ငလှသည် လူတော်တစ်ဦး ဖြစ်၏ ။ ငသူရိန်ကဲ့သို့ မင်းမှုထမ်းပြီး များမကြာမီပင် အိုးစားကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခံရသူ ဖြစ်သည်။ သူသည် ဉာဏ်ကောင်းပြီး မာနလည်း ရှိသည်။ တိုက်ရည်ခိုက်ရည် ကောင်းသည့်အပြင် ခွန်အားဗလလည်း ပြည့်ဝ၏ ။ တပ်မှူး လက်ျာဘီလူး အားထားရသူတစ်ဦး ဖြစ်ခဲ့သည်။
သူကလည်း လက်ျာဘီလူးနှင့် ရင်းနှီးလှကာ တပ်မှူးစိတ်တိုင်းကျ ဆောင်ရွက်နိုင်စွမ်း ရှိသူတစ်ဦးပင်။ လက်ျာဘီလူးက ရိုးအသော ငကံကို သူ၏ အနီးတွင် နေစေသော်လည်း ငလှကမူ သူသည် ငကံထက် အစစ အရာရာ အားကိုးထိုက်သူဖြစ်ကြောင်း လူတိုင်းကို သိမြင်စေ၏ ။ အိုးစားကြီးအဖြစ်နှင့် ၅ လခန့် ရှိလျင် တိုက်ပွဲတွင် အစွမ်းပြနိုင်သောကြောင့် အကြပ်ဖြစ်လာသည်။
တစ်နေ့တွင် သူတို့သည် ရေကြောင်းမှ ကင်းရှည်ထွက်ရန် တာဝန်ပေးခံရ၍ လှေတက်အများနှင့် စုန်ဆင်းလာခဲ့ကြသည်။ ချောင်းကျယ်တစ်ခုကို တွေ့သောအခါ လက်ျာဘီလူးက ဝင်စစ်ရမည် ဆိုလျက် လှေများကို ချောင်းဝ၌ ပိတ်ဆို့စေလိုက်သည်။ သူစီးသော ရဲလှေကို ချောင်းထဲသို့ ဝင်စေပြီး ခရီးတစ်တိုင်ကျော်အထိ စုံစမ်းရန် သွားရမည်ဖြစ်သည်။
ချောင်းအဝင်တွင် လက်ျာဘီလူးက ခွန်အားကြီးသော ငလှတစ်ဦးတည်း လှေကို လှော်ခဲ့ရန် ဆိုသည်။ အခြားလူများက နားရမည်ဖြစ်ပြီး ငပန်းက ပဲ့ထိန်းပေးရပေမည်။ သို့သော် ငလှက စောဒက တက်လာသည်။
"ရေစုန်တုန်းက အားလုံး အတူ လှော်ခတ်လာပြီး ခု ချောင်းကို ဆန်တက်တော့မှ ကျုပ်တစ်ယောက်တည်း ဘယ်လိုလုပ် လှော်နိုင်မလဲ တပ်မှူး"
ရှေ့ကို မျှော်ကြည့်နေသော လက်ျာဘီလူး မျက်မှောင်ကျုံ့လျက် လှည့်လာသည်။
"မင်းက ငါခိုင်းတာကို မလုပ်လိုဘူးလား"
"မဟုတ်ပါဘူး၊ ဒါပေမယ့် တပ်မှူး စဉ်းစားကြည့်ပါဦး။ ဒီလောက် လှေကြီးကို ကျုပ်တစ်ဦးတည်း ကျုံးလှော်ရမှာ၊ ကျန်တဲ့သူတွေလည်း အတူ လှော်ခတ်သင့်ပါလျက် သူတို့တော့ နားရမယ်၊ ကျုပ်ပဲ လှော်ရမယ် ဆိုတာက တပ်မှူး ကျုပ်အပေါ် တစ်စုံတစ်ခု မကြည်လင်လို့များလားဗျာ"
"မဟုတ်ဘူး ငလှရဲ့၊ အကြောင်းရှိလို့ မင့်ကိုပဲ လှော်ခိုင်းတာ။ တခြားသူတွေက ခေတ္တနားရင်း အားမွေးထားရမယ်။ တကယ်လို့ ရန်သူ ပုန်းခိုနေခဲ့ရင်၊ ထောင်ချောက်ဆင်ထားရင်၊ တစ်ခုခု ကြံစည်ခဲ့ရင် သူတို့ တိုက်ကြရမယ်၊ လုပ်ကြရမယ်၊ ခံကြရမယ်။ အဲဒီအချိန် မင်းနားပေါ့"
"ဟာ.. ဒါဆို ပိုမတရားရာ ကျတာပေါ့ တပ်မှူးရယ်။ ကျုပ်က စစ်တိုက်ချင်လို့ လိုက်လာတာ၊ အခြားသူတွေ တိုက်ခိုက်နေချိန်မှာ သူရဲဘော ကြောင်မနေနိုင်ဘူး။ လှေကို ငကံတို့ ငသူရိန်တို့ လှော်ခိုင်းလည်း ရတာပဲ။ ကျုပ်ကတော့ ရန်သူကို အသက်ပေးပြီး တိုက်ပါရစေ"
လက်ျာဘီလူးက ငလှကို စိုက်ကြည့်နေသည်။
"ဒီတော့ မင်းက မလှော်နိုင်ဘူးပေါ့"
ငလှ စကားမပြန်၊ မကြည်မလင်နှင့် ငြိမ်နေ၏ ။
"မင်းအစား ငကံတို့ ငသူရိန်တို့ကို လှော်ခိုင်းရမယ်ပေါ့"
လက်ျာဘီလူးကို ပြန်ကြည့်နေသည်။
"မင်းကတော့ ရန်သူကို တိုက်ချင်တာပေါ့.. ဟုတ်လား"
ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်ပြသည်။
"ကောင်းပြီ.. ငကံ၊ မင်းတစ်ယောက်တည်း လှေကို လှော်ခဲ့။ ငါ ရပ်ဖို့ မဆိုမချင်း အားကုန်သာ လှော်ပေတော့။ ငပန်းက လှေဦးတည့်အောင် ပဲ့ကိုင်ပေး"
ငကံက လှော်တက်ကို ရေထဲ အားနှင့် ယက်လိုက်ချိန်တွင် ငလှရင်ထဲ စိုးရိမ်စိတ်များ ဝင်လာ၏ ။ တပ်မှူးကို ကြည့်တော့ ရှေ့တူသို့ ပြန်လှည့်သွားလေပြီ။ နောက်သို့ ပြန်မျောပါနေခဲ့သော လှေကို ငကံက ကျုံးလှော်လျက်၊ ငပန်းက ချောင်းရိုးတည့်အောင် ထိန်းညှိလျက် ဝင်သွားကြသည်။
ခဏအကြာ နောက်မှ ငလှအသံ ထွက်လာသည်။
"တပ်မှူး၊ ငကံကို နားခိုင်းလိုက်ပါ။ လှေကို ကျုပ်ပဲ လှော်ပါ့မယ်"
လက်ျာဘီလူး လှည့်မလာချေ။ ကျူပင်များကြားမှ တံငါလှေတစ်စီးကိုသာ စူးစိုက် ကြည့်နေလေသည်။ မည်သည့်အချက်မှ မပြသဖြင့် ငကံက အားကို မချဘဲ ဆက်တိုက် ကျုံးလှော်နေ၏ ။ အခြား လှေစီးသူရဲများမှာမူ ဓားကိုင်ထားရမလို တက်ကိုင်ရမလို ဖြစ်နေကြသည်။ လှေပေါ်မှအခြေအနေမှာ တင်းမာနေသယောင်။
ငလှက လေသံပျော့ပျော့နှင့် ခေါ်ကြည့်ပြန်သည်။
"တပ်မှူး"
လက်ျာဘီလူးက လက်ကာပြ၏ ။ ထို့ကြောင့် စကားမဆက်ဝံ့။ အတန်ကြာအထိ လှေကြီးက တိတ်ဆိတ်စွာ ငြင်ငြင်သာသာ ရွေ့လျားနေပြီးမှ
"ငပန်း.. ပြန်လှည့်မယ်"
ငပန်းက ကမ်းတစ်ဖက်နား တိုးကပ်လိုက်ပြီးမှ လှေကို ဝိုက်သွားစေရန် ထိန်းပေးရာ ငကံက အခြားတစ်ဖက်သို့ တက်ချ လှော်လိုက်သည်။
"ငကံ နားတော့၊ ငသူရိန်အလှည့်"
သူရိန်လည်း ဘာမှမပြော။ ရေစုန်မို့ အေးဆေးစွာ လှော်လာခဲ့သည်။ ငလှမှာ အပြစ်ရှိသူလို ငြိမ်နေ၏ ။ လက်ျာဘီလူးထံမှ စကားသံ ထွက်လာသည်။
"ငကံကို ငါက လှေလှော်ခိုင်းတော့ တရားမျှတမှု မရှိဘူး၊ ငါ့တစ်ယောက်တည်း ခိုင်းတယ်၊ ရန်သူကိုပဲ တိုက်ချင်တယ် ဆိုတာမျိုးတွေ တွေးမိသေးလားကွ ဟေ"
ငကံက ဖြေသည်။
"ဘာမှ မတွေးပါဘူး။ တပ်မှူးက လှော် ဆို လက်ပန်းကျနေသည့်တိုင် ဆက်လှော်မယ် ဆိုတဲ့ စိတ်ပဲ ရှိပါတယ်"
"ငသူရိန်ရော ဘာတွေးမိသေးလဲ"
"ဘာကိုမှ မတွေးပါဘူး တပ်မှူး၊ ငလှကိုရော.. ရန်သူကိုရော စိတ်ထဲ မထားပါ။ ပေးအပ်တဲ့ တာဝန်နဲ့ ဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်ရမယ် ဆိုတဲ့ အသိပဲ ရှိပါတယ်"
"ငလှ.. ကြားသလား"
"ကြားပါတယ်၊ ကျုပ် မှားသွားတယ်။ ကျုပ်ကို ခွင့်လွှတ်ပါ။ နောင် သူတို့လို စိတ်မျိုး မွေးပါ့မယ် တပ်မှူး"
"ငပန်း.. လှေကို ချောင်းဝမှာ ကပ်လိုက်"
ငပန်းက လှေကို ကမ်းကပ်ပေးလိုက်ရာ အခြားလှေများက ဝိုင်းကြည့်နေကြသည်။
"ရပြီ။ ငလှ.. ဆင်း"
"တပ်မှူး.."
ငလှက ဇဝေဇဝါဖြင့် ဆင်းသွား၏ ။ လက်ျာဘီလူး၏ မျက်လုံးများကို ကြည့်ရာ လက်ျာဘီလူးကလည်း သူ့ကို စေ့စေ့ကြည့်နေ၏ ။ ငလှ ကမ်းပေါ်ရောက်မှ
"ငါက မင်းတို့အားလုံးကို ဘာတွေ ကြံစည်မိတယ်၊ ဘယ်လို လုပ်ကြမယ်လို့ အချိန်တိုင်း ရှင်းပြမနေနိုင်ဘူး။ မြင်ရတဲ့ အခြေအနေဝန်းကျင်အလိုက် ငါက စီမံသွားတာကို မင်းတို့က ငါပြောတဲ့အတိုင်း လုပ်ကြမှ အရေးလှမယ်။ ကျုပ် ဒါတော့ မလုပ်လိုဘူး၊ တခြားဟာ ခိုင်းပါလို့ လူလဲနေချိန် မရှိဘူး"
"ငါ့မှာ တစ်ဘက်က ရာဇဝတ်သင့်နိုင်တဲ့ မင်းမိန့်ကြီး ပိနေသလို တစ်ဘက်မှာ မင်းတို့အသက်တွေနဲ့ တိုက်ပွဲရဲ့ အနိုင်အရှုံး၊ အထိအရှ အနည်းဆုံးဖြစ်ရေး စတဲ့ တာဝန်တွေကို ထမ်းထားရတယ်။ ခေါင်းထဲမှာ စစ်ရေး အကြံအစည် အလုပ်အကြံ ဗျူဟာ ပရိယာယ် စရွေးကိုက် စစ်ထိုးစစ်ဆုတ်နိုင်ဖို့တွေလည်း တစ်ခုမကျန် မှတ်သား သတိထားနေရသေးတယ်"
"ဒါ့ကြောင့် အချိန်မရွေး ခိုင်းတဲ့အတိုင်း လုပ်နိုင်သူကိုသာ လက်ခံနိုင်မယ်။ အကြောင်းပြချက်ပေးသူ၊ ဆင်ခြေပေးသူ၊ စောဒကတက်သူ၊ ငြင်းဆန်သူ မည်သူမဆို ငါ့တပ်ထဲမှာ မထားနိုင်ဘူး။ ပြန်ချင်ပြန်၊ အခြားတပ်ကို တောင်းပန်ပြီး ဝင်လိုက ဝင်၊ ငါနဲ့ မဆိုင်တော့ဘူး"
"တပ်မှူး.. ကျုပ် ငြင်းတယ် ဆိုတာက.."
"တော်တော့ ငလှ၊ နေရစ်ခဲ့ပေတော့"
လက်ျာဘီလူးနှင့် ကင်းထောက် ရဲလှေများအားလုံး ခွာသွားကြသည်ကို ကမ်းပေါ်မှ ငလှသည် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် မခံချိမခံသာ မျက်ရည်များစွာဖြင့် ကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
ယင်းအဖြစ်အပျက်ကို ငပန်း၊ ငခေါင်းဖြူ၊ ငသူရိန်၊ ငထင်တို့ အားလုံး အမှတ်ရမိကြ၏ ။ နားလည်ရခက်သော တပ်မှူး၏ သဘောကို နားလည်ရန် ကြိုးစားသည်ထက် သူ၏ အမိန့်ကို လိုက်နာနိုင်ရန် အားထုတ်သည်က ပိုမိုလွယ်ကူကြောင်း အားလုံး သိနေကြ၏ ။ ထိုအထဲမှာမှ ငသူရိန်က တပ်မှူး၏ အကြောင်းနှင့်တကွ စိတ်နေသဘာဝ၊ ကြံစည်ပုံတို့ကို သိလိုစိတ် ပြင်းပြနေခြင်း ဖြစ်သည်။
"လက်ျာပျံချီ ဦးချစ်ညိုကိုရော ဘယ်သူတွေ ရင်ဆိုင်ခဲ့ဖူးကြလဲဗျ"
ငခေါင်းဖြူက ဖြေ၏ ။
"ငါရောက်ပြီး သိပ်မကြာဘူး ခင်ဦးစားနဲ့ တိုက်ရတာပဲကွ။ ငပန်းတို့ ငထင်တို့ ငကျားတို့ အားလုံး ရှိတယ်။ ဒါပေမယ့် တပ်တွေတော့ မတူကြသေးဘူးပေါ့၊ ငါတိုက်တာလည်း လက်ျာဘီလူးတပ်သား အနေနဲ့ မဟုတ်ဘူး"
"ဟုတ်လား၊ ကျုပ် သူ့ကို မမီလိုက်လို့ ကိုယ်တွေ့ ကြုံဖူးတဲ့ ကိုရင်ခေါင်းဖြူတို့ သွေးသောက်ကြီး ငပန်းတို့က ပြောပြကြပါလား"
ငပန်း သူတို့အနီး ရွှေ့လာပြီး
"ငချစ်ညိုက တောင့်တောင့်တင်းတင်းနဲ့ ညိုညိုမောင်းမောင်းကွ။ တို့ ဘဝရှင် အလောင်းဘုရားနဲ့ သက်တူရွယ်တူလောက်ပဲ။ သူ့အဖေက အင်းဝမင်းတရား အမှုထမ်း၊ သူ့အစ်ကိုတွေ ညီတွေကလည်း လူစွမ်းကောင်းတွေချည်း။ သူကတော့ အချွန်ဆုံးပေါ့"
"ငချစ်ညိုကို ခံတိုက်နိုင်ခဲ့လား"
"မခံနိုင်ဘူး ပျက်တာပဲ။ အဲဒီတုန်းက ငါတို့က ခင်ဦးရွာကို သွားလုပ်ကြံကြတာ။ သူလည်း တပ်မှူးလိုပဲ ခင်ဦးတပ်တွေကို ရှေ့ဆုံးက မြင်းစီးပြီး ကွပ်တာ၊ အဲ.. ခု တပ်မှူးစီးနေတဲ့ မြင်းနီကြီး စီးစီးပြီး တပ်ရှေ့က လူးလားခေါက်ပြန် ကွပ်ကဲတိုက်ရင် တို့ရွှေဘိုတပ်တွေ မဖောက်နိုင်ဘူး။ တိုးမပေါက်ဘဲ အကျအဆုံး များလို့ ပြန်ဆုတ်ကြရတယ်။ သူက လိုက်ထပ်လာပြီ ဆိုရင်တော့ ပျက်ပြီး ပြေးရတာပဲ"
"ငါတော့ ဗိုလ်တွန်တပ်က လိုက်တာ မင်းကြီး မင်းလှမင်းခေါင်တပ်တွေနဲ့ ညှပ်တိုက်ပြီး ရွာနီးချုပ်စပ်ပတ်လည် မီးတိုက်လိုက်ရတယ်ကွ"
ငခေါင်းဖြူ ထိုသို့ဆိုလျင် ငပန်းက
"အမယ်.. မင်း ခင်ဦးစားနဲ့ ဦးဆိုင် မကြုံဖူးလို့ပါ။ သေနတ်နဲ့ ဝိုင်းပစ်လည်း မရ၊ ဓားလှံလေးမြားလည်း မမှုတဲ့ သူကွ။ မင့် ဗိုလ်တွန်ကြီးလို ဇွတ်လိုက်ပြီး ထိုးတာ.. ဒေါသကလည်း ကြီးသေး၊ မမီရင် လှံနဲ့ လွှတ်တော့တာပဲ"
"နင် အထိုးခံရသေးလား"
"ထိုးခံရရင် ငါ့သားလေး ဘယ်လူဖြစ်လာတော့မလဲဟ။ သူထိုးရင် ထိတာများတာပဲ။ အနန္တနော ဆိုတဲ့ အဖိုးကြီးသာ မြင်းမစီးတတ် စီးတတ်နဲ့ တက်စီးပြေးလို့ ပြုတ်ကျတုန်း ငချစ်ညို လွှတ်လိုက်တဲ့လှံက ပုဆိုးကို ဖောက်ပြီး မြင်းကတောင်နဲ့ ချိတ်နေလို့ ပြန်ပါလာတာ မဟုတ်လား"
"ငါလည်း ကြုံဖူးပါတယ်ကွယ်။ တိုက်ရည်ခိုက်ရည် ကောင်းတာ မှန်တယ်။ သို့သော် မနိုင်ဘူးတော့ မဟုတ်ပါဘူး။ နိုင်အောင်တိုက်ရင် နိုင်နိုင်ပါရဲ့"
"အမယ်.. ငခေါင်းဖြူ၊ မင်း အခုမှ သည်စကား ပြောတာပါကွယ်။ အဲဒီတုန်းကများ ဘယ်အထိအောင် ပြေးခဲ့ဖူးလဲကွ"
"နင့်လို မှတ်နေလား။ ငါက တပ်မှူးလို ကျင့်တဲ့သူပဲ၊ ရှုံးလည်း မပြေးဘူး။ လိုအပ်မှ ဆုတ်တယ်"
ငသူရိန်က
"ဘယ်လို.. ဘယ်လို၊ မပြေးဘူး.. ဆုတ်တယ် ဟုတ်လား။ ဆုတ်တာနဲ့ ပြေးတာ မတူဘူးလား"
ငခေါင်းဖြူက ငသူရိန်ကို အ ရန်ကော ဟူသော အကြည့်ဖြင့် ကြည့်လျက်
"ပြေးတာက ကြောက်လို့ကွ၊ ဆုတ်တာက မနိုင်နိုင်သေးလို့ ပြန်ဆုတ်ခွာထားတာ၊ ပြန်တိုက်ဦးမယ်လို့ သဘောရတယ်။ သူ့ကို ကြောက်လို့ မဟုတ်ဘူး။ အရှင်းကြီးပဲ"
"ဟုတ်ပါပြီဗျာ၊ အဲဒီတုန်းက တပ်မှူးရော လက်ျာပျံချီနဲ့ တွေ့တော့ မဆုတ်ရဘူးလား"
"သူက အဲဒီအချိန်မှာ အလောင်းမင်းတရားရဲ့ သက်တော်စောင့် ဖြစ်နေတာ ငသူရိန်ရ။ ငချစ်ညိုနဲ့ သိပ်မတိုက်လိုက်ရဘူး။ ငချစ်ညိုကလည်း သူ့ကို အဖက်လို့တောင် မထင်ဘူးတဲ့။ ငချစ်ညို ပြေးတော့ သူတို့ နောက်က လိုက်ကြသေးသတဲ့"
"မရဘူးလား"
"ရဖို့ နေနေသာသာ၊ ဟိုက လှည့်မတိုက်လို့ ပြန်လာနိုင်တာပေါ့"
"လက်ျာပျံချီက အဲသလောက်တောင် စွမ်းသလား"
"ဟေ့.. သွေးသောက်၊ နင် လက်ရုံးကောင်းတယ် ဆိုတာ ခင်ဦးစား ဘယ်မီမလဲ။ သူက တုတ်ပြီးဓားပြီးတဲ့ပြင် အလွန်ကြံ့ခိုင် စစ်ရည်ဝနေတဲ့ သူပဲ။ နင်က သိုင်းပညာ သက်သက်နဲ့ ယှဉ်လို့ရမယ် ထင်လား"
"မထင်ပါဘူးဗျာ၊ ဒါပေမယ့် တိုက်ကြဟေ့ ဆိုရင်တော့ ခင်ဦးစားလည်း ခံတိုက်ဖို့ အသင့်ပါပဲ"
"မတိုက်ခင် မြင်းရေး ၃၇ ချင်း ကုန်အောင် ကျင့်ပါဦး သွေးသောက်ရယ်၊ တော်ကြာ ဟိုက ရယ်သွမ်းသွေးတာ ခံနေရပါဦးမယ်"
"သြော်ဗျာ.. မြင်းရေးကုန် တတ်မှ ခံတိုက်နိုင်မှာလား။ ဒါနဲ့ ခုနေ ငချစ်ညို ရှိသေးရင် တပ်မှူးနဲ့ တိုက်ကြရမယ် ဆိုပါတော့။ ကိုရင်ခေါင်းဖြူတို့ သွေးသောက်တို့က ဘယ်ဘက်မှာ ရှိလဲ"
ငခေါင်းဖြူက
"ငါကတော့ တပ်မှူးဘက်ကပဲဟေ့။ ငါ့အလုပ်က လက်ျာပျံချီကို တစ်နည်းနည်းနဲ့ ရအောင် တိုက်နိုင်လိမ့်မယ်လို့ စိတ်ချလက်ချ ယုံထားလိုက်ရုံပဲ"
"ငါကတော့ လက်ျာပျံချီကို တပ်မှူး ဘယ်လိုမှ မနိုင်နိုင်ဘူး ထင်တာပဲ။ ငချစ်ညို ဆိုတာ နှယ်နှယ်ရရမှ မဟုတ်ဘဲကွ။ တပ်မှူး လုပ်ကြံသမျှ ချေဖျက်နိုင်မယ့် သူမျိုး"
"ကျုပ်ကတော့ တပ်မှူးကို ယုံပါတယ်။ လက်ျာဘီလူး ဆိုတာကလည်း မနိုင်မှာ သေချာရင် တိုက်မယ့်သူမျိုး မဟုတ်ပါဘူး။ နိုင်ချေကလေး ရှိလို့သာ တိုက်တယ်လို့ ယူဆရမှာကိုး"
ငခေါင်းဖြူက လက်ဖျစ်တီးလိုက်၏ ။
"အေး.. ဟုတ်တယ်၊ ကောင်းလိုက်တဲ့ သုံးသပ်ချက်။ သူ တိုက်ပြီ ဆိုကတည်းက နိုင်မယ်ထင်လို့ တိုက်တာ ဆိုတော့ နိုင်ကွက် ပျော့ကွက်ကို တွေးမိထားလို့ပဲ မဟုတ်ဘူးလား။ တိုက်ခိုင်းလို့ တိုက်ရတယ် ဆိုလည်း တစ်ကြိမ်မနိုင် နောက်တစ်ကြိမ်၊ မနိုင်သေးရင် နောက်တစ်မျိုး တိုက်မှာပဲ မဟုတ်လား"
"သြော၊ မင့် လက်ျာပျံချီက မနိုင်မချင်း တိုက်စမ်းကွာ ဆိုပြီး လွှတ်ပေးဦးမှကိုး"
ထိုစဉ် ခပ်လှမ်းလှမ်း လူတစ်ဦးက လှမ်းဟောက်လိုက်၏ ။
"ဟေ့.. တော်ကြစမ်းကွာ။ တကယ်လည်း ဖြစ်လာမှာ မဟုတ်တာတွေကို အရည်မရ အဖတ်မရ လျှောက်ပြောနေကြတယ်။ ဒီမှာ ပင်ပန်းလို့ အိပ်မလို့ မင်းတို့က တစ်မှောင့်"
ငသူရိန်တို့ ခေတ္တ ငြိမ်သွားကြ၏ ။ အသံရှင်က အမှောင်ထဲမှ ဖြစ်ရာ မည်သူမှန်း မကျက်မိ။ သူတို့ကလည်း ညနက်သန်းခေါင်းအထိ စကားပြောနေမိကြခြင်း ဖြစ်သဖြင့် ဆိုရလျင် သူတို့အလွန် ဖြစ်နေသည်။
"အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ၊ ကျုပ်လည်း သွားအိပ်တော့မလို့ပါ။ ကဲ.. သွေးသောက်တို့၊ နောက်မှ ဆက်ကြရအောင်ဗျို့"
ငသူရိန် တောင်းပန်၍ ထသွားလေသည်။
No comments:
Post a Comment