ငဖြူသည် မွန်မလေး မိပုလဲအား မည်သို့ ကူညီနိုင်မလဲဟု အချိန်ပြည့် စဉ်းစားနေသည်။ မိပုလဲနှင့် သူသည် စွန့်ပစ်ခံရသူ ဘဝတူချင်း ဖြစ်သလို မွန်တိုင်းဌာနေ ရာမညမြေကို ချစ်မြတ်နိုးကြသည်ချင်းလည်း တူ၏ ။ သူတို့အရပ်၌ တဘောင်တစ်ခုကို ပြောဆိုနေကြသံ ကြားဖူးခဲ့သည်မှာ
ဟင်္သာကိုးသိန်းအင်း
ယိမ်းနွဲ့နဂါးဆင်း၊
တွင်းထဲကကြွက်တက်၊
အသိုက်လည်းပျက် ကိုင်းလည်းပြတ်။
ဟူ၍ ဖြစ်ရာ မိပုလဲ၏ အမှုကိစ္စနှင့်လည်း တိုက်ဆိုင်နေလေသည်။ မိပုလဲသည် သူတို့ ဟံသာဝတီ ပျက်သုဉ်း၍ မွန်တို့ ပျက်စီးရမည့်အရေးမှ တတ်အားသမျှ ကယ်တင်ရန် ရောက်လာခြင်းဖြစ်သည် ဆို၏ ။ တဘောင်အရ ယိမ်းနွဲ့ပါးဓားနှင့် မင်းကြီး ဦးတွန်သည် အန္တရာယ်အကြီးဆုံး ဖြစ်လာနိုင်သဖြင့် ကြိုတင်ကာကွယ်နိုင်ရန် မိပုလဲကို စေလွှတ်ခြင်းဟု သိရသည်။
ဤမျှ ကြီးလေးသော အမှုအား မိန်းမသားတစ်ဦးတည်း တာဝန်ယူနေရသည်မှာ မဖြစ်သင့်ဟု သူ ထင်သည်။ မင်းလှမင်းခေါင်ကို မည်သူမှ မလုပ်ကြံနိုင်မှန်းလည်း သိနေသည်။ ဥပါယ်တံမျဉ်နှင့် မချည်းကပ်ပါက ယိမ်းနွဲ့ပါးဓားအောက် အသက်ပျောက်ရမည် မုချ။
သည်ကြားထဲ လက်ရုံးစွမ်း တလူလူ တိုးနေသည့် မင်းလှမင်းခေါင်ကြီးအား ပါးနပ်ထက်မြက်လှ၍ ဘီလူးဝင်စားသည် ဆိုသော ဗိုလ်မှူးတစ်ယောက်က အနီးကပ် ကူညီနေသေးသည်။ ထို မင်းထင်နော်ရထာ၏ အစွမ်းအစကိုလည်း သူ တွေ့မြင်ခဲ့ပြီးပြီ။ ဗိုလ်တွန်က သူ့ထက်စွမ်းသေးသည် ဆိုလျင် မည်သို့မျှ ကြံစည်၍ မရနိုင်။
သို့သော် မိပုလဲတစ်ဦးတည်း ကူကယ်ရာမဲ့ လှုပ်ရှားနေရသည်ကိုလည်း မရှုစိမ့် မကြည့်ရက်နိုင်ချေ။ သူ့အားသူ့အင်နှင့် နိုင်သလောက် ကူမည်ဟု ဆုံးဖြတ်ထား၏ ။ သူ့အား မပစ်ပယ်ဘဲ လက်ခံထားသည့် မွန်နိုင်ငံတော်အတွက် တာဝန်ကျေပွန်ရပေလိမ့်မည်။ ထိုစိတ်ဖြင့် အခါခပ်သိမ်း သတိဝီရိယ ထားနေတော့သည်။
လက်ျာဘီလူးသည် လာကပ်ပုန်းရွာတွင် မင်းဗညား ဆိုသူ လူရွယ်နှင့် တွေ့ကြိမ်ခဲ့ပြီးနောက် ပြန်လာခဲ့ရာ နှစ်ရက်သုံးရက် ရှိလျင် ဒေါပုံတပ်သို့ စစ်ဆေးရန် ရောက်ရှိနေ၏ ။ အမြောက် နှစ်လက်ကို စမ်းသပ်ရန် ပြင်နေခိုက် ဗိုလ်တစ်ဦး ဝင်လာပြီး
"မင်းကြီး မင်းလှမင်းခေါင် လုပ်ကြံခံရသတဲ့ ဗိုလ်မှူး"
"ဟေ.. ဟုတ်လား၊ ဘယ်သူပြောတာလဲ"
"ဆက်သားတစ်ယောက် မြင်းလျင်လာတာ။ တခြားတပ်တွေက ဗိုလ်တွေကို အကြောင်းကြားဖို့ ချက်ချင်း ပြန်သွားတယ်"
"ဘယ်လို ဖြစ်သွားသတဲ့လဲ"
"ခေါင်းကို ပေါက်ပြားနဲ့ ခုတ်ခံရတာလို့ ပြောသွားတယ်။ ဘာမှတော့ မဖြစ်ဘူး ထင်ပါတယ်။ မစိုးရိမ်နဲ့ တဲ့။ သို့ပေမယ့် ဗိုလ်မှူး မင်းထင်နော်ရထာ အမြန်လာပါလို့ အမှာတော် ရှိသတဲ့"
"အေး.. အေး၊ ကောင်းပြီ"
ငကံကို မြင်းအမြန်ယူစေပြီး ဦးတွန်၏ အိမ်သို့ အပြေးလာခဲ့၏ ။ သူ၏ တပ်သား ဆယ်ဦးလည်း နောက်မှ ပါလာသည်။ ရောက်ရောက်ချင်း မြင်းပေါ်မှ ပြေးဆင်းကာ အိမ်ပေါ်တက်သွားသည့် လက်ျာဘီလူးအား မိစောမွန်က သုံးထပ် ပြတင်းငယ်မှ ကြည့်နေလေ၏ ။
ဗိုလ်တွန်သည် ဦးခေါင်း ပတ်တီးစည်းထားပြီး ညောင်စောင်းထက် မှီထိုင်နေရာမှ သူ့ကိုမြင်လျင် ဝမ်းသာအားရနှင့်
"မင်း အခုမှပဲ ပေါ်လာတော့တယ် ငစံငယ်"
"ဗိုလ်မင်း ပေါက်ပြားအခုတ်ခံရလို့ဆို"
"အေးဟေး.. အလစ်အငိုက်မို့ ခံလိုက်ရသကွဲ့"
"ဘယ်သူ လုပ်တာလဲဗျ"
"ဟြယ်.. ဥယျာဉ်တော်စောင့် မွန်ကပြားလေးပါကွာ၊ အလျင်က ငါ့ကို တယ်ကြောက်တဲ့အကောင်။ ခုမှ ဘာစိတ်ဖောက်ပြီး ထလုပ်တယ် မသိဘူး"
"ဖမ်းမိလား.. သူ့ကို"
"မိတာပေါ့၊ ငါ ဥယျာဉ်ထဲ ဆင်းတာ ငါ့ကို နောက်က ချောင်းခုတ်ပြီး ယိုင်သွားတော့ ထပ်ခုတ်လို့ လက်နဲ့ကာပြီး ဆွဲထားတဲ့ကြားက ရအောင်ရုန်းပြေးသွားသေးတာပ။ နောက်မှ ရဲမက်တော်တွေ လိုက်ဖမ်းကြလို့ မိလာတယ်"
လက်ျာဘီလူးက ခုံတွင် ဝင်ထိုင်လိုက်ပြီး စဉ်းစားနေသဖြင့် ဗိုလ်တွန် ဆက်မပြောသေးဘဲ ရပ်ထားသည်။
"မွန်တွေ တစ်ခုခု ကြံစည်နေတာတော့ သေချာပြီ"
"အေး"
"ကျွန်တော်တို့ကို ဥပါယ်နဲ့ ကြံနေတာ အမှန်ပဲ"
"ဆိုစမ်းပါဦး၊ ဒါ့ကြောင့် မင်းကို ခေါ်တာပ"
"ကျွန်တော်က ကျွန်တော့်ကိုပဲ ကြံတယ် ထင်တာ၊ အခု ဦးတွန်ပါ လုပ်ကြံခံရတယ် ဆိုတော့ တိုက်ဆိုင်မှု မဟုတ်တော့ဘူး။ အကြံအစည်ပါတာ သေချာပြီ။ ဗညား ဥပရာဇာလည်း ပါလိမ့်မယ် ထင်တယ်"
"မင်းက ဘယ်လိုသိလဲ"
"မသိဘူး၊ တွေးကြည့်ပြီး ထင်တာပြောတာ"
"အမှန်ပဲကွ၊ မင်းမရှိတုန်း ဒလဘက်မှာ ငါ့ဓားကို လာလုကြသေးတယ်။ အဲဒီထဲက ကိုယ်လုံသူတစ်ဦးကို စစ်မေးတော့ အရိန္ဒမရယ် ဥပရာဇာရယ် ကြံတာလို့ သိရတယ်"
"သြော်.. ဒါ့ကြောင့်ကိုး။ သူတို့ ဘာလို့ ဓားတစ်ချောင်းနောက် ပုံလိုက်လာကြပါလိမ့်။ အဲဒီ သုံ့ပန်းရော"
"မရှိတော့ဘူး၊ ကွပ်လိုက်ပြီလေ"
"ဟာဗျာ"
လက်ျာဘီလူး စိတ်ပျက်သွားသည်ကို ဗိုလ်တွန် ကြည့်၍ ရယ်သည်။
"ဘာလဲ၊ မင်းက သူတို့နည်း ပြန်သုံးမလို့လား"
"မဟုတ်ပါဘူး၊ သူတို့ကို စစ်အတွင်းမှာပဲ ရင်ဆိုင်မယ် ကြံပြီးသားပါ။ ဒါပေမယ့် အဲဒီလူ အတော်လေး သိနိုင်လောက်တယ်လေ"
"မလိုပါဘူးကွာ၊ ဟို ကပြားကောင်လေး အနောက်က အချုပ်ထဲမှာ ရှိပါတယ်"
လက်ျာဘီလူးက ဗိုလ်တွန် အခြေအနေကို မေးမြန်းပြီး မစိုးရိမ်ရသဖြင့် အိမ်အောက် ဆင်းခဲ့သည်။ ငဖြူအား ခိုင်ခန့်သော သစ်ဝါးများနှင့် ပြုလုပ်ထားသည့် အချုပ်ငယ်ထဲတွင် အစောင့်လေးဦး ရံလျက် တွေ့ရသည်။ ငဖြူသည် သူ့ကို မြင်လျင် ကြောက်နေ၏ ။
"သြော.. မင်းပဲ"
တောင်းမှောက်လဲခဲ့သူ လူငယ်၊ အရပ်တော့ အတော်ရှည်သည်။ သူ့ကို သတ်တော့မည် ထင်၍ နောက်သို့ဆုတ်သွားရာ
"မကြောက်ပါနဲ့၊ မင်းကို ဘယ်သူ ခိုင်းသလဲ.. ဘာကြောင့်လဲ ဆိုတာ ပြောပြရင် အသက်ကို လွှတ်ပေးမယ် ငါ့ညီ"
"ကျွန်တော်မျိုးကို မည်သူမျှ မခိုင်းပါ၊ မိမိဆန္ဒအလျောက် လုပ်မိခြင်းပါဘုရား"
"မင်း မပြောရင်တော့..."
ဓားနက်ကြီးကို ဆွဲထုတ်လိုက်သည်နှင့် ငဖြူမျက်နှာ ပိုမိုဖြူဖျော့သွားသည်။ လက်ျာဘီလူးက တိုင်များကြားမှ ထိုးသွင်းလိုက်ရာ ငဖြူ ရင်၌ စူးသွား၏ ။ ငဖြူက ကြောက်လန့်တကြား
"ကျွန်တော် အမှန်ကို ပြောနေတာပါခင်ဗျာ။ မွန်နိုင်ငံတော် ပျက်စီးပြိုကွဲရမှာ ကြောက်လို့ ဗိုလ်မင်းကြီးကို တဒင်္ဂ မိုက်မှားစိတ်နဲ့ ခုတ်လိုက်မိပါတယ်။ ကြိုတင်ကြံရွယ်ထားခြင်း မရှိတာမို့ လက်ထဲ ရှိနေတဲ့ ပေါက်ပြားနဲ့ ရိုက်လိုက်မိတာပါ"
ပြူးပြူးပြာပြာ ပြောနေပုံက အမှန်ကို ဆိုနေသကဲ့သို့ ရှိသဖြင့် လက်ျာဘီလူး ဓားဦးရုတ်လိုက်ကာ
"မင်း အကြောက်မပြေသေး၊ နောက်နေ့မှ လာစစ်မည်။ အမှန်ကို ပြောဖို့သာ စဉ်းစားထားပါ။ လိမ်လည်တာကို ငါ သည်းညည်းမခံဘူး"
သူ လေးစားခန့်ညားရသည့် ဗိုလ်မင်းက အချုပ်ရှေ့မှ သစ်တိုင်တစ်တိုင်ကို ဓားနှင့် ခုတ်သွားပြီး ကြိမ်းသွားသည့်အတွက် ငဖြူ ချွေးပျံနေ၏ ။ လက်မောင်းလုံးခန့်ရှိ တိုင်မှာ ကြံတစ်ချောင်းကဲ့သို့ တိတိရိရိ ပြတ်သွားသည်။ သူ့ဓားနက်သည်လည်း ဓားကောင်းတစ်လက် ဖြစ်လိမ့်မည်ဟု အပေါ်မှ ချောင်းနေသည့် မိစောမွန် သတိထားမိပြန်သည်။
"သည်လို ကြောက်စရာ လူနှစ်ယောက်မှာ သည်လို ဓားကောင်းနှစ်လက်နဲ့ ဆိုတော့.. အင်း"
နောက်စေ့တွင် လက်နှစ်သစ်ခန့် ပေါက်ပြဲသွားသည့် ဗိုလ်တွန်ကတော့ ထိုညနေပင် ထလာပြီး လှံပစ်လေ့ကျင့်နေ၏ ။ သူ၏ စက်တိုင်မှာ ငဖြူရှေ့တည့်တည့်၌ ရှိနေရာ စက်ကွင်းကို ဒုန်းခနဲ ဒုန်းခနဲ လှံစွဲသည့် အသံသည် ငဖြူအတွက် အသည်းငယ်စရာ ဖြစ်နေလေသည်။
အိမ်တော်တစ်ဝန်းလုံးရှိ အစေခံများလည်း နေစရာမရှိ။ ရဲမက်များက ဝိုင်းထားကြပြီး မျက်စေ့မမှိတ်တမ်း စောင့်ကြည့်နေသည် ထင်ရ၏ ။ ငဖြူကိုတော့ လာမစစ်။ လက်ျာဘီလူးက နောက်နေ့မှ စစ်မည် မှာခဲ့သောကြောင့် ဖြစ်သည်။ သူထိုသို့ မှာခဲ့လျင် မည်သူမှ မထိဝံ့ကြပေ။
မင်းကြီး မင်းလှမင်းခေါင်ကိုသာမက သူ့ကိုလည်း တစ်မျိုး ကြောက်ကြရသည်။ လက်ျာဘီလူးသည် အခြားသူများနှင့်မတူ၊ နှိပ်စက်စစ်မေးခြင်း မပြုတတ်ဘဲ အနုနည်းဖြင့်သာ မေးမြန်း စစ်ကြောလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင်တော့ စကားတစ်ခွန်း ဖြေကာမျှနှင့်ပင် လည်ချောင်းထဲ ဓားထိုးသွင်းပစ်လိုက်ခြင်းမျိုး လုပ်တတ်သည်။
သူ့စိတ်ကို မည်သူမျှ ခန့်မှန်းမရသဖြင့် သူ သဘောမတွေ့စေရန် မနေရဲ မပြုရဲကြ။ သူ တစ်ခွန်းဆိုသည်နှင့် ပြီးရတော့သည်။ သို့မဟုတ်ဘဲ လွန်၍ ပြုမိပါက မည်သို့ ဖြစ်မည်ကို မသိနိုင်။ အရူးကို ဗိုလ်လုပ်နေရသည်နှင့် တူတော့၏ ။ သူသည် သူ့တပ်သား ဟုတ်မဟုတ်လည်း မကြည့်၊ မည်သူ့တပ်သားမှလည်း ဂရုမစိုက်ဘဲ စီရင်ပစ်တတ်သည့် ထုံးပေါင်းများစွာ သာဓက ရှိထားသည် မဟုတ်လား။
စစ်ပွဲ၌ သေနတ်ဝန် မင်းကြီးဦးကောင်း၏ ဗိုလ်တစ်ဦးပင် သူ့ဓားချက် မိသွားဖူးကြောင်း၊ မင်းကြီးကလည်း အပြစ်မဆို၊ သုရှင်ကလည်း အပြစ်မယူ ခွင့်ပေးထားကြောင်း သိကြပြီးနောက်တွင် သူ့အား မည်သူမျှ ကလန်ကဆန် မလုပ်ဝံ့ဘဲ သူ့အမိန့် သူ့စကားသည် အတည်လို ဖြစ်နေလေသည်။
(ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၂)
Written by သင်္ခရာဇာ
End date: September 16, 2021
No comments:
Post a Comment