Translate

နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး ( ၁၀ )

ဗိုလ်တွန် တစ်ယောက်တည်း ဘက်ပဲ့နေသည်။ သူနှင့် တွဲဘက် လက်ျာဘီလူးမှာ ရေဦးဗိုလ် လုပ်ကြံခံရသည့် အရေးအတွက် အလုပ်ရှုပ်နေပြီး ရုတ်တရက် ခရီးထွက်သွားသည်မှာ ဘယ်ရောက်နေမှန်းမသိ။ သူ့မှာ မြစ်ဆိပ်သို့ သွားလည်း တစ်ကိုယ်တည်း၊ ကင်းစခန်းတွေ လှည့်စစ်လည်း တစ်ဦးတည်း ဖြစ်နေသည်။
သူသည် ကြေးမြင့်ဒိုင်များဘက်မှ မြင်းနှင့် ပတ်လာရင်း ကမ်းနားဆိပ်တွင် လှေကြီးများ တွေ့သဖြင့် စိတ်ကူးပေါက်ကာ ဒလဘက်ကမ်းသို့ ကူးခဲ့၏ ။ ဒလဘက်ခြမ်းတွင် တွံတေးတောတန်းဘက်မှ ရန်သူများ ရှောင်တခင် ဝင်ရောက် ထိုးစစ်ဆင်ခံရလေ့ရှိရာ တပ်စခန်း ရှိ၏ ။
ဗိုလ်တွန်တစ်ဦးတည်း နောက်လိုက် နောက်ပါ မပါ ဒလဘက် ကူးသွားသည့် သတင်းသည် လှေတစ်စီးပေါ်မှ စာပို့ခိုဖြင့် ချက်ချင်း ဟံသာဝတီနေပြည်တော်သို့ ရောက်သွား၏ ။ ဗိုလ်တွန်ကလည်း ထန်းတောများဆီ လှည့်လည်ကြည့်ရင်း ထန်းရည် အနည်းငယ် ဝင်သောက်နေသေးသဖြင့် အချိန်လင့်နေခဲ့သည်။ ပြန်ရန် မြစ်ဆိပ်ဘက် ထွက်လာသော အခါ နောက်မှ စခန်းဗိုလ် လိုက်လာပြီး
"တွံတေးဘက်ကနေ မွန်တပ်တစ်တပ် လာနေတယ်။ ရဲတံခွန် အောင်လံတွေအရ လူ ၂၅၀ နဲ့ ၅၀၀ ကြား ပါနိုင်သတဲ့။ ခြေမြန်တပ်သား ရောက်လာပြီး သတင်းပို့နေပါတယ် မင်းကြီး"
"အေး.. ကောင်းပြီ၊ သည်တစ်ကြိမ် ငါတိုက်မယ်။ မင်းမှာ သေနတ်သား ၂၀၀ လောက် ရှိသမို့လား"
"၁၅၀ ကျော်ပဲ ရှိပါတယ် မင်းကြီး"
"ရတယ်၊ သူတို့ကို သုံးဆင့် ခံပစ်ဖို့ အသင့်ပြင်ခိုင်းပြီး လွှတ်လိုက်၊ ငါတို့ ဆီးတိုက်မယ်"
ထန်းရည်ကလေး အနည်းငယ် ဝင်ထားသဖြင့် ယစ်နေသော ဗိုလ်တွန်သည် တွံတေးဘက် အထွက်ရှိ ကင်းစခန်းသို့ တစ်ဦးတည်း ရောက်သွား၏ ။ ထိုစခန်းတွင် တပ်သား ၂၅ ယောက်သာ ရှိသည်။ သူက သေနတ်သားများ ရောက်လာလျင် သုံးစုခွဲ၍ တစ်ဖွဲ့ပြီးမှ တစ်ဖွဲ့ အချက်ပြသည့်အတိုင်း ပစ်ရမည် ဟု မှာကာ ရှေ့ထွက် စောင့်နေသည်။
သူ့နောက်မှ မြင်းဆယ်စီး ရင်ဘောင်တန်း ရပ်လာ၏ ။ နေရာယူ ပြင်ဆင်နေကြသံများ ကြားသော်လည်း လှည့်မကြည့်။ ရှေ့သို့သာ စိုက်ကြည့်နေသည်။ ရန်သူများ တောတန်းထဲမှ လှုပ်လှုပ်ရွရွ ထွက်လာကြသည်ကို မြင်လျင် လှံရှည်ကြီးတစ်စင်း လွှတ်လိုက်သည်။ သူမှန်း သိပါက တန့်သွားစေရန် ဖြစ်၏ ။
သို့သော် ဤတစ်ကြိမ်၌ မွန်တို့သည် သူ့အား ကြောက်ရွံ့ခြင်း မရှိဘဲ တက်လာနေကြသည်။ သေနတ်တစ်ကမ်း ရောက်လျင် သေနတ်သားများက သူ့ကို ဝိုင်းကြည့်နေကြ၏ ။ သူက အချက်မပြဘဲ မြင်းကိုသာ ရှေ့သို့ ဆတ်လိုက်သဖြင့် နောက်မှ မြင်းသည်များလည်း ရွေ့ကြလေ၏ ။
တစ်ဘက်မှ သေနတ်ပစ်ဖောက်သံ တဖိန်းဖိန်း ထွက်လာသည်။ မြင်းသည် နှစ်ဦး ထိသွား၏ ။ ဗိုလ်တွန်က မီးခိုးများ အူထွက်လာရာဘက်သို့ လက်ဆန့်တန်းပြလိုက်လျင် သေနတ်သား ၅၀ ထ ပစ်ကြလေသည်။ ထို့နောက် နောက် ၅၀၊ သုံးကြိမ်ပစ်အပြီးတွင်တော့ ဗိုလ်တွန်သည် လှံတံကို ဝှေ့ရမ်းလျက် မွန်ပုံသို့ ဝင်သွားလေတော့ပြီ။
နောက်မြင်းများလည်း တစ်စုတည်း လိုက်လာကြ၏ ။ စခန်းကုန်းမှ ရဲမက်များက ပစ်ခတ် ထိုးခုတ် ကူကြသည်။ ထိုစဉ် မွန်တို့၏ နောက်မှ မြင်းသည်များ ထွက်လာပြီး ပိုက်ကွန်များ ဖြန့်ကိုင်လာသည်ကို တွေ့ရာ ဗိုလ်တွန်က ခါးမှ ယိမ်းနွဲ့ပါးဓားကို ဆွဲထုတ်လိုက်လေသည်။
ရှေ့ဆုံးမှ မြင်းနှစ်စီးဖြင့် ဆန့်တန်းလာသော ပိုက်ကို ဓားနှင့် နှစ်ပိုင်း ပိုင်းပေးလိုက်၏ ။ နောက်ပိုက်များလည်း အထပ်ထပ် ဝင်လာနေကြပြီး အချို့က ကွန်ပစ်သလို လှမ်းပစ်ကြသည်။ ဗိုလ်တွန်က သူ့ကိုဖမ်းရန် ကြံနေကြောင်း ရိပ်မိ၍ မြင်းနှင့် လှည့်ပတ်ပြေးရင်း ခုတ်နေသည်။ သေနတ်သားများကိုလည်း တစ်ဖွဲ့ချင်း ပစ်ရန် အမိန့်ပေးလိုက်ရာ ရန်သူမြင်းသည်များကို ပစ်ချနေကြပြီ။
ကွန်ပစ်ပြီးသော မွန်မြင်းသည်တို့က ဆူးချုံကာ၍ ဝါးချွန်စိုက်ထားသည့် စခန်းကို ခုန်ကျော် ဝင်သွားကြသည်။ ကင်းစခန်းတွင်းသို့ လူများ အထပ်ထပ် လှိမ့်ဝင်လာနေ၏ ။ ဗိုလ်တွန် မြင်းပေါ်မှ ဆင်းလိုက်ရပြီး လူအုပ်အလယ် ရောက်နေသကဲ့သို့ ရှိပြီ။ မြင်းသည်များလည်း ကွဲပြားလျက် ထိပါးနေကြကုန်သည်။
ဗိုလ်တွန်ထံသို့ ဆေးမင်အပြည့်နှင့် တောင့်တင်းသော လူဆယ်ဦးခန့် တဟုန်ထိုး ပြေးဝင်လာကာ အတင်းဝင်လုံးလာသည်။ ဗိုလ်တွန်က ဆီးခုတ်သော်လည်း မမှု၊ မပြတ်မရှဘဲ ဓားကို ဝင်လုနေ၏ ။ ချုပ်ကိုင် ဖမ်းဆီးရန်လည်း ကြိုးစားနေကြသည်။ အပြီးအစီး လုံသူများပေတည်း။
ရှေ့ဆုံးမှ တစ်ဦးကို ဓားနှောင့်ဖြင့် ထုချလိုက်ရပြီး လက်ကို ဝင်ဖမ်းသည့် နောက်လူကိုမူ ဓား ထည့်ပေးလိုက်သည်။ ထိုသူက ဓားကို ကိုင်မိလျင် ကိုင်မိချင်း ဗိုလ်တွန်ကလည်း ထိုလူ၏ ခါးကို ကိုင်လိုက်ပြီး ဖြစ်၏ ။ နောက်မှ သိုင်းဖက်ကာ မြှောက်တင် လှန်ချလိုက်ရာ အပြီးအစီးကောင်းသူမှာ ဇက်နှင့် ကျ၍ မလှုပ်တော့။ ဗိုလ်တွန်က ယိမ်းနွဲ့ပါးဓား မြေပြင်တွင် စိုက်နေသည်ကို ဆွဲနှုတ်လိုက်ပြီး
"လာကြ.. သည်ဓား လိုချင်သပဆို လာယူကြ"
ဝိုင်းထားသူများသည် အချက်ပေး၍ ပြိုင်တူဝင်ရန် ကြိုးစားရာ ရှေ့မှ ပြေးဝင်လာသူကို ရင်ဝ ကန်ထုတ်လိုက်ပြီး နောက်မှ လူကိုလည်း သူ့အရှိန်နှင့်သူ ပစ်ပေါက်ချလိုက်သည်။ ဓားကို အိမ်ထဲ ပြန်သွင်းလိုက်ကာ လက်သီး ဖနောင့် တံတောင်များဖြင့် လုံးထွေးသတ်ပုတ်နေတော့၏ ။ မွန်တို့မှာ တုတ်ပြီးဓားပြီးသော်လည်း လက်သီးမပြီးကြသောကြောင့် ဗိုလ်တွန်၏ အားကို မခံနိုင်ချေ။
ဓားကို ဆွဲလုလာသူများ၏ မေးရိုး နားထင် မျက်နှာ အရှိုက်နေရာများ ပြင်းထန်စွာ ထိမှန်၍ တဘိုင်းဘိုင်း လဲကျနေကြသည်။ ဗိုလ်တွန်ကလည်း လက်ပန်းမကျ၊ ထိုသူများလည်း လက်ရည်မကျ။ ဝင်တိုးလာသည့် မြင်းပါးစောင်ကိုပါ ဖြတ်ရိုက်ပစ်လိုက်သေး၏ ။ အနားမှ လူများ လွင့်စင်နေခိုက် ဗိုလ်တွန်သည် သူ့မြင်းဆီ ပြေးသွားပြီး ထိုလူအုပ်ကို ထားရစ်ကာ မွန်တပ်ကို မွှေနှောက်နေပြန်သည်။
ကွန်ဖြင့် ပစ်လည်း မရ၊ လူနှင့် တိုးလည်း မမိ၊ ဓားချင်း လှံချင်းတွင်လည်း မနိုင်သောအခါ မွန်တို့ ဆုတ်ရချေပြီ။ အပြီးအစီး ကောင်းသူများနှင့် သေနတ်သမားများကတော့ သဲကြီးမဲကြီး လိုက်နေကြသေးသည်။ သို့သော် ဗိုလ်တွန် ဝင်သွားသည်က ရန်သူ့မြင်းပုံထဲသို့ ဖြစ်ပြီး အလွန်ရှုပ်ထွေးနေ၍ မပစ်သာ မဝင်သာ။ သူတို့လူများသာ ကျနေ၏ ။
ထိုနေ့က မွန် ၂၀၀ ခန့် သေကြေပျက်စီးရသလို သုံ့လူ အနည်းငယ်နှင့် သေနတ် ၁၀၀ ကျော် ရလိုက်သည်။ စစ်မေးချက်အရ ဗညားအရိန္ဒမ၊ မဟာ ဥပရာဇာနှင့် ဗညားဒလတို့၏ အစီအမံဖြစ်ကြောင်း သိရသည်။ အဘယ်ကြောင့် ရုတ်တရက် ဓားဝင်လုကာ လုပ်ကြံလာသည်ကိုမူ မသိရ။ ဗိုလ်တွန်ကတော့ အနည်းငယ် မူးနေ၍ ပြေးသည့်နောက် မလိုက်တော့ဘဲ ပြန်သွားလေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
*
ထိုနေ့ညနေ ဗိုလ်မင်းကြီး ပြန်မလာ၍ အိမ်ရှိ အစေခံများ လွတ်လပ်နေကြ၏ ။ မိစောမွန်လည်း ရေခပ်ရန် ချောင်းဘက်သို့ ဆင်းခဲ့ရာ မမျှော်လင့်ဘဲ သစ်ပင်အကွယ် သဲမြေမွမွဝယ် ထိုင်နေသူကို တစ်စွန်းတစ်စ မြင်လိုက်ရသည်။ သူ ပြန်ရောက်နေပါပကောဟု တွေးရင်း သေချာစေရန် ကြည့်ရသေး၏ ။
ယမန်နေ့က မင်းထင်နော်ရထာ ခရီးထွက်သွားသည်ဟု ကြားသိခဲ့ရာ မြန်လှဘိတောင်း။ သူ တကယ် ဗိုလ်မှူးကြီး ဟုတ် မဟုတ် မေးအံ့ဟု သစ်ပင်ကို ပတ်သွားလိုက်သောအခါ မိစောမွန်ကို မြင်သွား၏ ။ ယခုတစ်ကြိမ်တွင်တော့ သူက ဦးအောင် ပြုံးပြဖော် ရပေသည်။
"အရင်ရက်တွေက မောင်ကြီး ပျောက်နေတယ်နော်"
အပြုံးနှင့် သူ့အနား ကပ်သွားလိုက်သည်။ သူက ထိုင်ပါဟု မဆို၊ နေရာလည်း မပေးဘဲ ခေါင်းညိတ်ရုံ ညိတ်လျက်
"ဟုတ်ကဲ့"
ဟု ဖြေ၏ ။ သည်ကလည်း မိစောမွန်ပဲ၊ ဘေးဘက်မှ ခုံးထွက်နေသော သစ်မြစ်ပေါ် ဝင်ထိုင်ပြီး
"တာဝန်တွေ ပိနေသလား ရွှေတပ်တော်သားကြီးရှင့်"
"ဟုတ်တယ်၊ နည်းနည်း အလုပ်များနေလို့"
"သြော်.. အစောလည်း ကြားမိပါတယ်။ ဗိုလ်ချုပ် မင်းထင်နော်ရထာ လုပ်ကြံခံရလို့ဆို.. အဲဒါလား"
"ဟုတ်.. ဒါပေမယ့် မဟုတ်ဘူး"
"ဟွန့်.. မောင်ကြီးနော်၊ လုပ်လာပြန်ပြီ"
မိစောမွန်က နှုတ်ခမ်းစူထားလိုက်၏ ။
"မင်းထင်နော်ရထာ လုပ်ကြံခံရတာက ဟုတ်ပါတယ်၊ ဒါပေမယ့် အလုပ်ကြံ မခံရဘူးလို့ ပြောတာ"
သူက စကားကို ထိုသို့ ပြောတတ်သူ ဖြစ်သည်။ မနည်း စိတ်ရှည်ရှည် ထားနေရ၏ ။
"အဲဒီ ဗိုလ်မှူးကြီးကို သိသလား"
မိစောမွန် မသိဟန်ဆောင်၍ မေးသည်ကို
"သိတာပေါ့"
"အစောတို့ အိမ်ရှေ့ကပဲ"
"အင်း"
"ဒါပေမယ့် သူ့ကို တစ်ခါမှ အနီးကပ် မမြင်ဖူးဘူး"
ဟု ဆိုကာ သူ့မျက်နှာကို စေ့စေ့ ကြည့်လိုက်ရာ မလုံမလဲဟန် ဖြစ်သွားပြီး
"မင်းကြီး မင်းလှမင်းခေါင်ဆီ မကြာခဏ လာနေတာကို မတွေ့ဖူးတာလား"
"အစောက နောက်ဖေးချောင် အကူပါ"
သူ့ထံမှ စကားပြန်မရ၊ ခေါင်းငုံ့ကာ သဲပေါ် တစ်စုံတစ်ခု ရေးခြစ်နေသည်။ မိစောမွန်က စကားလမ်းကြောင်း ပြောင်းလိုက်၏ ။
"သူ့ကို လုပ်ကြံတဲ့သူရော မိသလား"
"အင်း"
"ဘာဖြစ်သွားလဲ"
"ဘာမှ မဖြစ်ပါဘူး"
"ဘယ်လို ဘာမှ မဖြစ်တာလဲရှင့်"
"ဘယ်လိုမှ ဘာမှ မဖြစ်သွားတာ"
"မောင်ကြီးနော်"
မိစောမွန် အသည်းယားသွားသည်။ မထုံတက်တေးပုံစံကို ကုတ်ဆွဲလိုက်ချင်သလို ဖြစ်သွားရပြီးမှ စိတ်ကို ထိန်း၍
"အစော နားမလည်လို့ ရှင်းပြပါဦး"
"လုပ်ကြံတဲ့သူကို တွေ့တယ်၊ ရွာတစ်ရွာမှာ။ ဘာမှ မလုပ်တော့ဘဲ ပြန်လာကြတယ်.. .. တဲ့"
နောက်ဆုံးမှ 'တဲ့' က အတော်ဝေး၏ ။ မိစောမွန်က သူ့ကို လိမ်ချင်နေသော လက်ျာဘီလူးအား 'သိကြသေးတာပေါ့လေ' ဟု စိတ်ထဲမှ ကြိမ်းလိုက်ကာ
"ဘာလို့ ဘာမှ မလုပ်တာလဲ။ သူက ဗိုလ်တစ်ဦးကို သတ်သွားတယ်ဆို"
"ပြန်မတုံ့ချင်တော့လို့ လွှတ်လိုက်တာ နေမှာပေါ့။ သတ်တာ သေတာ လုပ်ကြံတာတွေက စစ်တွင်း ဖြစ်နေကျပဲလေ၊ မဆန်းပါဘူး။ ကျွန်တော်တို့လည်း လုပ်နေကြရတာပဲ"
"ဒီတော့ အရေးမယူတော့ဘူးပေါ့.. ဟုတ်လား"
"အင်း"
"အဲဒီ လူသတ်ပြေးတဲ့ သူကိုလေ"
"အွန်း"
"တွေ့တာကို ဘာမှ မလုပ်ဘဲ ပြန်လာတယ်... တဲ့လား"
"အမ်း"
မိစောမွန် အံ့သြနေပြီး သူ့စိတ်ကို နားမလည်တော့။
"ဘယ်သူက ပြန်လာတာလဲ"
"မင်းထင်နော်ရထာလေ"
"ဘယ်သူက မလုပ်ဖို့ ပြောတာလဲ"
"သူပဲပေါ့"
"အဲတော့ သူ့ကို အရေးယူ မခံရဘူးလား"
"ခံရချင် ခံရမှာပေါ့။ မသိဘူးလေ"
"ဒါဆို ဘာလို့ မလုပ်ခဲ့တာလဲ"
"မလုပ်ချင်လို့.. ပါတဲ့ဆို"
"ဟောတော်"
မေးရင်း ဖြေရင်း လည်နေကြသဖြင့် စိတ်တိုလာပြီး ဖြတ်မေးပစ်လိုက်သည်။
"အဲသည် မင်းထင်နော်ရထာက ရူးနေတာလား.. ကန်တော့နော်"
သဲပေါ် ခြစ်နေသည့်လက် ရပ်သွား၏ ။ မဆွဲတတ် ဆွဲတတ်နှင့် ဆွဲထားသည်က ဘီလူးမျက်နှာတစ်ခုပုံ ဖြစ်ပြီး ဦးဆောင်းမပါဘဲ ဆံရှည်နှင့်မို့ သူနှင့်ပင် တူနေသည်။
"လူတွေကတော့ အဲဒီလို ထင်ကြတာပဲဗျ"
"ဟုတ်လား"
"ဟုတ်တယ်၊ အတော်များများ အဲလိုပြောကြတာ ကြားဖူးတယ်"
"သူ့ကို အရူးလို့ ပြောကြတာလား"
ပြန်မဖြေ။ ငြိမ်နေ၏ ။
"အဲလို ပြောခံရတော့ ဘာမှမဖြစ်ဘူးလား.. သူက"
"စိတ်မကောင်းတော့ ဖြစ်မှာပေါ့"
"ဟုတ်လား"
မဖြေပြန်။ သူကိုင်ထားသည့် တုတ်ချောင်းသာ ဖျောက်ခနဲ ကျိုးသွားသည်။
"ဘာဖြစ်လို့လဲ"
"သြော်.. အရူးလို့ ပြောခံရတာ စိတ်ကောင်းမလား။ သူလုပ်တာတွေလည်း လွဲနေလို့ ဖြစ်မယ်။ တကယ်တော့ သူ့စေတနာကို နားမလည်ကြတာ.. နေမှာပါလေ"
ဆိုကာ တုတ်ကို အဝေးသို့ လွှင့်ပစ်လိုက်၏ ။ သူ့ပုံစံကို ကြည့်ပြီး မိစောမွန် စိတ်မကောင်း ဖြစ်သွားရသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 (ဆက်ရန်..) နန်းစဉ်ရွှေဓား ယိမ်းနွဲ့ပါး (၁၁)


Written by သင်္ခရာဇာ
End date: September 13, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...