တစ်ရွာလုံးတွင်လည်း စစ်သည်များ ပျားပန်းခတ် လှုပ်ရှား သွားလာနေကြ၏ ။ အချို့က အိမ်လည်လာကြရာ ခင်သူတို့အိမ်သို့ ဗိုလ်နှင့် အကြပ်အများ၊ တပ်သားအများ ရောက်လာကြသည်မှာ လူပြတ်သည်မရှိ။ အိပ်နေသူ နှစ်ဦးကတော့ ဘာမှမသိ၊ ရောက်လာသူများကလည်း မနှိုးပါနှင့်ဟု ဆို၍ သူတို့တွင် ပါလာသည့် စားကောင်းသောက်ဖွယ်ကလေးများ တိုးတိုးတိတ်တိတ် ထားသွားကြသည်ကို ခင်သူတို့ မိသားစုက သိမ်းဆည်းနေရသည်မှာ မကြာခဏ။
အစပိုင်းတွင် ဗိုလ်မှူးကြီးက ပစားပေးထားသူ ဖြစ်သောကြောင့် နေရာ အာဏာ အတော်အတန် ရသူဖြစ်၍ ကပ်ကြသည်ဟု ထင်မြင်မိကြသည်။ သို့သော် ပေးသွားသူများက မည်သူမည်ဝါကဟု မဆိုကြဘဲ နိုးလာရင် ပေးလိုက်ပါ ဟုသာ ပြော၍ ထားခဲ့ကြရာ များလာသောအခါ အံ့သြကြရသည်။ ထို လူစွာလေးက လူချစ်လူခင် များသလား ဟု သံသယနှင့် အခြားအိမ်များသို့ သွားကြည့်ကြသေးသည်။ သူကြီးအိမ်တွင်ပင် ထိုမျှ လက်ဆောင်ပဏ္ဏာ မတွေ့ရသောအခါ သူတို့ မတွေးတတ်အောင် ရှိ၏ ။
အိပ်နေသူ လူငယ် နိုးသောအခါ စားသောက်စရာများကို မြင်လျင် ဘာလို့ လက်ခံထားတာလဲ ဟု မေး၏ ။ တောသူတောင်သား လူကြီးနှစ်ဦးမှာ မဖြေတတ်၊ 'ပေးတော့လည်း ယူထားရတာပေါ့ မောင်ရဲ့။ ကိုယ့်ဖို့မှ မဟုတ်ဘဲ။ မောင့်အတွက်ပဲ' ဟု ဆိုကြသည်။ သို့နှင့် တစ်ဝက်ကျော်ကို ထုပ်ပိုး၍ သူတို့နှစ်ဦးသား ဘုန်းကြီးကျောင်း သွားပို့ကြရာ ခင်သူနှင့် ပေတလူးပါ လိုက်သွားရသည်။ ကြီးကျယ်လှသော လုလင်က အိမ်သို့ လာလည်သူများကို မည်သည့်အရာမျှ မပေးရ ဟု တားမြစ်လိုက်သေးသည်။
ခင်သူကတော့ မိမိတို့ ဧည့်သည်ဖြစ်နေသော်လည်း နေရာတကာပါလွန်းသော လုလင်အား အမြင်ကပ်မိသည်။ ရှေ့တွင်မို့ အမူအရာမပျက် နေရသော်လည်း နောက်ကွယ်တွင် အသံကြားရလျင် မဲ့မိ၏ ။ ကွယ်ရာရောက်လျင် မျက်စောင်း ထိုးချင်၏ ။ ခင်သူ ဓားမတိုကလေးဖြင့် ခွဲခြမ်းစိတ်ဖြာရသော ထင်းများကို အကြပ်ဖြစ်သူက ပုဆိန်သွေးပေး၍ လုလင်က ပုဆိန် မြှောက်ကာ မြှောက်ကာ အားပါပါနှင့် တစ်ချက်တည်း ခွဲလိုက်သည့် အချိန်များတွင်မူ မသိမသာ ငေးကြည့်နေမိသည်။
သူ့ဆီ လာသူများကလည်း ထင်းတုံးများ သယ်ပေးခြင်း၊ စီပေးခြင်း၊ စည်းနှောင်၍ မီးဖိုအနီး ထားပေးခြင်းတို့ကို စကားတပြောပြောနှင့် လုပ်ပေးသွားကြ၍ တစ်ညနေတည်းနှင့် ထင်းပုံကြီးမှာ ဟီးထနေတော့သည်။ သစ်ကိုင်းခြောက်များက တစ်ကန့်၊ ခွဲခြမ်းစည်းများက တစ်ပုံ၊ ဝါးကို နှီးဖြာထားသည့် ကြိုးများ၊ အုန်းဆံကြိုးများ စသည်ဖြင့် သုံးလေးလ သုံးမကုန်အောင် ရှိ၏ ။
သူတို့ ရေမိုးချိုးပြီးသောအခါ ပေတလူး ဦးဆောင်သော ကလေးဆယ်ဦးခန့်က ထိုနှစ်ဦး နားခိုရာ အိမ်အောက်ထပ် ကွပ်ပျစ်ကလေးကို ဝိုင်းထားလိုက်ကြသည်။ ထို့နောက် လုလင်အား ဓားရေးပြ၊ သိုင်းကစားပြရန် တောင်းဆိုကြတော့၏ ။ သူတို့က မဖြစ်နိုင်သောကြောင့် ပုံပြင်ပြောပြမည် ဟု ပြောရသည်။ အကြောက်အလန့် နည်းပါးသည့် ပေတလူးတို့က ကွပ်ပျစ်ထက် ဝိုင်းအုံတက်၍ စောင့်စားနေသောကြောင့် အခြားကိစ္စများ မလုပ်ရတော့ဘဲ စစ်ပွဲမှ အကြောင်းများကိုသာ စိတ်ဝင်စားဖွယ်ကောင်းအောင် ပြောပြနေရတော့၏ ။
ကာလသားများက အိမ်လည် လာခေါ်ကြသည်ကို လည်းကောင်း၊ စကားထာဝှက် ဉာဏ်စမ်းကြရန် လာရောက် ခေါ်ဆောင်ကြသောအခါ၌ လည်းကောင်း ပေတလူးတို့က ခွင့်မပြု၍ မသွားရ။ 'ကျွန်တော်တို့ အရင် စောင့်နေတာ'၊ 'ကျွန်တော်တို့အရင် ခေါ်ထားတာဗျ' ဟူသည့် စကားများကို မလွန်ဆန်နိုင်သဖြင့် ညဦးပိုင်း ထမင်းစားချိန်အထိ ကလေးများနှင့်သာ အချိန်ကုန်သွားတော့သည်။
အိမ်ပေါ်မှ လူကြီး နှစ်ဦးအပြင် မီးဖိုချောင်နှင့် ဝဲလင်းဆောင်ကို ကူးချည်သန်းချည် ပြုနေရသော ခင်သူသည်ပင် ကလေးများကို ပြောပြနေသည့် စစ်ရေးများအား နားစွင့်ရင်း အလုပ်လုပ်နေမိ၏ ။ လူကြီးများ ညစာစားပြီး၍ သူတို့ကို ခေါ်သောအခါ ကလေးများပါ တပြုံကြီး လိုက်လာကြသောကြောင့် အားလုံးကိုပင် ခူးခပ်ကျွေးမွေးရပြန်သည်။ ဟင်းကောင်းသည်နှင့် ဒေါင်းလန်းကြီးဖြင့် အားပါးတရ လွေးနေကြသော ပေတလူးတို့အား ရွံရှာဖွယ်ဖြစ်အောင် မစားနှင့်၊ အသံမမြည်စေနှင့်၊ သပ်သပ်ရပ်ရပ် စားကြဟု သင်နေသော လုလင်ကို ပေတလူးက
"ဦးရင်က ဆရာတော်ထက်တောင် ဆိုးသေးတယ်"
ဟု ပက်ခနဲ ပြန်ပြောလိုက်သည်။ သူ့မိခင်၏ 'ဟဲ့.. ဒီကလေး ဘယ်လိုပြောလိုက်တာလဲ' ဟူသည့် အသံနှင့်အတူ ခင်သူက ပေတလူးခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်၏ ။ လက်ဆ အတော်ပြင်းသွားရာ ပေတလူး ထမင်း ဆက်မစားတော့ဘဲ ငိုမည့်ဟန် ပြင်သည်။ လုလင်က
"ပြောတုန်းက ပြောရဲရင် မငိုဘဲလည်း နေနိုင်ရမှာပေါ့ကွ"
ဟု လှမ်းပြောလိုက်၏ ။ ပေတလူး ကြောင်သွားပြီး သူ့ကို ငေးကာ စဉ်းစားနေသဖြင့် ငိုရန် မေ့နေလေသည်။ ဘေးမှ အဖော်တစ်ဦးကလည်း
"အေးလေ၊ ဗိုလ်လုပ်ချင်တဲ့ကောင်က ငိုလို့ ဘယ်ဖြစ်မလဲ"
ဟု ဝင်ထောင်သည်။ ပေတလူးက
"နာတာကိုးကွ၊ မင်းခံကြည့်ပါလား။ အာပြဲကြီးနဲ့တောင် အော်ငိုနေဦးမယ်"
"ဒါဆို မင်းတို့က စစ်တိုက်လို့ ဒဏ်ရာရရင် ဆက်မတိုက်ဘဲ အော်ငိုနေကြမှာလားကွ"
လုလင်က ထပ်မေးလိုက်သဖြင့် ပေတလူး မဖြေနိုင်တော့၊ ဟီးခနဲ ရယ်ချလိုက်၏ ။ ခင်သူက
"ထမင်းယူကြပါဦးလား"
"တော်ပါပြီ နှမ"
"စားမကောင်းကြလို့လား ဟေ"
"ကောင်းပါတယ် ဦးကြီး။ လုံလောက်ပါပြီ"
"အေးအေး.. ဟိုမှာ ထန်းလျက်စားကြ။ မောင်ရင် ထန်းလျက်ကြိုက်တယ်လို့ ပြောတယ်"
"ဟာ.. မဟုတ်ပါဘူး။ နေ့လယ်က ဗိုက်ဆာလို့ ထန်းလျက်စားပြီး ရေသောက်နေတာပါ"
"ထမင်းစားရောပေါ့။ မကျွေးကြလို့လား သူတို့က"
"ကျွေးပါတယ်၊ ဘုန်းကြီးကျောင်းက ကျက်သရေဆောင်မှာ သွားကြည့်တော့ ထမင်းဟင်း မလောက်ငှတာ တွေ့တာနဲ့ မဏ္ဍပ်ကျမှ ပိုရင် စားမယ်ဆိုပြီး ထန်းလျက်စားထားတာပါ"
"အိမ်း၊ ဗိုလ်ဆိုတာ အဲသလိုမျိုးမှ တပ်သားတွေကလည်း ချစ်တော့မပေါ့။ ကောင်းတယ် ကောင်းတယ်"
စားသောက်ပြီးကြလျင် ကလေးအဖွဲ့ကို ခေါ်ကာ အနောက်ရွာသို့ လမ်းလျှောက်ထွက်ခဲ့ကြသည်။ အနောက်ရွာတွင် ဆီမီးများ ထိန်လျက် ရွာတန်းရှည်ထက် ပိုမိုစည်ကားနေကြောင်း တွေ့ရ၏ ။ ဗိုလ်မင်းအများလည်း ရောက်ရှိနေကြပြီး အိမ်တစ်အိမ်၏ မြေကွက်လပ်တွင် ရွာသားတစ်ဦးနှင့် ရဲမက်တစ်ဦး နပန်းသတ်လျက်ရှိသည်ကို တွေ့ရသည်။ လူများ အုံခဲနေသောကြောင့် တိုးဝှေ့မကြည့်ကြတော့ဘဲ ကလေးများကိုသာ ထားခဲ့ပြီး သူတို့က ဆက်လျှောက်သွားသည်။
ပေတလူးတို့ကတော့ အလွန်ကဲကြသူများပီပီ လူအုပ်အား အတင်းတိုးဝှေ့လျက် ရှေ့ဆုံးရောက်အောင် နေရာယူလိုက်ကြ၏ ။ ဝိုင်းအနောက်တွင် ဆီသုတ်လိမ်းနေသူ ရွာသားအချို့နှင့် သဲများ ပေကျံနေသူအချို့ တွေ့ရသဖြင့် အတန်ကြာသည်အထိ ပွဲမှာ ပြီးစီးဦးမည် မဟုတ်သေး။ သူတို့က အနောက်ရွာ၏ ထန်းတောထဲ ဝင်သွားကြလျင် သောက်စား ဆူညံနေသူများထဲမှ အချို့သည် လုလင်ကို မြင်သည်နှင့် ဝုန်းခနဲ ထပြေးကြ၏ ။
လုလင်က အရေးတယူ မပြုဘဲ ထန်းတောကိုသာ ပတ်ကြည့်သည်။ ရွာသားအချို့က ခေါ်သော်လည်း ယဉ်ကျေးစွာ ငြင်းလိုက်၏ ။ ထန်းပင်များ၏ နောက်တွင်မူ ခေါင်း ၁၀ လုံးခန့်သည် သူ့ကို ချောင်းနေကြကြောင်း တွေ့ရသည်။
"မင်းတို့ သက်တော်ရှည်တပ်ကလား"
ဟု အော်မေးလိုက်လျင် အမှောင်ထဲမှ တဖုန်းဖုန်း ပြေးသွားသံများ ကြားရလေ၏ ။ သူတို့ ရယ်မောပြီး ထန်းတောထဲမှ ထွက်ခဲ့သည်။ နပန်းသတ်နေသည့် နေရာသို့ ပြန်ရောက်သောအခါ ရွာသားတစ်ဦးက ဟစ်လိုက်သည်။
"ဟေ့.. ဒီမှာ ဗိုလ်ကျော်စွာ ရောက်နေပါ့ရော"
ထိုအခါ ရွာသားအချို့ သူ့ထံ ဝိုင်းလာကြ၏ ။ သူက ဗိုလ်ကျော်စွာကို မသိ၊ ကြားပင် မကြားဖူးသော်လည်း ရွာသားများ၏ ဗိုလ်ကျော်စွာတဲ့ ဟူသော ဆင့်ကဲဆင့်ကဲ အသံများ ထွက်လာပြီးလျင် သူရှိရာ အုံလာသည့်အတွက်မူ 'ငါ့ကို ပြောနေတာပါလား' ဟု သဘောပေါက်လာသည်။ ရွာသားတစ်ဦးက
"ကျွန်တော်တို့က စစ်သည်တော်တွေကိုတော့ မနိုင်ကြပါဘူး။ ဒါပေမယ့် တိုက်ရဲ ခိုက်ရဲ သေရဲတဲ့သူတွေချည်းပါ။ မနက်ဖြန် ရွှေတပ်တော်များနဲ့ ခေါ်သွားဖို့ ဗိုလ်မှူးကြီးများကို လျှောက်ပေးပါ ဗိုလ်လေး"
အခြားသူများကလည်း တစ်ယောက်တစ်ခွန်း ဝိုင်းတောင်းဆိုနေ၏ ။
"နေပါဦး၊ ကျွန်တော့်နာမည် ကျော်စွာလို့ ဘယ်သူက ပြောသလဲ"
ဆိုသောအခါ မည်သူမျှ မဖြေကြဘဲ ပြုံးစေ့စေ့ ရှိနေကြသည်။
"ခင်ဗျားတို့ဘာသာ ပေးထားတာလား"
လူအုပ်နောက်မှ အသံတစ်ခုက
"နေ့ခင်းကတော့ မောင်ရင်က တယ်စွာသကိုး။ စိတ်မဆိုးနဲ့နော့"
လူအုပ်က ရယ်လိုက်ကြသည်။ သူကလည်း ရယ်၍
"ကျော်စွာ ဆိုတော့လည်း ကျော်စွာပေါ့။ စစ်မှုထမ်းချင်တယ် ဆိုရင် ကျွန်တော်တို့ကတောင် ဝမ်းသာရဦးမှာ။ လူဘယ်နှယောက်လောက် ရှိသလဲ။ မင်ကြောင်များရော မထိုးရသေးသူ ပါသလား"
"လူကြီး လူငယ် စုစုပေါင်း ကိုးကျိပ်ကိုးယောက်ပါ။ တစ်ယောက်က လိုက်ချင်ပေမယ့် မင်ကြောင်မထိုးရသေးလို့"
"ဒါဆို ကျွန်တော့်ကို ကြည့်၊ ကျွန်တော်လည်း မင်ကြောင်မထိုးရသေးဘူး။ ဒါပေမယ့် အခု ဗိုလ်ဖြစ်နေပြီ"
ဆို၍ ပေါင်ကို လှန်ပြသည်။
"ဗိုလ်ကျော်စွာတို့ကတော့ လုပ်ရော့မယ်။ ပေါင်ဖြူကိုပါ ခေါ်စေချင်သလား"
"သူ တကယ် လိုက်ချင်ရင်တော့ ခေါ်ပေါ့ဗျာ။ ပေါင်ဖြူတာက အကြောင်းမဟုတ်ပါဘူး။ သဘောဖြူဖို့ လိုရင်းပါ"
"စစ်ပွဲမှာ ပေါင်ဖြူမြင်တော့ ရန်သူက ရယ်သွမ်းသွေးမှာပေါ့ မောင်ရဲ့"
"ကျွန်တော်တော့ ကျွန်တော့်ကို မြင်လို့ ရယ်နိုင်တဲ့ ရန်သူ မတွေ့ဖူးသေးဘူး"
"မောင်ကျော်စွာက စွာရုံ စွာတာမဟုတ်၊ တယ်လည်း ကြီးကျယ်သကိုး"
လူအုပ်ထဲမှ တစ်ဦး၏ မှတ်ချက်ကို ကြားလျင် ရွာသားများ ဝါးခနဲ ရယ်လိုက်ကြပြန်သည်။ ရဲမက်တစ်ယောက်က
"မင်းတို့ ဘယ်သူ့ကို ပြောနေကြတာလဲ။ ဗိုလ်မင်းကို ဒီလို ပြောရသလား" ဟု ဝင်ငေါက်ငမ်းမှ ကိုယ်ရှိန်သတ်ကြပြီး "ကျုပ်တို့က ပျော်လို့ စတာပါ" ဆို၏ ။
"ဒီပုံစံတွေနဲ့ ဘယ်လို တပ်ထဲ လိုက်မှာလဲ။ မခန့်လေးစားနဲ့"
ဟု ရဲမက်က ဆိုလိုက်ရာ ကုန်းရမလို ရှိခိုးရမလို ဖြစ်သွားကြသည်။ မဟုတ်ပါဘူး၊ မသိလို့ပါဟု ပျာပျာသလဲ တောင်းပန်ကြ၏ ။ သူက
"ထားလိုက်ပါ၊ သူတို့မှ နားမလည်သေးဘဲ။ ဒါပေမယ့် တပ်ထဲ ရောက်ချိန်က စပြီး ကိုယ့်ထက် ရာထူးကြီးသူကို လေးလေးစားစား ဆက်ဆံကြရမယ်။ ခုလို ပြောလို့ မရတော့ဘူးနော်"
"ကျွန်တော်တို့ မပြောပါဘူး။ အဲသည်တစ်ယောက်က ရူးပေါပေါမို့ လျှောက်ပြောနေတာပါ"
လူငယ်များက သူစိတ်ကွက်မှာ ကြောက်၍ ဖြေရှင်းနေကြ၏ ။ နပန်းသတ်နေသူများပင် ရပ်ကာ သူတို့ကို ကြည့်နေသည်။ ထို့ကြောင့်
"ကဲ.. ကဲ၊ မနက်မှ ဗိုလ်မင်းကြီးကို ပြောထားမယ်။ လိုက်မယ့်သူတွေ ပြင်ထားပြီး ကိုယ့်အိမ်က ရဲမက်ကို ဘာတွေ လိုအပ်လဲ မေးထားပေါ့"
သူတို့ လှည့်ထွက်သွားလျင် ရုတ်ရုတ်သဲသဲ လူစုက နပန်းပွဲသို့ ပြန်၍ အာရုံရောက်သွားကြလေ၏ ။
"ဗိုလ်ကျော်စွာ တဲ့လား"
လမ်းတွင် အကြပ်က စကားစလာသည်။
"အေးကွ၊ ငါ့ကို သူတို့က နေရာတကာ လူစွာလုပ်တယ်လို့ မြင်နေတာ ဖြစ်မယ်"
"သူတို့က သိမှ မသိတာ"
"မသိတာ ကောင်းတယ်၊ မဟုတ်ရင် စိတ်ရှုပ်ရတယ်။ မလိုအပ်ဘဲ ဝန်လေးတယ်။ ငါ့ဟာငါ ပေါ့ပေါ့ပါးပါး နေချင်လို့ကို တမင် ဘယ်သူ့ကိုမှ မပြောရလို့ ကြိုတင်ပြောထားတာ။ ခု ကြည့်စမ်း၊ ဘယ်လောက် လွတ်လပ်လဲ။ သူတို့ရင်ထဲက ရှိတဲ့အတိုင်းလည်း သိရတယ်။ သူတို့ ကြောက်ရွံ့ ခန့်ညားနေရင် ဘယ်ပြောထွက်ကြတော့မလဲ"
"ကောင်းတော့ ကောင်းတယ်၊ နားခါးတယ်မဟုတ်လား"
"မခါးပါဘူး၊ နည်းနည်းတော့ စပ်တယ်"
ပြော၍ ရယ်လိုက်ကြသည်။
တည်းခိုသည့်အိမ် ပြန်ရောက်ကြသောအခါ ဝဲလင်းဆောင်၌ ရွာသားအချို့နှင့် ရဲမက်သုံးဦးခန့်အပြင် အမျိုးသမီးအချို့ ရောက်နေသည်ကိုလည်း တွေ့ရသည်။ သူတို့က အသံမကြားအောင် တိတ်တဆိတ် ဝင်ခဲ့ပြီး သူခိုးခြေလှမ်းများဖြင့် ကွပ်ပျစ်ပေါ် တက်လိုက်ကြကာ ဝဲလင်းဆောင်မှ လူပျို အပျိုတို့ စကားထာဝှက်နေသံတို့ကိုသာ နားစွင့်နေကြလေသည်။
"ထန်းလျက် နှစ်လုံးပြူး"
"နှစ်လုံးပြူးကို မလိုချင်၊ ထန်းလျက်ဖာကိုသာ ဆီသယ်ချင်ပါရဲ့ နှမရယ်"
"ဆီသယ်ရင် စွန်းတတ်တယ်လေ့"
"စွန်းရင်ဖျောက်၊ လွမ်းရင် ရောက်မပေါ့"
ထိုမှ သင်္ချာစကားထာ၊ ဉာဏ်စမ်းပဟေဠိများဘက် ရောက်သွားကြပြန်သည်။ သူတို့၏ လျင်မြန်လှသော အတွက်အချက်၊ ထက်မြက်သော ဉာဏ်ရည်များမှာ သင်ပုန်းမလို၊ ကျောက်တံမသုံး၊ စိတ်တွက် တွက်ရင်း ဒိုးဒိုးဒေါက်ဒေါက် စဉ်းစားသွားကြ၏ ။ လုလင်ကတော့ ဤမှာဘက်တွင် မကျွမ်းကျင်၍ အိပ်ဟန် ဆောင်နေကြသည်။
အတန်ကြာတော့မှ လူစုခွဲ၍ ဆင်းလာကြပြီး 'ဟာ.. ပြန်ရောက်နေပြီဟ' ဟူသော အသံတိုးတိုးကို ကြားရသည်။
''ဘယ်ချိန် ရောက်နေလဲမသိ၊ ဝင်အိပ်နေကြပြန်ပြီ''
"ထားလိုက်၊ ထားလိုက်။ မနှိုးနဲ့တော့၊ လာ သွားမယ်"
တိုးတိုးကြိတ်ကြိတ် အသံများ ဝေးသွားသော် ပြုံးမိကြသည်။ သို့သော် ထိုညက သူတို့ တော်တော်နှင့် အိပ်မပျော်။ ကလေးများ ပြန်လာသံ ဆူညံညံကိုလည်း ကြားရသည်။ ခင်သူက ပေတလူးကို ခေါ်၍ ခြေထောက် ရေဆေးပေးနေသံ၊ ထို့နောက် ဘုရားရှိခိုးကြသံ၊ အမိအဖတို့ကို ရှိခိုး၍ အိပ်သံ၊ သူတို့အနီး စောင်များ လာထားသံတို့ကို ကြားနေရသော်လည်း သူတို့ ငြိမ်နေကြ၏ ။ တစ်အိမ်လုံး တိတ်ဆိတ်သွားတော့မှ သူတို့ တီးတိုး စကားပြောနေခဲ့သည်။
နံနက် မလင်းမီ သူတို့၏ ခေါင်းရင်းသို့ တက်၍ ကျယ်လောင်စွာ တွန်လိုက်သော ကြက်ဖကြောင့် နိုးသွားကြရသည်။ သူတို့ ပြန်အိပ်ရန် ကြိုးစားသော်လည်း ကြက်တွန်သံနှင့် မရှေးမနှောင်းမှာ ရွာက သက်ဝင်လှုပ်ရှားလာပြီး တဂျောက်ဂျောက် တဖျတ်ဖျတ် အသံများ ကြားနေရလေပြီ။ ထို့ကြောင့် မိုးစင်စင် လင်း၍ ဗိုလ်မှူးကြီးက စုံစမ်းမေးမြန်းပြီး သူတို့တည်းခိုရာအိမ် ရောက်လာချိန်တွင် နှစ်ဦးသားမှာ မြင်းကိုယ်စီနှင့် ထွက်သွားနှင့်ကြပြီ။
"ဟေ့.. သူငယ်မ၊ ဗိုလ်မှူး.. အဲ၊ လက်ျာဘီလူး ဒီအိမ်မှာ တည်းတယ်ဆို"
ပေတလူး မျက်နှာသစ်နေသည်ကို စောင့်နေသည့် ခင်သူမှာ ဝင်လာသည့် ဗိုလ်မှူးကြီးကို ပြူးကြည့်နေစဉ် မေးခံလိုက်ရသောကြောင့်
"ကျွန်တော်မ မသိ.. ဟို နှစ်ယောက်တော့ စောစောကပဲ မြင်းတွေနဲ့ ထွက်သွားကြတယ်"
"တစ်ယောက်က ဆံပင်ဖားလျားနဲ့ ဓားကို မချဘူး မဟုတ်လား"
"ဟုတ်"
"သူတို့ ပြန်လာရင် ဗိုလ်မင်း ကျော်ထင် သက်တော်ရှည် လာသွားတယ်လို့။ မတွေ့လို့ မစောင့်တော့ဘူး၊ မေးမြန်းပြီး လိုက်ခဲ့လို့ ပြောလိုက်ပါ"
"ဟုတ်ကဲ့ရှင့်"
ဗိုလ်မင်းကြီး ပြန်သွားလျင် မီးဖိုထဲမှ အမိက
"အဲဒီသူငယ်တွေ ညကလည်း တော်တော်နဲ့ မအိပ်ဘူး၊ စကားပြောနေကြတယ်။ ခုမနက်လည်း ထမင်းကြမ်း မစားဘူး သွားကြပြန်ပြီ။ ဗိုလ်မှူးလာခေါ်တာတောင် မရှိဘူး။ ခက်တဲ့ သူငယ်တွေပဲ"
ဟု ညည်း၏ ။ အဖကတော့ နွားပြာတစ်ရှဉ်းနှင့် လယ်တောသို့ ထွက်သွားပြီဖြစ်သည်။
"ဟဲ့ကောင်လေး၊ ဘယ်မှ မသွားခင် အဆာပြေ စားသွားဦး"
မကြာခင် မျက်စိရှေ့မှ တစ်နေကုန်တစ်နေခမ်း ပျောက်သွားတော့မည့် ပေတလူးကိုလည်း ကျွေးမွေးရသေးသည်။ သည်အရွယ်က အစားအသောက်ကို မခုံမင်၊ ကစားရန်သာ အားသန်နေသည့် အရွယ်မို့ သန်မာစေရန် တမင် လွှတ်ထားကြသည်။
(ဆက်ရန်...) အောင်ပန်းမလို သပြေညို မရပေမင့် (ဇာတ်သိမ်း)
No comments:
Post a Comment