ဟံသာဝတီ နေပြည်တော်ကို သိမ်း၍ ပြန်လာကြမည့် အောင်တပ်တော်များ သူတို့ရွာကို ဖြတ်သွားမည် ဟူသော သတင်းသည် ရွာတန်းရှည် နှင့် အနောက်ရွာ နှစ်ရွာလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏ ။ ထမင်းတောင်းကို ရွက်၍ လယ်မှ ပြန်လာသော ခင်သူအား ညနေတွင် စပါးလုံးရွေးရန် သူကြီးအိမ်သို့ လာခဲ့ပါဟု ခေါင်းမင်းကတော်ကိုယ်တိုင် ဖိတ်သွားသလို ကျည်းသားရိုက်နေသည့် ခင်သူ့မောင် ပေတလူးတို့ လူဆိုးကလေးတစ်သိုက်သည်ပင် ထိုသတင်းကြောင့် ဆက်လက် မကစားတော့ဘဲ လူစုစုရှိရာ နေရာများ၌ မယောင်မလည် ရောက်ရှိ နားစွင့်နေကြလေသည်။
လူကြီးများ ပြောဆိုနေကြသည့် စကားများအရ ယခုတပ်ကြီးသည် နှယ်နှယ်ရရ မဟုတ်ဘဲ ရာမညတိုင်းအလုံးကို သိမ်းယူရာ၌ အဓိက အရေးအပါဆုံး တပ်ကြီးဖြစ်ကြောင်း၊ မင်းတရားကြီးမှာ ရတနာသိင်္ဃသို့ ပြန်လည်ကြွချီသွားသော်လည်း ဤတပ်နှစ်တပ်ကို ပဲခူးမြို့စောင့်ထားခဲ့ကြောင်း၊ ယခုမှသာ ပြန်လည်ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။
ရွာသူကြီးမင်း၏ ခြံဝိုင်းကျယ်ကြီးထဲ ခင်သူ ရောက်သွားသောအခါ နေရာအနှံ့တွင် ဖျာကြမ်းများ ခင်း၍ လုပ်အားပေး ရောက်ရှိနေကြသော ရွာသူရွာသား အများအပြားကို တွေ့ရ၏ ။ သူက စကောနှင့် စကာ နှစ်ချပ်ကို ယူလိုက်ပြီး ကာလသား ကိုရင်လူမောင် ထည့်ချင်ပေးနေသည့် ဆန်အိတ်များမှ ဆန်ကို ခံခဲ့ပြီးလျင် မိန်းမသူအစုထဲ ဝင်ကာ စပါးလုံး ထိုင်ရွေးရင်း သူတို့ ပြောစကားများကို နားထောင်နေလိုက်သည်။
ဒေါ်လုံး။ ။ ဟဲ့.. မိသူ၊ ညည်း ကြားပြီးပလား။ လူ ၂၀၀၀ ကျော်တောင် သူကြီးက ဖိတ်လာခဲ့တာတဲ့။
ခင်သူ။ ။ မကြားသေးဘူး ဒေါ်ဒေါ်။
ဒေါ်စာ။ ။ သူကျွေးနိုင်လို့ သူခေါ်တာ တို့က သာဓုတောင် ခေါ်ရဦးမှာပါအေ။
ဒေါ်လုံး။ ။ ကျွန်မက ဘာပြောလို့လဲ။ ခုလည်း အလှူအတွက် ကူလုပ်ဖို့ ရောက်နေတာပဲဟာ။
ဒေါ်ညို။ ။ ဟုတ်ပါတယ် မလုံးရယ်၊ ငါကတော့ တို့ တောဆန်တွေကို သူရို့ တပ်တော်သားတွေ စားနိုင်ပါ့မလားပဲ တွေးပူမိတယ်။
ဒေါ်ညို့စကားကြောင့် ခင်သူက ဗန်းထဲမှ ဆန်များကို ကြည့်လိုက်၏ ။ ဟုတ်ပါရဲ့၊ ဆန်ကောင်းမဟုတ်၊ နီရဲစင်းကြောင်သော ဆန်ဖုံဖုံတွင် စပါးလုံးကလည်း အများသား မဟုတ်လား။ မည်မျှ များသနည်း ဆိုလျင် မိန်းမသူအဖွဲ့မှ ရွေးပေးလိုက်သော စပါးလုံးများကို ကိုရင် ညွန့်ရွှေတို့က မောင်းထောင်းနေကြရ၏ ။ ပြာတီးလိုက်လျင် ဖွဲနှင့်အတူ စပါးခွံများ ထွက်လာတတ်သလို ဆန်ကောကို ဝဲလှေ့လိုက်တိုင်းလည်း ကြွက်ချေးနှင့် ကျောက်ခဲလေးများကို သီးသန့်မြင်နေရသည်အထိ။
ဒေါ်စာ။ ။ စစ်သားပဲအေ၊ ဒီလောက်တော့ သည်းခံနိုင်မှာပါ။ ငါက လူ ၂၀၀၀ ဘယ်လိုကျွေးမလဲပဲ တွေးနေတာ။ မဏ္ဍပ်ဆောက်ပြီး အလှည့်နဲ့ ကျွေးမှပဲ ရမယ် အေတို့ရဲ့။
ဒေါ်ညို။ ။ အို၊ အဲဒါလည်း သူကြီး စီစဉ်ပါလိမ့်မယ်။ မသကာ နှစ်ရွာခွဲပြီး အိမ်တိုင်းက နိုင်သလောက် တင်ကျွေးလိုက်ရုံပေါ့။
ခင်သူ။ ။ သူတို့က ညအိပ်ညနေ နေမှာလား အရီးတို့့ရဲ့။ ဖြတ်သွားရုံပဲ မဟုတ်လား။
ဒေါ်လုံး။ ။ မသိသေးပါဘူး။ သူကြီးလည်း အလုပ်များနေတော့ မမေးအားဘူး။ တို့က ဒါပြီးရင် ပဲဟင်းဒယ်ကြီးတွေ တည်ဖို့ ပြင်ရဦးမယ်။
ထို့နောက် စကားစသည် ရောက်လာကြမည့် တပ်များအကြောင်း ရောက်သွားပြန်၏ ။
ဒေါ်အေးသောင်။ ။ အောက်ပြည်က ပြန်လာတဲ့ ဖိုးမှင် ပြောတာတော့ အခု လာမယ့် မင်းထင်နော်ရထာ ဆိုတာ ပဲခူးကို သိမ်းတုန်းက အကြီးဆုံး ဗိုလ်ချုပ်ကြီး ဆိုပဲ။ နောက် သူနဲ့ တွဲဖက် ဘာသက်တော်ရှည်ဆိုလား မခေါ်တတ်ပါဘူး (ဘေးမှတစ်ယောက်က ကျော်ထင် သက်တော်ရှည်တဲ့ အေရဲ့ ဟု ဝင်ထောက်ပေးသည်) အဲဒီ ဗိုလ်မှူးကြီးလည်း ပါလာမတဲ့။ သူတို့က နောက်ဆုံးကျန်တဲ့ တပ်တွေ ခုမှ ရုတ်လာတာတဲ့။
မဝိုင်း။ ။ ကျွန်မ ကိုလူမောင်တို့ ပြောနေတာ ကြားတာတော့ အဲဒီထဲမှာ ဘီလူးတပ် တစ်တပ် ပါသတဲ့တော့်။ ညအိပ်ညနေ နေမယ် ဆိုရင်တော့ အဲဒီတပ်ကို အနောက်ရွာမှာပဲ နေရာချဖို့ သူကြီးကို ပြောရမယ်။
မိဂျမ်း။ ။ ဘာအေ့။
အနောက်ရွာသူများလည်း ရောက်နေသည်မို့ တစ်စခန်း ထကြသည်။ ရွာတန်းရှည်သူများနှင့် အငြင်းပွားကာ အချင်းများတော့မည့်ဟန် ဖြစ်လာသောကြောင့် သူကြီးက လာကြိမ်းရ၏ ။
"အလုပ်များရတဲ့အထဲ နင်တို့ မိန်းမတွေကလည်း တစ်မှောင့်။ မဟုတ်တာနဲ့ မီးမွှေးချင်နေကြတယ်။ အဲဒီစကား ဘယ်သူ စပြောတာလဲ။ ဒီလောက် မီးမွှေးချင်နေတဲ့သူတွေ ဟိုဘက်မှာ အိုးတွေ ပြင်နေတယ်။ လိုက်ခဲ့"
မဝိုင်းတို့တစ်သိုက် ခြေဆောင့်ကာ ပါသွားကြသည်ကို မိဂျမ်းတို့ အနောက်ရွာသူများက မျက်စောင်းထိုးရင်း ကျန်ခဲ့ကြသည်။ မိန်းမကြီးများက ပြေရာပြေကြောင်း ပြောဆိုချော့မော့ရ၏ ။
ဒေါ်စာ။ ။ မိဝိုင်းက အဲလိုပါပဲအေတို့၊ စိတ်ထင်ရာ လွှတ်ခနဲ ပြောတတ်တာပါ။ စိတ်ထားလေးက မဆိုးရှာပါဘူး။
မိဂျမ်း။ ။ မဆိုးလို့ပဲ၊ ဘီလူးတပ်ကျ တို့ဆီပို့တဲ့။ ဗိုလ်မင်းကြီးတွေကိုတော့ မျက်နှာလို မျက်နှာရ ခေါ်ထားချင်တဲ့ပုံ။ လိမ္မာလိုက်တာနော်။
ဒေါ်ညို။ ။ သူလည်း ကြောက်ကြောက်နဲ့ ပြောတာပါ။ ညည်းတို့လည်း တကယ်သာ ဘီလူးတွေ ပါလာရင် ရွာမှာ လက်မခံဝံ့ဘူး မဟုတ်လား။
မစိန်။ ။ ဘီလူးတပ်ကျမှ ကျွန်မတို့ရွာက လက်ခံရမလားတော့်။ သူတို့ဘာသာ ရွာပြင်မှာ နေပစေပေါ့။
ဒေါ်အေးသောင်။ ။ ဟယ်၊ တော်ကြတော့။ တကယ် ဟုတ်မှန်းမသိ မဟုတ်မှန်းမသိ ငြင်းခုန်နေရတယ်လို့။ ငါဖြင့် မကြားမိပါဘူး ပေါက်ပေါက်ရှာရှာတွေ။
မိနန်း။ ။ အမယ်.. ကြီးကြီး၊ အိမ်မှာနေပြီး ဘာမှမသိဘဲ ပြောနေပြန်ပြီ။ ဟုတ်တယ်တဲ့တော့်။ လူတွေ ပြောနေတာ ကြာပြီ။ အဲဒီ ဘီလူးတပ်ကို ကြောက်လို့ မွန်တွေ စစ်ရှုံးရတာ ခဏခဏပဲတဲ့။ ခုလည်း ဟံသာဝတီကို ငြိမ်အောင် တမင်ထားခဲ့တာတဲ့။ ရှင်ဘုရင် နေပြည်တော် ပြန်ရောက်မှ သူတို့ကို လှမ်းခေါ်တာတဲ့တော့်။
ဒေါ်လုံး။ ။ ညည်း ဘယ်သူက ပြောလဲ။
မိနန်း။ ။ ကာလသားခေါင်း ကိုထွန်းရင်ကလည်း ပြောတယ်။ ထန်းတောက သာမောင်းတို့လည်း ပြောနေတာ ကြာပြီ။ နောက်ပြီး...
မကျော့။ ။ မိနန်းက တကယ့်လူတွေကို အပိုင်ပေါင်းထားတာပါလားဟေ့။
ပွဲကျသွားကြသည်။ သူ့စကားက တစ်ရွာလုံး၏ သတင်းရင်းမြစ်ကြီးများကို ကပ်ထားနိုင်သည် ဟု ဆိုလိုရာ ရောက်သလို ပွေရှုပ်သည်ဟုလည်း အဓိပ္ပါယ် သက်ရောက်နေသဖြင့် မိနန်းက မျက်စောင်းတစ်ချက် လှည့်ထိုး၏ ။
အမှန်တော့ ရွာတန်းရှည်နှင့် အနောက်ရွာတို့မှာ ရွာချင်းဆက် ကျေးရွာနှစ်ရွာ ဖြစ်သည်။ ယခင်က သူကြီးတစ်ဦးစီ ရှိသော်လည်း အနောက်သူကြီး ဦးဘိုး ကွယ်လွန်သောအခါ ရွာတန်းရှည်မှ ဦးထင်ပေါ်ကသာ နှစ်ရွာကို စုစည်း အုပ်ချုပ်နေခဲ့သည်။ ထို့ကြောင့်လည်း ရပ်ရေးရွာရေး သာရေးနာရေးတွင် ခွဲခြားမှု မရှိဘဲ နှစ်ရွာပေါင်းကာ ညီညာစွာ လုပ်တတ်ကြလေ့ ရှိခြင်းပင်။
ရွာတန်းရှည်က အိမ်ခြေ ၃၀၀ ကျော်ရှိပြီး အနောက်ရွာက ၂၅၀ ကျော် ရှိသည်။ အချို့က သီးသန့် ခွဲချင်ကြသော်လည်း ရွာ နှစ်ရွာ၏ အလယ်ရှိ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကိုယ်တိုင်က စည်းလုံးညီညွတ်ရေးကိုသာ လိုလားသဖြင့် မခွဲဖြစ်ခဲ့။ အနီးဝန်းကျင် ရွာများကလည်း ရွာတန်းရှည်နှင့် အနောက်ရွာကို နှစ်ရွာ့တစ်ရွာအဖြစ် အသိအမှတ်ပြုထားကြသည်။
ကျီထဲမှ များပြားလှသော ဆန်စပါးများ ထုတ်ယူ ရွေးဖယ် သန့်စင်ပြီးကြသောအခါ ခင်သူတို့မှာ မပြန်ရသေးဘဲ ကြက်သွန်လှီး၊ ပဲထောင်းကြရပြန်၏ ။ ထိုတွင်လည်း စကားဝိုင်းက အဆက်မပြတ်၊ ရပ်ရေးရွာရေးနှင့် စစ်သည် ၂၀၀၀ ရောက်လာမည့် အရေးများကိုသာ ပြောဆိုနေကြ၏ ။ သူတို့ရွာအဖို့ တစ်သက်မှာ တစ်ခါသာ ကြုံဖူးသော အရေးကိစ္စ ဖြစ်နေရာ အထူးအဆန်း ပြောစရာ ရနေကြသည်။
ပေတလူးတို့ မျောက်ရှုံးအဖွဲ့သည် စစ်သည်တော်တို့အကြောင်းကို သိလိုသဖြင့် သူကြီးအိမ်နား ခိုကပ်၍ ပေါ့ပေါ့ပါးပါး အလုပ်လေးများကို ကူညီလုပ်ကိုင်ပေးနေကြ၏ ။ လူကြီးသူမများက ခိုင်းလိုက်လျင် ဝါးခြမ်းပြား ခါးကြားထိုးလျက် အုန်းလက်များ ခွစီးပြီး နှစ်ယောက်တစ်တွဲ ပြေးသွားကြသည်။ သို့သော် ချက်ချင်း ပြန်ရောက်လာတတ်သဖြင့် ဟဲ့.. နင်တို့ ရောက်ရော ရောက်ခဲ့လား၊ တွေ့ခဲ့လား၊ ပြောခဲ့လား ဟု မေးကြရ၏ ။
သူတို့၏ လက်ညှိုးလုံးခန့် ဝါးချောင်းလှံများ၊ လက်မသာသာ ဝါးခြမ်းဓားများက လူအများ မျက်စိနောက်စရာ ဖြစ်နေကြသော်လည်း သူတို့ကိုယ်သူတို့တော့ တကယ့် စစ်သည်ကြီးများလို ထင်မှတ်နေကြလေ၏ ။ ကာလသားခေါင်း ကိုအောင်ကျော်က မင်းတို့ ဒီနားနေရင် တုတ်တွေ မကိုင်ကြနဲ့ဟု ဟောက်လိုက်တော့မှ ငြိမ်သွားကြသည်။ သို့သော် မြင်းများကိုမူ ခွထားကြတုန်း။ ဝိုင်းထဲ ဝင်ကြသည့်အခါများ၌ အုန်းဆံကြိုး တပ်ထားသည့် အုန်းလက်၊ ငှက်ပျောကိုင်းများကို ခြံစည်းရိုးတွင် အစီအရီ ချိတ်ထားလိုက်ကြသေးသည်။
သို့သော် ကလေးဟူ၍ အထင်မသေးပါနှင့်။ သူတို့သည် အများစု မြင်းစီးတတ်ကြ၏ ။ ရွာတွင် မြင်း ၅၀ ကျော် ရှိရာ ပေတလူးတို့မှာ ငယ်စဉ်ကပင် ဝက်၊ နွား၊ ကျွဲ၊ မြင်းများကို ရရာ စီးလာကြသူများ ဖြစ်သည်။ ကျွဲနွားမြင်း အရွယ်အမျိုးမျိုးကို ပြုတ်မကျတမ်း စီးနိုင်ကြ၏ ။ ပွဲကျောင်းမှ သင်သော တုတ်ရေး ဓားရေးအချို့ကို တုပကစားလေ့ ရှိ၏ ။ သူတို့ကြီးလျင် စစ်သည်ကျော်မဖြစ်ဟု မည်သူ ပြောနိုင်ပါမည်နည်း။
ပေတလူးက ဖိုးချိန်ကို ပြော၏ ။
"ရဲမက်ငချိန်၊ နေပြည်တော်က စစ်သည်တွေ လာမယ့်လမ်း ရန်သူတွေ ရှိမရှိ သွားကြည့်ပြီးပြီလား"
"ကြည့်ပြီးပါပြီ၊ အားလုံး ရှင်းတယ်"
"ဟိုကောင် ငသော်ရော၊ ငါခိုင်းထားတာ လုပ်ပြီးပြီလား"
"မလုပ်ဘူးကွ၊ ခိုင်းထားတာဆိုတော့ မင်းက ဗိုလ်လား။ ငါလည်း ဗိုလ်လုပ်မယ်"
"အလှည့်ကျတော့ လုပ်ရမှာပေါ့ကွ။ ခု ခိုင်းတာ မလုပ်ရင် ဘယ်လိုလုပ် ဗိုလ်ဖြစ်မှာလဲ"
"ဟေ့အေး၊ ငါအရင် ဗိုလ်လုပ်မယ်။ မင်းအကျင့် ငါသိတယ်။ ငါဗိုလ်ဖြစ်တဲ့အချိန်ကျ မင်းက ငါ့ထက်ကြီးတဲ့ ဗိုလ်ကြီး လုပ်မှာ မဟုတ်လား"
"ဒါ ထုံးစံပဲလေ မင်းကလည်း"
"ရမလား။ ငါ့ကိုနိုင်မှ ဗိုလ်လုပ်ရမယ်"
"စိန်လိုက်လေ ဘာကြေးလဲ"
"ဟေ့.. ကလေးတွေ၊ ဒီနားမှာ ဖုတ်တထောင်းထောင်း လာမလုပ်ကြနဲ့။ သွား သွား.. ဆော့ချင်ရင် မြောက်ဘက် ကွင်းထဲ လွတ်လွတ်ကင်းကင်း သွားကစားကြ။ တကတည်း မိမနိုင် ဖမနိုင် ဘုန်းဘုန်းမနိုင်လေးတွေ"
ထိုသို့ အော်ငေါက်ခံရတော့မှ ဇက်များပုပြီး ဗိုလ်လုပွဲ ပြီးဆုံးသွားတော့၏ ။ ခင်သူကတော့ မောင်ဖြစ်သူကို မကြည့်အား၊ အလုပ်များ ဇယ်ဆက်နေသလို သတင်းများကလည်း အဆန်းချည်း ဖြစ်သဖြင့် စိတ်ဝင်တစား နားစွင့်နေရ၏ ။
ယနေ့မှ ပြောလိုက်ကြသည့် တိုက်ပွဲများအကြောင်း။ မည်သည့်အရပ်တွင် မည်သို့ တိုက်ခဲ့သတဲ့ဟု ကိုယ်တိုင် ကြုံခဲ့ရသလို၊ တစ်ဆင့်နားလိုလို ပြောဆိုနေကြသည်မှာ သိပြီးသည်လည်းရှိ၊ မကြားဖူးသေးသည်လည်း အများ ဖြစ်၏ ။ ယခင်က ညဦးပိုင်းနှင့် အချို့ နေ့လယ် ရေနွေးဝိုင်းများတွင်သာ အသက်ကြီးသူတို့ ပြောဆိုတတ်ကြသော အကြောင်းအရာများသည် ယခုအခါ မိန်းမယောက်ျားမရွေး နှုတ်မြိန်စေသည့် စကားများ ဖြစ်နေကြပေ၏ ။
ပြောရသူပင် ပြောကောင်းသည်မဟုတ်၊ နားထောင်ရသည်မှာလည်း သိပြီးသား ဖြစ်လင့်ကစား တစ်ဖန်ပြန်ကြားရသည်ကပင် အရသာရှိလာသည်။ မနက်ဖြန်တွင် ကြုံရတော့မည့် စစ်သည်ကြီးများကို မြင်ယောင်ကာ သူတို့၏ လက်ရုံးစွမ်းရည်များကို အံ့သြတကြီး နားဆင်ကြရ၏ ။ အဖြစ်အပျက်များမှာ ဒဏ္ဍာရီဆန်လှစေကာမူ ယခုလို အချိန်မျိုးတွင်တော့ ဟုတ်နိုးနိုးဟု မှတ်ထင်ချင်လာတော့သည်။
အလောင်းမင်းတရားကြီးသည် တကွဲတပြား ဖြစ်နေသည့် တိုင်းပြည်ကို ပြန်လည်စုစည်းပြီး အနော်ရထာ၊ ဘုရင့်နောင်မင်းတရားတို့ ရှေးမင်းများကဲ့သို့ နိုင်ငံတော်ကြီး ထူထောင်လိမ့်မည်ဟု သိခဲ့ကြသည်။ ယခုအခါ အဓိကရန်သူဖြစ်သော ဟံသာဝတီကို မဆုတ်မနစ် တိုက်လံ၍ ရရှိခဲ့သည်ကပင် အံ့သြစရာကြီး ဖြစ်နေပေသည်။ အလောင်းမင်းတရား မပေါ်မီ ထိုမွန်တို့က ရွှေဝအထိ သိမ်းပိုက်ထားခဲ့သည်မဟုတ်လော။
အလောင်းမင်းတရားနှင့် သူ၏ ရဲမက်ကြီးများသည် စွမ်းလည်း စွမ်း၏ ။ ဘုန်းလည်း ကြီး၏ ။ တိုက်ရည်ခိုက်ရည် ကြွယ်ဝကာ သူရသတ္တိလည်း ပြည့်စုံပါ၏ ။ မည်သည့်ဘက်မျှ လစ်ဟာသည်မရှိ၊ ပညာရှိ၊ လူတော်၊ လူစွမ်း များလှချေသည်ဟု ကြားကြရသည်။
ထိုအထဲကမှ ယခု ချီလာမည့် တပ်များမှာ အတော်ဆုံး၊ အကျော်ဆုံး အထင်ကရ တပ်ကြီးများ ဖြစ်သတဲ့။ ဗိုလ်မှူးကြီး မင်းထင်နော်ရထာ ဆိုလျင် ဟံသာဝတီတိုက်ပွဲများကို အမြဲဦးဆောင်တိုက်ခဲ့ပြီး ရှုံးနိမ့်သည်မရှိသော တိုက်တိုင်းအောင် ဗိုလ်ချုပ်ကြီးဟု ဆိုကြသလို ကျော်ထင်ရွှေတောင်မှာ သက်တော်ရှည်ဘွဲ့ပင် ရသည့် စစ်ကဲကြီး ဖြစ်သတဲ့။
ယခု လာမည့်အထဲတွင် ထိုနှစ်ဦး ပါမည်ဆိုတော့ ခင်သူတို့ ရွာသူရွာသားများမှာ ဗိုလ်မှူးကြီး နှစ်ဦးနှင့်တကွ တိုက်တိုင်းအောင် စစ်သည်တော်ကြီးများကို ကြိုဆိုချင်စိတ် တဖွားဖွား ဖြစ်ပေါ်နေတော့၏ ။ အချို့က စစ်သည်များကို တစ်ရက်နှစ်ရက် နေခိုင်းပြီး ရွာရှိ အိမ်များတွင် နေရာချထားရန် သူကြီးကို သွားပြောရာ သူကြီးက စိတ်ရှုပ်ရှုပ်နှင့် သူတို့လာမှ မင်းပြောကြည့်ပေါ့ဟု ငေါ့လိုက်သဖြင့် ကုပ်၍ ပြန်လာရသည်။
ခင်သူသည် ညနေစောစော အိမ်ပြန်၍ ချက်ပြုတ်ပြင်ဆင်ပြီးလျင် သူကြီးအိမ်သို့ ပြန်လာခဲ့သည်။ ကာလသား အများစုမှာမူ ရွာနှစ်ရွာ၏ အလယ် ကွင်းပြင်တွင် မဏ္ဍပ်ကြီး ထိုးနေကြပြီ။ ဗိုလ်မှူးချုပ် နှစ်ဦးအပြင် ဗိုလ်အများ ပါလာကြမည်ဖြစ်၍ နေရာထိုင်ခင်း စီစဉ်သူများလည်း အလုပ်ရှုပ်နေကြ၏ ။ ခင်သူတို့ကတော့ ချက်ရေးပြုတ်ရေးတွင်သာ ကူညီ၍ မိုးပြဲဒယ်ကြီးများကို မီးထိုးခြင်း၊ ရေနွေးတည်ခြင်း၊ လက်ဖက်သုပ် ဧည့်ခံခြင်း၊ ပဲရေစိမ်ခြင်း၊ ကြက်သွန်လှီးခြင်းတို့ကို အလျဉ်းသင့်သလို လုပ်သွားကြသည်။
ညရောက်သော် ပို၍ ပျော်စရာကောင်းလာ၏ ။ ဘုရားပွဲတော် ရှိသည့်အလား မီးတုတ် မီးတိုင်များ ထိန်နေပြီး ရွာနှစ်ရွာမှ လူများလည်း စည်စည်ကားကား အုံးအုံးကြွက်ကြွက် ရှိနေသည်။ ပဲထောင်းနေကြသည့် ဆုံသံတို့မှာ ညံနေ၏ ။ ပေတလူးတို့ တစ်သိုက်လည်း ညအထိ ဆော့ကစားရင်း မမောနိုင်မပန်းနိုင်။ ညကြီးမှောင်မှောင်မှာ ခမောက် ဦးဆောင်းများ ဆောင်းထားကြ၍ ပြောရ ဆိုရသေးသည်။
No comments:
Post a Comment