တစ်ညလုံး မိုးလည်းမရွာ၊ အခြားနေရာများတွင် ထူးခြားမှု တစ်စုံတစ်ရာ မရှိသော်လည်း ငဖြူကို စောင့်ကြည့်နေသည့် ငကံထံမှ သတင်းထူးတစ်ခု ကြားသိရ၏ ။ ညဉ့်နက်သန်းခေါင်တွင် အမျိုးသမီးငယ်တစ်ဦး အချုပ်ခန်းအနီး လာ၍ အစာရေစာ ယူဆောင် ကျွေးမွေးသည်ဟု ငကံက ဆိုသည်။
ငကံ ပြောပုံအရ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ဖြူနွဲ့နွဲ့ အမျိုးသမီးငယ်မှာ အစေခံများထဲမှ ဖြစ်လိမ့်မည် ဆိုသဖြင့် အစောဟု ခေါ်သူ မိန်းမငယ်ကို သတိရသွားသည်။ ခေါင်းမှ စောင်ခြုံထား၍ မျက်နှာသေချာ မမြင်ရသော်လည်း ပုံပန်းကို မြင်လျင် မှတ်မိမည် ဆိုသည်။ ထို့ကြောင့် နောက်တစ်ကြိမ် အစော နှင့် တွေ့လျင် ငကံကိုပါ ခေါ်သွားမည်ဟု အမှတ်အမှာ ထားလိုက်၏ ။
စကားကြာကြာ မပြောကြဘဲ တီးတိုးအနည်းငယ်သာ ပြောဆို၍ အစားအသောက်ပေးပြီး ပြန်တက်သွားသည်ဟု သိရရာ သူတို့နှစ်ဦးသည် သမီးရည်းစားများ ဖြစ်နိုင်သည်ဟု တွေးဆရသည်။ မည်သို့ဆိုစေ မသင်္ကာစရာ အဆက်အသွယ်အဖြစ် မိစောကို ထည့်သွင်းထားလိုက်၏ ။
ဖျားနေလျက်ကပင် ဆင်းလာပြုစုသည်မှာ သာမန်သံယောဇဉ်တော့ မဟုတ်နိုင်။ ထို့ပြင် မိစောကို နောက်မှ ရောက်လာသူဟုလည်း လက်ျာဘီလူး မသိချေတကား။ သူထင်နေသည်မှာ ငယ်ပေါင်းကြီးဖော်များဟူ၍ ဖြစ်သည်။ ဖြူနွဲ့နွဲ့ မိန်းမသားတစ်ဦးကိုလည်း စိတ်မှတ်မထားမိ။
ယင်းသို့ ထူးခြားသည့် အမှုအခင်းများ ဆက်တိုက် ဖြစ်နေသည့် ကြားမှ နေ့ခင်းဝယ် သစ်ကုမ္ပဏီတစ်ခု၏ ဗိုလ်နှင့် လက်ျာဘီလူးတို့ အချင်းများကြပြန်သည်။ ထိုကုမ္ပဏီ တောင်းဆိုလာသော လိုလားချက်များအား လက်ျာဘီလူးက ဖတ်မကြည့်ဘဲ အမှိုက်ခြင်းထဲ ပစ်လိုက်၍ ဖြစ်၏ ။ တာဝန်ခံ ဗိုလ်က ယင်းအပြုအမူသည် ရိုင်းပျကြောင်းနှင့် မုဆိုးဘို နေပြည်တော်သို့ ရောက်အောင် တက်မည်ဟု ဆိုရာ လက်ျာဘီလူးက
"သင့်ခေါင်းနှင့်အတူ ဆက်ချေ"
ဟု ဓားကိုထုတ်၍ ခုတ်မည် ရွယ်သောကြောင့် စစ်ကဲကြီးက ဆွဲထားလိုက်ရသည်။ မျက်နှာဖြူ ဗိုလ်ကိုလည်း ပြန်လွှတ်လိုက်ရသည်။ လက်ျာဘီလူး အခဲမကျေဘဲ ထိုကုမ္ပဏီ၏ လုပ်ပိုင်ခွင့်ရ မြေကွက်များထဲသို့ အမြောက်စမ်းနေတော့၏ ။
သူ့အား မည်သူမျှ ပြောမရဘဲ ထင်ရာစိုင်းနေခိုက် ဗိုလ်တွန်ကြီး ရောက်လာသည်။ ပတ်တီးပေါ် အုပ်ပေါင်း ပေါင်းထားသည့် ဦးတွန်က ပြုံးဖြဲဖြဲဖြင့်
"ဟိတ်.. ကောင်လေး၊ သိပ်သောင်းကျန်းနေသပဆို"
လက်ျာဘီလူး ဘုကြည့်ကြည့်၍ မျက်နှာ ပြန်လှည့်သွားကာ အမြောက်မီးစာအား သူကိုယ်တိုင် မီးတုတ် ထိုးညှိလိုက်၏ ။ အုန်းခနဲ မြည်သံကြီးနှင့်အတူ ကာထားသော တံတိုင်းတစ်ခု ပြိုသွားသည်။
"စိတ်လျှော့မှပေါ့ ငစံ၊ သင်း ဘာပြောသွားလို့လဲကွဲ့"
ယခုမှ ရင်ဖွင့်ရမည့်သူ ရောက်လာ၍ လက်ျာဘီလူး စကားစပြောသည်။
"မသာလောင်းက ကျုပ်ကို ရိုင်းပျသလေး ဘာလေးနဲ့၊ သူတို့ဆီမှာဆို သည်လို ပြုရင် ရိုင်းတယ် ဆိုတော့ ကျုပ်တို့နဲ့ သူတို့နဲ့ နှိုင်းပြီး လူမျိုးကိုပါ နှိမ့်ချ စော်ကားတာ မဟုတ်ဘူးလား။ သူက သာရိုင်းသေးတယ်.. ရတနာသိင်္ဃလို့ အမည်သညာ သမုတ်ထားပြီး ဖြစ်ပါလျက် မုဆိုးဘို နေပြည်တော် လို့ပဲ သုံးတယ်၊ ကျုပ်တို့ကို သူပုန်မင်း သူပုန်ဗိုလ်တွေလို့ သတ်မှတ် ပြောဆိုနေတာဗျ"
"မင်းမို့လို့ နှိုက်နှိုက်ချွတ်ချွတ် တွေးနေသကွာ။ သည်ကောင်တွေ သည်လို ပြောတတ်တာပ။ ကိုင်းပါ.. ကျုပ်လို့ မသုံးဘဲ ကျွန်တော်လို့ပဲ ပြောရိုးပြောစဉ် သုံးစမ်းပ။ မင်း ကျေနပ်အောင် ငါလုပ်လာတယ်"
"ဘာလုပ်လာတာလဲ မင်းကြီး"
"ဟိုမှာလေ"
မုတ်ဆိတ်နှင့် လူတစ်ဦး၊ ဖမ်းခေါ်လာခြင်း ခံရသဖြင့် ခပ်ကုန်းကုန်း နေရသော်လည်း မကျေနပ်ဟန်နှင့် ထီမထင်ဟန် ပေါ်လွင်နေသည်။
"သူက ဘယ်သူလဲ"
"မင်းကို မချေမငံ ပြောတဲ့ ဗိုလ်ရဲ့ လက်ရုံး လက်ထောက်ဦးစီးလို့ ဆိုတယ်။ ငါသွားစုံစမ်းတာကို အပေါက်ဝက ပိတ်ပြီး စစ်လား ဆေးလား ဟိန်းဟောက်နေလို့ မဝင်တော့ဘဲ ဒီကောင့်ကို မင်းဆီ လာပို့တာ"
"ကြိုက်ပြီ"
လက်ျာဘီလူးက ခြေလှမ်းသွက်သွက် လျှောက်သွားရာ မုတ်ဆိတ်က ရင်ကို ကော့လိုက်ပြီး
"ကျုပ်တို့ နေမဝင်အင်ပါယာသခင်.."
"ဘုန်း"
"အင့်"
လက်ျာဘီလူးက ဒူးနှင့် ပြေးခုန် တိုက်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် သဲအိတ်တစ်အိတ်နှင့် လေ့ကျင့်နေသလို အဆက်မပြတ် ထိုးကြိတ် ကန်ကျောက်တော့သည်။ မုတ်ဆိတ်၏ ကိုယ်နှင့် သူ့လက်သီး ခြေဖမိုးများ မိတ်ဆက်သံ တဘန်းဘန်းသည် ဗုံတီးနေသကဲ့သို့။ သူ၏ ဒေါသများကို ကုန်စင်အောင် ဖွင့်ထုတ်ပစ်နေရာ ခံရသူတစ်ကိုယ်လုံး အညိုအမဲစွဲ၍ ဖူးရောင်နေသည့်တိုင် မရပ်သေး။
သူ ကျေနပ်သွားသောအခါ မုတ်ဆိတ်နှင့်လူမှာ အသက်ငွေ့ငွေ့သာ ကျန်တော့သည်။ သူ့ခြေလက်များလည်း ရောင်ကိုင်း ပေါက်ပြဲနေပြီ။
"ဦးတွန် ဓားပေးစမ်းပါ"
ဗိုလ်တွန်က တော်လောက်ပြီဟု ပြောချင်သော်လည်း သူ့ကို ကြည့်၍ မပြောမိဘဲ ဓားချွတ်ပေးလိုက်၏ ။ လက်ျာဘီလူးက ယိမ်းနွဲ့ပါးဓားကို ဖမ်းပြီး နှစ်ပတ်သုံးပတ် ယမ်းလိုက်သည်။
"တို့မြေလာပြီး ရိုင်းစိုင်းချင်တဲ့ကောင်တွေ"
ဓားယမ်းပြီး ဝင်လာသည်ကို မြင်၍ မုတ်ဆိတ်နှင့်လူ၏ ပိတ်လုလု မျက်လုံးများ ပြူးသွားသော်လည်း ပြင်းထန်စူးရှလှသော နာကျင်မှုကြောင့် အားခနဲအော်၍ ပြန်မှိတ်သွားရ၏ ။ နောက်ဆုံး မြင်လိုက်ရသည့် အလင်းတန်းနှင့်အတူ သူ၏ ပခုံးမှ တစ်ဘက် ခါးအောက် ရောက်သည်အထိ ကိုယ်တစ်ခြမ်းလုံး ပြတ်ကျသွားရလေပြီ။
ယိမ်းနွဲ့ပါးဓား ထက်လှကြောင်း ကြားဖူးကြသော်လည်း မျက်ဝါးထင်ထင် မြင်လိုက်ကြရသည့်အပြင် လက်ျာဘီလူး၏ ဒေါသနှင့် ခွန်အားကိုပါ တွေ့ရှိကြသူ လူအပေါင်းမှာ မင်းထင်နော်ရထာ ဘီလူးစီးနေပြီဟု လက်ကုတ် မေးငေါ့ ပြောရင်း ထိတ်လန့်နေကြကုန်၏ ။
"တော်သင့်ပြီ ငစံ။ ဟိတ်.. ငါ့လူတို့၊ သည်အကောင်ကို တမာသပ်နဲ့ ပြန်ဆက်ပြီး သူ့တိုက်ရှေ့အရောက် ပြန်ပို့လိုက်ကြစမ်း"
ဗိုလ်တွန်က လက်ျာဘီလူး လက်ထဲမှ ဓားကို ပြန်ယူလိုက်ပြီး သွေးများ ခါလိုက်သည်။ အသွားကို ရေလောင်းချ၍ တပ်သားတစ်ဦးထံမှ အဝတ်ဖြူတစ်စ တောင်းယူ သုတ်နေသည်။ လက်ျာဘီလူး သတိပြန်ဝင်လာပြီး
"အဲလို အားပါးတရ ခုတ်ချင်နေတာ ကြာပြီ။ ဒဂုံရောက်ကတည်းကပဲဗျ"
"အေးပါ.. မင်း ကျေနပ်သွားပြီ မဟုတ်လား"
""ဟင့်အင်း"
ဟု ဆို၍ အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်သည်။
"ကျွန်တော့်ကို လူရမ်းကားတစ်ဦးအဖြစ် ရာဇဝင်မှာ ရေးရင်လည်း ရေး၊ မသင့်လို့ မှတ်တမ်းမတင်ရင်လည်း ရှိစေတော့။ ကျွန်တော်တော့ မုန်ညင်းတစ်စေ့ နှမ်းတစ်စေ့မှ သည်းမခံတော့ဘူးဗျ"
"သင်းတို့က သူတို့ကိုယ်သူတို့ သဘောထား မြင့်မြတ်တဲ့ လူမျိုး၊ မာနကြီးတဲ့ လူမျိုး ဆိုပြီး ဒေသခံတိုင်းရင်းသားတွေအပေါ် နှိမ့်ချဆက်ဆံနေကြတာ ကြာပြီ။ မယဉ်ကျေးသေးဘူး၊ မတိုးတက်သေးဘူး ဆိုပြီး သနားသယောင် အကြည့်အမြင်တွေ တော်လောက်ပြီ။ အထက်စီးက ဆက်ဆံ ပံ့ပိုးပေးလာမှာတွေ မျှော်နေစရာ မလိုပါဘူး။ သူတို့က ကျွန်တော်တို့ကို သူပုန် ဓားပြလို့ ထင်နေတာ မဟုတ်လား။ ကောင်းပြီ၊ သူတို့ကို ဓားပြတိုက်ပြီး သူတို့ သူပုန်လို့ မြင်နေသူတွေက ဘိုးဘေးတွေပိုင်နက် တိုင်းနိုင်ငံအားလုံးကို ပြန်သိမ်းယူနိုင်တဲ့ အင်အားရှိကြောင်း ပြရတာပေါ့"
"ဟ.. မင်း ကုန်တိုက်တွေကို ဓားပြတိုက်မလို့လား"
"မဟုတ်ဘူး၊ ဒဂုံနယ် တစ်ခွင်လုံးက သူတို့ကောင်စစ်ရုံးတွေနဲ့ သင်္ဘောတွေပါမချန် သိမ်းတော့မှာ"
(ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၄)
Written by သင်္ခရာဇာ
End date: September 16, 2021
No comments:
Post a Comment