ထိုနေ့က လက်ျာဘီလူးသည် မင်းလှမင်းခေါင်အိမ်မှ အလိုရှိသူများကို သူ့အိမ်သို့ ခေါ်စစ်၏ ။ ထွက်ဆိုချက်များအရ လုပ်ကြံသူ ငဖြူသည် ယခုမှ ရောက်လာသူမျိုး မဟုတ်ဘဲ မြန်မာတပ်များ ဒဂုံသို့ မရောက်မီကပင် ထိုအိမ်၌ အမှုထမ်းနေခဲ့သူဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သွေးထိုးသူ ရှိလိမ့်မည်ဟု ယူဆ၍ ဆိုင်ရာလူ နီးစပ်သူ အမှုထမ်းများကို ခေါ်မေးသော်လည်း အဖြေမရ။ သူ့ထံ ပန်းသည်နှင့် အရပ်ထဲမှ အမျိုးသမီး အဝင်အထွက်များကြောင်း သိရရာ ထိုအထဲမှ ဖြစ်နိုင်သည်ဟု ယာယီကောက်ချက် ချထားလိုက်သည်။
ထိုညက အားလုံး သတိ ဝီရိယထား စောင့်ကြည့်နေသည့် ကြားမှ မိစောမွန်သည် မင်းထင်နော်ရထာ နေထိုင်သည့် အိမ်တော်ဝန်းအတွင်းသို့ ရောက်ရှိလာပြန်သည်။ သူက ယိမ်းနွဲ့ပါးဓားထက် လက်ျာဘီလူးကိုင်သော ဓားနက်ကို ပို၍ လိုချင်နေ၏ ။ ရလာလျင် မည်သူ့မှ မအပ်ဘဲ သူ့ဘာသာ သိမ်းထားမည် အကြံနှင့်။
မိုးဖွဲဖွဲ မစဲတမ်း ကျနေသည်မှာ ညဦးကတည်းက ဖြစ်သည်။ မိစောမွန် ပုန်းအောင်းနေရာ သစ်ပင်ကြီးက အုံ့ဆိုင်းလွန်းသည့်တိုင် ကြာသောအခါ မိုးရေများကြောင့် ချမ်းလာပြီ။ အစောင့်များ ငိုက်နေကြပြီမို့ ဖြည်းညင်းစွာ ဆင်းလာခဲ့ပြီး အိမ်တော်ဘေး ပြေးကပ်လိုက်၏ ။
ထို့နောက် တန်းများကို ဆွဲတက်၍ ပြတင်းမှတစ်ဆင့် တစ်ခန်းပြီးတစ်ခန်း လိုက်ချောင်းလေသည်။ ရှေ့ဆုံးထောင့်သည် ဘုရားခန်း၊ ထို့နောက် ဗိုလ်နှစ်ဦး စက်ရာခန်းဆောင်၊ ပြီးလျင် တပ်သား ၁၀ ဦးခန့် အိပ်နေကြသည့် အခန်းကျယ်ကြီး၊ နောက်ဘက်နား ခပ်ကျကျတွင်မှ လက်ျာဘီလူး အိပ်မောကျနေသည်ကို တွေ့လိုက်ရလေသည်။
အခန်းက မှောင်မည်းနေသည်မို့ ကျင့်သားရပြီးသား မျက်စိကို စူးစိုက် ကြည့်ပါသော်လည်း ဓားကို မတွေ့ရ၊ သူ့အနီး၌ လှံတို ၃ စင်းနှင့် ဝါးလုံးရှည်ရှည် တစ်ချောင်းသာ ထောင်ထား၏ ။ အမှန်တကယ် ထူးဆန်းသည့် လူပါပေ။ ဓားကို မည်သည့်နေရာ ဝှက်လျက် အိပ်သနည်း။
မိစောမွန်က ပြတင်းကို အနည်းငယ်ဟ၍ ချောင်းနေရသဖြင့် အားမရတော့ဘဲ ခပ်ကျယ်ကျယ်အထိ ဖွင့်ကာ သေသေချာချာ ရှာကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေပုံမျိုးနှင့် ဆိုလျင် သူ့အား ယခုပင် လုပ်ကြံ၍ ရပေသည်။ တစ်တောင်ခန့်ရှိသော ဆောင်ဓားလတ် နှစ်ချောင်းလည်း ခါးတွင်ပါ၏ ။
သို့ဖြစ်၍ အခန်းထဲထိ တိတ်ဆိတ်စွာ ဝင်ကြည့်မည်ဟု ပြတင်းတံခါးကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက်..
"အဟွန်း"
ချောင်းဟန့်သံနှင့်အတူ လျှပ်စီးပါ ပြိုးပြက် လင်းဝင်းသွားသည်။ အိမ်အနောက်ဘက်နားမှ လာသည့် အသံကြောင့် မိစောမွန် ခေါင်းနားပန်းကြီးသွားပြီး ချာခနဲ လှည့်ကြည့်ရာ အိမ်အနောက်ဘက် သစ်ပင်အုပ်အုပ်များအောက်တွင် လူတစ်ဦး၏ ပုံရိပ်ကို မြင်လိုက်ရသည်။
ပြတင်းတံခါးကို လှမ်းနေသည့်လက် တုံ့သွားလျက် လူလည်း အိမ်နံရံမှာ ကပ်နေလိုက်ရ၏ ။ သို့သော် သစ်ပင်အောက်မှ လူသည် သူ့ကို စိုက်ကြည့်နေသည်ဟု ထင်သည်။ မားမားမတ်မတ် ရပ်နေသည်ကတော့ သေချာသည်။
မိစောမွန်သည် အိမ်ထက်မှ သတိနှင့် လျှောဆင်းလာပြီး အိမ်ခြေ တိုင်လုံးကို ကွယ်၍ သစ်ပင်အောက်မှ လူကို ပြန်ကြည့်နေသည်။ သူတို့သည် မိုးဖွဲမှုန်များကြား တစ်ဦးကိုတစ်ဦး အတန်ကြာ အကဲခတ်နေကြသကဲ့သို့ ရှိ၏ ။ ထိုသူ၏ ကိုယ်ခန္ဓာမှာ ကြီးမားလှသည်ဟု ထင်မိသည်။
ထိုသူ ပိုက်ထားသောလက် မြောက်တက်လာပြီး မျက်နှာရှေ့၌ ကွယ်၍ ချောင်းတစ်ချက် ဟန့်ပြန်သည်။
"အဟမျး.. ဟမျး"
လျှပ်စီးများ လက်သွားပြန်ပြီး ထိုသူကို သေသေချာချာ မြင်ရလေပြီ။ ကြွက်သားအမြှောင်းမြှောင်းနှင့် အရပ် ၆ ပေကျော် ရှိမည့် လူကြီးတစ်ဦး။ ကြီးမား ဖွံ့ထွားလွန်းသော ခန္ဓာကိုယ်နှင့် စူးရဲတောက်ပြောင်သော မျက်လုံးများဖြင့် လက်ပိုက်ကြည့်နေသည်ကို မြင်လျင် မိစောမွန် ကြက်သီးမွေးညင်းထကာ တောင့်တင်း အေးစက်သွားသည်။
ဆောင်လာသော ဓားငယ်နှစ်ချောင်းမှာ သည်ဟာကြီးကိုတော့ ပေါက်မှာမဟုတ်ဟု အလိုလို သိလိုက်ပြီး လူမှ ဟုတ်ရဲ့လားဟုလည်း တွေးမိ၏ ။ ဘီလူးများ စောင့်သောသူ ဟူသည့် စကားကိုလည်း ကြားယောင်ပြီး တုန်လှုပ်လာသည်။ သူ့ဘာသာပင် မသိဘဲ နောက်သို့ တစ်လှမ်းချင်း ဆုတ်နေမိပြီ။
လူကြီးကတော့ တုပ်တုပ်မျှ မလှုပ်။ ကျောက်ရုပ်ကြီးများလားဟု ထင်ရအောင်လည်း လက်မြှောက် ချောင်းဟန့်ခြင်းအား မြင်ခဲ့ရသည်မို့ မိစောမွန် တထိတ်ထိတ်နှင့် နောက်ဆုတ်လာသည်။ ထို့နောက် ဘေးဘက် သစ်ရိပ်များရှိရာ အားကုန် ပြေးသွားသည်။ အစောင့်များ ကြားမကြား မြင်မမြင် ဂရုမစိုက်တော့။ ထိုသူကြီးထံမှ လွတ်ရန်သာ အရေးကြီးတော့၏ ။
နောက်ပြန်မကြည့်ဘဲ စည်းရိုး ခုန်ကျော်လိုက်စဉ် ခါးမှ တစ်စုံတစ်ခု ချပ်ခနဲ ကျသွားသည်ကို ခံစားလိုက်ရသည်။ အပြင်ရောက်၍ စမ်းကြည့်ရာ ဓားတစ်လက် အိမ်နှင့်တကွ မရှိတော့။ သေချာစွာ စည်းနှောင်လာခဲ့သဖြင့် မည်သို့မှ မကျနိုင်သော ဓား ခြံအတွင်းတွင် ကျန်ခဲ့ပြီ။
စည်းရိုးအောက်သို့ ငုံ့ကြည့်လိုက်သည်။ ဓားအစား ခြေထောက်ကြီးတစ်စုံကို တွေ့လိုက်ရ၏ ။ ထိတ်လန့်တုန်လှုပ်လျက်မှ မော့ကြည့်မိရာ သူ၏ ဓားကို ကိုင်ထားသော လူကြီးက ခြံစည်းရိုး တစ်ဘက်မှာ။ ဤမျှ လျင်မြန်စွာ ရောက်လာသဖြင့် လူမဟုတ်နိုင်တော့မှန်း သဘောပေါက်သွားပြီး သုတ်ခနဲ ထပြေးလေတော့သည်။
ခြံတွင်းမှ လူကြီးကတော့ ပြုံးကာ ဓားကိုင်ထားရင်း လှမ်းကြည့်နေခဲ့၏ ။
နောက်တစ်နေ့ နေထန်းဖျားခန့် မင်းထင်နော်ရထာ ရောက်လာပြီး အိမ်ရှိ လူများကို စစ်မေးချိန်၌ မိစောမွန်မှာ မထနိုင်ရှာ။ လက်ျာဘီလူးက သတိရ၍ စားဖိုဆောင်အကူ မိန်းကလေးတစ်ဦး ရှိသေးသည် မဟုတ်လားဟု အိမ်တော်ထိန်းကို မေးလျင် အံ့သြနေသည့် အိမ်ထိန်းက ဘွားမေကို ခေါ်ပေး၏ ။ မိစောမွန် ဖျားနေကြောင်း သိပြီး အိပ်ပါစေ ဟု ဆိုကာ ဝင်မကြည့်တော့။ ငဖြူရှိရာ ဆင်းသွားတော့သည်။
အစေခံများနှင့် ငဖြူတို့၏ ပြောစကားများတွင် မသင်္ကာစရာ မတွေ့ရ၊ သဲလွန်စ ပျောက်နေ၏ ။ ငဖြူက ကြားနေရသော တဘောင်ကို သူ့ဘာသာ ကောက်ယူကာ စိုးရိမ်မိသဖြင့် ရုတ်တရက် စိတ်ရိုင်းဝင်လျက် ကြောက်ကြောက်နှင့် လုပ်မိခဲ့ကြောင်းသာ ထွက်ဆိုနေသည်။ မြန်မာအမှုထမ်းများကလည်း ဘာမှ မသိ။ မသင်္ကာဖွယ် ဝင်ထွက်သွားလာမှု မရှိဟု အစစ်ခံကြ၏ ။
လက်ျာဘီလူးကတော့ တိုက်ဆိုင်မှုဟု မထင်၊ သူ့ကိုရော မင်းကြီးကိုပါ လုပ်ကြံလာကြသည်မှာ ဆက်တိုက် ဖြစ်နေသည်။ တစ်ကြိမ်ဆိုလျင် တိုက်ဆိုင်မှု၊ နှစ်ကြိမ်ရှိသော် အံ့သြစရာ၊ သုံးကြိမ်တိုင်လျင်တော့ ကြိုတင်ကြံစည်မှုသာ ဖြစ်ရမည်ဟု တစ်ထစ်ချ တွက်ဆထား၏ ။
သူက ဓားတိုတစ်ချောင်းကို ခါးကြားမှ ဆွဲထုတ်လိုက်ကာ ငဖြူကို ပြ၍
"သည်ဓားကို မြင်ဖူးသလား"
ဟု မေးလိုက်သည်။ ငဖြူက တိုင်နား တိုးကပ်လာပြီး သေချာကြည့်သည်။ ခေါင်းခါသည်။ သူလို တိုက်ခိုက်ရေးနှင့် အလှမ်းဝေးသူတစ်ဦးအတွက် လုပ်ကြံသတ်ဖြတ်သူများ ကိုင်တတ်သော ဓားမြှောင်မက ဓားရှည်မကျ တစ်တောင်ခန့် ဓားမျိုးကို လုံးဝ မမြင်ဖူးပေ။
အခြား စိတ်ထင်ရာ အမှုထမ်းများကို ဓားပြ၍ မေးသော်လည်း မည်သူမျှ မသိ ဖြစ်နေပြန်သည်။ သို့ဆိုလျင် ညက သူအိပ်နေစဉ် ပြတင်းတံခါးဖွင့် ဝင်လာပြီး ဓားထားသွားသည်မှာ ပြင်ပလူတစ်ဦးသာ ဖြစ်ချေမည်။ သတိပေးရန် ပြုမူသည်ဟု ထင်ရတော့သည်။ သတ်နိုင်ခွင့် ရှိပါလျက် သတ်မသွားသည်မှာလည်း အကြောင်းတစ်ခုခု ရှိဦးမည်ဟု တွေးမိလေ၏ ။
နံနက်က မြင်းစီးစဉ် စည်းရိုးနားရှိ မြေပျော့ပျော့၌ မြင်ရသော တစ်ပေခွဲခန့်ရှိ ခြေရာကြီးတစ်စုံကိုမူ စဉ်းစားမရ။ အခြားနေရာများ၌ မြက်ခင်းပြင်ကြောင့်ပျောက်နေပြီး စည်းရိုးစပ်ကျမှ ခြေစုံရပ်ခဲ့ဟန် ကျန်ရှိနေခြင်း ဖြစ်သည်။ ထိုသူသည် သူ့အား လုပ်ကြံရန် လာခဲ့သူ ဆိုပါက ရင်ဆိုင်ရ ခက်ခဲမည့် လူ့ဘီလူးကြီး ဖြစ်လိမ့်မည်။
ထိုည၌ ငဖြူကို မှောင်မှ ထမင်းပို့စေပြီး ငဖြူ ထမင်းစားနေစဉ် သူ့ရှေ့ရှိ သစ်ပင်ကြီး၏ ထိပ်နားသို့ ငကံကို တက်ရောက် ပုန်းအောင်းနေစေ၏ ။ အခြားသူများကိုလည်း သူထင်ရာ နေရာတို့တွင် ကင်းပုန်း ချထားပြီး လက်ျာဘီလူးက ဘုရားခန်း၌ သူ၏ လက်ရွေးစင် လူကောင်း ၁ ကျိပ်နှင့် တရားထိုင်နေကြလေသည်။
(ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၃)
Written by သင်္ခရာဇာ
End date: September 16, 2021
No comments:
Post a Comment