ဖော့လုံးဗောင်းတော်၊ သိုရင်းအင်္ကျီဖြူနှင့် တောင်ရှည် လွန်းရာကျော်ချိတ် ဝတ်ဆင်ထားသော အရပ် ၆ ပေကျော် မွန်အမျိုးသားကြီးတစ်ဦးသည် ခံတပ်အတွင်းသို့ ဝင်သည့်အပေါက်မှ ဝင်မလာဘဲ ဘေးဘက်မှ အမြောက်လှည်းများ တင်သည့် ဆင်ခြေလျှောလမ်းအတိုင်း တက်လာပြီးလျင် တပ်ထိပ် မြစ်ကမ်း၌ မျှော်ကြည့်နေကြသော လူတစ်စုရှိရာ လျှောက်လာ၏ ။
"ဟော.. မင်းကြီး လာပြီ"
"ကြားနေရတဲ့ သတင်း အမှန်ပဲ ရဲဘော်တို့"
"ဟင်"
"ဟာ"
"တောက်"
"ရာဇဝင် ရိုင်းလိုက်လေဗျာ"
အားလုံးထံမှ မချိတင်ကဲ အာမေဋိတ်သံများ ထွက်လာ၏ ။ မှန်ပေသည်၊ မြန်မာ့ရာဇဝင်၌ ရှက်ရွံ့ဖွယ်အကောင်းဆုံး သတင်းကြီး မဟုတ်ပါလား။
"ခုပဲ ရှေ့က ကြေးနန်းရုံးတော်ကို ကြေးနန်းရောက်လာတယ်။ နေပြည်တော် လွှတ်တော်ကနေ အင်္ဂလိပ်ကို မခုခံရ၊ ခုခံလျင် သူပုန် ဆိုတဲ့ အမိန့် တကယ် ထုတ်ပြန်လိုက်တာပဲ"
လူကြီးသည် ပြောရင်း ဒေါသထွက်လာကာ အနီးရှိစားပွဲတစ်လုံးကို ရိုက်ချလိုက်၏ ။ စားပွဲမှာ တောင့်တင်းကြံ့ခိုင်လှသော်လည်း လူကြီး၏ အားကိုမူ အံမတုဝံ့ပုံဖြင့် ခြေထောက်နှစ်ဖက် သွင်သွင်ကျိုးကြေလျက် ပျဉ်ချပ်များ ထက်ပိုင်းပြတ်ကုန်၏ ။ အချို့မှာ လန့်သွားပြီး တချို့က အံ့သြချင်ကြ၍ အများစုကတော့ အကြောင်းသိပြီး ဖြစ်သောကြောင့် အထူးအထွေ ထိတ်လန့်ဟန်မပြ။
"ဒီလိုဆို ကျွန်တော်မျိုးတို့ ဘယ်လို လုပ်ရမလဲ အရှင် မင်းကြီးဘုရား၊ တပ်များကို ပြင်ထားရမည်လား။ သို့တည်းမဟုတ်.."
"ပြင်သာ ပြင်ထား ဗိုလ်ရဲ၊ မတိုက်နဲ့ ဆိုပေမယ့် သည်လို ကြည့်နေရရိုးလားကွ။ တို့တိုင်းပြည်ကို သိမ်းပိုက်ဖို့ တက်လာသူတွေကို တိုက်လို့ သူပုန်ဖြစ်ရမယ်ဆို ငါ မဟာသမိန်ဗရမ်းကြီး သူပုန်ဗိုလ်ပဲ လုပ်မကွ"
လူကြီးသည် ထွားကျိုင်းလှသလောက် စကားမှာလည်း မာန်ပါလှ၏ ။ နေရောင်တွင် ရွှေစလွယ်ကြီးမှာ ပြိုးပြက်ဝင်းလက်နေ၏ ။ မင်းလှခံတပ်ကြီး၏ ထိပ်တွင် ရပ်လျက် ကြုံးဝါးလိုက်သော လူကြီး၏ အသံကြောင့် ခံတပ်တစ်ခုလုံးရှိ ရဲမက်တော် ၅၀၀ ခန့်မှာ စိတ်ဓာတ်တက်ကြွလာကြပြီး ရဲသွေးရဲမာန် ထက်သန်လာသည်။ ဤသည်ကို ခံတပ်တော်ကြီး၏ ဦးစီးဖြစ်သည့် လှေသင်းဝန် မင်းကြီး မင်းထင် မင်းလှရဲခေါင် သူရိန်က ဖြည့်စွက်ပေးလိုက်သည်။
"ကဲ.. သူပုန်လောင်းလျာ အပေါင်းတို့၊ ဥဒါန်းတွင်ရစ်မယ့် တိုက်ပွဲကြီးအတွက် တို့များ ရာထူးအာဏာတွေကို စွန့်လွှတ်ပြီး မြန်မာဆိုတဲ့ ဂုဏ်သိက္ခာအတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ ပြင်ထားကြပေတော့။ ငါတို့ဟာ အမိန့်တော် ဖီဆန်ကြရသော်လည်း ရှက်ဖွယ် မျက်နှာမရ ရှိကြမည်မဟုတ်၊ တိုင်းပြည်အပေါ် သစ္စာစောင့်သိတဲ့ သူပုန်များအဖြစ် နောက်ဆုံးအချိန်ထိ စွန့်လွှတ်ပြီး ကျူးကျော်သူ နယ်ချဲ့ကောင်များကို ရင်ဆိုင်ကြရမယ် သွေးသောက်ကြီးများ"
"ဟေးးးးးးးးးးးး"
မင်းလှခံတပ်မှ အုန်းခနဲ ကြွေးကြော်သံကြီးသည် မဟာဧရာဝတီ မြစ်ပြင်ကျယ်ကြီးကို ဖြတ်ကျော်သွားပြီး တစ်ဘက်ကမ်း ဓားလွယ်ခုတ်အရပ်ရှိ တောင်နံရံများကို ဖောက်ကာ မြေအောက်ခံတပ်ကြီး တည်ထားသည့် ကွေ့ချောင်းခံတပ်တော်ကြီးအထိပင် ရောက်ရှိသွားသော ဟူ၏ ။ ကွေ့ချောင်းခံတပ်မှ ဗိုလ်ရဲကို လွှတ်၍ လှေလျင်နှင့် အမိန့်တော် ပြန်တမ်းကို စောင့်ဆိုင်းနေသည့် လှေသင်းဗိုလ် မင်းကျော်သိဒ္ဓိ ရန်အောင်မှာ ထိုအသံကို ကြားရုံမျှနှင့် မင်းကြီး မင်းလက်ဝါး (မဟာသမိန်ဗရမ်း) ၏ ဆုံးဖြတ်ချက်ကို နားလည် သဘောပေါက်သွားလျက် သူ၏ တပ်များကိုလည်း ထပ်ဆင့် အမိန့်ပေးလိုက်လေတော့သည်။
"ခံတပ်တစ်ခုလုံးက အရာရှိ တပ်သား ၇၀၀ လုံး အပေါ်ကွင်းပြင်မှာ လူစုမယ်လို့ ပြောလိုက်။ ဗိုလ်ရဲအလာကို စောင့်ပြီးရင် ငါတို့ စတင် ပြင်ဆင်ကြတော့မယ်"
××××××××××××××××××××××××××××××××××××
ရဲခေါင်သည် အောက်မြစ်စဉ်ဝန်မင်းကြီး မဟာသမိန်ဗရမ်း၏ အမိန့်တော်ကို နာခံ၍ ကွေ့ချောင်းခံတပ်သို့ ပြန်ရန် မိမိလာခဲ့စဉ်က မြစ်အနောက်ဘက်ကမ်း တာဘောင်ရိုးတစ်လျှောက် အင်းများကို ကျော်ကာ ကွေ့ချောင်းခံတပ်နှင့် တည့်တည့်တွင် ကမ်းကပ်ထားခဲ့သော လှေထံ မပြန်တော့ဘဲ မင်းလှခံတပ်ရှေ့မှ လှေပေါ့လှေလျင်တစ်စီးကို ကြိုးဖြည်လျက် မြစ်အရှေ့ဘက်ခြမ်းသို့ မျှောလာခဲ့လိုက်သည်။ ထိုသို့ အကူးအသန်း လွယ်စေရန် ခံတပ်ရှေ့များနှင့် တစ်ဘက်ကမ်းတို့၌ လှေငယ် ၃ စင်းခန့် အသင့်ထားရှိခဲ့ကြခြင်းလည်း ဖြစ်၏ ။
ကမ်းသို့ ကပ်မိသည်နှင့် သောင်ပြင်ကို အပြေးဖြတ်ကာ ခံတပ်ကြီးရှိရာ တောင်ကမ်းပါးကြီးပေါ် ကွေ့ကောက် တက်ခဲ့သည်။ ရဲခေါင်တို့၏ ကွေ့ချောင်းခံတပ်မှာ အထပ် ၃ ထပ်ရှိပြီး မြေပေါ်တွင် စစ်သည်များ နေရန်အဆောင်နှင့် ဆင်ကျုံး တစ်ထပ်၊ မြေအောက်၌ နှစ်ထပ် ရှိ၏ ။ ဝင်ပေါက်ကြီးမှာမူ တစ်ပေါက်တည်းသာ ရှိပြီး တောင်ဘက်၌ လူတစ်ကိုယ်စာ ဝင်သာရုံ မလွယ်ပေါက်လေး ရှိရာ သူက ထိုအပေါက်မှ ဝင်ခဲ့ပြီး စစ်သည်တော်များ စုဝေးနေသည့် ခံထပ်အမိုး မြက်ခင်းပြင်ကြီးပေါ် တက်လာခဲ့သည်။
ကွင်းကြီးထဲ၌ အမှုထမ်းအရာထမ်းအားလုံး စုဝေးနေကြပြီး မိမိအား စောင့်မျှော်နေကြကြောင်း တွေ့သည်နှင့် ဗိုလ်မှူး မင်းကျော်သိဒ္ဓိရန်အောင် ရှိရာ စင်မြင့်သို့ တန်းသွားလိုက်၏ ။ အမိန့်ပေးစင်ထက် သစ်ပင်အောက်တွင် ထိုင်စောင့်နေသော ဗိုလ်မှူးကလည်း သူ့ကို မြင်သည်နှင့် ထရပ်လိုက်ကာ
"ဘယ်လိုလဲဟေ့ ဗိုလ်ရဲ၊ ကြားရတဲ့သတင်း အမှန်ပဲလား"
"ဟုတ်ပါတယ် ဗိုလ်မင်း၊ နေပြည်တော်က မခုခံရ အမိန့် ထုတ်လိုက်တာ အမှန်ပါပဲ။ သို့သော် မင်းကြီး မင်းလက်ဝါးက.."
"ဘာဖြစ်ဖြစ် တိုက်မယ်တဲ့.. မဟုတ်ဘူးလား"
"ဟုတ်တယ်ခင်ဗျ၊ သူပုန်ဖြစ်ပါစေ၊ မိစ္ဆာကောင်တွေကို တိုက်ပြီးမှ အဖမ်းခံမတဲ့"
"သိတာပေါ့ကွယ်၊ မင်းလက်ဝါးကြီး စိတ်ကို ငါတို့ အသိဆုံးပေါ့။ ကိုင်း.. ကိုင်း၊ ဒါဖြင့်ရင်.."
မင်းကျော်သိဒ္ဓိရန်အောင်သည် ရဲမက်များဘက် လှည့်ကာ ဓားက်ို မြှောက်ပြလျက်
"ငါ့လူများ၊ မင်းတို့ ကြားနေရတဲ့ ကောလာဟလဟာ အမှန်ပဲ။ တို့ကို နေပြည်တော်က မတိုက်ရ၊ တိုက်လျင် သူပုန်အဖြစ် သတ်မှတ်မည် လို့ အမိန့်တော် ပြန်လိုက်သတဲ့"
စစ်သည်များ ရုတ်ရုတ်သဲသဲ ဆူညံသွားသည်။
"သို့သော်လည်း ငါတို့ရဲ့ သစ္စာရှိလှတဲ့ မွန်အမတ်ကြီး မဟာသမိန်ဗရမ်းက ဘာဖြစ်ဖြစ် တိုက်မည် လို့ ဆုံးဖြတ်လိုက်တယ်"
ပို၍ ဆူညံကုန်၏ ။ အများစုက ဝမ်းသားရ ဟစ်ကြွေးကြသည်။ ဦးပေါင်းများကို ဖြေလိုက်ကြပြီး ဝှေ့ရမ်းနေသူများကို ပြုံးကြည့်ရင်း
"ငါတို့လည်း မင်းကြီး မင်းလက်ဝါးနဲ့ တစ်စိတ်တစ်ဝမ်းတည်းပဲ ဆိုတာ ပြလိုက်ကြဖို့ အချိန်ကောင်းပဲ။ မင်းတို့ လက်နက်တွေကို ပြင်ထားကြ၊ ဓားတွေ သွေးထားကြ၊ အမြောက်တွေ ဆေးထားကြ။ အားမွေးပြီး ကိုယ်စွမ်းရှိသမျှ ပြဖို့ အသင့်ရှိနေကြပစေ။ ငါတို့ ကွေ့ချောင်းဟာ မင်းလှ ခံတပ်တော်ကြီးထက် ပိုပြီး အရေးပါတဲ့ မဟာဗျူဟာကျရာ ဖြစ်လို့ ငါတို့ အရေးလှမှ ခံတပ်ကြီး နှစ်ခုလုံး အရေးတော်ရမယ် ဆိုတာ အစဉ် သတိပြုကြပါ"
ထို့နောက် ဗိုလ်မင်း၏ ဆက်လက် ညွှန်ကြားသံများကို ရဲခေါင် မကြားတော့၊ လူများ တရုန်းရုန်း ပြေးလွှား လှုပ်ရှားနေကြသည်ကို မမြင်တော့ဘဲ သူ၏ စိတ်အာရုံဝယ် ကျူးလွန် စော်ကားလွန်းသည့် အရပ်ရှည်ရှည် ဖြူစုတ်စုတ် အမွေးအမျှင် နီကြောင်ကြောင်နှင့် လူကောင်ကြီးများကို မည်သို့ တိုက်ခိုက် ချေမှုန်း သုတ်သင်ပစ်လိုက်မည် ဟုသာ တွေးနေမိလေတော့သည်။
ရဲခေါင်မှာ ငယ်စဉ် ကျောင်းသားဘဝကတည်းက ဆေးမင်ဆရာကျော်နှင့် စုတ်ထိုးနှံခဲ့၍ အပြီးအစီးတွင် ကျော်သော လူစွမ်းကောင်းတစ်ဦး ဖြစ်သည်။ တပ်မတော်သို့ ဝင်၍ ဓားခုတ်လှံထိုး မြင်းရေး လေးအတတ်တို့ကို သင်ကြားပြီးသည့် နောက်တွင်မူ ကိုးတောင်ကျား အတောင်ပေါက်သကဲ့သို့လည်းကောင်း၊ မိကျောင်းရဲ အသက် ၁၅၀ ပြည့်၍ လူအသွင်ပြောင်းနိုင်သကဲ့သို့လည်းကောင်း ထူးချွန်ထက်မြက် ထင်ရှားလာခဲ့သူ ဖြစ်သည်။
သူ၏ စွမ်းပကားကြောင့် လှေတပ်တော်သား ဖြစ်လာရာမှ သူလိုပင် အပြီးအစီး ပေါက်မြောက်လှသည်ဟု နာမည်ကျော်သော လှေသင်းဝန် ဦးရွှေမောင်လက်အောက် ရောက်ခဲ့လျက် အရပ်သား ငရဲအဖြစ်မှ ရဲခေါင်ဟူသည့် အမည်ကိုလည်း ရရှိခဲ့၏ ။ ထိုမှတစ်ဖန် လှေသင်းဝန် မင်းထင် မင်းလှရဲခေါင်သူရိန် ဦးရွှေမောင်မှာ အောက်မြစ်စဉ်ဝန်ကြီး မဟာသမိန်ဗရမ်း၏ နိုင်ငံတော် ကာကွယ်ရေးတပ်များတွင် လိုက်ပါရသောအခါ ယခု ကွေ့ချောင်းခံတပ်ကြီး၌ သူသည် ခံတပ်ဗိုလ် မင်းကျော်သိဒ္ဓိရန်အောင်ထံ လက်ထောက်အဖြစ် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
No comments:
Post a Comment