သက်နှံတို့လည်း ရေချိုးတဲ့နေရာထိ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ချောင်းနဲ့ ယာ အတော်ဝေးတာပါ၊ သူတို့ကတော့ ကလေးဆိုတော့ ပူရမှန်းမသိ၊ ဝေးလို့ ဝေးမှန်းလည်းမသိ ရောက်သွားကြတာပဲ။
ငအေးကျော်ပြောတာ မှန်တယ်၊ လုလင်က ရေထဲမှာ စိမ်နေတုန်း။ သူတို့ အနောက်ကနေ တဖြည်းဖြည်း တိုးကပ်သွားရင်း ချောင်းကြည့်ကြတယ်။ အနာ ဘယ်နားမှာလဲ ဆိုတာ သိရရင် ရွာထဲမှာ ပြောစရာ စကားရပြီလေ။ ကြီးတော် ဦးမင်းတွေကတော့ မင်းတို့ အလွန်ကဲ ဆိုပြီး ဆူကြမှာ ကျိန်းသေပဲ။
နောက်က အသံကြားလို့ လူရွယ် လှည့်ကြည့်တယ်။ ကလေးတွေကို မြင်သွားတော့
"ငသက်နှံတို့ပါလား၊ ထမင်းထုပ် လာပို့တာလား"
လို့ လှမ်းမေးနေတယ်။
"ဟုတ်တယ် ကိုရင်၊ တဲမှာ မတွေ့လို့ လာကြည့်တာ"
"သြော်.. အေး အေး"
ပုံစံကတော့ အေးအေးဆေးဆေးပဲ။ 'လူကြီးတွေပါရင် ဒီပုံစံ မဟုတ်ဘူး၊ ကြောက်သလို ရွံ့သလိုနဲ့။ ငါတို့ ကလေးချည်းဆိုတော့ ဂရုတောင် မစိုက်ဘူး' လို့ အဖော်ပါလာတဲ့ မောင်ရှင်းလေးက တွေးနေလေရဲ့။ သူတွေးသလိုလည်း ဟုတ်မှာပါ။ လုလင်က ရေစိုပုဆိုးနဲ့ တက်လာပြီး သစ်ကိုင်းမှာ တင်ထားတဲ့ အဝတ်တွေ လဲနေတာ လှည့်တောင် မကြည့်ဘူး။
ညကျ သူတို့ရွာမှာ အလှူအကြောင်း မဟုတ်တဲ့ ပြောစရာတစ်ခု ရသွားတယ်။ ငသက်နှံတို့ အကလေးသုံးယောက် ရောဂါသည်ကို မကြောက်မလန့် သွားချောင်းကြတဲ့ အကြောင်းနဲ့ ရောဂါသည်ကိုယ်မှာ အနာမတွေ့ရဘဲ ဘီလူးရုပ်ကြီးတွေပဲ တွေ့ရကြောင်းပေါ့။
မိနှောက်တို့ ဝဲလင်းဆောင်မှာ ဗိုင်းကူဖိနေတဲ့ ငအောင်မျိုးက မောင်ရှင်းကို မေးလိုက်တာက..
"ဟေ့ ငရှင်းငယ်၊ သူ့ ဘီလူးရုပ်က ငါ့ဘီလူးရုပ်လောက် လှသလားကွဲ့"
ဆိုပဲ။ ငရှင်းကလည်း
"ကိုကြီးအောင်မျိုး ကျောက အရုပ်နဲ့ ဘာမှ မဆိုင်ပါဘူးဗျာ၊ တခြားစီပါ။ သူ့အရုပ်ကြီးတွေက ရုပ်ဆိုးလိုက်တာ လွန်ပါရော"
သူ့မင်ကြောင်ရုပ် လှတယ်ပြောလို့ ငအောင်မျိုး ကျေနပ်သွားတယ်။ ပြုံးပြုံးကြီးနဲ့
"ငါ့ပုံလို လက်ရာမမြောက်ဘူးလား"
လို့ ထပ်မေးနေတယ်။
"အဲဒါတော့ မသိဘူး၊ ကြောက်စရာကောင်းတာပဲ သိတယ်။ ရင်ဘတ်က အရုပ်ကဆို ပါးစပ်ကြီး ဖြဲထားပြီး ကိုက်တော့မလိုလို။ ကျောကုန်းကလည်း ဒေါသကို ချုပ်တီးထားရပုံမျိုး မချိမဆံ့ စိုက်ကြည့်နေသလိုပဲဗျ"
ဆိုတော့ ကာလသမီး ရှင်မင်းပုံက
"ဒါဆို အနာက ခါးအောက်ပိုင်းမှာ ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် ပြလို့မဖြစ်ပါဘူးလို့ ငြင်းငြင်းနေတာပေါ့"
သူတို့ ပွဲကျသွားကြတယ်။
"အနာသာ မရှိရင် တို့နဲ့ အရွယ်သိပ်မကွာဘူးကွ၊ ခြင်းခတ်ဖော် ပန်းဝှက်ဖော် ရမယ့်သူမျိုး"
လို့ တစ်ယောက်က ဆိုတယ်။ သူတို့ဟာ တကယ်တော့ ရွာကို ဧည့်သည်စောင်သည် အလာနည်းလွန်းလို့ မျှော်နေတတ်ကြတဲ့ သူတွေ။ တစ်နယ်တစ်ကျေးက ရောက်လာရင် ရွယ်တူမို့ ရန်သူလို့ သဘောမထား၊ အဖော်ရပြီး သူငယ်ချင်းတိုးပြီ ဆိုကာ ပျော်နေတတ်ကြတဲ့ အရိုးခံ ရွာသားတွေရယ်ပါ။
"ဒါနဲ့ ဧည့်သည်က ဘယ်သူတဲ့လဲ၊ ဘယ်ကလဲ"
"ငသက်နှံ ပြောတာတော့..."
ဆိုပြီး ငရှင်း စဥ်းစားနေသေးတယ်။
"နာမည်က ငစံ ဆိုလားပဲ။ မလည်ရွာဘက်က တဲ့"
"မလည်ဘက်ကဆို လူစွမ်းတွေ ရှိတဲ့အရပ်ပဲ"
"လူစွမ်းတွေ မဟုတ်ပါဘူးဟယ်၊ လူစွမ်းကောင်းက တစ်ယောက်တည်း မဟုတ်လား"
"မဟုတ်ဘူးဟ မင်းပုံရ၊ သူတို့ဆီက ကျောင်းသားတွေ တယ်လက်ညီဆိုကိုး။ ခေါင်းဆောင် ရှေ့က ဒေါင်ဆိုတာနဲ့ နောက်က ဗျိုးဗျိုးဗျတ်ဗျတ် နှက်ပြီးသားပဲတဲ့။ ပုန်ကန်ကြတော့လည်း တစ်အုပ်ကြီး တဲ့"
"အေးကွာ၊ သူတို့လို ငါတို့ နှစ်ကျောင်းလည်း ညီကြရင် သိပ်ကောင်းမှာပ။ ဘယ်သူ့မှ ကြောက်စရာမလိုဘူး"
"ဟေ့.. ဟေ့၊ မင်းစကားက အစွန်းမလွတ်ကွယ်။ တစ်ယောက်ယောက် ချောင်းနားထောင်နေပါ့မယ်"
သူ ဆိုလိုတာက ဗိုလ်ဇံသီးလူတွေ ရှိနေမှာကို ကြောက်ရတယ်လို့ ပြောချင်တာ။ အားလုံးက သဘောပေါက်ကြတယ်။ ငအောင်မျိုးတို့ကတော့ ဗိုလ်ဇံသီး အနိုင်ကျင့်သမျှကို မကြိုက်ဘူး၊ ဖြစ်နိုင်ရင် တစ်ခုခု လုပ်လိုက်ချင်တယ်။ ဟိုဘက်ကျောင်းက ငလှမောင်တို့ကလည်း အားမကိုးရဘူး။ တွေတွေငေးငေးနဲ့ သိပ်လေးတယ် လို့ ထင်တယ်။
"ခုတော့ ငလှမောင်တောင် လှုပ်တုပ်တုပ်ကွ။ သူ့ရည်စားသူနဲ့ ပတ်သက်လာတော့ သည်ကောင် မနေသာတော့ဘူး ဖြစ်မယ်"
"ငလှမောင်က လူအေး လူပျော့ပါ၊ သူ့ထက်စာရင် သင်းညီ လှဆောင် နဲ့ ရဲသူ တို့က စိတ်ထက်ဦးမယ်။ သူတို့ အရွယ်ရောက်အောင် စောင့်ရမှာပဲ"
"တောက်.. မလည်သားတွေ ဒီဘက် ရောက်လာရင် ကောင်းမှာ"
တစ်ယောက်က ထပြောတော့ ဝိုင်းကြည့်လိုက်ကြပြီး
"စွမ်းတဲ့သူက နေပြည်တော် ရောက်သွားပြီဆို"
"အေးလေ၊ ကျန်တဲ့သူတွေ ရောက်လာပြီး တို့နဲ့ လာပေါင်းရင် ကောင်းမယ် ပြောတာပါဟာ"
"ဟိတ်၊ သူများ အားကိုးမနေနဲ့။ ကိုယ့်ဘာသာ နိုင်ရင်လုပ်၊ ရဲရင်လုပ်။ မလုပ်နိုင်ရင် ရှိတာလေး ပြုတ်သွားမှာထက် ဇက်မပြုတ်ဖို့အရင် သတိထားကွဲ့"
"အေးပါကွာ"
သူတို့ပြောတာတွေကို လုံးစေ့ပတ်စေ့ မဟုတ်တောင် အတော်အတန် နားလည်နေပြီဖြစ်တဲ့ ဆယ့်တစ်နှစ်အရွယ် ငရှင်းလေးက နားထောင်ရင်း အံကို ကြိတ်လိုက်မိတယ်။
*
"ကိုရင်က နေ့လယ် ညနေတွေ ဘယ်ကို သွားသွားနေတာလဲဗျ"
ပေငါးဆယ်လောက် ရှိမယ့် ခရိုးတန်းလေးရဲ့ ဟိုဘက်သည်ဘက်မှာ ထိုင်နေကြရင်း ငသက်နှံက မေးလိုက်တာပါ။ သူက လက်ကိုင်တုတ်အဖြစ် သုံးတဲ့ ဝါးရင်းတုတ်နှစ်ချောင်းကို ဘေးမှာ ချရင်း..
"ဟိုရွာ ဒီရွာ အလည်အပတ် ဆိုပါတော့ကွာ။ ငါက ဒီမှာ အကြာကြီး နေလို့မှ မဖြစ်တာ"
ဆိုတော့ ထိပ်မှာ အဝတ်စတွေ ပတ်ထားတဲ့ တုတ်တိုတွေအပေါ် အာရုံရောက်နေတဲ့ ငအေးကျော်က
"ဖြစ်ပါတယ်ဗျ၊ လုလင်ကြီး နေချင်ရင် ကျုပ်တို့ ယာတဲက ရွာနဲ့ ပိုတောင် ဝေးသေးတယ်။ ဒီထက်လည်း အများကြီး ခိုင်တယ်"
လုလင်က ပြုံးလိုက်တယ်။ လာနိုင်မှာ မဟုတ်ပေမယ့် သူတို့အလှူကို လာဖိတ်ကြတဲ့ ကလေးတွေနဲ့ စကားလက်ဆုံ ကျနေတာပါ။ သည်သုံးကောင်လုံး ရှင်ပြုမယ့်အထဲ ပါသတဲ့။
"အလှူနေ့က သန်ဘက်ခါ ဟုတ်လား"
သူက စကားလမ်းကြောင်း ပြောင်းလိုက်တယ်။ သူ့ကို လုလင်ကြီး လို့ ခေါ်တတ်တဲ့ ငအေးကျော်ကပဲ ခေါင်းညိတ်ပြီး
"ကျုပ်ကတော့ ဘာဖြစ်ဖြစ် ခင်ဗျားကို လာစေချင်တယ်ဗျ။ ရောဂါက အဆိုးကြီးမှ မဟုတ်တာဘဲ။ ခင်ဗျား လုံလုံခြုံခြုံလေး ဝတ်လာပေါ့"
ငအေးကျော်က အခြားအဓိပ္ပါယ်နဲ့ ပြောလိုက်တာ ဖြစ်ပေမယ့် တစ်မျိုးကြီး ဖြစ်နေလို့ သူ ရယ်မိတယ်။ သူ့ကိုယ်သူလည်း ပြန်ငုံ့ကြည့်ရသေးတယ်။
"လာလို့ဖြစ် မထင်ပါဘူးကွာ၊ ငါ အလှူအတွက် ထင်းတွေ ရှာထားလိုက်မယ်လို့ပဲ ဦးဘိုးရင်တို့ကို ပြောလိုက်ပါ"
"လူစဲတဲ့အခါ ပုန်းပြီး လာခဲ့ပါလား"
ငသက်နှံက ရှည်နေသေးတယ်။ ဒီသုံးကောင်ကတော့ သူ့ကို အတော်ခင်ကြပါရဲ့။
"ဟုတ်တယ်၊ လူကောင်းလို ရုပ်ဖျက်ပြီး လာပေါ့"
ငရှင်း စကားကြောင့် သူ ထပ်ပြုံးမိပြန်ရော။
"ငါ့ကို လူတွေ မမှတ်မိအောင် စစ်သည်ရဲမက်ပုံစံမျိုး ပြင်ဆင်ပြီး မြင်းကြီးစီး ဝင်လာရမှာလား"
"ဟာ.. ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်တော် မြင်းငှားပေးရမလား ကိုရင်ငစံ"
"မလုပ်ပါနဲ့ကွာ၊ စကားအဖြစ် ပြောတာပါ"
"ဟုတ်တယ်ဗျ။ ကိုရင်သာ စစ်သည်တော်ကြီး ဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ဗိုလ်ဇံသီးကို ကောင်းကောင်းကြီး ဆုံးမပြီး ဖမ်းဆီး ခေါ်သွားမှာပဲ"
"ဟဲ့.. မောင်ရှင်းရဲ့၊ ငါ့တစ်ယောက်တည်း သူတို့ကို ဘယ်နိုင်ပါ့မလဲ"
"အို.. တစ်ယောက်တည်း မဟုတ်ပါဘူး။ ဦးဆောင်မယ့်သူသာ ရှိရင် ရွာက ကာလသားတွေ ပါကြမှာ အများကြီး ရှိတယ်။ ခုတောင် ပြန်ချချင်နေကြတာ၊ သူတို့ကြောင့် ကျွန်တော်တို့ ရှင်ပြုပွဲ ပျက်ချင် ပျက်ရမှာ"
"ဘယ်လို.."
သူငယ်သုံးဦးသား သူတို့ရွာ အခက်အခဲကို ရှင်းပြကြတာ ကြားရတော့ လုလင် စိတ်မကောင်းဖြစ်သွားတယ်။ ကလေးတွေ ပြန်သွားတဲ့နောက် တော်တော်ကြာတဲ့အထိ ငိုင်နေရဲ့။ ညနေဘက်ကျတော့ တောက ပြန်လာတဲ့ သူတွေဟာ လုလင်တစ်ယောက်တည်း သစ်ပင်ခြောက်တွေကို တဖြောင်းဖြောင်း ကန်ချိုးနေတာ တွေ့ကြရတယ်။
အရီးအေးဘုံကဆို 'ဟဲ့.. ရောဂါသည်သာ ဆိုတယ်၊ တယ်လည်း သန်မာပါလားအေ့' လို့ ပြောယူရတယ်။ ဒွေးမယ်စိန်ကလည်း
"သြော်.. နာတာရှည်ရောဂါမှ မဟုတ်တာအေ။ အနာကွက်ကလေးပေါ်တာ လူက ဘာဖြစ်ရမှာလဲ"
ခပ်လှမ်းလှမ်း လူသွားလမ်းကလေးကနေ ဖြတ်လျှောက်သွားကြရင်း ပြောသွားကြတာပါ။ မိဆုပ်က မျှော်ကြည့်တဲ့ပြီး
"လူပုံကလည်း သေးသေးကျစ်ကျစ်နဲ့များနော်။ မီးလောင်ငုတ်တွေကို ချိုးထားလိုက်တာမှ အများကြီး၊ မွန်းဘိုးရင်ကြီးတို့တော့ ပေါက်ပြားကိုင်ရလွတ်သွားပြီ"
ယာလုပ်ဖို့ အပင်ငယ်တွေ မီးရှို့ပြီး မြေသြဇာချထားတဲ့ အကွက်ထဲမှာ ကျန်နေတဲ့ သစ်ပင်ခြောက်တွေကို ကန်လှဲ ချိုးယူနေတဲ့ လူရွယ်ကတော့ တစ်ချက်ပဲ လှမ်းကြည့် ပြုံးပြပြီး စိတ်ပါလက်ပါ ဆက်ဖြိုနေတုန်း။ မိန်းမကြီးတွေ မိန်းမငယ်တွေ ယာရှင်အခင်းရှင် သူရင်းငှားတွေ တစ်သုတ်ပြီး တစ်သုတ် ဖြတ်သွားကြသလို သူစုထားတဲ့ ထင်းပုံကြီးလည်း ဟီးထလာတယ်။
နောက်တစ်နေ့ နံနက် တောင်ယာလုပ်ငန်းခွင် သွားကြတော့ လူစိမ်းရဲ့ အရိပ်အယောင် ပျောက်နေတယ်။ တဲအိုကလေးဟာလည်း ငြိမ်သက်လို့။ ထမင်းထုပ်ပို့တဲ့ ငသက်နှံတို့လည်း မတွေ့ခဲ့ကြဘူး။ ညနေ အလုပ်သိမ်းလို့ ပြန်ကြတဲ့ထိအောင် ပျောက်ချက်သား ကောင်းနေတာပါ။ ဒွေးလေးမယ်စိန်ကဆို သူထွက်သွားပြီလို့တောင် ထင်နေတယ်။
အဲဒီညမှာ...
(ဆက်ရန်..) တစ်ကိုယ်တည်းစစ်သည်တော် (၃)
Written by သင်္ခရာဇာ
End date: February 17, 2022
No comments:
Post a Comment