"မြန်လိုက်ထာဗျာတို့၊ လူနဲ့တောင် မတူဘူး"
"ကိုဘိုးရင်တို့ ယာဘက်ကနေ လာတာနော်.. ဟုတ်လား"
ဦးခင်က ဖြတ်မေးတယ်။
"ဟုတ်သဗျ၊ တောင်သုံးဆင့်ဘက်ကို သွားတာ။ ဓားပြတွေလား ငဇံသီးလူတွေလား မဆိုနိုင်ဘူး။ ကျုပ်တော့ မျက်ခုံးခပ်လှုပ်လှုပ်ပဲ"
သူ့စကားကြောင့် နားထောင်နေကြသူတွေ ရင်လေးသွားကြတယ်။
"ကျုပ်လည်း ထူးခြားတာ ပြောရဦးမယ်။ မနက်စောစောက ချောင်းထဲကို ခင်ဗျာ့လူ ပုံစံနဲ့ တစ်ယောက် ဆင်းသွားတာ တွေ့လိုက်ရလို့။ သူကတော့ ကျုပ်ကို မမြင်ဘူး။ ကျုပ် မန်ကျည်းရွက်နု တက်ခူးနေတုန်း ဝုန်းဆို ရေသံကြားလို့ ကြည့်တော့ ရေထဲမှာ သွေးလို အနီရောင်တွေကြားက ဆံပင်ဖားလျားနဲ့ လူတစ်ယောက် ပေါ်လာတယ်"
"တယ်လည်း ဆန်းကြယ်ပါ့လားဗျာ့"
"ဆန်းဆို သူ့မျက်နှာက နူနာသည်နဲ့ တူလို့ ကြည့်နေတုန်းမှာ အဲဒီဘက် တက်သွားတာ တွေ့လိုက်ရတာပဲ"
"သင်းက ညကြီးအချိန်မတော် ပြေးလွှားနေပြီး အစောကြီး ပြန်လာတယ် ဆိုတော့ ဘာတွေ လုပ်နေပါလိမ့်.. ဘုရား ဘုရား"
"ဗိုလ်ဇံသီးတို့ လူများလားဟရို့"
"တို့အလှူကို ဓားပြတိုက်ဖို့ စနည်းနာလာတာနေမှာ"
နဂိုကမှ တထိတ်ထိတ် ဖြစ်နေကြရတဲ့အထဲ သူ့စကားကြောင့် ပိုစိုးရိမ်သွားကြပြီး ရွာလူကြီးတွေ မျက်နှာပျက်ကုန်ကြပါလေရော။
အလှူကို ချူသံတချွင်ချွင်နဲ့ တစ်ဖက်ရွာက လှည်းယဉ်တွေ ဝင်လာကြလို့ ဆီးကြ ကြိုကြ နေရာချထားကြနဲ့ ရွာသားတွေ အလုပ်များသွားကြတယ်။
"ကိုကောင်းစည်တို့များ နောက်ကျလိုက်တာဗျာ.. ခုမှ လာကြတယ်။ စောစောလေးကတည်းက မျှော်နေတာ"
"အို.. ကိုဖိုးသာရဲ့။ ကျုပ်တို့သား အောက်ပြည်ရွာ လှေထိုးလိုက်သွားတာ ခုမနက်မှ ပြန်ရောက်လာလို့ နောက်ကျသွားရပါသော်ကော"
"အငယ်ကောင်လား၊ ကျန်းကျန်းမာမာ ရှိရဲ့လား"
"ကျန်းမာပေမယ့် တစ်ခုခုကို သွေးပျက်လာတယ်နဲ့ တူပါရဲ့။ အလှူလိုက်ခဲ့ပါ ဆိုတာ ဘယ်လိုမှ ခေါ်မရခဲ့ဘူးဗျာ.. ကိုင်း။ အပြင် မထွက်ချင်ဘူး ဆိုလို့ အိမ်စောင့်ထားခဲ့ရတယ်"
"ဗျို့.. မောင်စည်၊ ငါ့သားလည်း အတူတူပဲကွ။ အစောကြီး ရောက်လာပြီး အမူအရာ ပျက်နေတယ်။ ဒီနယ်ကို စစ်သည်တွေ ရောက်နေသလား လို့လည်း ထူးထူးဆန်းဆန်း မေးသကွ"
လှည်းယဉ်ကျော့ကို နွားဖြုတ်နေတဲ့ ဦးကြီးမော်က လှမ်းပြောတော့ သူတို့ရွာသားတွေ စိတ်ဝင်စားမိကြတယ်။
"စစ်သည်တွေ လာကြလိမ့်မယ် ကြားလို့လားဗျို"
"မကြားမိပါဘူး မောင်ရာ၊ သူတို့တော့ ဘယ်က ကြားလာလဲ မသိ။ လာတော့ရော ဘာဖြစ်သေးလဲ.. သာကောင်းတာပေါ့ဟ"
အဲဒီတုန်းမှာ ကန်သုံးဆင့်ဘက်က လှည်းတွေ ထပ်ရောက်လာကြပြန်တယ်။ အမယ်.. သူတို့က အတီးအမှုတ်နဲ့ ကခုန်လိုက်ပါလာကြတာဗျ။ ဘာတွေများ ဒီလောက် ပျော်နေကြပါလိမ့် မေးမြန်းကြတော့..
"ဟိတ်.. မင်းတို့ မကြားသေးဘူးလား။ ဓားပြဗိုလ် ငဇံသီးအကောင် ရေနဲ့ မျောလာလို့တဲ့ဟေ့။ တို့ ကန်သုံးဆင့် ဘေးရွာမှာ လာတင်နေသတဲ့။ တုတ်တစ်ချောင်း စိုက်လို့ဆိုပကော"
"ဟယ်"
ဆိုတဲ့ အသံကြီးက အလှူတစ်ခွင်လုံး ဟိန်းထွက်သွားတယ်။ ဝမ်းသာအားရနဲ့ ကန်သုံးဆင့် လှည်းတွေနား ပြေးလာကြတဲ့သူတွေမှ မနည်းမနော။ အဲဒီသတင်းကို အလုအယက် နားထောင်ချင်နေကြတာ။
"ဒါတင် ဘယ်ကဦးမလဲ၊ တို့ရွာက မိပန်းလေးလည်း ပြန်ရောက်လို့ မေးမြန်းကြတော့ သူကိုယ်တိုင် ငဇံသီးကို ဝါးချွန်နဲ့ စီရင်ပစ်ခဲ့တယ် ပြောပါရော"
"အိုး.. မိပန်းက အာဂသတ္တိခဲမလေးပဲ"
"ဒီလိုဆို သူရဲကောင်း မိပန်းကို တို့ရွာတွေ အားလုံး စုပြီး ဂုဏ်ပြု ချီးမြှောက်ကြရအောင်ဟေ့"
"ဝေးးးးးး"
သူတို့ အတော်ပျော်နေကြတာပါ။ တစ်ယောက်တစ်ပေါက် ဆူညံနေကြလို့ ကန်သုံးဆင့်က ဦးမင်းမှာ မပြောသာဘဲ လက်ကာ ရပ်နေရသေး။ နောက်မှ
"နေကြပါဦး၊ ဗိုလ်ဇံသီးကို မိပန်းလေးကိုယ်တိုင် သတ်လိုက်ရတာ ဆိုပေတဲ့ တကယ်တမ်း လာလုပ်ကြံတာက လူတစ်ယောက်တဲ့"
"ဟုတ်လား"
"တစ်ယောက်.. ဟုတ်လား"
"ဟုတ်တယ်၊ တစ်ယောက်တည်း တဲ့"
ဒီမှာတင်ပဲ တစ်ယောက်တစ်ပေါက် ဆူညံသွားကြပြန်လို့ မနည်း ထိန်းနေရတယ်။ အလှူရှင် သူကြီးကိုယ်တိုင် ရောက်လာပြီး ငြိမ်ခိုင်းမှ ရတယ်။ မိပန်းလေးဆီက သိရသလောက်ကို ပြန်ပြောပြလိုက်တော့ အားလုံး ရင်သပ်ရှုမောကြရပြီ။ ငအောင်မျိုးတို့ဆို အားရလွန်းလို့တဲ့၊ တောက်တခေါက်ခေါက်။
လှလှကလေး ပြင်ဆင်ထားတဲ့ ဦးဘိုးရင်သမီးအကြီးမ လက်ကလေးကို မဆီမဆိုင် ဖျစ်ညှစ်ရင်း တအားပျော်နေတာက ဘယ်သူရှိရမလဲ၊ လှမောင်ကြီးပေါ့။ ဒေါ်ရွှေတုတ် ရှေ့မှာတောင် သတိလွတ်ပြီး ကောင်မလေးလက်ကို ဆွဲနေမိတာ။
"အဲဒါ ဘယ်သူများလဲဗျာ၊ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်တို့ရွာ အလှူနေ့မှာ အမင်္ဂလာတုံးကြီးကို လက်စသတ်ပေးလိုက်တာ ကျေးဇူးတင်လွန်းလို့ ရွာဦးကျောင်းတင်ပြီး အခန့်သား ကျွေးထားလိုက်ချင်ပါရဲ့"
အလှူ့ဒကာထဲ ပါတဲ့ ဦးဘိုးရင်ကလည်း ပြုံးပြုံးကြီးနဲ့ ဝင်ပြောတယ်။
"ငါကတော့ ကျွေးထားရုံတင် မကဘူး၊ ဒီလိုလူမျိုးကို ငါ့သမီးတွေထဲက ကြိုက်ရာယူစမ်း ဆိုပြီး အိမ်ဦးခန်းတင်ထားမှာဗျ။ တကယ့် သတ္တိကောင်းပဲ၊ ရွာထဲမှာပဲ ကျယ်နေတဲ့ ရွာကျယ်မျိုး မဟုတ်ပေဘူး"
လို့ သူ့သမီးလက်ကို မလွှတ်တဲ့ လှမောင်ကို စောင်းပြောလိုက်တယ်။ လူတွေရှေ့မို့ ပြောမကောင်းလို့ ပတ်တွယ်လိုက်ကြောင်း သိတဲ့ လှမောင်လည်း ရှက်သွားပြီး လက်ကိုလွှတ်ချ၊ တစ်ချိုးတည်း လစ်ပြေးပါလေရော။
"အယ်.. ကျုပ်သမီး ဆိုမှ သတိရတယ်။ အလတ်မရော.. ကောင်မလေး မတွေ့မိဘူး ပျောက်နေတယ်"
ဒေါ်ရွှေတုတ်က အထိတ်တလန့် ထမေးလို့ ဦးဘိုးရင်က လှည့်ပြီး
"ဟြယ်.. မတုတ်ကယ်၊ ငါ ဟိုကောင်လေးကို ထမင်းထုပ် သွားပို့ခိုင်းလိုက်တာပါဟ။ ခမျာ ရွာထဲလည်း မလာရ၊ သားငယ်လည်း လာမပို့တော့ ဆာနေမစိုးလို့"
အဲဒီအထိ သူတို့ကျေးဇူးရှင်နဲ့ ကိုယ်မသန့်တဲ့ ကောင်လေးကို တွဲမမြင်ကြသေးဘူး။ သီးခြားစီပဲ ထင်နေကြတုန်း။ အလတ်မကတော့ မသွားချင် သွားချင် ကြောက်ကြောက်ရွံ့ရွံ့နဲ့ပဲ မဝံ့မရဲ ယာထဲဆီ သွားရတယ်။ သူတို့ယာနား အရောက်မှာတော့ ပါးစပ်အဟောင်းသား ဖြစ်သွားရှာတယ်။
တဲရှေ့မှာ မြင်းနှစ်စီး ချည်ထားပြီး လူတစ်ယောက်လည်း ရောက်နေရဲ့။ အဲဒီလူက ရောဂါသည်ကိုယ်တော်ချောကို အင်္ကျီဝတ်ပေးနေတာ။ မြင်နေကျ ဦးပေါင်းထုပ်ကြီးကြီးနဲ့ မဟုတ်ဘဲ စစ်သူကြီးတစ်ဦးလို ဆံထုံးကို သပ်သပ်ရပ်ရပ် ကျစ်လျစ်စွာ ထုံးထားလို့ လူမှားချင်စရာတောင် ဖြစ်နေတဲ့ ကိုယ်တော်က သူ့ကို ကျောပေးရပ်နေဆဲ။ သူကလည်း အံ့သြပြီး အဝေးက ငေးနေဆဲ။
"ခွင့်ရက်ထက် နောက်ကျနေလို့ အမိန့်စာတွေ ဘာတွေ ရောက်သေးလားကွ"
ကိုနူနာက မေးလိုက်တာပါ။ လူစိမ်းက
"မရောက်လာသေးပါဘူး၊ မေးတော့ မေးနေတယ်လို့ ဦးတွန်က ပြောတယ်" လို့ ဖြေတယ်။ လုံမလေးလည်း နားမလည်ဘဲ အူကြောင်ကြောင် ရပ်ကြည့်နေတယ်။
"မင်း သွားနှင့်ကွာ။ ငါ ရွာထဲကို အကြွေးရှိလို့ ဝင်လိုက်ဦးမယ်။ သြော်.. မီးငြှိမ်းလိုက်ပါဦး ငကံ"
ပြောပြောဆိုဆို လှည့်လာတဲ့ လူရွယ်ဟာ လုံမလေးကို မြင်ပြီး အမ်းတမ်းတမ်း ဖြစ်သွားတယ်။ ခြေလှမ်းတုံ့သွားပြီးမှ သွားဖြဲပြတယ်။ အရင်ကနဲ့ လုံးဝ မတူ၊ အမြင်ချင်း တခြားစီ ဖြစ်နေလို့ သူငယ်မက မမြင်ဖူးသလို ကြည့်နေတုန်း။
"အဟဲ.. ထမင်းလာပို့တာလား အမိ"
"ဟုတ်တယ်"
"ဟင်းကောင်းရဲ့လား.. ပေးလေ"
ဆိုပြီး အနားတိုးကပ်သွားတော့ နောက်ကို တွန့်သွားတယ်။ ဒီတော့မှ သူလည်း သတိရပြီး ပြုံးရင်း
"ဟေ့.. ငကံရေ၊ ထမင်းထုပ် လာယူလိုက်စမ်းပါ"
သူကတော့ မြင်းတွေဆီ ဆင်းသွားပြီ။ မြင်းနီနီချောချောကြီးကို ပွတ်သပ်ပြီး ဝဲခနဲ တက်သွားပုံဟာ လှလွန်းလို့ လုံမကလေး မျက်လုံးပြူးသွားမိတယ်။ ရွှေချည်ထိုး ပုဆိုးနဲ့၊ အောက်ခံဘောင်းဘီအနီနဲ့ မင်းသားတစ်ပါးလို ခန့်ညားနေတဲ့ သူကတော့ စောင်းငဲ့ပြီးတောင် မကြည့်ပါဘူး။
"ကျုပ်ကတော့ လူကောင်းပါ၊ ဘာမှ မရှိဘူးလို့ သူက ပြောတယ်"
ထမင်းထုပ်ကို လက်ကမ်းလာတဲ့ ငကံရဲ့ စကားကလည်း ဘယ်လိုကြီးမှန်း မသိဘူး။ ဟိုတစ်ယောက်ကတော့ မြင်းစီးပြီး ရွာထဲ ဝင်သွားပြီ။ ဘာတွေ ဖြစ်နေမှန်း မသိတဲ့ သူငယ်မလေးကို ငကံက အူကြောင်ကြောင်အပြုံးကြီး ပြုံးပြလိုက်သေး။
မောင်ရင်လောင်းလေးတွေဟာ ထီးဖြူအုပ်မိုး လှည့်လည်နတ်ပြပြီးလို့ သင်္ကန်းတောင်းပြီးနောက် ကျောင်းပေါ်မှာ နီနီရဲရဲ လှုပ်လှုပ်ရွရွ ရှိနေကြတယ်။ ကိုရင်သက်နှံတို့တစ်တွေ ကျောင်းကဲလား ပြတင်းကနေ အပြင်ကို မျှော်ကြည့်နေကြချိန် မြင်းနီတစ်စီးနဲ့ ဘုရင့်စစ်သည်တော်တစ်ဦး ဝင်လာလို့ ဝိုင်းကြည့်လိုက်ကြတယ်။
"ဟာ.. ကိုရင်ငစံကြီးပါ့ရော"
ဘယ်သူ့ကိုမှ မကြည့်ဘဲ ကလေးတွေကိုပဲ ပြုံးပြရင်း ဝင်လာတဲ့ လုလင်က မြင်းပေါ်ကနေ တစ်စုံတစ်ခု မြှောက်ပြတယ်။ ရွှံ့နဲ့လုပ်ထားတဲ့ ဘီလူးရုပ်ကလေးမှန်း ကိုရင်လေးတွေ သိလိုက်ကြရဲ့။
"လုလင်ကြီးက တကယ် စစ်သည်ကြီးလို ဝတ်စားလာတာပါလားဗျ"
"အေးပေါ့.. ဒါမှ ရွာထဲ ဝင်လို့ရမှာပ"
"မြင်းကြီးကရော ဘယ်က ငှားလာတာလဲဗျ၊ လှလိုက်တာ"
"ဟေ့ကောင်၊ လှလိုက်တာလို့ မပြောရဘူး။ သပ္ပါယ်တယ်လို့ ပြောရတယ်ကွ။ ခုနကပဲ ဘုန်းဘုန်းကြီး ပြောထားတာကို၊ အဘ အမလည်း မခေါ်ရတော့ဘူး။ ခမည်းတော်ကြီး မယ်တော်ကြီးလို့ သုံးရမတဲ့"
"ငါသိပါတယ်ကွ၊ မေ့ပြောမိတာပါ"
မြင်းစီးလုလင်က ပြုံးပြီး
"ရွှေဘိုက ငှားလိုက်တာ မောင်တို့"
"ကျုပ်တို့လည်း တင်ဗျာ"
"အလိုလေး၊ မလုပ်လိုက်ပါနဲ့။ အေးအေးငြိမ်ငြိမ် နေကြစမ်းပါ။ ကိုရင်က ခမည်းတော်ကြီး ဦးဘိုးရင်ကို ဒီအထုပ်ကလေး ပေးပေးပါ။ မင်းတို့ အလှူအတွက် လို့..နော်"
"ကျောင်းပေါ်တက်ခဲ့ဦးလေ၊ ခင်ဗျားကို ဟိုရောဂါသည်လို့ ဘယ်သူမှ မရိပ်မိပါဘူး"
"ဟဟ.. မတက်တော့ပါဘူး။ ငါ သွားစရာ ရှိသေးတယ်"
"ပြန်လာမှာလား"
သူက ပြုံးပြလိုက်တယ်။ မြင်းကို တစ်ပတ်လှည့်လိုက်တော့ ဝိုင်းကြည့်နေသူတွေကို မြင်လို့
"သွားဦးမှ သင့်မယ်ကွ၊ ကြာကြာနေလို့ မကောင်းဘူး"
"မနက်က လာတော့ ပေါင်မှာ သွေးတွေ၊ ဘာဖြစ်တာလဲ ကိုရင်ငစံ"
ကိုရင်သက်နှံက လေရှည်နေလို့ စောင်းငဲ့ကြည့်ပြီး
"ကိုယ့်တုတ်နဲ့ကိုယ် ခိုက်မိတာပါကွာ"
လို့ ဖြေရင်း ကျောင်းထဲက ထွက်သွားရော။ ခဏကြာတော့ ငွေစအများအပြားပါတဲ့ အထုပ်ကလေး ကိုင်ရင်း ရပ်ကျန်နေခဲ့တဲ့ ကိုရင်လေးဆီ လူကြီးတချို့ ပြေးလာကြပြီး
"ကိုယ်မသန့်တဲ့သူ ဒီကို လာသွားသေးတယ်ဆို"
"ကိုယ်မသန့်တဲ့သူ.. မလာပါဘူး"
"ကိုရင့် လက်ထဲက ဘာလဲ"
"ဒကာကြီး ဦးဘိုးရင်ကို ပေးဖို့.. တဲ့"
"ဘယ်သူက ပေးခဲ့တာလဲဘုရား"
"စစ်သည်တော်တစ်ဦးပဲ၊ မြင်းကြီးနဲ့"
"စစ်သည်တော် ဟုတ်လား၊ အခု ဘယ်ရောက်သွားလဲ"
"ပြန်သွားပြီလေ"
"ဘာ.. ပျံသွားတယ်"
"ဒီမောင်ရင်လေးတော့ ပေါက်တတ်ကရတွေ လျှောက်ပြောနေတာနဲ့ တူတယ်"
လူကြီးတွေ ကျောင်းပေါ် တက်သွားကြတော့မှ ကိုရင်က သင်္ကန်းထဲ ဝှက်ထားတဲ့ လက်ကို ဖြန့်ကြည့်လိုက်ပြီး
"ဘီလူးကလည်း သန်လျက်နဲ့ မဟုတ်ပါလား"
ကျောင်းလှေကားလက်ရန်းကနေ လျှောစီးပြီးဆင်းလာတဲ့ ကိုရင်ငရှင်းက
"မင်းတို့ယာတဲမှာ သန်လျက်မှ မရှိတာဘဲ"
ဆိုတော့ ကိုရင်အေးကျော်ကလည်း
"ငါပြောသားပဲ၊ တို့ယာတဲနားမှာဆို သန်လျက်ပင် ရှိတယ်ကွ"
"သန်လျက်ပင်လို့ မရှိပါဘူး ငဖြီးရာ"
"ရှိတာပေါ့၊ သူပြန်လာရင် တို့ဆီမှာ နေခိုင်းမယ်ကွာ။ ငါ့အတွက်လည်း သိကြားရုပ်ကလေး လုပ်ခိုင်းရမယ်"
ကိုရင်သုံးပါး တိုးတိုးကြိတ်ကြိတ်နဲ့ ကျောင်းအောက် ဝင်သွားကြတယ်။ လူတွေ စုံနေပြီဖြစ်တဲ့ သူကြီးအိမ်ရှေ့ အလှူမဏ္ဍပ်မှာ ဆူညံပွက်လောရိုက်နေကြသလောက် ယာတဲက မီးပုံလေးဟာ အငွေ့တလူလူ အူထွက်နေပြီး တဲတိုင်မှာ မှီထောင်ခဲ့တဲ့ ဝါးချွန်တစ်ချောင်းကလည်း သွေးစတချို့နဲ့အတူ ငြိမ်သက်စွာ ကျန်ခဲ့တယ်။
Written by သင်္ခရာဇာ
End date: February 17, 2022
No comments:
Post a Comment