ခံတပ်ဗိုလ် မင်းထင်မင်းလှရဲခေါင်သူရိန်က မင်းကြီး မဟာသမိန်ဗရမ်းကို လျှောက်၏ ။
မင်းလက်ဝါးက ငြင်း၏ ။ ခံတပ်တော်ကြီးနှင့်အတူ ကျဆုံးသည်အထိ တိုက်မည် ဆိုနေရာ ဗိုလ်ရဲတို့ ဗိုလ်အများက ဝိုင်းဝန်းဖျောင်းဖျ နားချလျက် မြင်းပြင်စေကာ မင်းကြီးနှင့် အလုပ်အကျွေး တစ်ဆယ်ကို အလျင်အမြန် ထွက်သွားစေ၏ ။ မင်းလက်ဝါးကြီး ထွက်သွားလျင် သွားချင်း အင်္ဂလိပ်တပ်များ ရောက်ရှိလာပြီး စတင် ပစ်ခတ်ကြတော့သည်။ မြန်မာတို့ကလည်း နောက်ဆုံးတိုက်ပွဲအဖြစ် ပြင်းထန်စွာ ခုခံကြသောကြောင့် မထင်မှတ်ဘဲ နှစ်ဖက် တိုက်ခိုက်မှုမှာ အားကောင်းလှလေသည်။
မြန်မာတို့သည် မထိရောက်သည့် မြစ်တွင်းမှ စစ်သင်္ဘောအုပ်ကို ပြန်လှန်ပစ်ခတ်ခြင်း မပြုကြတော့ဘဲ ခံတပ်ကို ဝင်စီးရန် အမြောက်သေနတ် တဖျောဖျောပစ်ခတ် တက်လာသည့် ကြည်းတပ်ကိုသာ တိုက်ခိုက်ကြသည်။ အင်္ဂလိပ်စစ်သားများ ခံတပ်ကြီးပေါ် ပြေးတက်လာချိန်တွင်မူ သူရဲပြေးပေါ် ရှိနေသော လက်ရွေးကြီး လှေသင်းဗိုလ် ဦးရွှေမောင်အား ဗိုလ်ရဲက
"ဗိုလ်မင်းလည်း ဆုတ်တော့၊ ခံတပ် ပေါက်သွားပြီ။ မရတော့ဘူး၊ ကျွန်တော်မျိုး ရအောင် ခံနှင့်မယ်။ ဗိုလ်မင်းတို့ အလွတ်ခွာချေတော့"
ဟု ဆိုလျက် အော်ဟစ်ကာ အနောက်မျက်နှာမှ တက်လာသည့် ရန်သူတပ်တွင်း ပြေးဝင်သွားသည်။ ရန်သူတို့က မုဆိုးဒူးထောက် ထိုင်လိုက်ကြပြီး သေနတ်များစွာဖြင့် တစ်ပြိုင်နက် ပစ်ခတ်ကြရာ နောက်လိုက်နောက်ပါ သူရဲတော်တို့ အထွေးထွေး ကျဆုံးရလေသည်။ ဗိုလ်ရဲကတော့ ထိမှန်နေသည့် ကျည်ဆံများကို အမှုမထားဘဲ ခုန်ဝင် ခုတ်ချလိုက်သောကြောင့် အခြေနေ မဟန်မှန်း သိလျင် ကြေးစားစစ်သားတို့ ခံတပ်ပေါ်မှ ဆင်းပြေးကြကုန်၏ ။
အချို့ကလည်း ဤသူသည် ဘုရားသုံးဆူအနီး၌ ဝိုင်းဝန်းပစ်ခတ်နေသည့်ကြားမှ အတင်းဝင်၍ လူသုံးယောက်ကို ခုတ်ချသွားသည့် ဗိုလ်မှန်း သိနေကြသလို အချို့ကမူ ကွေ့ချောင်းခံတပ် ကမ်းပါးကြီးပေါ်မှ ခုန်ချသွားသော သူရဲဟု သိလိုက်ကြ၏ ။ မည်မျှ ပစ်ခတ်သည်ဖြစ်စေ အထိအခိုက် မရှိသူ ဟု ကြောက်လန့်နေကြပေပြီ။ မင်းထင် မင်းလှရဲခေါင် သူရိန်လည်း ခံတပ်ပေါ်မှ ခုန်ချသွားပြီ။ တပ်ထိပ်၌ ဗိုလ်ရဲ တစ်ဦးတည်းသာ ကျန်နေချိန် အဝေးမှ ပစ်လိုက်သော အမြောက်ဆံက သူ့တည့်တည့် ကျရောက် ပေါက်ကွဲသွားသည်။ ဗိုလ်ရဲသည် လွင့်စင်သွားပြီး အောက်က ကြည့်နေသူတို့၏ မြင်ကွင်းမှ ပျောက်သွား၏ ။
ကိစ္စတုံးပြီဟု ထင်လိုက်ကြသော်လည်း ယမ်းငွေ့ ဖုန်ငွေ့များကြားတွင် ပေါ်လာပြန်သည်။ ဗိုလ်တစ်ဦးက အမိန့်ပေးလိုက်သဖြင့် လှေကားများမှ တက်လာကြသူများကို သူက လှေကားထိပ်မှ နေ၍ ခုတ်ချသည်။ သူ့တစ်ကိုယ်လုံး ဖုန်များ သွေးစေးများ ကပ်နေပြီး ကိုင်ထားသည့် ဓားနှစ်လက်မှာ ခွာ၍ပင် မရတော့။ အစောက်မြင့်ကာ ဗျက်ကျဉ်းလှသော လှေကားထစ်များကလည်း စစ်ဖိနပ်ရှည်များနှင့် တက်ရန် ခက်ခဲလှသည်ဖြစ်ရာ သူရှိနေရာသို့ မည်သူမျှ တက်မလာဝံ့တော့ဘဲ ခပ်လှမ်းလှမ်းမှသာ ဝိုင်းရံထားတော့သည်။
တဖြည်းဖြည်းနှင့် ခံတပ်ကြီးထဲသို့ နယ်ချဲ့တပ်များ ပြည့်နှက်လာပြီး ခုခံသူတို့ ကျဲပါးသွား၏ ။ အများစုမှာ သေဆုံးကုန်ပြီ ဖြစ်ကာ ကျန်ရစ်သူတချို့တစ်ဝက်မှာလည်း သုံ့ပန်းများအဖြစ် ဒဏ်ရာပြင်းစွာနှင့် အဖမ်းခံလိုက်ကြရသည်။ အမြောက် သေနတ်သံများ ကျဲပါးသွားပြီဖြစ်၍ မြစ်လယ်မှ ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ် ဦးဆောင်သော စစ်သင်္ဘောများ ကမ်းကပ်လာပြီး ဗိုလ်အချို့ကို ခံတပ်သိမ်းရန် စေလွှတ်လိုက်လေပြီ။
ပရင်ဒါဂတ်၏ အမိန့်ဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး ဂျူရီသည် မြင်းဖြူကြီးကို စီးလျက် ကြွားကြွားရွားရွား ဆင်းလာခဲ့၏ ။ ခံတပ်ပြင်ပမှ ဗိုလ်တစ်ဦးအား
"ဟေ့.. အားလုံး ရှင်းလင်းပြီးပြီ မဟုတ်လား"
ဟု မေးလိုက်ရာ စစ်ဗိုလ်က
"ပြီးတော့ ပြီးပါပြီ၊ လူတွေလည်း ကြိုးတုပ်ထားပြီ။ ခံတပ်ကိုလည်း ရပြီ။ ဒါပေမယ့်.."
"ဒါပေမယ့် ဘာဖြစ်လဲ"
"လူတစ်ယောက် ကျန်နေသေးတယ်"
"ဟေ"
"ဟုတ်ပါတယ်။ ခံတပ်ပေါ်မှာ မြန်မာတစ်ယောက် လက်နက်မချသေးဘဲ ထိုင်နေတယ်"
"မချသေးရင် ဝိုင်းဖမ်းပြီး ချခိုင်းပေါ့ကွ"
"ချခိုင်းလို့ မရဘူး။ အကပ်မခံဘဲ ဓားနဲ့ ဆီးခုတ်ချနေလို့"
"ဒါဆို သေနတ်နဲ့ ပစ်ချလိုက်ပေါ့၊ ဘာခက်လို့လဲ"
အင်္ဂလိပ်စစ်ဗိုလ်က ပြောရခက်နေ၏ ။
"ဟို.. သေနတ်နဲ့ ပစ်လို့လည်း မရဘူး"
"ဘာ! ဘာလို့ ပစ်မရတာလဲ"
"ဝိုင်းပစ်ခံရတာကိုတောင် ဘယ်လိုမှ မနေဘူး။ ကျည်ဆံတွေကလည်း သူ့ကို မပေါက်ဘူး"
"ဟုတ်လား၊ အခု သူက ဘယ်မှာလဲ"
"ခံတပ်ပေါ်မှာ၊ အခုတော့ မောလို့ နားနေတယ်။ အမောပြေရင် လိုက်ခုတ်လို့ အပေါ်မှာလည်း တစ်ယောက်မှ မနေရဲဘူး"
"ဘယ်လို ပုံစံလဲ"
"တစ်ကိုယ်လုံး ဆေးတွေ ခြယ်ထားပြီး အဝတ်ဆိုလို့ လုံချည်တစ်ထည်ပဲ ခါးတောင်းကျိုက်ထားတယ်။ အသားညိုညို ပိန်ပိန်ပါးပါးပဲ"
"ငါ သိပြီ"
ဆို၍ ဂျူရီက ပြုံးလိုက်သည်။ မြင့်မားလှစွာသော ကွေ့ချောင်းခံတပ်ကြီးပေါ်မှ ခုန်ချ၍ မြစ်ကို ဖြတ်ကူးကာ ဝိုင်းပစ်နေသည့်ကြားက ထထွက်သွားသူ ဖြစ်ရမည်။ ထိုသူ၏ ဇွဲ လုံ့လ ဝီရိယနှင့် ကြိုးစားမှုမှာ မြန်မာတို့၌ တွေ့ရခဲသည့် ထိပ်တန်းအဆင့်တွင် ရှိ၏ ။ သို့သော် စိတ်ဓာတ်ပြင်းပြလှသဖြင့် ခံတပ်တစ်ခုလုံး ကျသွားသည့်တိုင် အညံ့မခံသေး။ လူကလည်း တုတ်ပြီး ဓားပြီး သေနတ်ပြီးသည် ဆိုသည့် အစားထဲက ဖြစ်လိမ့်မည်။
ဂျူရီသည် ထိုသို့ ဓားမဝင် ကျည်မပေါက်သည့် ဆေးမျိုး ရှိသည်ဟု ကြားဖူးခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သေး။ ယခုတော့ မျက်ဝါးထင်ထင် မြင်ရပေတော့မည်။ ဤသို့ ခက်ထန် ရိုင်းစိုင်းသော၊ စိတ်ဓာတ်ပြင်းထန်သော၊ သို့မဟုတ် စွမ်းရည် တစ်မျိုးမျိုး ရှိသော မြန်မာတို့ကိုမူ သူသည် အကြိမ်များစွာ တွေ့ခဲ့၊ ကိုင်တွယ်ခဲ့ရဖူး၏ ။ အကြမ်းနည်းနှင့် မရလျှင် အနုနည်းဖြင့် မြှူဆွယ်က မြန်မာတိုင်းရင်းသားတို့မှာ မခံနိုင်။ အများစုမှာ ရွှေငွေစည်းစိမ် ရာထူးရာခံနှင့် မျှားလျင် ပါကြရတော့သည်။
ယခုလည်း ကျည်မတိုးသည့် ထိုသူအား သူက မြင်ချင်သည် ဆို၍ မြင်းဖြူကြီးနှင့် ဒုဗိုလ် ဂျူရီ ခံတပ်တွင်း ဝင်လာသည့်အခါ အောက်မှ သေနတ်တပ်သားများက ဝိုင်းပစ်ပြရ၏ ။ မြောက်မြားစွာသော သေနတ်များက တစ်ချက်မှ မထိမှန်သည်တော့ မဟုတ်တန်ရာ၊ သို့သော် မြန်မာလူမျိုးမှာ ထိုင်ရာက မထဘဲ သူ့ကို ပစ်ခတ်နေကြသည်တို့အား အေးအေးလူလူ ကြည့်နေလေ၏ ။
ဂျူရီက ပေရေစုတ်ပြတ်လျက် တိရစ္ဆာန်တစ်ကောင်နှင့် တူနေသော ဗိုလ်ရဲထံသို့ မြင်းကို ကျနလှပစွာ စီးသွားလိုက်ပြီး ခပ်ဝေးဝေးမှ အော်ပြော၏ ။
"ဟေ့.. မောင်မင်း၊ ခုခံနေလည်း အလကားပဲ။ ခံတပ်တစ်ခုလုံး ကျနေပြီပဲ။ အညံ့ခံပါတော့လား။ မင်းကို ငါတို့ မသတ်ပါဘူး"
စကားပြန်တစ်ဦးက လိုက်အော်ပေးသံကြားလျင် ဗိုလ်ရဲသည် စိတ်ဝင်စားသည့် ဟန်ဖြင့် ထ လာ၏ ။ ထို့နောက် လှေကားထိပ်လက်ရန်းကို ခြေတစ်ဖက် တင်လိုက်ကာ
"ဘာပြောတာလဲ၊ သိပ်နားမလည်ဘူး။ ပြန်ပြော"
ဂျူရီက စကားပြန်အား အင်္ဂလိပ်အစိုးရမင်း လက်အောက်သို့ ခိုဝင် အမှုထမ်းပါက ရာထူးကြီးကြီးနှင့် လစာကောင်းကောင်း ပေးမည်ဖြစ်ကြောင်း ပြောခိုင်းလိုက်သည်။ မှုန်ကုပ်ကုပ်နှင့် ဖြစ်နေခဲ့သော ဗိုလ်ရဲ၏ မျက်နှာသည် ကြည်လင်လာပြီးလျင်
"ခံတပ် ကျတာ ကျုပ်လည်း သိပါတယ်။ ကျုပ်က စဉ်းစားနေတာ၊ ဒါပေမယ့် ရန်သူထံမှာလည်း အညံ့မခံချင်ဘူး။ ကျုပ်ထက် သူရသတ္တိနဲ့ ပြည့်စုံတဲ့ လူရဲ့ လက်အောက်မှာပဲ နေလိုတယ်"
ဂျူရီက ဗိုလ်ရဲစကား နားထောင်၍ သူ့အကြံ အောင်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ မြန်မာများမှာ သည်လိုချည်း ဖြစ်၏ ။ သူ့ထက်စွမ်းလျင် သခင်အဖြစ် အသိအမှတ် ပြုတတ်သည်။ ကျိုးနွံ သစ္စာခံလေ့ ရှိကြသည်။ သူကလည်း သူရသတ္တိပြောင်မြောက်စွာ တိုက်ပွဲများ တိုက်ခဲ့သဖြင့် ဒုတိယဗိုလ်မှူးကြီးအထိ ဖြစ်လာခဲ့ကြောင်း ပြလို၍
"ဒါဆို မောင်မင်း သစ္စာခံရမယ့်သူဟာ တခြားမဟုတ်ဘူး။ ကျုပ်ပဲ။ ကျုပ်ကို သတ္တိကောင်းလွန်းလို့ ရေတပ်မှာ မိုက်ရူးရဲ ဂျူရီ လို့ ခေါ်ကြရတယ်"
"ဟုတ်ပြီ၊ ခင်ဗျား တကယ် သတ္တိကောင်းတယ် ဆိုရင် ကျုပ်ကို ကိုယ်တိုင် လာခေါ်ပါ။ ကျုပ်ကို ယုံကြည်ရင် လှေကားခြေရင်းအထိ လာခဲ့ပါ။ သည်လောက်မှ သတ္တိမရှိရင်တော့ ခင်ဗျားလက်အောက် အမှုမထမ်းဘူး"
ဗိုလ်ရဲ၏ စကားကို ပြန်ပြောရန် စကားပြန်က တုံ့ဆိုင်းနေ၏ ။ ဂျူရီ မေးတော့မှ ပြောပြပြီး မသွားရန် တားသည်။ ဂျူရီက ဗိုလ်ရဲကို အကဲခတ်လိုက်၏ ။ သူ ဝင်လာစက ကဲ့သို့ မျက်ထောင့်နီကြီးနှင့် မဟုတ်တော့၊ ကြည်လင် ပြုံးရွှင်သော မျက်နှာနှင့် ဖြစ်နေပြီ။ အနာဂတ်ကို စိတ်အေးသွားရသည့် တိုင်းရင်းသားများ ပျော်ရွှင်သွားပုံမျိုး ဖြစ်၏ ။ ထို့ကြောင့် မထီတရီ ပြုံးလိုက်ပြီး
"ဘာကြောင့် မလာရဲရမှာလဲ၊ မင်းလောက် ဗိုလ်ကို မပြောနဲ့.. မင်းတို့ ရှင်ဘုရင်ကိုတောင် ဦးမညွှတ်ဘဲ မရှိခိုးနိုင်ဘူးလို့ ငြင်းလာခဲ့တဲ့ အင်္ဂလိပ်လူမျိုးပါကွ"
ပြောပြောဆိုဆို မြင်းကို ဖနောင့်နှင့် ဆတ်လိုက်သဖြင့် မြင်းဖြူကြီးက ရှေ့သို့ ဆယ်လှမ်းခန့် လျှောက်သွားသည်။ စကားပြန်ကလည်း ဗိုလ်ရဲကို ထိုစကားများ ပြန်ပြောနေရင်း မဝံ့မရဲဖြင့် ပါလာ၏ ။ ဗိုလ်ရဲက စကားပြန်ကို အန္တရာယ်ပြုလိုခြင်း အလျင်းမရှိ၊ လှေကားခုံနှင့် မလှမ်းမကမ်းသို့ ရောက်လာသော အင်္ဂလိပ် စစ်ဗိုလ်ကိုသာ စိုက်ကြည့်ရင်း
"အေး.. ငါကလည်း အဲဒီလို လူပါးဝတဲ့ ကောင်တွေကို ခုတ်ချင်လို့ စောင့်နေတာပဲ လို့ ပြန်ပြောလိုက်"
ဟု အသံဝါကြီးနှင့် အောင်မြင်စွာ ဆိုလိုက်သည်။ စကားပြန်မှာ အထိတ်တလန့်နှင့် ဘာသာပြန်နေဆဲတွင် သူက ခံတပ်ထိပ် အမြင့်ကြီးမှ လျှပ်တပြက် ခုန်ချလာပြီး မျက်နှာဖြူဗိုလ်အား အားပါးတရ ပိုင်းချလိုက်၏ ။ဒုဗိုလ်မှူးကြီး ဂျူရီမှာ ထိုသို့ ခုန်ချလာမည် မထင်သဖြင့် အံ့အားသင့်စွာ ပြူးကြည့်နေစဉ် ပခုံးမှ ရင်ညွန့်အထိ ပြတ်ရှသွားရသော ဓားဒဏ်ရာဖြင့် မြင်းပေါ်မှ ကျသွားလေသည်။
"ဗိုလ်ရဲတဲ့ကွ"
ရဲခေါင် ကြွေးကြော်လျက် ဓားကို ဝင့်ကာ မြင်းဖြူကြီးကို အပြင်းစီးနင်း ပြေးထွက်သွားသည်။ လမ်းကြောင်းတစ်လျှောက်ရှိ လူများလည်း ဖရိုဖရဲ ပြေးလွှားပစ်ခတ်ကြပါ၏ ။ သို့သော် အော်ဟစ်ရယ်မောသွားသော ရဲခေါင်၏ အသံသည်သာ ခံတပ်နံရံများကို ရိုက်ခတ်လျက် မြစ်တွင်းသို့တိုင် ပျံ့နှံ့သွားလေသတည်း။
××××××××××××××××××××××××××××××××××××
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး၍ တစ်နှစ်ခန့်အကြာ။ ၁၈၈၆ နိုဝင်ဘာ ၁၇ ရက်၊ မင်းကြီး မဟာသမိန်ဗရမ်းဘွဲ့ခံ မင်းလက်ဝါး နှင့် လှေသင်းဗိုလ် လက်ရွေးကြီး မင်းထင်မင်းလှရဲခေါင်သူရိန် ဘွဲ့ခံ ဦးရွှေမောင်တို့မှာ တိမ်းရှောင်သွားပြီး အင်္ဂလိပ်တို့၏ ရာထူးရာခံဖြင့် ဖျားယောင်းမှုများကို လက်မခံဘဲ နေရပ်ပြန်သွားကြပြီ ဖြစ်သလို မြန်မာ တစ်နိုင်ငံလုံးကိုလည်း ဗြိတိသျှ နေမဝင်ဘုရင်မကြီးထံ ဆက်သလိုက်ပြီဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။
ပန်းတော်ပြင် ရွာသူကြီးသစ် ဦးရွှေအိုးသည် ရွာလယ်ရှိ အိမ်ကြီးမှ ဆင်းကာ ရွာစွန်ဖျား မယားငယ်ရှိသော အိမ်ထက်သို့ တက်လာ၏ ။ မယားငယ်ဖြစ်သူ၏ မောင်မှာ သူ့ကို မနှစ်မြို့သလို ကြည့်ရှုကာ ပေကပ်ကပ် လုပ်နေသောကြောင့် ဦးရွှေအိုး၏ လူနှစ်ယောက်က မောင်းချလေသည်။
"ဟဲ့.. နင် သူကြီးမင်းလာတာ မမြင်ဘူးလား"
"မြင်သားပဲ"
"မြင်ရင် ဘာလို့ မရှိခိုးသလဲ၊ ငါ လုပ်လိုက်ရ"
ဦးရွှေအိုးက ပြုံးဖြီးဖြီးဖြင့်
"ဟာ.. သည်းခံပါကွာ၊ အနာတရ မလုပ်ကြပါနဲ့။ ကလေးကို အသာတကြည် ပြောမှပေါ့"
"ကိုင်း၊ သူကြီးမင်း စိတ်ရွှင်နေတုန်း ကောင်းကောင်း ဆင်းသွားလိုက်၊ သွားကွာ.. သွား"
"ဘာလို့ ဆင်းရမှာလဲဗျ၊ ဒါ ကျုပ်တို့အိမ်ပဲ"
"ဟုတ်တယ်၊ မင်းတို့သာ ဆင်းရမှာ"
အသံနှင့်အတူ လူတစ်ဦး အိမ်ပေါ်တက်လာသည်။ လက်ထဲ၌လည်း ဓားလွတ်ကိုင်ထားသည်ကို မြင်သဖြင့်
"ဟေ့.. ဘယ်သူလဲကွ၊ ဟ.. ဗိုလ်ရဲ"
ပြောရင်း ဦးရွှေအိုး တုန်လှုပ်သွား၏ ။ ဗိုလ်ရဲ၏ မျက်နှာက အလွန်ခက်ထန်နေသည်။ သူ့လူနှစ်ယောက်မှာလည်း ဗိုလ်ရဲမှန်း သိသည်နှင့် နောက်ဆုတ်သွားကြလေသည်။ ဦးရွှေအိုးက ကမူးရှူးထိုးဖြင့် ချထားသော ဓားကို ဆတ်ကနဲ ကောက်ပြီး ပြေးထိုး၏ ။ ဓားဦးချွန်က အသားကို ထောက်မိပြီး ကန်ထွက်သွားမှ ကြောက်အား လန့်အားနှင့် ဒူးထောက် လက်အုပ်ချီရန် ပြင်သည်။ ဗိုလ်ရဲက ဖမ်းဆွဲလိုက်ပြီး
"ဘာ ဒူးထောက်တာလဲ၊ ဘာ လက်အုပ်ချီဦးမလို့လဲ။ တိုင်းတစ်ပါးသားတွေကို ဘုရားထူးပြီးပြီ မဟုတ်လား"
"ကျုပ်.. တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ နေခဲ့ရလို့.."
"ကောင်းပြီ၊ ခင်ဗျားကြီးကို အခု အဲသည်ဘဝ အဆုံးသတ်ပေးမယ်"
"တောင်းပန်ပါတယ်.. မောင်မင်းကြီးသား၊ ကျုပ်မှာ ရှိတာ အကုန်ယူသွားပါ။ အသက်ကိုတော့ ချမ်းသာပေးပါဗျာ"
ရဲခေါင်က အံတစ်ချက်ကြိတ်ကာ ဦးရွှေအိုး၏ လည်ချောင်းထဲသို့ ဓားသွား ထိုးထည့်လိုက်၏ ။ ထို့နောက် ဆွဲလှည့်ကာ ကြိတ်လှီးလိုက်သည်။ ကျန်သည့် တစ်ဘက်ကို လွှဲ၍ ခုတ်ပိုင်းလိုက်သဖြင့် တိုင်းပြည် သစ္စာဖောက်ကြီး ငရွှေအိုးမှာ သွေးတပွက်ပွက်ဖြင့် ခေါင်းပြတ်ကျသွား၏ ။
"မင်းတို့ ကြည့်ထား၊ ကိုယ့်လူမျိုးအပေါ် သစ္စာမထားရင် အသေဆိုးနဲ့ သေရမှာပဲ။ အချင်းချင်း ဖောက်လွှဲဖောက်ပြန် မကြံကြနဲ့။ ငါ့နာမည် မှတ်ထား.. ဗိုလ်ရဲတဲ့ကွ"
ဟု ကြွေးကြော်လျက် ငရွှေအိုးခေါင်းကို အိမ်အောက် ပစ်ခဲ့ကာ ထွက်သွားလေသည်။
*ပြီးပါပြီ*
Written by သင်္ခရာဇာ
End date: November 3, 2021
No comments:
Post a Comment