အချိန်ကား အလောင်းမင်းတရား၏ သားတော် ဆင်ဖြူရှင် မြေဒူးမင်း အုပ်စိုးတော်မူချိန် ဖြစ်သည်။
ဆင်ဖြူရှင်သည် မင်းသားငယ်ဘ၀ကပင် တိုက်သည့်တိုက်ပွဲတိုင်း အောင်မြင်၏ ။ နောင်တော် အိမ်ရှေ့မင်း မဟာသတိုးဓမ္မရာဇာနှင့် မုဆိုးဖိုသူရဲကောင်းများ ဆုတ်ခွာပြေးခဲ့ရသော ကွေ့တို့အားလည်း အလွယ်တကူနှိမ်နင်းနိုင်ခဲ့သည်သာမက အင်အားကြီး မွန်တပ်များ၊ ယိုးဒယားတပ်များ၊ တရုတ်တို့၏ ကျူးကျော်စစ်များအား တိုက်စစ်ခံစစ်တိုင်း၌ ရွပ်ရွပ်ချွံချွံအောင်နိုင်တော်မူခဲ့၏ ။
ထိုမျှ လက်ရုံးရည်ပြည့်ဝသော မင်းလက်ထက်တွင် သူရဲကောင်းများစွာလည်း ပေါ်ထွန်းခဲ့သည်။ တရုတ်တို့၏ အင်အားသုံးသိန်းကျော်မျှသော စစ်ကြီးအား စစ်သည်သုံးထောင်မျှဖြင့် မြို့ရိုးမပေါက်အောင် ကာကွယ်နိုင်ခဲ့၍ တရုတ်စစ်သူကြီးများကိုယ်တိုင် အံ့သြချီးကျူးရသူ ဗလမင်းထင်၊ မာကျောမှုတွင် သံတုံးသံခဲအလား ထင်မှတ်မှားခဲ့ရသူ ပြင်စည်မြင်းမှူး မင်းရဲသီဟသူ၊ ရန်သူ့တပ်တွင်း အချိန်မရွေး၀င်နိုင် ထွက်နိုင် လှုပ်ရှားနိုင်၍ လက်ရုံးရည်နှလုံးရည် ပြည့်၀သည့်အပြင် ရုပ်ပြောင်းရုပ်လွှဲပါ နိုင်နင်းသော စစ်သူကြီးတိမ်ကြားမင်းခေါင် အစရှိသူတို့ဖြင့် မြန်မာ့တပ်မတော်သည် အလွန် အင်အားတောင့်တင်းခဲ့၏ ။
ဆင်ဖြူရှင်လက်ထက်တွင် တရုတ်တို့ ကျူးကျော်၀င်ရောက်လာသဖြင့် ဆင်နွှဲရသောစစ်ကြီး ၄ ကြိမ်မျှ ရှိခဲ့သည်။ တရုတ်ကုန်သည်များနှင့် အငြင်းပွားဖွယ် ပြဿနာများပေါ်ပေါက်ခဲ့ရာမှ တရုတ်ဘုရင်၏ စစ်သူကြီး၊ ဘုရင်ခံ၊ သားတော်၊ သမက်တော်များ ကိုယ်တိုင် ပင်လယ်လှိုင်းလုံးများပမာသော အင်အားအလုံးအရင်းဖြင့် မြန်မာနိုင်ငံတွင်းသို့ ချီတက်၀င်ရောက်လာခဲ့သည်။
မြန်မာနိုင်ငံအထက်ပိုင်းဒေသများကို သိမ်းပိုက်လာသောကြောင့် မြန်မာတို့က ကြည်းကြောင်းရေကြောင်း နှစ်သွယ်ဖြင့် သွားရောက်တိုက်ခိုက်ရန် စီရင်လေသည်။ ရေတပ်တွင် တိမ်ကြားမင်းခေါင်နှင့် စစ်သူကြီးများဦးစီး၍ ကုန်းကြောင်းစေလွှတ်သည့် တပ်များတွင်ကား အင်အားစုဆောင်းနိုင်ရန် တပ်မှူးများ အသီးသီးခွဲကာ လမ်းကြောင်းများစွာ၌ လူသူလက်နက်စုစည်းရင်း စစ်ချီကြရန် အမိန့်တော်ထုတ်ပြန်ထား၏ ။
ထိုအခါ တပ်မှူးများစွာအနက်မှ လက်ျာဘီလူးဘွဲ့ခံ တပ်မှူးတစ်ဦးသည် အများနှင့်မတူဘဲ ချီရမည့် လမ်းကြောင်းပြ မြေပုံများသာမက သူပုန်ထကြွ သောင်းကျန်းလျက်ရှိသော ရှမ်းပြည်နယ်အထိပါ မြေပုံကားလိပ်များ တောင်းယူကြည့်ရှု၏ ။ အပြန်ပြန် အလှန်လှန်လေ့လာဆန်းစစ်၏ ။ “ဆုံမှတ်နေရာသို့ သတ်မှတ်ရက်အတိုင်း အတိအကျရောက်ရေး နယ်မကျူးစေနှင့်၊ ပြည်တွင်းကိစ္စ နောင်မှရှင်းမည်”ဟု ဝန်ကြီးက မှာသော် “ရောက်ရပါမည်” ၀န်ခံလေသည်။
သို့သော် သူ စစ်ချီသောအခါ အုပ်ချုပ်ရသော တပ်ငါးတပ်အား အစီအစဉ်တိုင်းမဟုတ်မူဘဲ လမ်းကြောင်းသစ်ဖြင့် ဖြန့်ကျက်လိုက်သည်။ မူလလမ်းကြောင်း၌ လက်နက်လူသူ စုဆောင်းရန် တပ်သုံးတပ်သာ စေလွှတ်လိုက်ပြီး သူနှင့် တပ်နှစ်တပ်သည် သူပုန်ထကြွလျက်ရှိသော ဓားပြများရှိရာ တောအုပ်အတွင်းလမ်းမှ ချီသွားကြလေသည်။
မြေပုံများတွင် လေ့လာခဲ့သည့်အတိုင်း တောအုပ်တွင်းရှိ ရွာသုံးရွာအနက် ဓားပြစခန်း ဖြစ်နိုင်ချေရှိသော နေရာအရောက် သူ့တပ်များကို အပြင်းနှင်စေ၍ ရွာစည်းရိုးအား ထိုးဖောက်၀င်ရောက်ကာ ရွာသူရွာသားများကို ဖမ်းဆီး၏ ။ အငိုက်မိသွားသောကြောင့် ရွာသားအားလုံး ထင်းခွေရေခပ်သူမကျန် အလွယ်တကူ ဖမ်းဆီးရမိပြီးမှ မြင်းတပ်သားတစ်ဦးက အော်ဟစ်မေးမြန်းလိုက်သည်။
“ဟေ့.. ဒီရွာမှာ အချုပ်၊ ရွာသူကြီး ဘယ်သူလဲ”
ရွာသူရွာသားများက တုပ်တုပ်မျှမလှုပ်၊ ပေ၍သာ ကြည့်နေကြသည်။ မေးမြန်း၍မရ။ ထိုအချိန်တွင် မြင်းတပ်ထဲမှ စစ်သည်တစ်ဦး မြင်းနီကြီးစီး၍ ခပ်လေးလေး ထွက်လာသည်။ ထိုသူ၏ ပြတ်သားသော အသံက ရွာသားများပေါ် လွှမ်းမိုးကျရောက်လာသည်။
“ရွာသူကြီးကလည်း သတ္တိမရှိဘူးလား။ လူရှေ့သူရှေ့ ထွက်မလာရဲဘဲ ရွာကို ဘယ်လိုအုပ်ချုပ်နေသလဲ သိချင်စမ်းတယ်”
ထိုအခါ ဖမ်းဆီးခံထားရသော လူအုပ်ထဲမှ ညိုမောင်းထွားကြိုင်း၍ ခန့်ညားသော လူကြီးတစ်ဦး တိုးထွက်လာပြီး...
“ရွာသူကြီး ငမှတ်ဆိုတာ ကျုပ်ပဲ။ မင်းတို့ ဘာလိုချင်သလဲ”
“ကဲ.. ဒါဖြင့် သူ့ကို အင်္ကျီချွတ်ကြည့်လိုက်”
ထိုလူကြီးအား အင်္ကျီချွတ်ခိုင်းရာ ကျော၌ ဘီလူးကနေသည့်ဟန် လက်ရာမြောက်စွာ ဆေးမင်ထိုးထားသည်ကို တွေ့ရ၏ ။
“အင်း.. ကျုပ်ထင်တဲ့အတိုင်းပါပဲ။ ခင်ဗျားက ဗိုလ်ယက္ခ မဟုတ်လား”
“မောင်ရင်က ကျုပ်အကြောင်း သိထားတာကိုး။ ဟုတ်တယ်။ ကျုပ် ဗိုလ်ယက္ခပဲ”
စစ်သည်က ခေါင်းညိတ်လိုက်သည်။ မြင်းပေါ်မှ လွှားကနဲဆင်းလိုက်ပြီး
“ခင်ဗျားကလည်း ဓားပြဗိုလ် ဗိုလ်ယက္ခ၊
ကျုပ်ကလည်း တပ်မှူး လက်ျာဘီလူးပဲ”
ထိုအမည်ကို ကြားလိုက်ရုံမျှဖြင့် ရွာသူရွာသားများ ရှဲကနဲ နောက်တွန့်သွားကြသည်။ လက်ျာဘီလူးဆိုသည်မှာ အလောင်းမင်းကြီး လက်ထက်က ဒဏ္ဍာရီသဖွယ် ကျော်ကြားသည့် သူရဲကျော်တစ်ဦးမဟုတ်လား။ ကြောက်မက်ဖွယ် နတ်ဘီလူးစစ်သည်ဟု သတင်းကြီးသူဖြစ်ရာ ယခု မြင်နေရသော ဆံပင်ဖားလျားနှင့် စစ်သည်လူရွယ်မှာ ကျော်သည်နှင့်မလိုက်အောင် နုနယ်ပျိုမြစ်နေ၏ ။ 'လက်ျာဘီလူး ဆိုတာ သည်သူငယ် မဖြစ်နိုင်ပါဘူး' ဆိုသည့် စကားများလည်း လူအုပ်အတွင်း တီးတိုးပြောဆိုနေကြသည်။
ဗိုလ်ယက္ခက ပြောလိုက်သည်။
“သြော.. လက်ျာဘီလူးဆိုတာ ခုမှ ဒီအရွယ်ပဲ ရှိသေးသတဲ့လား။ ကျုပ်တို့ရွာကို တရုတ်စစ်ကြီးအတွက် အင်အား လာစုဆောင်းတာပဲ မဟုတ်လား။ ကျုပ်တို့ စစ်ထဲ လိုက်လိုက်၊ မလိုက်လိုက် မင်းပြစ်ဒဏ်သင့်မှာချင်းအတူတူ ကိုယ့်ရပ်ရွာမှာပဲ ခေါင်းချလိုက်ကြဖို့ ဆုံးဖြတ်ထားတယ် မောင်ရင်”
“ခင်ဗျားတို့သူပုန်တွေဆီမှာ လူသူ လက်နက်အင်အား မနည်းတာ ကျုပ်သိတယ်။ ခင်ဗျားတို့သာ ဒီစစ်ကြီးမှာ အသက်ကို အပ်ပြီး ရွပ်ရွပ်ချွံချွံ အမှုတော်ထမ်းမယ်ဆိုရင် ကျုပ် ခင်ဗျားတို့အသက်ကို အာမခံနိုင်တယ်။ ဒီရွာမှာပဲ အေးချမ်းစွာ ပြန်နေနိုင်အောင်၊ နောက် ဓားပြထွက်တိုက်စရာမလိုအောင် မင်းမှုထမ်းနိုင်ဖို့လည်း ဆောင်ရွက်ပေးနိုင်တယ်။ မလိုက်ရင်တော့ ခင်ဗျားတို့ ယောက်ျားသားအားလုံး ဒီနေရာမှာပဲ အကွပ်ခံရမယ်။ စစ်တွင်းကာလ ကျုပ်မှာ စီရင်ခွင့်ရှိတယ်”
“ဟားဟား.. ဒီမယ်မောင်ရင်။ ကျုပ်လိုလူက မောင်ရင့်လက်အောက်မှာ ဘာလို့ အမှုထမ်းရမှာလဲ။ ကျုပ်လည်း အရင်က ဟံသာဝတီပါမင်းရဲ့ သူရဲတော်ပဲ။ မောင်ရင်လည်း ကျုပ်အကြောင်း ကြားဖူးနေတာပဲ။ ကျုပ်က သူငယ်လေးတစ်ယောက်ဆီ အညံ့ခံရမတဲ့လား.. ဟားဟား”
“ဗိုလ်ယက္ခ.. ဗိုလ်ယက္ခ.. ကြားဖူးသည်နှင့် ညီအောင် မာန်ကြီးလှပေတယ်။ ကျုပ်ကလည်း ဒါမျိုးမှ အားရတာ”
လူရွယ်က ပြောရင်း သူ၏ စစ်၀တ်စုံကို ချွတ်လိုက်သည်။ လူအများ ဟင်ခနဲ အာမေဋိတ်ပြုမိသွားကြ၏ ။ ကျစ်လျစ်သော ခန္ဓာကိုယ်ရှေ့ပိုင်းတွင် ဘီလူးခေါင်းပုံကို လှပဆန်းကြယ်စွာ ကနုတ်များစီ၍ ထိုးထားသည်မှာ မြင်ရသူတိုင်းအား နီရဲသော မျက်လုံးအစုံဖြင့် စားတော့ဝါးတော့မတတ် ကြည့်နေသယောင် ရှိ၏ ။
ကြည့်နေကြရင်းကပင် ဒေါသတကြီး ရန်လိုတိုက်ခိုက်တော့မယောင် အငွေ့ချောင်းချောင်းထနေသော မျက်လုံးများဖြင့် ဘီလူးမျက်နှာကြီးသည် ကြွတက်လာ၏ ။ ယခုမှပင် လက်ျာဘီလူး၏ အရယ်အပြုံးမဲ့ အေးစက်စက် ဟန်နှင့် ဘီလူးရုပ်မှာ မည်သည့်မျက်နှာက သက်ရှိ၊ မည်သူက သက်မဲ့လဲ မကွဲပြားတော့သလို။ သို့သော် သက်မဲ့မျက်နှာက လှုပ်ရှားလျက် စကားသံ ထွက်လာသည်။
"ဗိုလ်ယက္ခက စလို့ ကျုပ်ကို ယှဉ်နိုင်သူ ရှိရင် ခင်ဗျားတို့ တစ်ရွာလုံးကို ဘေးမဲ့ပေးမယ်၊ ကျုပ်နဲ့ မတုနိုင်ရင်တော့ ကျုပ်နောက်လိုက်ကြရမယ်၊ ဘယ်လိုလဲ"
လက်ျာဘီလူးက လက်ကမ်းလိုက်သည်။ တပ်သားတစ်ယောက်က လှံတိုတစ်ချောင်း ကမ်းလာသည်။ တစ်ဦးက ရှောက်သီးများ ခူးလာ၍ လေထဲ ပစ်မြှောက်လိုက်ရာ လက်ျာဘီလူးက လှံကို ဝှေ့ယမ်းကာ လေထဲခုန်တက်သွားသည်။ လျင်မြန်လှသော လှံချက်များ ရိပ်ကနဲရိပ်ကနဲ၊ ပြန်ကျလာသောအခါ လှံဖျားတွင် ရှောက်သီးအားလုံး သီတန်းနေ၏ ။
ရွာသားများထံမှ အာမေဋိတ်သံတချို့ ထွက်လာသည်။ သူက လှံကို ရှောက်သီးများ ခါချလျက် မန်ကျည်းပင်ကြီးတစ်ပင်ဆီသို့ လွှဲလွှတ်လိုက်သည်။ လှံသွား တစ်ဝက်ခန့်အထိ မန်ကျည်းပင်စည်ထဲ စူးနစ်သွားရာ သန်မာပုံရသော ရွာသားတစ်ဦးအား လှံကို ပြန်ယူလာရန် ခိုင်းသော်လည်း ဆွဲနှုတ်မရဖြင့် ကြာနေ၏ ။ ထိုသူ နှုတ်မရလေ၊ ကြည့်နေသူများ ကြောက်လာလေ ဖြစ်သည်။
ထို့နောက် ဘီလူးခေါင်းတပ် ဓားကို အိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ အကြိမ်ပေါင်းများစွာ မီးဆေးထားသည့် ဓားက ခိုပြာရောင် စိမ်းညို့မည်းမှောင်နေ၏ ။ ထိုဓားဖြင့် အိမ်တစ်အိမ်၏ အိမ်တိုင်ကို အသွားအပြန် ပိုင်းချလိုက်သည်။ အရာမယွင်း၊ ပြတ်ရှရာမျှ မထင်လေ။ စိတ်၀င်တစားကြည့်နေကြသော မျက်လုံးများက သူ့လှုပ်ရှားမှုကိုသာ အကဲခတ်နေသည်။ သူက ဓားကို အသာအယာပြန်သိမ်းပြီး အိမ်တိုင်ကို ခြေဖြင့် ခတ်လိုက်ရာ အိမ်တိုင်က စဉ့်နှီတုံးသဏ္ဍာန် အလယ်မှ အပိုင်းလိုက် တိတိရိရိ ပြတ်ပြီး ထွက်ကျလာသည်။ ရွာသားများ အံ့သြမင်သက်နေကြပြီးမှ သြဘာပေးကြလေသည်။
“မောင်ရင့် လက်စွမ်းကတော့ မင်းညီမင်းသားများအတိုင်းပါပဲ။ ကျုပ်တို့က အဲဒါတွေ မရပါဘူး။ အဲဒီလို ဓားကောင်းလည်း မရှိပါဘူး။ ဒါပေမယ့် လူချင်း ယှဉ်ပြိုင်တိုက်ခွင့် ရမယ်ဆိုရင်တော့ ကျုပ်တို့အကြောင်းကို သိစေချင်လှတယ်”
“သြော်... အလကားသက်သက် လူမဆုံးရှုံးရအောင် လက်သွေးပြတာပါ။ နောင်ကြီးက ကြည့်ချင်သပဆိုလည်း ကြိုက်သူကို ခေါ်ပါတော့”
လက်ျာဘီလူးက အခွင့်ပေးလိုက်သည်နှင့် ဗိုလ်ယက္ခက သူ့နောက်မှ လူနှစ်ယောက်ကို မျက်ရိပ်ပြလိုက်သည်။ လူထွားကြီးတစ်ယောက်၊ ညိုညိုပုပု လူတစ်ယောက် ထွက်လာသည်။ စစ်သည်တို့က အနှောင်အဖွဲ့များ လွှတ်၍ လက်နက်ရွေးစေသည်။ လူထွားကြီးကား ပုဆိန်ကြီးတစ်လက်ကို ရွေး၏ ။ နောက်တစ်ဦးက ဓားရှည်တစ်ချောင်းကို ဆရင်း စောင့်နေလေသည်။
“တစ်ယောက်ချင်း လုပ်မနေနဲ့။ အချိန်ပုပ်တယ်။ နှစ်ယောက်စလုံး ၀င်ခဲ့”
လူအုပ်အလယ်သို့ လျှောက်လာသော လက်ျာဘီလူးက ပြောလိုက်သည်။ ရွာသားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ရှေ့နောက်ပတ်ကာ နေရာယူလိုက်သည်မို့ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ကြမည်မှန်း လက်ျာဘီလူး ရိပ်မိလိုက်သည်။ သူတို့အဝင်ကို မစောင့်ဘဲ ဓားကိုင်လူ၏ နံဘေးသို့ ရုတ်ခြည်း ခုန်ပြီး ဇက်ကို ပိုင်းချလိုက်သည်။ ဓားကိုင်လူက အမြန်ကာလိုက်သော်လည်း ကာသောဓား ထက်ပိုင်းကျိုးလျက် ထိုသူလည်း ဖင်ထိုင်ကျသွား၏ ။
ထိုစဉ် လူထွားကြီးက ပုဆိန်ကို နောက်သို့ အားယူထားရင်း အလစ် ပြေးဝင်လာသည်။ လက်ျာဘီလူးက အေးဆေးစွာ လှည့်လာပြီး အားနှင့်ပင့်လိုက်သော ပုဆိန်ချက်ကို နောက်ခြေတစ်လှမ်းဆုတ်၍ ဘေးတိုက်ရှောင်ပေးလိုက်သည်။ ပုဆိန်သမားက လွန်သွားသော အားအတိုင်း လူကိုလှည့်၍ နောက်တစ်ကြိမ် ယမ်းလိုက်သောကြောင့် ခါးပေါ်၌ပင် ကိုယ်ကိုညွှတ်၍ ယိမ်းလိုက်ရသည်။
၂ ကြိမ်ဆက်တိုက် ခုတ်ပိုင်းပြီးသောအခါ လူထွားကြီး အနည်းငယ် တုံ့ဆိုင်းလျက် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပုဆိန်ကို အားယူလိုက်စဉ် ဓားဦးက ရင်ညွန့်ကို စူးသွား၏ ။ လက်ျာဘီလူးက ဗိုလ်ယက္ခကို တစ်ချက် ပြုံးကြည့်ပြီး
"နောင်ကြီးကိုယ်တိုင်ရော စမ်းဦးမလား"
ဗိုလ်ယက္ခ ထိုသူငယ်အား မနိုင်နိုင်ကြောင်း သဘောပေါက်လိုက်လေပြီ။ အလွန် မြန်ဆန် သွက်လက်၍ တိကျလှသော လက်ျာဘီလူးနှင့် ယှဉ်ပြိုင်ရန် မကြိုးစားတော့ဘဲ ခေါင်းငိုက်စိုက်ကျ စဉ်းစားနေသည်။ ထို့နောက် ဒူးထောက်လျက်
"ကျုပ် မင်းကို အထင်သေးမိတယ်။ အစကတော့ စည်းကြပ်လာရင် ခံတိုက်မယ်လို့ တိုင်ပင်ထားခဲ့ကြတယ်။ ခု ကျုပ်တို့ တစ်ရွာလုံး ထ တိုက်လည်း မောင်ရင့်ကို နိုင်မှာ မဟုတ်တာ သဘောပေါက်လိုက်ပြီ။ ဒီတော့ အလကား အသေခံမယ့်အစား တရုတ်တွေကို တိုက်ရင်းပဲ အသက်ကို စွန့်တော့မယ် မောင်ရင်။ မင်းလို သူငယ်ဆီမှာ အမှုထမ်းရတာလည်း ဂုဏ်တော့ မငယ်လှပါဘူးလေ"
သူ့နောက်မှ ရွာသားများလည်း အားလုံး ဒူးထောက်လာကြသည်။ သူတို့ရွာသည် အလွန်ညီညွတ်ပုံ ရ၏ ။ သူကြီးဖြစ်သော ဗိုလ်ယက္ခအမိန့်ကို အားလုံးက လိုက်နာကြဟန် ရှိသည်။
“ကဲ.. ကဲ၊ သူတို့အားလုံးကို ကြိုးဖြေပေးလိုက်ကြ။ တိုက်ပွဲဝင်ကြမယ့် သူတွေအတွက် သူတို့သားမယားတွေက ပြင်ဆင်စရာရှိတာ ပြင်ဆင်ပေးကြပါစေ။ ငါတို့ ရဲဘော်သစ်တွေ ခွန်အားမွေးထားကြပါစေ။ သူတို့ကို သစ္စာပေးပြီး သွေးသောက်ကြီး ဗိုလ်ယက္ခအောက်မှာပဲ အမှုတော်ကို ထမ်းကြဖို့ စီစဉ်ပေးလိုက်ပါ"
“ဟေး...”
သူ၏ ရဲမက်များက ဟစ်ကြွေးလိုက်ကြ၏ ။ ရဲဖော်ရဲဖက် ဖြစ်လာမည့် သူများအား ကြိုးဖြည်လျက် ဆွဲထူပေးလိုက်ကြရာ ရွာသားများကလည်း တူညီကြွေးကြော်လိုက်ကြသည်။
"ဟေး"
တစ်ခဏချင်းပင် သူတို့အားလုံး ပေါင်းစည်းသွားသလို ခံစားမိကြလေသည်။
(ဆက်ရန်...) ရာဇဂုမ္ဘာန် အပိုင်း(၂)
Written by သင်္ခရာဇာ
End date: October 19, 2021
No comments:
Post a Comment