ရွာမကျောင်း ဆရာတော်ဘုရားကြီးသည် နံနက်စောစော ကျောင်းဝိုင်းထဲ စင်္ကြံလျှောက်ရင်း တရားမှတ်နေ၏ ။ ကျောင်းသားကြီး မောင်ခေါင်းဖြူက အခြားကျောင်းသား ကိုရင်များနှင့်အတူ အမှိုက်များ သယ်ကာ အနောက်ဘက် ကျင်းထဲ၌ မီးပုံရှို့နေချိန်၊ ကျောင်းအဝင် မုခ်ဦးအောက်၌ လူငယ်အချို့ ပေါ်လာကြသည်။
ခေါင်းဖြူထက် အနည်းငယ် ငယ်ရွယ်ကြမည့် ကောင်လေးများသည် ကျီးကန်းတောင်းမှောက် အကြည့်များဖြင့် ဝန်းကျင်ကို အကဲခတ်ရင်း ဆရာတော်ကြီးထံ ခပ်ကုပ်ကုပ် လျှောက်လာကြ၏ ။ စုစုပေါင်း ၇ ယောက်အနက် တစ်ဦးကို အခြားတစ်ဦးက တွဲထားရသည်။ ထိုသူငယ်မှာ ခြေထောက်ကို အဝတ်စ စည်းထားပြီး အင်အားဖျော့တော့နေဟန် ရှိလေသည်။
ဆရာတော်ဘုရားက လူငယ်များကို မြင်သည်နှင့် ခေါင်းဖြူတို့ ကျောင်းသား ကိုရင်များကို လှမ်းခေါ်၏ ။ အနီးသို့ ရောက်နေသော ခေါင်းဖြူအား
"မောင်ကျောင်းသား၊ ကျောင်းပေါ်မှာ အိပ်စရာ နေစရာ ကျယ်ကျယ်ဝန်းဝန်း သွားပြင်ချေ၊ ပြီးရင် ကြိုးတန်းပြီး သင်္ကန်းတွေ စောင်တွေနဲ့ ပတ်လည်ကာပေးလိုက်စမ်း"
"တင်ပါ့ဘုရား"
ခေါင်းဖြူနှင့် ကိုရင် ၃ ပါး ကျောင်းပေါ်သို့ တက်သွားချိန်၌ အနောက်မှ ဆရာတော်ဘုရားကြီး၏ အသံကို ကြားမိလိုက်၏ ။
"လာကြကွယ်တို့.. မောင်ရင်လေးတို့ကို မျှော်နေတာ"
မကြာမီ ဆရာတော်ကြီး၏ နောက်မှ လက်အုပ်ချီ လိုက်ပါလာကြသော ဧည့်သည် လူငယ်လေးများ ကျောင်းပေါ် ရောက်လာပြီး ခေါင်းဖြူတို့ ပြင်ဆင်ပေးသော ဖျာများပေါ် နေရာယူလိုက်ကြသည်။ ကျေးဇူးတင်သော မျက်လုံးများဖြင့်လည်း ကြည့်နေကြ၏ ။ ဆရာတော်က ရှိသမျှ သရက်သီး၊ ငှက်ပျောသီး၊ အုန်းသီးများကို ကျက်သရေခန်းမှ ထုတ်ကာ တည်ခင်းဧည့်ခံစေပြန်သည်။
မည်သူမည်ဝါမှန်း မသိရသော လူငယ်များအပေါ် ဆရာတော်က ဤမျှ သဒ္ဓါထက်သန်နေခြင်းအား ခေါင်းဖြူတို့ ရွာခံကျောင်းသား ကိုရင်များ နားမလည်ကြသော်လည်း ထိုလူငယ်များသည် ဘုန်းကြီးကျောင်းသားများပင် ဖြစ်ကြကြောင်းကိုတော့ အသွင်အပြင်ကိုကြည့်၍ ဆုံးဖြတ်နိုင်ပါ၏ ။
ဧည့်သည်များ မွတ်သိပ်စွာ စားသောက်နေကြချိန်တွင် ခေါင်းဖြူက ထိုသူတို့အထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသော လူငယ်အား မေးမြန်းကြည့်မိ၏ ။
"သူက ဘာဖြစ်လာတာလဲ၊ ဖျားနေသလား"
"ဟုတ်တယ် အစ်ကို၊ ငုတ်ထိုးမိလို့ အဖျားတက်ပြီး အားနည်းနေတာနဲ့ ခဏ နားရအောင် အစ်ကိုတို့ကျောင်းထဲ ဝင်လာခဲ့တာပါ။ ခရီးတစ်ထောက် နားရုံပါပဲ"
"ငါ့မှာ ငန်းဆေးအထုပ် သိမ်းထားတာ ရှိတယ်။ သွားယူလိုက်ဦးမယ်"
"ကျေးဇူးပါ အစ်ကို"
သို့သော် ခေါင်းဖြူ မယူလိုက်ရ၊ ဆရာတော်ဘုရားက ဆေးများထည့်ထားသော ပြည်တောင်းကို ကိုင်၍ ဝင်လာပြီး အထဲမှ အထုပ်များကို ထုတ်ယူလိုက်သည်။ ခေါင်းဆောင်လူငယ်အား
"ရော့.. ဒါက ရေကျက်အေးနဲ့ တိုက်၊ ဟော့ဒီအမြစ်ကို အနာတဝိုက်မှာ အရောင်ကျအောင် သွေးလိမ်းပေး။ နားနားနေနေ နေလိုက်ကြဦး။ ဘယ်သူမှ လာမနှောင့်ယှက်ဖို့ ဘုန်းဘုန်း ပြောထားမယ်"
ခေါင်းဖြူ အံ့သြနေ၏ ။ ထိုကျောင်းသားလူငယ်တစ်စု ဒုက္ခရောက်လာကြပုံရ၏ ဟုလည်း ထင်မိသည်။ ဆရာတော်ဘုရားသည် ခေါင်းဖြူတို့ကို မျက်နှာရိပ်ပြလျက် ခေါ်ထုတ်လာခဲ့ပြီး ကျောင်းဝန်းထဲသို့ မည်သူမျှ ရုတ်တရက် ဝင်ရောက်မလာနိုင်စေရန် စောင့်ကြပ်ရမည် ဖြစ်ကြောင်းနှင့် ဝင်လိုလျင် ဦးစွာ သူ့ထံ အကြောင်းကြားရမည်ဟု မိန့်တော်မူရာ
"သူတို့က ဘယ်သူတွေလဲ ဘုန်းဘုန်း"
"ဘုန်းဘုန်းလည်း မသိပါဘူးကွယ်၊ အိပ်မက် မက်လို့ စောစောထ စောင့်နေတာ"
ခေါင်းဖြူသည် ကျောင်းသားကြီးပီပီ ငယ်ရွယ်သော ကိုရင် ကျောင်းသားများကို တာဝန်အသီးသီး ခွဲဝေ ချပေးလိုက်ပြီး ကျောင်းပေါ်ပြန်တက်လာခဲ့ရာ ဆရာတော်သည် ခေါင်းဆောင်လူငယ်အား လက္ခဏာ စစ်ဆေးနေသည်ကို တွေ့ရ၏ ။
"အသက်တော့ ရှည်မှာ မဟုတ်ဘူး။ သို့သော် ဉာဏ ထီးရိုး ကျွန်းခုံတွေ အားကောင်းလို့ ထင်ပေါ် ကျော်ကြားလိမ့်မယ်။ ဘုန်း လက်ရုံး အားကြီးသူ ဖြစ်မယ်ကွဲ့၊ ဘုန်းဘုန်းပြောတာကို သတိသာထား"
"တင်ပါ့ဘုရား"
လူငယ်က လက်ဝါးကို ဖြန့်ပေးထားသော်လည်း စိတ်ဝင်တစား ရှိလှပုံမရ၊ သူ့မျက်လုံးများက ကျောင်းမုခ်ဝနှင့် နောက်လိုက်လူငယ်များဆီသို့သာ မကြာခဏ ရောက်နေ၏ ။
"လူလေးမှာ လုပ်ကြီးကြံမ ဆောင်ရွက်စရာ ရှိနေသလား"
"မှန်ပါ့ဘုရား၊ ရှိတော့ ရှိပါတယ်"
"အင်း.. အင်း၊ ယခုကာလ အပိုင်းအခြားမှာ အာယုလမ်းကြောင်း သိသိသာသာ ပြတ်နေတယ်။ အဲဒီနောက်တော့လည်း ထင်းထင်းကြီးနဲ့ တိုတိုပြတ်ပြတ် ရှိနေပြန်ရော။ ဘုန်းဘုန်းအထင် အသက်အန္တရာယ်ရှိတဲ့ အလုပ်ကြီး ဖြစ်မယ်။ မလုပ်ရင်တော့ ပိုကောင်းတာပေါ့ကွယ်"
လူငယ်က တုံဏှိဘာဝေ လုပ်နေသည်။ ဆရာတော်က သူ့မျက်နှာကို စေ့စေ့ ကြည့်ပြီး
"သို့ပေမယ့် တားလို့ရမယ့် သူမျိုးလည်း မဟုတ်ဘူး။ ဘုရား တရား သံဃာ ရတနာသုံးပါး မမေ့စေနဲ့ပေါ့ကွယ်။ အမှုမပြီးခင် ခင်ပွန်းကြီးဆယ်ပါးလည်း မပြစ်မှား မကျူးလွန်မိစေနဲ့။ ငုပ်မိရင်လည်း သဲတိုင်အောင်သာ ငုပ်ပေတော့"
"တင်ပါ့"
"မင်းမှာ သူရဲကောင်း လက္ခဏာ အပြည့်အစုံရှိတယ်။ အချိန်တိုင်းမှာ သတိကို တမံလုပ်၊ ဉာဏ်မြေကတုတ် အရင်းခံပြီး စိတ်ဆင်ရိုင်း ချွန်းအုပ်နိုင်ရင် ဇမ္ဗူမှာ သူမတူတဲ့ ယောက်ျားကောင်း ဧကန်ဖြစ်မှာပဲ"
ဆရာတော်ဘုရား၏ နောက်ဆုံးစကားကို ခေါင်းဖြူ အလွန် စိတ်ဝင်စားသွား၏ ။ သူသည်လည်း အတိုက်အခိုက် ကျင်လည်သော၊ နပမ်း လက်ဝှေ့ ကျွမ်းဝင်သော၊ ယောက်ျားတို့ တတ်အပ်သည်တို့၌ မယုတ်မလျော့ တတ်မြောက်ထားသော ကာလသားပေါက် လူငယ်တစ်ယောက်ဖြစ်ရာ မိမိရှေ့မှ လူငယ်သည် ထူးချွန်ထင်ရှား ထူးခြားမည့်သူ ဖြစ်ကြောင်း ဆရာတော်က အတတ်ဟောနေသဖြင့် ငေးကြည့်နေမိသည်။
လူငယ် ထသွားသောအခါ ငခေါင်းဖြူက ဆရာတော်အနား ကပ်ပြီး စူးစမ်းတော့သည်။
"သူက ဘယ်သူလဲ ဘုန်းဘုန်း"
"မောင်စံ တဲ့ မောင်ကျောင်းသား၊ နတ်ဘီလူးမျိုးတွေနဲ့ တစ်နည်းတစ်သွယ် ဆက်နွယ်နေတဲ့ သူပဲ။ ဘုန်းရှင် ကံရှင် ပါရမီရှင်တို့ လက္ခဏာကြီးငယ် ပါတယ်။ သို့ပေမယ့် သူက စိတ်ဝင်စားပုံ မရဘူး။ ဖြစ် မဖြစ်ကို စောင့်ကြည့်ရမယ့်သူကွဲ့"
"ဘာဖြစ်လာနိုင်တာလဲ ဘုရား"
"အနိမ့်ဆုံးအဆင့်တော့ သူရဲကောင်းတစ်ဦး ဖြစ်လာလိမ့်မယ်"
ခေါင်းဖြူ မှတ်သားထားလိုက်သည်။ ထို့နောက် လူငယ်ထံ သွားကာ မိတ်ဖွဲ့၍ နေရပ် ဇာတိနှင့် အကြောင်းချင်းရာကို စုံစမ်းထား၏ ။
လူငယ်မှာ သူတို့ကျောင်း၌ တစ်နေ့တာ တည်းခိုသွားပြီး ညရောက်သောအခါ ကျန် ကျောင်းသားလူငယ်များကို မှာကြားခဲ့လျက် တစ်ဦးတည်း ထွက်ခွာသွားခဲ့သည်။ အခြား လူငယ်တို့လည်း နောက်တစ်နေ့တွင် နှစ်ယောက်ချင်း၊ တစ်ယောက်ချင်း ထွက်သွားကြပြီး အဖျားရှိနေသူနှင့် ပြုစုရန် လူတစ်ဦးသာ ကျန်ခဲ့ကြသည်။
ယင်း ကျန်ရစ်သား နှစ်ဦးတို့မှာ ရက်သတ္တနှစ်ပတ်ကျော် ကြာသည်အထိ ခေါင်းဖြူတို့ကျောင်းဝယ် သောင်တင်နေပြီး တစ်ရက်တွင် ထွက်သွားကြသူများထဲမှ လူငယ်တစ်ဦး ပြန်လည် ရောက်ရှိလာပြန်၏ ။ ထိုသူက တိုးတိုးကြိတ်ကြိတ် ပြောသော်လည်း အလွန်အရေးကြီးသည့် သတင်းမျိုးမှန်း သိသာနေသည်။ ထို့ကြောင့် ဆရာတော်ဘုရားက ခေါ်မေးသောအခါ ငခေါင်းဖြူတို့ ကျောင်းသားများလည်း အနီး၌ ဝတ်ဖြည့်ရင်း နားစွင့်နေကြလေသည်။
"ဘယ်က လာခဲ့သလဲ မောင်ရင်လေး"
"တပည့်တော် ရွာကို ခေတ္တ ပြန်သွားတာပါ ဘုရား၊ အခု ရွာက လာတာပါ"
"ရွာမှာ အခြေအနေများကော တည်ငြိမ်ရဲ့လားကွဲ့"
"အရင်ရက်တွေက ငြိမ်နေပေမယ့် ယခုတစ်လော လှုပ်ခတ်လာပါတယ်"
"အိမ်း.. ဒကာလေး မောင်စံရောကွယ်၊ ပြုဖွယ်ကိစ္စ အဝဝ ပြုပြီးပလား"
"သူ့ကိစ္စကြီး ပြီးစီးသွားတယ်လို့ ကြားရပါတယ် ဘုန်းဘုန်းဘုရား၊ သူ အောင်မြင်လို့ပဲ ရွာကို မွန်တွေ လာရှာကြမှာ စိုးတာနဲ့ တပည့်တော် ရှောင်လာတာပါ"
ငခေါင်းဖြူတို့သည် တစ်ရွာသား ဘုန်းကြီးကျောင်းသားများ မွန်ရဲမက်တို့နှင့် အချင်းများကာ တိမ်းရှောင်လာခဲ့ကြကြောင်း သိပြီးသည့်အပြင် ကျောင်းသားခေါင်းဆောင် ငစံမှာ မွန်အကြီးအကဲတစ်ဦးအား ကြံစည်ရန် ရှိကြောင်း စိုးစဉ်းမျှ သိရှိပြီး ဖြစ်ရကား ယခုအခါ ငစံငယ်၏ လုပ်ကြံမှု အောင်မြင်ခဲ့ပြီဟု ယူဆလိုက်ကြသည်။
ငစံ၏ ဇွဲ လုံ့လတို့ကို ပြောဆို၍မျှ မပြီးသေးမီ မွန်ဝိဇ္ဇာကြီး ဘိုးမင်းသိုက်သည် ဘုန်းကြီးကျောင်းသားငယ်လေး တစ်ဦး၏ လက်ချက်ဖြင့် တိမ်းပါးသွားကြောင်း သတင်းထူးကြီး တောမီးပမာ ပျံ့နှံ့လာတော့သည်။ ဆရာတော်ဘုရားနှင့်တကွ ငခေါင်းဖြူတို့အားလုံး အံ့သြကြရပြီတည်း။
သို့သော် ထိုအချိန်မှ စ၍ ငစံငယ်၏ သတင်းသည် စုန်းစုန်းမြုပ် ပျောက်ဆုံးသွားတော့၏ ။ သူ ဘယ်ရောက်သွားသည်ဟု မည်သူမျှ မပြောနိုင်၊ အတန်ကြာမှ မင်းလောင်းဟု ကျော်ဇောနေသော မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျ လာခေါ်သွားသည်ဟု သတင်းသဲ့သဲ့ ကြားရသည်။ အမှန် ဟုတ် မဟုတ် စုံစမ်းရင်း တစ်နှစ်နီးပါး ကြာတော့မှ ငခေါင်းဖြူလည်း မုဆိုးဘိုသို့ ခိုဝင်ရန် ရွာမှ ထွက်လာခဲ့လေသည်။
ဦးစွာ သူရောက်ရှိခဲ့သည့် တပ်မှာ လူလိမ်လူကောက်တစ်ဦး၏ တပ်သားသစ်များ စည်းကြပ်ရာ စုဆောင်းရေးတပ် ဖြစ်၏ ။ အကြောင်းမသိသေးသော ခေါင်းဖြူသည် ထိုတပ်၌ ဦးစွာ ရောက်နှင့်သူများ၊ အကြပ်များ၏ အနိုင်ကျင့် ကောက်ကျစ်မှု အမျိုးမျိုးကို ခံခဲ့ရသည်။ သူ၏ လစာ ဆန်စပါးများ ဖြတ်ယူခြင်း ခံရသလို ပင်ပန်းဆင်းရဲစွာလည်း နေထိုင်ရသည်။ အဆိုးဆုံးမှာ ဗိုလ်ဖြစ်သူသည် လက်အောက်ရှိ ငယ်သားတို့အပေါ် ညှာတာမှု၊ ငဲ့ကွက်မှု လုံးဝမရြှိခင်းပင်။
ထိုအချိန်၌ ဦးအောင်ဇေယျ၏ အနီးပါးတွင် နေရသော ငစံနှင့်လည်း တွေ့ခွင့်မသာ၊ စစ်ပွဲများတွင် သူတို့ တပ်သားများကို စတေး၍ နာမည်ကောင်း ယူလိုသော ဗိုလ်ဖြစ်သူကြောင့် စိတ်ပျက်လှသဖြင့် အမှုထမ်းခြင်းမှ ထွက်ကာ ပြန်တော့မည်ဟု စိတ်ကူးမိခဲ့သည်။
သည်အတိုင်းတော့ ထွက်မရ၊ ပြဿနာရှာကာ အချုပ်ကျအောင် ပြုလုပ်၍ ထွက်မည် ကြံသည်။ ထိုစဉ်က ဘိန်းဘင်းကစော် သေရည်အရက် ထန်းရည် မသောက်မစားရအမိန့် မထုတ်ပြန်ရသေးသော အချိန်ဖြစ်ရာ ထန်းရည်အမူးသောက်ကာ အကျင့်တန်သော ဗိုလ်ထံ သွား၍ ရန်စလေတော့သည်။
ပထမအကြိမ်တွင် ဗိုလ်က သည်းခံ၏ ။ ဒုတိယအကြိမ်၌ ဆဲဆို ကြိမ်းမောင်း ခြိမ်းခြောက်ပြီး တတိယအကြိမ်တွင်မူ အကျဉ်းချထားလေသည်။ အချုပ်မှ လွတ်၍ စတုတ္ထအကြိမ်မြောက် ပြဿနာရှာသောအခါ ဗိုလ်မင်းများထံ စီရင်ရန် အပ်ခံရလေ၏ ။
"မောင်မင်း အဘယ်ကြောင့် ဤမျှ ဆိုးသွမ်းနေသနည်း"
ဗိုလ်မင်းများ မေးရာ ငခေါင်းဖြူက
"ကျွန်တော်မျိုးထက် ဆိုးသော ဗိုလ်နှင့် အကြပ်များ၏ ဒဏ်ကို မခံနိုင်တော့၍ တပ်မှ နှင်လိုလျင် နှင်စေတော့ဟု ပြဿနာ လုပ်မိပါသည်"
"မင့်ဗိုလ် ဆိုးသည်ကို သက်သေပြနိုင်သလား"
"မပြနိုင်ပါ ဘုရား၊ အလွန်စဉ်းလဲပါသည်"
"အဘယ်ပုံ ဆိုးသနည်း"
"ကျွန်တော်မျိုးတို့ ရိက္ခာစပါးများကို လက်မှတ်ထိုးစေ၍ ခေါင်းပုံဖြတ်ယူထားပါသည်။ ပလဲပနံသင့်သူများကိုယ်စား အခြားသူများကို ပို၍ ခိုင်းတတ်သည်။ ညှာတာထောက်ထားခြင်း အလျဉ်းမရှိ၊ အလွန်ရက်စက်ပါသည်။ သူ့လက်အောက်တွင် မည်မျှ ကြိုးစားအားထုတ်စေကာမူ ပွဲရမည်မဟုတ်၊ ချီးမြှောက်ခံရမည်မဟုတ်၊ သူတို့လူများ ပွဲရရန် စတေးခံရရုံသက်သက် နေနေရခြင်း ဖြစ်တော့သည်"
ရုံးအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ စွပ်စွဲခံရသော ဗိုလ်က ကန့်ကွက်၏ ။ ထိုသို့ မဟုတ်ကြောင်း ငြင်းဆိုပြီး သူ့လူ အကြပ်များဖြင့် သက်သေလိုက်စေသည်။ ငခေါင်းဖြူဘက်၌ သက်သေလိုက်ဝံ့သူ မရှိ၊ ပြင်းထန်သော စွပ်စွဲချက်မှာ အလဟဿ ဖြစ်ရ၏ ။
"မောင်မင်း ဆိုသမျှ သက်သေမရှိ၊ အထောက်အထားမဲ့ ဖြစ်သည်။ အကြောင်းမဲ့ ဆိုးသွမ်းသူဆိုလျင် ကြိမ်ဒဏ်ခတ်၍ ချက်ချင်း နှင်ထုတ်ရမည် ဖြစ်သော်လည်း သင်က ဤတပ်၌ မနေလို၍ အမှုလုပ်ရကြောင်း လျှောက်သဖြင့် ကောင်းမွန်သော တပ်တစ်ခုသို့ ပြောင်းပေးမည်။ ကောင်းမွန်စွာ မနေ၊ ဆက်လက်ရမ်းကားနေပါက ကြီးလေးသည့် ပြစ်ဒဏ် ပေးရမည်"
"ကျွန်တော်မျိုးကို အခြားတပ်သို့ ပို့မည်ဆိုပါက မလည်အရပ်မှ ငစံ ရှိသော တပ်တွင် အမှုထမ်းလိုပါသည် ဘုရား"
"မလည် ငစံကို ငါတို့မသိ၊ မင်း သွားလိုလျင် အဝတ်ရိက္ခာထုပ်၍ ရွှေတပ်တော်များတွင် ၇ ရက် လှည့်လည် စုံစမ်းစေ၊ တွေ့သော် ငါ့ထံ လာရောက်လျှောက်တင်၊ မတွေ့လျင် ငါစီမံသည်ကို နာခံရမည် မောင်မင်း"
"ကျေးဇူးကြီးလှပါသည်ဘုရား"
သို့ဖြင့် ငခေါင်းဖြူ မိမိတပ်မှ ထွက်ခဲ့ပြီး ငစံကို လိုက်လံ ရှာဖွေလေသည်။ ထိုအချိန်တွင် လက်ျာဘီလူးမှာ တပ်မှူးဖြစ်စ၊ နာမည်မကျော်ကြားသေးဘဲ ငညိုသူဟု လူသိများလျက် လက်ျာဘီလူးဘွဲ့ကိုသာ ခေါ်ဝေါ်သုံးစွဲနေကြချိန်။ ငခေါင်းဖြူ မေးသမျှ မသိဟု ဖြေကြသည်က များနေ၏ ။
၅ ရက်မြောက်သော နေ့တွင် ဗိုလ်သီရိရွှေတောင်၏ တပ်မှ လိုက်ပါ စစ်ချီရင်း တိုက်ပွဲတစ်ခု ကြုံရသည်။ ငခေါင်းဖြူတို့လည်း ရှေ့ဆုံးမှ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်၏ ။ ထိုအချိန် စစ်ကူရောက်လာသော တပ်များတွင် ဘုန်းကြီးကျောင်းသား ငစံနှင့် တူသူတစ်ဦးကို မြင်လိုက်လေသည်။ ထိုသူသည် မြင်းစီးလျက် လှံကို ဝှေ့ရမ်းရင်း ငခေါင်းဖြူတို့ကို တဟုန်ထိုး ဖြတ်ကျော်သွား၏ ။
ငခေါင်းဖြူလည်း တိုက်ခိုက်နေရာမှ မြင်းတစ်စီးဆွဲ၍ ထိုသူနောက် လိုက်လေသည်။ သို့သော် တိုက်ပွဲအတွင်း မျက်ခြည်ပြတ်သွားပြီး ရှေ့မှ မြင်းသည်မှာ ပျောက်သွားခဲ့၏ ။ ငခေါင်းဖြူက မည်သူ၏ တပ်များ စစ်ကူလာသနည်းဟု ဗိုလ်မင်း သီရိရွှေတောင်၏ တပ်သားများကို မေးရာ လက်ျာဘီလူး တပ်သားများ ဖြစ်သည်ဟု ဆိုကြသည်။
သို့သော် လက်ျာဘီလူး တပ်မှာ ဘယ်မှာမှန်း မသိရပြန်။ ၂ ရက်အတွင်း သူ မစုံစမ်းနိုင်သဖြင့် ရုံးသို့ ရောက်သောအခါ လက်ျာဘီလူး၏ တပ်တွင်ပင် အမှုထမ်းပါမည်ဟု လျှောက်တင်လိုက်လေသည်။ ကံကောင်းထောက်မစွာ သူရွေးချယ်သော တပ်မှာ ဘုန်းကြီးကျောင်းသား ငစံငယ်၏ တပ် ဖြစ်နေလေသည်။ လူများက အတည်တကျ မရှိသေး၊ လက်ျာဘီလူးပင် မင်းလှမင်းခေါင် တပ်မှ လိုက်ပါလိုက်၊ သီရိရွှေတောင်လက်အောက် ရောက်လိုက် ဖြစ်နေသည်။
ငခေါင်းဖြူကတော့ လက်ျာဘီလူး၏ အမြဲတမ်း တပ်သား ဖြစ်လာသည်။ သုံးလခန့် ကြာသောအခါ သူ၏ အမိန့်နာခံမှု၊ ကြိုးစားထမ်းရွက်မှုနှင့် လက်ျာဘီလူးနှင့် ထပ်တူ ကြမ်းရမ်းမှုများကြောင့် အိုးစားကြီးအဖြစ် တိုးမြှင့်ပေးခြင်း ခံရလေ၏ ။
"သည်လိုဆိုတော့ သွေးသောက်ကြီး ငထင်နဲ့ ကိုရင်ခေါင်းဖြူ ဘယ်သူက အရင် ရောက်တာလဲဗျ"
သူရိန် နှိပ်ပေးနေသည်ကို မှောက်ရင်း ဇိမ်ခံနေသော ငခေါင်းဖြူက
"ငထင်က အရင် ဖြစ်မယ်ဟ၊ ငါက နောက်မှ မေးစမ်းပြီး ရောက်လာတော့ သူတို့ တပ်မှူးနဲ့ တွဲတိုက်နေကြပြီ ထင်တာပဲ"
ငခေါင်းဖြူ၏ တစ်ယောက်ကျော်တွင် ဆေးလိပ်ဖွာရင်း လှဲနေသည့် သွေးသောက် ငပန်းက သူတို့စကားများကို နားစွင့်နေသည်ထင့်၊ ဖြတ်ဝင် ပြောလာသည်။
"ငထင်တို့ ငါတို့က အရင်ကွ၊ သူက နောက်ကျတာ ငါမှတ်မိတယ် သွေးသောက်"
"ကိုရင် ငပန်းက သွေးသောက်ကြီး ငထင်နဲ့ တစ်ရွာတည်းလား"
"မဟုတ်ဘူး၊ ငါက ဆီမီးခုံဘက်က။ အရောင်းအဝယ်နဲ့ ပါလာရင်း မပြန်တော့ဘဲ အမှုထမ်းနေတာ၊ ငထင်နဲ့ အမှုထမ်းချိန်တော့ အတူတူလောက်ပဲ"
"ဒီတပ်ကို ဘယ်လိုရောက်လာသလဲ"
"အမိန့်တော်ကြောင့် ဟိုရောက် သည်ရောက်ကနေ သည်မှာ အတည်တကျ ဖြစ်သွားတာပဲဟ"
ငခေါင်းဖြူက မှောက်နေရာမှ ထထိုင်ကာ
"နင်က ရန်ဖြစ်ပြီး ရောက်လာတာ မဟုတ်ဘူးလား"
"ဘယ်က ရန်ဖြစ်ရမှာလဲ၊ အဲဒါ ငကြွက်တို့လေ"
"ဟုတ်လား၊ သူတို့က ရန်ဖြစ်လို့ သည်တပ်ကို အပို့ခံရတာလား"
"မဟုတ်ဘူး၊ ဒီလိုကွ။ ငကြွက်နဲ့ ဒီကောင်.. အဲ၊ သူ မဟုတ်ရင် ငဖြိုးလားမသိ အချင်းများပြီး နပမ်းသတ်ကြတာကို တပ်မှူးက သွားကြည့်ပြီး မြှောက်ပင့်ပေးတယ် ဆိုပဲ။ ပြောရရင် သွေးထိုးတာပေါ့ကွာ။ ဟိုနှစ်ကောင်လည်း သွေးကြွပီး သတ်ကြတာပေါ့။ ဖူးရောင် စုတ်ပြတ်နေတော့မှ တပ်မှူးက သူတို့ကို 'အသုံးမကျတဲ့ လူမိုက်တွေ.. ဒီအတိုင်းဆို သုံးလို့ ရမှာ မဟုတ်ဘူး၊ အချည်းနှီး သေကုန်မယ်' လို့ ပြောသွားတယ် တဲ့"
"အင်း.. ဖြစ်ရမယ်"
"ငကြွက်တို့က စိတ်ဆိုးတာပေါ့။ သူတို့ထက် ရာထူးအဆင့် မြင့်နေတော့ မပြောသာလို့သာ ခံလိုက်ကြရတယ်။ စုံစမ်းကြည့်တော့ လက်ျာဘီလူး ဆိုတဲ့သူတဲ့။ နောက်တော့ တိုက်ပွဲတွေမှာ တွေ့လာရတယ်။ သူတို့ သတိထားမိကြပြီး တပ်မှူးပြောတာ ဟုတ်ပါလားလို့ သိလာကြသတဲ့"
"အဲဒါကြောင့် ဝင်လာကြတာပေါ့"
"အေး.. သူတို့ အချည်းနှီး မဟုတ်ဘူး ဆိုတာ ပြချင်လို့ လို့ ဆိုတယ်။ အခုတော့လည်း တပ်မှူးပြောတာကို တစ်သဝေမတိမ်း နာခံတတ်တဲ့ တပ်သားကောင်းတွေ ဖြစ်လို့"
"မနာခံရင်လည်း ငလှလို လှေပေါ်က ဆင်းနေခဲ့ရမှာပဲလေ"
"ဒါပေါ့ကွာ"
ငသူရိန်သည် ဘီလူးတပ်သားများအကြား ပြောစမှတ် တွင်သွားသော ငလှအကြောင်း သတိရသွားလေ၏ ။
(ဆက်ရန်...) ပထမဆုံးများ (၅)
Written by သင်္ခရာဇာ
End date: July 13, 2021
No comments:
Post a Comment