Translate

အောင်ပန်းမလို သပြေညို မရပေမင့် (၂)

စစ်သည်များမှာ နောက်တစ်နေ့ နေ့လယ်မှ ရောက်မည်ဖြစ်၍ နံနက်စောစောမှသာ စချက်ကြရပေလိမ့်မည်။ သို့သော် ပြင်ဆင်ရသည်ကတော့ များလှ၏ ။ အိမ်တိုင်းတွင် အရံသင့် ပြင်ဆင်ထားကြရ၏ ။ အနောက်ရွာကလည်း တက်ကြွနေသည်မှာ ရွာတန်းရှည်ထက်ပင် ပိုသေးသည်။ သင်းတို့ အကြံအစည်တစ်ခုခု ရှိသည် ထင်ရလေသည်။
နံနက်တွင် ခင်သူသည် ရောင်နီမလာမီက ထ၍ အမိအဘတို့အတွက် ထမင်း ဟင်းများ ပြင်ဆင်ချက်ပြုတ်ပေးပြီးလျင် သူကြီးအိမ် သွားကြည့်သေးသည်။ လူများနေ၍ ပြန်လာပြီး အဘအား လယ်တောလိုက်ပို့ပြီးမှ အချက်အပြုတ် သွားကူရ၏ ။ မြေကို မြောင်းတူး၍ ထင်းထည့်ကာ ဒယ်အိုးကြီးများ စီထားသည်မှာ ဆယ်လုံးကျော်သည်။ သစ်သားအဖုံးပြားကြီးတစ်ချပ်ကို လှပ်ကြည့်ရာ ဆန်ကြမ်းများကို ထမင်းချက်ထားကြောင်း တွေ့ရ၏ ။ အချို့မှာ ကျက်၍ တောင်းများနှင့် ထမ်းသွားကြပြီ။
နေထန်းတစ်ဖျား မရောက်မီပင် တက်ညီလက်ညီလုပ်အားကြောင့် ကျွေးမွေးဧည့်ခံရေးအတွက် အလုံးစုံ ပြင်ဆင်ပြီးကြ၏ ။ ချီလာမည့် အောင်တပ်မတော်သားကြီးများကို စောင့်စားရန်သာ ကျန်တော့သည်။ ရွာသူများသည် ပြန်၍ ဖြီးလိမ်းပြင်ဆင်ကြပြီ။ ရွာသားများကတော့ ဖင်တကြွကြွ။ လှည်းနှင့် ကြိုရမလို၊ မြင်းများ ပြင်ရမလို ဖြစ်နေကြသည်။ သူကြီးက အသာနေစမ်းပါ၊ ငါ သေချာမေးစမ်းပြီးပါပြီ။ သူတို့ဘာသာ လာကြမှာတဲ့ ဟု ပြော၍သာ နေကြရသော်လည်း မလာသေးဘူးလား သူကြီး မေးကြလွန်း၍ ဦးထင်ပေါ်မှာ မကြားချင်ယောင် ဆောင်နေတော့ပြီ။
ဆွမ်းစားအုန်းမောင်း ခေါက်တော့လည်း ပေါ်မလာ၊ နေမြင့်၍ ဗိုက်တကြုတ်ကြုတ် ဆာကြချိန်ထိ အရိပ်အယောင်မှ မမြင်ရသေး။ ခင်သူပင် လယ်တောသို့ ထမင်းပို့ပြီး ပြန်ခဲ့ပြီ။ ရွာနှစ်ရွာမှ လူများသည် ဘုန်းကြီးကျောင်း၊ မဏ္ဍပ်နှင့် သူကြီးအိမ်များတွင် ရုံးစုရုံးစု။ မနေနိုင်သူအချို့ ထမင်းပြန်စားကြကုန်၏ ။ အများစုကတော့ ဇွဲကောင်းကောင်းဖြင့် စောင့်မျှော်နေကြသည်။
သူတို့ မျှော်နေသော လူအုပ်ကြီးသည် နေကျော်၍ အတော်ကြီး ကြာမှ ပေါ်လာတော့သည်။ လာမည့် လာတော့လည်း စစ်သီချင်းများကို အားမာန်တက်ကြွဖွယ် သံပြိုင်သီဆို၍၊ အိုးစည်ဗုံမောင်းများ တီးခတ်၍၊ ဓားသံ လှံသံ မြင်းခွာသံများဖြင့် အဝေးမှပင် အုတ်အုတ်ကျက်ကျက် ကြားရ၏ ။ အားလုံး တပြိုင်တည်း ဟော ဟု အာမေဋိတ် ပြုရလောက်အောင် ကြားရခြင်းမျိုး ဖြစ်သည်။ အလှူလှည့်လာသည်နှင့်လည်း မတူ၊ စစ်ချီလာမှန်း သိသာစေသည့် အသံများ။
ထန်းပင်ပေါ် တက်ကြည့်သူ အချို့က အများကြီးပဲဟေ့၊ တသီတတန်းကြီးဟ ဟု အော်လေ လူများ မရိုးမရွ ဖြစ်လေ၊ လှည်းလမ်း ခင်တန်းထဲမှ စတင် ထွက်ပေါ်လာသည်က ရဲတံခွန်များ ကိုင်ထားသည့် ရဲမက်များ။ ဗုံမောင်းတီးသူများ။ ထို့နောက် မြင်းသည်ကြီးများ။ ၎င်းနောက်မှ ဓားလှံ သေနတ် တုတ်ရှည်ကိုင် စစ်သည်တော်များ။ လူတန်းကြီးမှာ မဆုံးတော့ဟု ထင်ရသည်။ ရွာနားနီးလျင် သီဆိုသံများ ရပ်သွားသော်လည်း လူသံမြင်းသံများကတော့ ဆူလှစွာ၏ ။
ရွာသူရွာသားများသည် လမ်းဘေး တစ်ဖက်တစ်ချက်မှ ကြိုလျက် သပြေခက်များ ကမ်းသူကမ်း၊ ထန်းလျက် ပဲလှော် မုန့်ပဲသွားရည်စာ ပေးသူပေး ပြုကြသည်။ စစ်သည်များမှာ မည်မျှ ဆာလောင်နေသည် မသိ၊ ဟန်မဆောင်နိုင်ဘဲ ဝမ်းသာအားရ ယူစားကြလေသည်။ လက်အုပ်များ ချီ၍ အငမ်းမရ ယူစားကြသောအခါ ကျွေးမွေးရသူများမှာလည်း ဝမ်းမြောက်ဝမ်းသာ မျက်ရည်လည်နေတော့သည်။
သူကြီးနှင့် ကြိုဆိုရေး အဖွဲ့များကို တွေ့လျင် မြင်းတပ်ထဲမှ အကြီးအမှူး ဆယ်ဦးခန့် ထွက်လာပြီး ပြောဆို တိုင်ပင်ကြ၏ ။ ထို့နောက် ကျော်ထင် သက်တော်ရှည်တပ်ကို မဏ္ဍပ်ဆီ ဦးစွာ လွှတ်လိုက်ပြီး ဗိုလ်မှူး မင်းထင်နော်ရထာတပ်က ရွာဦးကျောင်းသို့ ချီသွားကြ၏ ။ ကျောင်းဝန်းထဲ၌ တပ်ချ၍ ဗိုလ်မှူးများက ဆရာတော်ထံ ဖူးမြော်ရန် ဝင်ကြရာ သူကြီးနှင့်တကွ ရွာသူရွာသားအများလည်း လိုက်ဝင်ကြသဖြင့် စစ်သည်များမှာ ကျောင်းဝန်းထဲ၌ပင် စီတန်း ရပ်နေကြရသည်။
ဆရာတော်နှင့်တကွ အားလုံးက ရှေ့ဆုံးမှ စစ်သူကြီး ဝတ်စုံနှင့် သျှောင်ကို ထုံးထားသည့် နှုတ်ခမ်းမွေးစစလူကို ဗိုလ်ချုပ် မင်းထင်နော်ရထာ ဖြစ်ရမည်ဟု အလိုလို တွေးထင်ယူဆမိကြသည်။ သူ့ဝန်းကျင်တွင် ဗိုလ်အများ ဝန်းရံနေသော်လည်း သူသည်သာ အကြီးအကဲမှန်း ပေါ်လွင်လွန်းလှသည်။ ခန့်ညားလှသော ဗိုလ်မင်းကြီးကို ကာလသားများက အားကျနေကြ၏ ။ ဆရာတော်ကျောင်းမှ ဆင်းသောအခါ ဗိုလ်မှူးက
"တစ်ဖွဲ့တော့ နေ့လယ်စာ စားနေကြလောက်ပြီ။ ငါတို့လည်း မနက်ကတည်းက တပ်မချဘဲ ချီလာတာ အားလုံး ဆာနေကြရောပေါ့။ ကျွေးမွေးတဲ့ နေရာကို တို့ ဖြည်းဖြည်းပဲ စောင့်ပြီး သွားကြမယ်"
ဟု ဆိုရာ သူကြီးက
"ကျွန်တော်မျိုးတို့ ဒီကျောင်းမှာလည်း အချို့အဝက် ခွဲဝေပြင်ဆင်ထားတာ ရှိပါတယ်။ ကျောင်းအောက်မှာ လူရာကျော် တပြိုင်တည်း စားနိုင်ပါလိမ့်မယ်"
ဟု လျှောက်၏ ။ ထိုအခါ ဗိုလ်မှူးကြီး၏ ဘေးမှ ငယ်ရွယ်သော ဗိုလ်တစ်ဦးက
"ဒါဖြင့်ရင် ဒီမှာ လူ ၅၀၀ ကို ကျွန်တော်နဲ့ ထားခဲ့ပြီး ဗိုလ်မင်းက မဏ္ဍပ်ဆီ လူ ၅၀၀ ခေါ်သွားပါလား"
ဟု ဝင်ပြော၏ ။ ဗိုလ်မှူးက ကောင်းတယ် ဟုဆိုကာ လက်ခံပြီး လူခွဲစေရာ သူကြီးနှင့် ရွာသူရွာသားများ အံ့သြနေ၏ ။ ငယ်ရွယ်သေးသော လုလင်တစ်ဦးက ဝင်ရောက်နေရာယူ စီမံသည်ကို မငြင်းမဆို သဘောထားကြီးသော ဗိုလ်မင်းကြီးအား လေးစား ချီးကျူးနေကြလေသည်။
ကျောင်းရှိ ကပ္ပိယကြီးက
"ဒီမှာတော့ ဟင်းက ရဲမက်တွေအတွက် ပဲဟင်းနဲ့ သရက်ချဉ်သုပ်ပဲ ရှိတယ်။ ဗိုလ်မင်းတွေအတွက် မဏ္ဍပ်မှာ အမဲဟင်းလျာ ပြင်ထားတာ"
ဟု ဆိုသော်လည်း ထိုလုလင်ကပင်
"ရတယ်၊ ကိစ္စမရှိဘူး။ ငှက်ပျောဖက်တွေ ရနိုင်ရင်သာ ခူးချင်ပါတယ်"
"ငှက်ပျောပင်ကတော့ ကျောင်းအနောက်မှာ အများကြီး"
"ကဲ.. ငါ့လူတို့ ကြားတယ်နော်၊ ရှေ့လူ နောက်လူ စောင့်မနေနဲ့။ ငှက်ပျောဖက် ခူးပြီး ပုံစားကြပေတော့"
ရဲမက်များက ဝေးခနဲ အော်ကာ ကျောင်းနောက် ပြေးသွားကြသည်။ ငှက်ပျောရွက်များကို စံနစ်တကျ ခုတ်လာကြပြီး စီထပ်ထားလိုက်ကြ၏ ။ အချို့က ထမင်းများကို တောင်းနှင့် ထည့်သယ်လာပြီး ငှက်ပျောဖက်များ ခင်းထားသည့်အပေါ် ပုံသူက ပုံ၊ ဟင်းရည် ဆွဲလာ၍ လောင်းသူကလောင်း၊ သရက်ချဉ်ဇလုံကြီး ယူလာပြီး ချသူချဖြင့် အလုပ်ရှုပ်သွားကြ၏ ။ ရွာသူရွာသား ဘုန်းကြီးကျောင်းသားများလည်း ဝိုင်းကူကြသည်။
ဆယ်ယောက်တစ်ဝိုင်းခန့် ဝိုင်းလျက် အားပါးတရ စားလိုက်ကြရာ ထမင်းပုံကြီးတစ်ပုံမှာ ခဏချင်းပင် ပြားချပ်သွားတော့သည်။ ထမင်းဟင်း လိုက်သူများလည်း မနိုင်။ မစားရသေးသူပင် အများ ရှိသေး၏ ။ အချို့က တစ်ကြိမ်တည်းနှင့် ထ ပေးကြသော်လည်း အချို့မှာ ၂ ကြိမ် ၃ ကြိမ် ထမင်းဟင်းလိုက်သည့်တိုင် မထကြသေး။ ရွာထဲမှ ငရုတ်သီးကြော်၊ ငါးပိကြော် စသည်တို့ လာပို့ကြသဖြင့် ပြန်ဝင်ထိုင်ကြသူများလည်း ရှိသည်။
ထို လူငယ်ဗိုလ်က သူ့စစ်သည်များ စားနေသည်ကို ကြည့်ရင်း ရွာသူရွာသားများရော စားပြီးပါပြီလားဟု မေးရာ အချို့က ပြီးပါပြီဟု ဖြေကြ၍ အချို့က မစားရသေးဟု ဆိုကြသည်။ သူက တစ်ခါတည်း ဝင်စားပါလားဟု ပြောသည်။ ရွာသားများ ငြင်းနေသော်လည်း ကြာရှည် ဟန်မလုပ်နိုင်ကြ၊ သူတို့ရှေ့၌ မြိန်ယှက်စွာ စားသောက်နေကြသည်ရော၊ အဆာလွန်ချိန် နီးနေသဖြင့်ပါ မနေနိုင်တော့ဘဲ အချို့ ထိုင်စားကြကုန်၏ ။
မဏ္ဍပ်တွင်တော့ မည်သို့ ရှိမည်မသိ။ ဘုန်းကြီးကျောင်းဝန်းအတွင်းတွင်ကား အခါကြီးရက်ကြီး မီးခိုးတိတ်အလှူထက်ပင် စည်ကားနေသေးသည်။ စားသောက်ပြီးသူများမှာ ယခုမှ ကျောင်းထက်သို့ တက်၍ ဆရာတော်ကို ဖူးမြော်ကြရ၏ ။ မကြာမီ ဗိုလ်မှူးကြီးက အခေါ်လွှတ်သဖြင့် ကျောင်းရှိ ဗိုလ်အများ ထွက်သွားကြသည်။ ဗိုလ်ငယ် ၅ ဦးသာ တပ်သားများကို ကြည့်ရှုထိန်းကွပ်ရန် ကျန်ခဲ့သည်။
"သည်မှာကွာ၊ သူကြီးနဲ့ ရွာသားတွေက တစ်ညတော့ နေပါဦးလို့ အတင်း ဝိုင်းတားနေကြလို့"
ဗိုလ်မှူးကြီး၏ ဟန်ပန်က စစ်ကူတောင်းနေသကဲ့သို့ ရှိပြီး ရွာသူရွာသားများကလည်း တောင်းပန်နေဟန် ဝိုင်းကြည့်နေကြသည်။ ရောက်လာသည့် ဗိုလ်များက ပြုံးကြသည်။
"တစ်ညကို ဘယ်မှာ သွားနေရမှာလဲ"
တစ်ဦးက မေးလျင် သူကြီးက
"ရွာက အကျယ်ကြီးပါ။ တစ်အိမ်ကို လေးငါးဆယ်ယောက်တော့ တည်းလို့ ရပါတယ်။ ကျွန်တော်တို့ ရွာက အိမ်တိုင်းလိုလို လူဆယ်ယောက်တော့ တစ်ည ကျွေးထားနိုင်ပါတယ်ဗျ"
"ခရီးဖင့်မှာပေါ့"
"စစ်သည်များလည်း ၃ ရက်ဆက်တိုက် ချီခဲ့ကြတာ တစ်နေ့လယ်တော့ နားချင်ကြမှာပဲ"
"နေပြည်တော်ကို အချိန်မီ မရောက်ရင်ရော"
"ဘယ်နေ့ဘယ်ရက် ရောက်ရမည်လို့မှ အမိန့်တော်မှာ မပါတာ"
နားချင်သူများနှင့် ဆက်လက် ချီတက်လိုသူများ နှစ်ပိုင်းကွဲသွားသည်။ ထိုစဉ် ဗိုလ်လုလင်ငယ်က တစ်စခန်းထကာ မထင်မှတ်သည်ကို လုပ်လိုက်ပြန်သည်။ မဏ္ဍပ်ရှိ သံဃာစင်ကဲ့သို့ ဆောက်ထားသော ဗိုလ်မင်းတပ်မင်းများ နားနေရန် နေရာသို့ တက်သွားကာ
"ရဲမက်တော်တို့ တန်းစီ"
ဟု အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ စားသောက် ပြီးသူများ၊ လက်စသတ်နေသူများ ချက်ချင်း ဝုန်းခနဲ စီလိုက်ကြသည်မှာ ဖုန်တထောင်းထောင်း ထသွား၏ ။
"ဒီရွာက ဒီမှာ တစ်ညလောက်တော့ နားကြပါဦးလို့ ပြောနေတယ်"
စစ်သည်များ လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး အသံတချို့ ထွက်လာ၏ ။
"မင်းတို့ နားချင်ကြသလား"
အဖြေမရ။ အသံများတော့ ထွက်နေဆဲ။
"နားချင်တဲ့သူ ထိုင်၊ ဆက်သွားမယ် ဆိုတဲ့သူ ရပ်နေ"
အချို့ ထိုင်လိုက်ကြသည်။ အများစုက ကုန်းကုန်းကွကွ ဖြစ်သွားပြီးမှ ပြန်ရပ်နေကြ၏ ။ ထိုင်မိသူများလည်း ရှက်ရယ်ရယ်ကာ ပြန်ထလာကြသည်။ လုလင်က စစ်သည်များကို စူးစိုက် ကြည့်နေရာမှ ရယ်လိုက်ပြီး
"ရပြီ၊ လူစုခွဲတော့"
သူ ဆင်းလာသည်ကို အားလုံးက ဝိုင်းကြည့်နေကြ၏ ။
"ဗိုလ်မင်းများ မြင်တဲ့အတိုင်းပဲ။ သူတို့ မျက်လုံးတွေကတော့ နားချင်နေတယ်။ ဒါပေမယ့် နားမယ့်သူ တစ်ယောက်မှ မပါဘူး"
"အဲဒီတော့..."
"ဗိုလ်မင်းကြီးသဘောပါ"
ဗိုလ်မှူးသည် အတန်ကြာ ချင့်ချိန်နေ၏ ။ စိတ်ထဲတွင် တွက်ချက်နေပုံရသည်။ ထို့နောက် လူငယ်ဘက် လှည့်ကာ
"မင်းသဘောကရော"
"ကျွန်တော်ကတော့ ဆက်ချီချင်ပါတယ်"
သူ့စကားကြောင့် လူစွာလုပ်လွန်းသော ထို လုလင်အား ရွာသူရွာသားများက မကြည်တော့၊ အမြင်ကပ်သွားကြသလို ဝိုင်းကြည့်ကြ၏ ။ ထိုသူကတော့ ပြုံးစေ့စေ့နှင့် ခါးပုံစထဲမှ ထန်းလျက်ထုပ်ကို နှိုက်ယူစားလိုက်ရင်း
"ဒါပေမယ့် တပ်သားတွေက နားချင်နေကြပြီ"
ဗိုလ်မှူး ခေါင်းညိတ်၏ ။ ခေတ္တ စဉ်းစား၍ နားကြတာပေါ့ ဟုဆိုရာ ရွာသားများသာ မက နားစွင့်နေကြသည့် စစ်သည်များ ထံမှပါ ဟေးခနဲ အသံကြီး ထွက်လာလေသည်။ ဗိုလ်မင်းကြီးက ပြုံးနေသော်လည်း လူစွာလုပ်လွန်းသော လုလင်က ထန်းလျက်တမြုံ့မြုံ့နှင့် ခပ်ပြုံးပြုံး လုပ်ကာ စင်ပေါ်တက်၍ စီမံခန့်ခွဲနေပြန်သည်။
ရွာသူရွာသားများမှာ ထိုကောင်လေးကို မျက်မုန်းကျိုးလှပြီ။ လူက လက်တောက်လောက်နှင့် နေရာတကာ အာဏာဝင်ပြချင်သည့် ကောင်ဟု ထင်မြင်ကြ၏ ။ စင်ပေါ် အခန့်သား ထိုင်ကာ အကြပ်များ၊ ဗိုလ်များကို တစ်ဦးပြီးတစ်ဦး ခေါ်လျက် အမိန့်ပေးနေပုံမှာ အမြင်ကပ်စဖွယ်။ ဗိုလ်မင်းကြီးကလည်း သူ့အား လက်သုံးတောင်ဝှေးအဖြစ် တာဝန်လွှဲထားပုံ ရ၏ ။ သို့သော် ဗိုလ်မှူးထက် သူက ပို၍ အာဏာပြနေသလိုသာ ထင်မိကြလေသည်။
ကာလသားခေါင်း ထွန်းရင်က ဘုန်းကြီးကျောင်းမှ ပါလာသည့် ရွာသားတစ်ယောက်ကို
"သူ့ကို ထန်းလျက်ထုပ် ဘယ်သူပေးလိုက်သလဲ"
ဟု မေး၏ ။ ရွာသားက 'မသိဘူး၊ မမြင်လိုက်ဘူး' ဆိုရာ ထွန်းရင်က
''အေး.. ပေးတဲ့ကောင် စုံစမ်းပြီး ငါ့ပြန်ပြောစမ်း။ နားကျောက် ရိုက်ချင်လို့''
"မင်းကလည်း.."
ဗိုလ်မင်းကြီးက စင်ပေါ်ပြန်တက်သွားပြီး လူငယ်ဘေး ဝင်ထိုင်ကာ
"မင်း ထမင်းရော စားပြီးပလား"
"မစားရသေးဘူး ဗိုလ်မင်း"
"ဟာ.. စားခဲ့ပြီ မှတ်တာ။ လုပ်.. လုပ်၊ သွားစားချည်။ ဒီမှာ... ဟေ့"
"ရပါတယ်။ ပြီးမှ စားပါတော့မယ်။ သူတို့ကို စီစဉ်ပေးရဦးမယ်"
ဆို၍ ဗိုလ်မင်းကို အရိုအသေပြုကာ ထသွားပြန်သည်။ အနီးတွင် ရှိသည့် သူကြီးကတော့ စိတ်မကောင်း။ လူတွင်ကျယ်လုပ်တတ်သော်လည်း တာဝန်ကို ပြီးစီးအောင် လုပ်လိုသည့် စိတ်ထားကို အသိအမှတ် ပြုမိသည်။ လူငယ်က မဏ္ဍပ်ဘေးတွင် စစ်သည်များကို ထိုင်ကြစေပြီး
"ဒီတစ်ရက်တော့ ဒီရွာမှာပဲ စခန်းချမယ်။ ရွာ နှစ်ရွာ ရှိတယ်။ တစ်အိမ်ကို နှစ်ယောက် သုံးယောက် မျှတည်းပြီး ကျန်တဲ့သူတွေက ငါနဲ့ ကျောင်းအောက်မှာ အိပ်ကြမယ်။ ဇရပ်တွေမှာလည်း နေလို့ရတယ်။ ကိုယ်ကြိုက်ရာမှာ နေနိုင်တယ်။ ဒါပေမယ့် စည်းကမ်းတကျ မနေရင် အပြစ်ပေးခံရမယ်"
"ထုံးစံအတိုင်း အိမ်တွေမှာ တည်းရင် အိမ်ရှင်ထက်အရင် မစားရဘူး။ အခန့်သား ထိုင်မစားရဘူး။ ရေခပ် ထင်းခွဲ ဗိုင်းကောက် နိုင်သလောက် ကူညီ လုပ်ကိုင်ပေးကြရမယ်။ အရေးအကြီးဆုံးက ထန်းတောထဲ မသွားရဘူး။ တစ်ယောက်ယောက် မူးပြီး ပြဿနာဖြစ်တယ် ကြားတာနဲ့ နောက်နေ့ ထိပ်တုံးထမ်း လျှောက်ရမယ်"
ထိုစဉ် သူ့နောက် လူတစ်ယောက် လာရပ်သဖြင့် လှည့်ကြည့်ရာ မိန်းမကြီးတစ်ဦးက ခပ်တည်တည်နှင့် ကြည့်နေသည်ကို တွေ့ရသည်။ သူက
"ဘာလဲခင်ဗျာ"
"ပြောလို့ပြီးရင် ထမင်းကျွေးလိုက်လို့ သူကြီးက ပြောလို့"
"သြော်.. ဟုတ်ကဲ့"
တပ်သားများဘက် ပြန်လှည့်လိုက်ပြီး
"မင်းတို့အတွက် ရွာက စီစဉ်ပေးလိမ့်မယ်။ နောက်ဆုံး ပြောချင်တာက သိတတ်ကြပါ။ ဒါပဲ"
စစ်သည်တော်များက နောက်ပြောင်၍ လက်ခုပ်တီးလိုက်ကြသည်။ သူကလည်း ရယ်၍ လက်ကာပြလိုက်ပြီး မိန်းမကြီးနောက် လိုက်သွား၏ ။ ကျွေးသည့်ထမင်းမှာ သလေးဆန်ဖြစ်၍ ဟင်းချိုမှာ မှန်ရောင်ဟင်းရည် ဖြစ်သည်။ ငါးပိကြော်နှင့် သရက်ချဉ်သုပ်သာ ဟင်းလျာ ဖြစ်သော်လည်း သူကတော့ ခေါင်းမဖော်တမ်း စားလေသည်။ ထိုသို့ မြင်ရတော့လည်း မိန်းမကြီးမှာ ပြုံးနေပြန်သည်။
စားသောက်ပြီးသောအခါ ဘုန်းကြီးကျောင်းမှ လိုက်လာကြသည့် စစ်သည်များနှင့် မဏ္ဍပ်တစ်ဝိုက် အနားယူနေသူများကို ပေါင်းကာ လူခွဲကြသည်။ ဗိုလ်မှူးကြီးနှင့် ဗိုလ်မင်း ၃ ဦး၊ သွေးသောက် အကြပ် ၆ ဦးကို သူကြီးအိမ်က ခေါ်သွားပြီး ကျန်လူများကိုလည်း ခွဲဝေယူလိုက်ကြသည်မှာ စာရေးတံမဲချ၍ ရဟန်းလောင်း လုနေကြသလို။ နိုင်သည့်အိမ်က လေးငါးယောက် ခေါ်ကြသလို အချို့မှာတော့ တစ်ယောက်ကိုပင် အနိုင်နိုင်။
ခင်သူ၏ ဖခင်သည် လယ်တောမှ ပြန်လာပြီး မဏ္ဍပ်သို့ လာကြည့်သည်။ သူ့မိခင်ပါ ပါလာသဖြင့် တစ်အိမ်လုံး ကွင်းထဲ ရောက်နေတော့၏ ။ ထို့နောက် ဘုန်းကြီးကျောင်း လိုက်သွားပြီး ဗိုလ်တစ်ဦးနှင့် အကြပ်တစ်ဦးကို ရအောင် ခေါ်လာကြသည်။ ခင်သူ အိမ်ပြန်ရောက်တော့ လူတွင်ကျယ် အလွန်လုပ်သော လုလင်မှာ အိမ်ပေါ်ရောက်နေလေပြီ။ အိမ်ဦးခန်းတွင် ထိုင်ကာ အဘနှင့် စကားပြောနေ၏ ။
ပေတလူးကမူ အနားက မခွာတော့။ စစ်သည်တော်တို့၏ ချပ်ဝတ် မိန်ညို၊ ဆောင်ဓား၊ အသုံးအဆောင်များကို အနီးကပ် စူးစမ်းနေသည်။ အကြပ်ဖြစ်သူက မြင်းစီးမလား မေး၍ ပေတလူးက စီးမည် ဆိုသောအခါ ခေါ်သွားကြသည်။ မိခင်က ဟဲ့ ဟဲ့ ဟု တားသော်လည်း မမီတော့။ အိမ်ပေါ်မှ ဆင်းသွားကြပြီ ဖြစ်၏ ။ ညနေ ခင်သူ အိမ်မှုကိစ္စများ ပြီးစီးသောအခါ ဗိုလ်ဖြစ်သူ လုလင်နှင့် သူ၏ အကြပ်မှာ အိမ်အောက် ကွပ်ပျစ်ပေါ်တွင် စောင်တစ်ထည်စီ ပိုက်လျက် အိပ်မောကျနေကြသည်ကို တွေ့ရလေသည်။

(ဆက်ရန်...) အောင်ပန်းမလို သပြေညို မရပေမင့် (၃)


Written by သင်္ခရာဇာ


End date: September 3, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...