊ ပါလည်း အသုံးမဝင်လှပါဘူး။ နယ်ချဲ့ကောင်များက ရေတပ်ကို အဓိကထားပြီး လာတာ၊ သင်းတို့ စစ်သင်္ဘောတွေက အမြောက်တွေများ တယ်ကောင်း တယ်တိကျ ဆိုပါလား"
"ပေါက်လည်း ပေါက်လှသတဲ့။ တစ်ချက်ဆို ဆိုသလောက် ပြိုကုန်တယ်လို့ ကြားတယ်။ သို့ပေမယ့် တို့များ ခံတပ်တွေကလည်း မှုစရာတော့ မရှိပါဘူး... အင်း"
ဆို၍ ခံတပ်ဦးစီးဗိုလ်မှူး ဦးရွှေမောင် စဥ်းစားနေ၏ ။ အင်အားချင်း ကွာခြားလွန်းလှသည်ကို ချင့်တွက်နေခြင်း ဖြစ်ပေမည်။
"သည်ပုံအတိုင်းဆို ခေတ္တ ထိန်းထားနိုင်ရုံလောက်သာ ခံနိုင်လိမ့်မယ်လို့ ယူဆရပြီကောကွယ်။ သို့သော်လည်း ဗိုလ်မင်းများ အားမလျှော့ကြပါနဲ့။ နောက်ဆုံးအချိန်ထိ ကျုပ်ကိုယ်တိုင် မင်းတို့နှင့်အတူ ကွပ်ကဲ တိုက်ပွဲဝင်သွားမှာပါ"
မြစ်စဥ်ဝန် မင်းကြီး၏ စကားက အားတက်ဖွယ်ရာ ဖြစ်သော်လည်း သူကိုယ်တိုင်ကပင် အားမပါလှကြောင်း သိနေပေသည်။ ရင်လေးမည်ဆိုက လေးစရာ၊ အင်္ဂလိပ်တို့၏ တရစပ် ပစ်ခတ်နိုင်သော သင်္ဘောတင် စက်သေနတ်ကြီးများက အကွာအဝေးလည်း မိမိတို့ ယမ်းထိုးသေနတ်လေးများထက် အဆများစွာ သာနေသည့်အပြင် လက်နက်ကိုင် ဂေါ်ရာကြေးစားတပ်များမှာ ယခုတစ်ကြိမ် မြန်မာပြည်ကို အပြီးသိမ်းရန် အကြံဖြင့် အလုံးအရင်း ချီလာကြပြီ မဟုတ်ပါလား။
"ပြောသာ ပြောရတာ၊ ထန်းလုံးလောက်မှ မရှိတဲ့ တို့ လှည်းဘီးတပ် အမြောက်ကလေးတွေက သက်တမ်း ဘယ်လောက် ရှိပြီလဲ မင်းတို့ သိသလား"
တစ်ဘက်ကမ်းသားတို့ကို မေးလိုက်ရာ မည်သူမျှ မဖြေနိုင်ကြ၊ ဦးရွှေမောင်က ဝင်၍
"နှစ်တစ်ရာပျော့ပျော့တော့ ရှိပြီထင်ပ မင်းကြီး"
"ဘယ်.. ကရမှာလဲကွာ၊ အဲဒါ ဘေးလောင်းတော် အလောင်းမင်းကြီး လက်ထက်ကတည်းက ဝယ်ထားတဲ့ အမြောက်တွေဟ၊ အနှစ်တစ်ရာကျော်ပြီ"
"အိုး"
"နောက်ထပ် ဘယ်တုန်းက ဝယ်နိုင်လို့လဲ။ အဿမေဓ အခွန်တော်တွေလည်း မင်းရေးအတွက်ပဲ သုံးခဲ့ကြတာ။ မင်းတုန်း မင်းတရားကြီးလက်ထက်တော်က စမ်းသပ် သွန်းလုပ်ခဲ့တဲ့ အမြောက်ကြီးတွေလည်း နေပြည်တော်မှာ သည်အတိုင်းပဲ။ တို့ အဝေးရောက်သားတွေက အစွန်အဖျားပဲ စားရတာ မင်းတို့ အသိပဲ"
"ဟုတ်တာပ မင်းကြီးရယ်၊ နေပြည်တော်နဲ့ အနီးဆုံးက သပြေတန်းခံတပ်၊ အင်းဝ ဆင်ကျုံးခံတပ်ကြီးတွေ ကြီးသလောက် ကျုပ်တို့ အချက်အချာ နေရာက ဟောသည် ခံတပ်တော်တွေကတော့ တိုက်ဖြစ်ရုံ ခပ်သေးသေးပဲ မဟုတ်လား။ စစ်ကိုင်း အစေခံရပ်က အရံထားတဲ့ ခံတပ်ကလေးတောင် ကျုပ်တို့ထက် ကြီးသေးဗျား"
"ဒါပေါ့ကွာ၊ လူသူလက်နက်မှာလည်း သူတို့မလိုမှ စွန့်ကြဲတာကို တို့ဆီ ရောက်ရတာ။ လူကောင်း သူကောင်း ဆင်မြင်းကောင်းမှန်သမျှ နေပြည်တော်မှာချည်းပဲ။ သူတို့ မလိုလို့ အဝေးပို့တဲ့ အထဲမှာ ကျုပ် မွန်ကြီး မောင်လတ်တောင် ပါလိုက်သေးဟ"
မင်းလက်ဝါးကြီး၏ အပြောကြောင့် သူတို့ စိတ်မကောင်း ဖြစ်သွားကြရ၏ ။ မင်းလက်ဝါးမှာ ခမည်းတော် လက်ထက်အခါက အမြင့်မြို့ကို စားရ၍ အလွန်ဘုန်းရှိန်စော်ဝါ ကြီးခဲ့၏ ။ ခပ်ပြင်းပြင်း တစ်ချက်ရိုက်လျင် အပြစ်သားမှာ စင်းစင်းသေသဖြင့် မဟာသမိန်ဘရမ်းဘွဲ့ ပျောက်ကာ မင်းလက်ဝါးဟု တွင်လာခြင်း ဖြစ်သည်။ လေ့ကျင့်ထားသည့် အင်္ဂလိပ် လူစွမ်းကောင်းကို အားကစားနည်း အမျိုးမျိုးတွင် မမြင်ဖူးခဲ့ဘဲ ယှဥ်ပြိုင် အနိုင်ရခဲ့၍ ရရှိလာသော ဆုတော်ငွေ ဒင်္ဂါးတစ်သောင်းကို အိမ်အရောက် သယ်ယူသွားနိုင်စွမ်း ရှိခဲ့သူ။
ယခုအခါတွင်မူ သူသည် မလိုသူ မင်းမြှောင်တို့၏ ပယောဂဖြင့် အောက်မြစ်စဥ်ဝန်ကြီး ဟူ၍ အဝေးပို့ထားခြင်း ခံရသည်သာမက သူကဲ့သို့ သက်တော်ရှည် အမတ်ကြီးကိုပင် လူသူအနည်းငယ်မျှသာ အပ်လျက် အင်္ဂလိပ်ကို ကြိုရန် အမိန့်ထားခြင်း ခံနေရသည်။ ထို့ကြောင့်လည်း မွန်တိုင်းရင်းသား အမတ်ကြီးမှာ နေပြည်တော်ကို စိတ်နာနေခြင်း ဖြစ်မည်။
သို့သော် မင်းကြီး မဟာသမိန်ဗရမ်းသည် မျိုးချစ်စိတ် ပြင်းထန်ပြီး မည်သည့်အခါမှ အညံ့မခံလိုသည့် သဘော ရှိ၏ ။ စိတ်လည်း အလွန်ထက်ကာ ပန်းတိမ်းမင်းသား ပုန်ကန်မှုတွင် ပါဝင်သည့် သားအရင်းကိုပင် ကွပ်မျက်ပစ်ခဲ့ကြောင်း သိရသည်။ သူနှင့် တွဲရသော လှေသင်းဝန်မင်း မင်းထင် မင်းလှရဲခေါင်သူရိန်သည်လည်း အလွန်စိတ်မြန်၍ မင်းတုန်းမင်း ရှေ့တော်မှောက်၌ မိမိကိုယ်မိမိ အဆုံးစီရင်ရန် လှေပေါ်မှ ခုန်ချခဲ့ဖူးသူ ဖြစ်သည်။
ယခု သည်နှစ်ဦး ပေါင်း၍ အင်အားကြီးလှသော ရန်သူကို ကြံ့ကြံ့ခံ ခုခံရပေတော့မည်။ ကွေ့ချောင်းခံတပ်မှ ဗိုလ်သိဒ္ဓိရန်အောင် နှင့် ဗိုလ်ရဲခေါင်တို့မှာလည်း ထိုနှစ်ဦးနှင့် ထပ်တူထပ်မျှ ရဲရင့် ပြတ်သားကြသူများ ဖြစ်၏ ။ ယခု တပ်ထိပ် မျက်နှာစာဝယ် ရပ်နေကြသူများမှာ သွေးကြောင်သူ၊ တွေဝေသူ တစ်ဦးတစ်ယောက်မျှ မပါ၊ အားလုံး ငရဲသို့တိုင် ခုန်ချ တိုက်ပွဲဝင်ရဲသူချည်း ဖြစ်သည်မှာ အားရစရာ။ ယှဥ်ဘက်မဟုတ်သော ရန်သူကို သိလျက်နှင့် ရင်ဆိုင်ကြရမည့် သူရဲကောင်းချည်း ဖြစ်ပေသည်။
No comments:
Post a Comment