ကြံခင်း စောင့်အိပ်တဲ့ ဦးကြီးဘကိုးဟာ အခင်းထဲက တရွှမ်းရွှမ်း ဖြတ်ပြေးလာသံကြားလို့ တောဝက်လား ဆိုပြီး ထ ကြည့်တယ်။ အသံတွေ နီးလာပြီး ကြံခင်း တစ်ကွက်နဲ့ တစ်ကွက်ကြား ခုန်ကူးသွားတာက ဆံပင်ရှည်ကြီးနဲ့ လူတစ်ယောက်။ လရောင်မှာ ရိပ်ခနဲသာ မြင်လိုက်ရပေမယ့် သရဲတစ္ဆေ မဟုတ်ကြောင်းတော့ သေချာသိလိုက်ရဲ့။ လက်မှာ တုတ်တိုနှစ်ချောင်း ကိုင်ထားတာ တွေ့လိုက်သကိုး။
လှမ်းအော်လိုက်ဖို့ စဥ်းစားမိပေမယ့် အံ့သြနေမိတာနဲ့ အခင်းတိုးသွားတဲ့ အသံက ရုတ်ခြည်းဆိုသလို ဝေးသွားပြီ။ အလွန်လျင်မြန်နဲ့ အရှိန်နဲ့ ပြေးလွှားသွားတာ မရပ်မနား၊ ခိုးသူလည်းမဟုတ် လိုက်သူလည်း မပါမို့ အသံကြားရာဘက်ကို ကြည့်ရင်းပဲ မင်သက် ကျန်ခဲ့ရတယ်။
တောင်သုံးဆင့်ရဲ့ အလယ်တောင်ဟာ အမြင့်ဆုံးဖြစ်ပြီး မြူခိုးတွေ ရစ်ဆိုင်း သိုင်းခြုံထားတယ်။ အအေးဓာတ်ကြောင့် တောင်ထိပ်နားက စခန်းမှာ မီးပုံတွေ ပတ်လည် ဖိုထားရတယ်။ တဖျစ်ဖျစ် မီးတောက်သံကလွဲလို့ အခြားအသံတွေ တိတ်ကုန်ပြီ။ သန်းကောင်ယံမို့ အားလုံး အိပ်နေကြချိန် အသံကြီး တစ်သံက တစ်လုံးတည်းသော ဝါးအိမ်ရှေ့တည့်တည့်ကနေ ထွက်ပေါ်လာတယ်။
"ငဇံသီး..၊ ဟေ့.. ငဇံသီး"
ကျယ်လောင်တဲ့ အသံကြောင့် အင်ဖက်မိုး အိမ်တွေ ထန်းလက်ကာ တဲလေးတွေ လှုပ်ယမ်းသွားကြသလို ဝါးခြမ်းတွေနဲ့ ဆောက်ထားပြီး အခြားတဲတွေနဲ့မတူ တံခါးပေါက်တပ်ထားတဲ့ အိမ်ထဲကလည်း အသံတချို့ ကြားရတယ်။ ပြီးတော့
"ဘယ်သူလဲကွ"
"ဓားပြဗိုလ် ငဇံသီးနဲ့ တွေ့ချင်လို့ကွ"
အပြင်က ရိုင်းပျတဲ့ စကားကြောင့် ဝါးအိမ်လေး သိမ့်ခနဲ လှုပ်သွားတယ်တောင် ထင်ရတယ်။ ချက်ချင်း တံခါးပွင့်သွားပြီး လူတစ်ယောက် လှံကြီးဆွဲ ထွက်လာပါလေရော။ အခြားတဲတွေထဲကလည်း လူတွေ ပြေးထွက်လာကြပြီး အသံရှင်ကို ဝိုင်းထားလိုက်ကြပြီ။
အသံရှင်က ချွေးသံရွှဲရွှဲနဲ့ လူရွယ်တစ်ယောက်၊ အနည်းငယ် မောနေပုံလည်း ရတယ်။ လက်ထဲမှာ ဝါးလုံးတိုနှစ်ချောင်းသာ ကိုင်ထားတယ်။ ရှေ့ကို ခပ်စိုက်စိုက် ကြက်ခြေခတ်ချထားပြီး ထိပ်တွေဟာ ချွန်မြမြ။
"နင်က ဘာလဲ၊ ရွှေဘိုသားလား"
လှံကိုင်ထားတဲ့ အသားနက်နက်၊ ဗိုက်ခပ်ရွှဲရွှဲ ရုပ်ရည်ကြမ်းကြမ်း လူက သူ့ဝါးချွန်တွေကို ကြည့်ပြီး မေးလိုက်တာ။
"မဟုတ်ဘူး"
"ဒါဆို ဘာကိစ္စလဲ ငတောသား"
"ခင်ဗျားကို အပြတ်ရှင်းဖို့ လာတာ"
"အံမယ်.."
ဆိုတဲ့ပြီး ဗိုလ်ဇံသီးက သူ့လူတွေကို လှည့်ပတ်ကြည့်ရင်း ရယ်လိုက်တော့ အားလုံးလိုလို ရယ်လိုက်ကြရော။ လုလင်ကတော့ ခပ်တည်တည်ပဲ။
"နင်နဲ့ ငါ ရန်ငြိုးရှိလို့လား"
"မရှိပါဘူး"
"အလို"
ဒီတစ်ခါတော့ ဗိုလ်ဇံသီး အံ့သြသွားရပြီ။
"ငါ့ကြောင့် နစ်နာခဲ့ဖူးတယ်မဟုတ်လား"
"မဟုတ်ဘူး၊ ကျုပ်က ဒီနယ်သား မဟုတ်"
"ဒါဆို ဘာလို့ ငါ့ကို သတ်ချင်ရသလဲ"
"ခင်ဗျားအကြောင်းကိုတော့ ငယ်ငယ်ကတည်းက ကြားဖူးတယ်လေ၊ အဲဒီကတည်းက တွေ့ချင်နေတာ အခုမှ အခွင့်ရတော့တယ်"
"ဟ.. ဟဟ.. ဟဟ. ဟားဟားဟား.. နင်က ငါ့ကို မမြင်ဖူး မတွေ့ဖူးဘဲ မုန်းနေတာပေါ့လေ.. ဟဟ"
"မမုန်းပါဘူး၊ ကျုပ် လူသတ်တယ် ဆိုတာ မုန်းဖို့ မလိုဘူး။ သတ်ချင်လို့ လာသတ်တာ။ ကဲ ခင်ဗျား လူတွေနဲ့ ဝိုင်းတိုက်မလား၊ တစ်ယောက်ချင်း သတ်ပုတ်ကြမလား ကြိုက်ရာရွေး"
"အောင်မယ်.. အောင်မယ်"
ငဇံသီးက ရယ်နေရာက ရုတ်တရက် တင်းမာသွားပြီး လှံကြီးနဲ့ ဆတ်ခနဲ ထိုးလိုက်တယ်။ သူ့ပုံက လှံထိုးကျင်လည်တဲ့ ဟန်မျိုး။ ထိုးပြီးပြီးချင်း တန်းရုတ်သွားတာပဲ၊ ဒါပေမယ့် အသင့်အနေအထား ပြင်ထားတဲ့ လူရွယ်က ဦးစိုက်ထားတဲ့ တုတ်နှစ်ချောင်းကို မ တင်လိုက်ရင်း လှံသွားကို အပေါ်ထောင်သွားအောင် လုပ်လိုက်လို့ ဟန်ချက်ပျက်သွားရတယ်။
သူ့လှံကြီးကို အောက်ပြန်ချနေတုန်းမှာပဲ လွတ်ဟာနေတဲ့ ကိုယ်ကြီးဆီ တုတ်ချွန်နှစ်ချောင်းက ရှေ့ဆင့်နောက်ဆင့် ဝင်လာလို့ နောက်ကို ခုန်ရှောင်လိုက်ရပြန်ရော။ ဒါပေမယ့် ဝရုန်းသုန်းကား ပြေးဝင်လာတဲ့ လူရွယ်က လှံတံကိုလည်း ရိုက်၊ လူကိုလည်း ရိုက်ရင်း ဝင်လုံးတာ။ ဗိုလ်ဇံသီး နောက်ဆုတ် ခုခံပေမယ့် မရတော့ဘူး။ ဟန်ချက်တစ်ချက် အပျက်ကို ပြန်မထိန်းနိုင်ခင်မှာပဲ စက်ယန္တရားတစ်ခုက လက်တံတွေလို အဆက်မပြတ် ဝင်လာတဲ့ တုတ်တိုတွေက ဒူးခေါင်းကို ရိုက်ဖြုတ်ထည့်လိုက်ပြီလေ။
မဟာသီရိ တြိလောက ဓမ္မရာဇာ ဓိပတိဘွဲ့ ခံယူဖို့ ကြံရွယ်ထားတဲ့ ငဇံသီး ခွေကျသွားတော့တယ်။ သူ့လှံကြီးကတော့ လူရွယ်ဘက် ထောင်နေတုန်း။ နောက်ကနေ သူ့ကိုယ်သူ သီဟကျော်ထင်ဘွဲ့ ပေးထားတဲ့ ငဇံသီးရဲ့ လက်ရုံးတပည့်တစ်ယောက် ခုန်ဝင်လာလို့ လုလင်က အဲဒီလှံကို ဆွဲပြီး လေထဲကလူကို ပစ်ထိုးချလိုက်တာ ဝုန်းခနဲ ပြန်လွင့်စင်သွားပါရော။ မိုးလာတဲ့ ကချင်ဓားကြီးလည်း ခုတ်ချက်လွဲပြီး လွင့်ကျသွားတယ်။
နောက်တစ်ယောက်က ဟင် ဆိုပြီး ပြေးလာတယ်။ ဓားတစ်ကမ်းက လှမ်းခုတ်တယ်။ လူရွယ်က တုတ်နဲ့ လက်သီးဆုပ်ကို ထောက်ထားလိုက်လို့ ခေါင်းပေါ်မှာပဲ တန့်သွားပြီး ဓားလွတ်ကျသွားချိန် အရှိန်ပြင်းပြင်းနဲ့ ကန်ခံလိုက်ရတဲ့ ဓားသမားခမျာ ထန်းလက်အိမ်ထဲ ကျွံဝင်သွားရှာတယ်။
သတ္တိကောင်းတဲ့ ဓားပြ နှစ်ယောက်လည်း တစ်ယောက်က ဝါးချွန်စာ မိသွားပြီး တစ်ဦးကတော့ ဝါးအိမ်တံခါးနဲ့အတူ အတွင်းရောက်သွားပြန်တယ်။ အထဲမှာ ထမီရင်လျားနဲ့ အမျိုးသမီးငယ် သုံးယောက်ဟာ မီးခွက်ကလေး ကိုင်လို့ ကြောက်လန့်တကြား ဖြစ်နေကြလေရဲ့။ တခြားသူတွေတော့ ထပ်မဝင်ရဲတော့ဘဲ တအံ့တသြ ဝိုင်းကြည့်နေကြပြီ။ သူတို့ရဲ့ လက်စွမ်းအကောင်းဆုံးဆိုတဲ့သူတွေ လျှပ်တစ်ပြက်အတွင်း နာလံမထူနိုင် ဖြစ်ကုန်ကြတာ မယုံနိုင်သလို ဖြစ်နေကြတယ်။
လုလင်က ဝိုင်းထားသူတွေကို တစ်ယောက်ချင်း အကဲခတ်ပြီးမှ လဲနေတဲ့ ဗိုလ်ဇံသီးဆီ စိတ်ချလက်ချ လျှောက်သွားတယ်။ ဗိုလ်ဇံသီးက သူ့ကို ဒေါသတကြီးနဲ့ ထိုးကြိတ် ကုတ်ဖဲ့နေပေမယ့် တစ်ဖက်က တုတ်နှစ်ချောင်းကို ပူးကိုင်၊ အခြားလက်နဲ့ ငဇံသီးကို တောင်စောင်းရှိတဲ့ဘက်ဆီ ဆွဲသွားတယ်။ သူ့ကို ကုတ်ထားတဲ့ လက်ချောင်းတွေကိုတော့ လှန်ချိုးပစ်လိုက်လို့ ငဇံသီးတစ်ယောက် နာနာကျင်ကျင် အော်ဟစ်ရင်း တရွတ်တိုက် ပါသွားရတာ။
တောင်စောင်းထိပ်နားမှာ ငဇံသီးကို ဒူးထောက်ခိုင်းတယ်။ နောက်က ပါလာကြတဲ့သူတွေကို နည်းနည်းမှ အရေးမထားဘဲ ထရပ်ဖို့ ကြိုးစားနေတဲ့ ငဇံသီး ဝမ်းဗိုက်ထဲ တုတ်ချွန်တစ်ချောင်း ထိုးသွင်းပစ်လိုက်တယ်။ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြတုန်း သူကတော့ ငဇံသီးကို ရအောင် ဆွဲမ နေပြန်ရော။
ဒူးတွေ ခွေညွှတ်ပြီး မတ်မတ် မရပ်နိုင်ဘဲ ခပ်ကုန်းကုန်း ဖြစ်နေတဲ့ ငဇံသီး မျက်ရည်တွေကြားက မြင်လိုက်ရတာ လူရွယ်ဟာ သူ့ကို ကျောခိုင်း ထွက်သွားတာပဲ။ သူ့လူတွေကလည်း ဘေးကို ရှဲသွားကြတယ်။ ခဏနေတော့ လူရွယ်က ဝါးခြမ်းအိမ်ထဲက ကောင်မလေးတစ်ယောက်ကို ခေါ်လာတယ်။ ကောင်မလေးက အခြားအမျိုးသမီးတွေလို ကြောက်လန့်မနေဘဲ သူပေးတဲ့ တုတ်ချွန် ကိုင်ထားတယ်။
အားလုံး ဝိုင်းကြည့်နေတုန်းမှာပဲ ကောင်မလေးက ငဇံသီးရင်အုံကို ဝါးချွန်နဲ့ ပြေးစိုက်လိုက်တယ်။ ငဇံသီး ကာပေမယ့် မရလိုက်ဘူး။ တုတ်က ရင်အုံတစ်ဝက်လောက် စူးနစ်သွားတယ်။ တစ်ဆက်တည်း ရိပ်ခနဲ ပြေးလာတဲ့ လူရွယ်ကလည်း ခြေစုံပစ်ပြီး ကန်လွှတ်လိုက်တော့ ငဇံသီးကိုယ်ကြီး မြောက်တက်သွားကာ တောင်စောင်းက လိမ့်ကျသွားတော့တယ်။
ကောင်မလေးဟာ အစွန်းမှာ တောင့်တောင့်ကြီး ရပ်နေဆဲ။ ကျောမှာ သွေးတွေ စီးကျနေတဲ့ လုလင်က ကျန်တဲ့သူတွေကို 'မသေချင်ရင် လူခွဲပြီး ပြေးကြပေတော့၊ ဘယ်တော့မှ ပြန်မလာကြနဲ့' လို့ အော်လိုက်တယ် ဆိုရင်ပဲ ကစဥ့်ကလျားနဲ့ တစ်ယောက်တစ်ပေါက် ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားကြရော။
"ဒီလူတွေ တကယ် သတ္တိမရှိကြမှန်း ထင်သားပဲ။ ကဲ.. အမိတို့လည်း တဲတွေကို မီးရှို့ပြီး ပြန်ကြတော့"
"ကျေးဇူးပါ မောင်ကြီးရယ်၊ မောင်ကြီးသာ မကယ်ရင်.."
မိန်းမပျို စကားမဆုံးခင် လူရွယ်က ပြေးထွက်သွားတာကြောင့် ပါးစပ်အဟောင်းသား ကျန်ရစ်ခဲ့ရှာတယ်။
နောက်တစ်နေ့ အလှူနေ့မှာ မောင်ရှင်လောင်းတွေကို အရမ်းကာရော မဆော့ကြဖို့၊ လျှောက်မသွားကြဖို့ မှာထားတဲ့ကြားက ငသက်နှံနဲ့ ဆံရစ်ဝိုင်းကလေး သုံးယောက် ယာစောင့်တဲဆီ ရောက်ခဲ့ကြပြန်တယ်။ အရင်နေ့က တစ်နေကုန် ပျောက်နေခဲ့သူက ခုတော့ တဲကလေးရဲ့ ကွပ်ပျစ်စောင်းစောင်းမှာ ပက်လက်ကြီး အိပ်မောကျလို့။
"ကိုရင် ငစံ.. ကိုရင်ငစံ"
"လုလင်ကြီး ထပါဦး"
ကလေးတွေက ခရိုးအပြင်ကနေ ခပ်အုပ်အုပ် ခေါ်နှိုးကြပေမယ့် ဆန့်ဆန့်ရန့်ရန့် အိပ်နေတဲ့ သူကတော့ တုတ်တုတ်မှ မလှုပ်ဘူး။ မြင်နေကျ ခေါင်းပေါင်းကြီးနဲ့ အင်္ကျီထူထူထဲထဲ ပတ်တီးတွေ တစ်ခုမှ မပါဘဲ ရှင်းရှင်းကြီးမို့ ထူးဆန်းနေသလိုပဲ။ အသုံးအဆောင် အဝတ်တွေအားလုံး သူ့ဘေးနားမှာ စုပုံထားတာ။ တစ်ယောက်က လက်ကုတ်ပြတယ်။
"ပေါင်မှာ သွေးတွေကွ"
"အေးကွ၊ ဆံပင်ကလည်း ရေတွေ တစက်စက် ကျလို့"
တဲအောက်ကို တွဲလွဲကျနေတဲ့ ဆံပင်အောက်ဖျားမှာ ရေစိုနေတာကို မြင်တဲ့ငရှင်းက ပြောလို့ သေသေချာချာ ကြည့်တော့ လက်တွေ ခြေသလုံးတွေမှာလည်း ဆူးခြစ်ရာတွေ မြင်ကြရပြန်တယ်။
"ဘယ်တောတိုးလာတာလဲ မသိဘူး"
"ချောင်းထဲက တက်လာတာတော့ သေချာတယ်"
"ဟုတ်တယ်၊ ပင်ပန်းနေတာ ဖြစ်မယ်။ လာပါကွာ.. မနှိုးပါနဲ့တော့။ အိပ်ပါစေ"
အသံတွေ တီးတိုး ကြားနေရပေမယ့် သူ မထနိုင်ဘူး။ တော်တော်ကြာမှ မျက်လုံးဖွင့်ပြီး မော့ကြည့်တော့ သျှောင်ပေစူးလေးတွေ အဝေးရောက်သွားကြပြီ။ တစ်ညလုံး အိပ်ရေးပျက်ထားလို့ ပြန်အိပ်နေလိုက်တာ အလှူက ဆိုင်းသံ ဗုံသံတွေ ဆူညံနေတော့မှပဲ ထဖြစ်တော့တယ်။ မောင်ရင်လောင်းတွေ ဆံချနေလောက်ပြီပဲ။
(ဆက်ရန်..) တစ်ကိုယ်တည်းစစ်သည်တော် (ဇာတ်သိမ်း)
Written by သင်္ခရာဇာ
End date: February 17, 2022
No comments:
Post a Comment