ပဲခူးမင်းသည် သမီးကညာ ဆက်ပြီးနောက် အင်းဝရွှေနန်းရှင် (ဟံသာဝတီပါမင်း) ၏ ဆင်မြင်း မိဖုရား သားတော်သမီးတော်တို့ကို ပို့လွှတ်ပြီးပါလျက် မထွက်မလာ။ ဝန်ကြီးအမတ်များနှင့် စာဆက်လျက်သာ နေသည်။ တစ်ကြိမ်တွင်တော့ ညီတော် သမက်တော် ဗိုလ်မှူးများကို အလောင်းမင်းတရားထံ လက်ဆောင်ပို့လွှတ် တွေ့ဆုံစေ၏ ။
အလောင်းဘုရားကလည်း မွန်မင်းညီမင်းသား အမတ်များကို ကောင်းမွန်စွာ နေရာပေး လက်ခံစကားဆိုတော်မူသည်။ ပြန်ကြမည် ဆိုသောအခါ ဟံသာဝတီအိမ်ရှေ့စံ မဟာဥပရာဇာက ခြေတော်ရင်းတွင် နေလိုပါသည်ဟု ဆိုလာသည်။ သူနှင့်အတူ မြို့ခံကောင်းလှသည်ဟု ကျော်သော စျေးငယ်ဗိုလ်လည်း ခြေတော်ရင်းတွင် မြဲစိမ့်မည်ဟူ၍ လျှောက်တင်၏ ။
သူရဲ လူကောင်းတို့ကို လိုသော မင်းဖြစ်သည့်အားလျော်စွာ အလောင်းဘုရားက ထိုသူနှစ်ဦးအား လက်ခံထားလိုက်သည်။ မဟာဥပရာဇာမှာ ရှေ့တော်က စောင်းကတင်နှင့် နေရ၍ သီဟယော်ဓာ၊ ဇေယျနန္ဒ အမတ်နှစ်ဦး ခြံရံကာ အမြဲမပြတ် ခစားရလေသည်။
မင်းတရားကြီး၏ အရှေ့ဝင်းမှူးလည်းဖြစ်၊ ဗိုလ်ချုပ်ကြီးလည်း ဟုတ်သော မင်းထင်နော်ရထာနှင့် သိကျွမ်းကြရင်း ဖြစ်သည့်အလျောက် မွန်အိမ်ရှေ့စံနှင့် မြန်မာဗိုလ်မှူးတို့မှာ အခါများစွာတို့တွင် ခင်မင်ရင်းနှီးစွာ ရှိနေကြသည်။ ဤသည်ကို အချို့ မြန်မာဗိုလ်မှူးများနှင့် ဗညားဒလ၊ စောဗြ၊ ဗညားဦး စသူတို့က မကြိုက်။
မွန်တို့က ဥပရာဇာကို ပြစ်တင်စကား ဆိုကြပြီး မြန်မာအချို့က တီးတိုးဝေဖန်ကြသည်။ သတိပေးစကားဆိုသူ၊ ခနဲ့သူ၊ မကြည်လင်သူတို့လည်း မရှား။ ဟံသာဝတီ၏ အိမ်ရှေ့မင်းသည် အလောင်းဘုရား သားတော်များနှင့် မုဆိုးခြုံဗိုလ် တို့ကဲ့သို့သော ဗိုလ်မှူးများကို ကျော်၍ လက်ျာဘီလူးနှင့် အလွန်ရင်းနှီးနေဟန်မှာ သူတို့အတွက် ထူးခြားနေပေသည်။
မဟာဥပရာဇာတို့ ရွှေစက်တော်အောက် ရောက်ပြီး ငါးရက်မြောက်နေ့တွင် ဟံသာဝတီ ဗိုလ်မှူးများဖြစ်ကြသော ဗညားဒလ၊ စောဗြ၊ ဘယ်ကျော်နှင့် သမိန်လွတ်တို့ ဦးဆောင်လျက် မွန်မင်းကို နန်းချကာ မြို့တံခါးများ ပိတ်လိုက်ကြတော့သည်။ သူတို့အဆိုမှာ
"မြန်မာမင်းသည် တလပန်းကိုသာ အရှင်ရစေ ဟု ဆိုသည်။ ငါတို့ကိုကား သတ်လိမ့်မည်မချွတ်၊ သူ့အနှိပ်စက်ကို မခံတော့ဘဲ တိုက်ရင်းပင် သေတော့မည်"
ဟူ၏ ။ အလောင်းမင်းတရားကြီးလည်း ချက်ချင်း စစ်ပြင်စေသည်။ ကျုံးရေလည်း ဖောက်ရသည်။ ပဲခူးမြို့ပြင် နဂါးဆိပ်တွင်ရှိသော သစ်တပ်ကိုလည်း အုတ်မြို့တည်လျက် ဗိုလ်မှူး နန္ဒကျော်ထင် ကို ခန့်၏ ။ လက်ျာပျံချီမှာ မြို့နှင့်ကပ်လျက် သစ်တပ်ကြီး တည်ကာ နေရသည်။ တပ်အားလုံး တပ်စီးတပ်နင်း မြင်းတားခလုတ် အပြည့်ထားကြရသည်။
ဟံသာဝတီမြို့ အနောက်မျက်နှာတွင် ကျုံးရေဖောက်ကြစဥ် ဘယ်ကျော်ဦးဆောင်သော မတ္တရာသားတို့ ထွက်လာ တိုက်ခိုက်ကြသဖြင့် လူများစွာ သေကြေကြလေ၏ ။ မြို့ထိပ်မှလည်း အမြောက်သေနတ်များဖြင့် ပစ်လာကြရာ အလောင်းဘုရားက မဟာဥပရာဇာအား
"အမြောက်သေနတ် ပသို့သောကြောင့် ပစ်သနည်း မေးမြန်းကြချေ"
ဟု စေလွှတ်လိုက်သည်။ ဥပရာဇာနှင့် စျေးငယ်ဗိုလ်တို့ ကျုံးထိပ်သို့ သွား၍ ညီတော် ဗညားဒလ၊ စောဗြတို့အား ခေါ်ကာ
"မင်းတို့ ပသို့ပြုကျင့်ကြသနည်း၊ ငါတို့ ဘုန်းမတန်၍ သမီးရတနာနှင့် ဆင်ကြီးမြင်းကြီး လက်ဆောင်တော်ဆက်သဖြင့် သူ့လက်သို့ ရောက်လေပြီးပြီ။ ဦးကျိုးမှ ပဲ့နှင့်တိုက်ဘိသကဲ့သို့ ဆင်ကောင်းမြင်းကောင်း အလုံးအရင်းနှင့် တိုက်သည်မျှ မရနိုင်သေးတုံ၊ ဆင်းရဲသားတို့ ပင်ပန်းအောင် ပြုရုံသာ ဖြစ်မည်။
အလောင်းမင်းကြီးလည်း ဗညားဒလ စောဗြတို့ မရောက်မလာ၊ မြို့ထိပ်မှ အမြောက်ပစ်ခတ်လျက် နေသည်ဟု အမျက်တော်မရှိပေ။ မင်းတို့ ရာဇဝင် ဥဒါန်းမဖြစ်ရစ်ပါစေနှင့်"
ဟု ဟစ်၍ ပြောလေ၏ ။ မြို့ထိပ်မှလည်း
"ကျွန်တော်တို့အကြံ မဟုတ်ပါ၊ မတ္တရာသားများ ပုန်စားသည်ကို မြစ်တား၍လည်း မရ၊ မင်းကြီးတို့ပင် မြို့တွင်းဝင်လျက် စီမံကြကုန်။ သားမယားနှင့်တကွ ရွှေစက်တော်အောက် မြဲပါတော့မည်"
ဟူ၍ ပြန်ဟစ်လေ၏ ။ လက်ျာဘီလူးက ဥပရာဇာအား မဝင်နှင့်ဟု ဆိုလေသည်။ ဗညားဒလနှင့် စောဗြတို့က ယုံကြည်စေရန် ဥပရာဇာ သားမယားများနှင့် အင်းဝမင်းဆင် မြတ်ထွဋ်ခေါင်၊ ဗညားဥပရာဇာ စီးသော ဆင်တော် မြီးဆံဖြူ တို့ကို ဦးစီး နောက်ပဲ့နှင့်တကွ ပို့လာ၏ ။
မြို့တွင်းသားတို့ကား ထွက်မလာချေ။ မြို့ကို အခိုင်နေကာ စစ်ကစားလာကြသည်။ အလောင်းမင်းတရားကလည်း မြို့တွင်းရေး ရှုပ်ထွေးနေပြီး နှစ်စုကွဲနေသောကြောင့် မတိုက်မလံဘဲ မြို့ကို ပတ်လည် ဆူးစည်းရိုး ပိတ်ဆို့ထားစေကာ ဆူးစည်းအပြင်မှ တပ်များ ရံနေစေ၏ ။
ထိုသို့ ရံနေကြခိုက် ယခု ဇင်းမယ်သား ဆင်ဝန် (ဗျမိုင်/ ဦးအောင်လှ) ဗညားဒလ နန်းမတက်မီက ဟံသာဝတီဘုရင် ဖြစ်သော ဆင်ကျားရှင် သမိန်ထောသည် ဇင်းမယ်သို့ ရောက်ရှိနေခဲ့ရာမှ အလောင်းဘုရားထံသို့ အမတ်နှစ်ဦး စေလွှတ်လိုက်သည်။
သူက အလောင်းမင်းတရားအား ညီနောင် ဟူ ခေါ်ဝေါ်ကာ မြှောက်ပင့်လျက် ဗညားဒလမင်း သစ္စာမရှိ၊ ကောက်ကွေ့သူဖြစ်ကြောင်း ရေးသားထားသည်။ အလောင်းဘုရားက အမတ်နှစ်ဦးအား
"ဇင်းမယ်မြို့သားတို့နှင့် သမိန်ထော ချမ်းသာလိုသော် အလျင်မြန် ရွှေစက်တော်အောက် လာရောက်၍ သစ္စာတော် ခံသောက်ရမည်"
ဟု အမိန့်တော်ရှိလိုက်၏ ။ သို့ရာတွင် သမိန်ထောမှာ ဇင်းမယ်မင်းမဟုတ်၊ သမက်တော်သာ ဖြစ်သည်။ ဇင်းမယ်သားတို့လည်း မလာမရောက်ကြချေ။ ထို့ကြောင့် 'နောင်အခါတွင် ဇင်းမယ် လင်းဇင်းကျေးများအထိ ဘုန်းလက်ရုံး ဖြန့်ကျက်မည်' ဟု အလောင်းမင်းတရားကြီး မိန့်တော်မူလေသည်။
ထိုနှစ် (၁၇၅၇) တန်ခူးလတွင် ကြေးအချိန် ၇၀၀ ကျော် သုံး၍ ကျည်ဝ နှစ်မိုက် (တစ်ပေကျော်) ရှိသော ဗုံးအမြောက်ကြီးနှင့်တကွ အချိန် ၅၀၊ အလျား နှစ်တောင်ခန့်ရှိ ဗုံးကျည်စေ့များကိုပါ သွန်းလုပ်ကြ၏ ။ ယင်းသို့ သွန်းလုပ်နေကြခိုက် ကြီးကြပ်ရာမှ ပြန်လာသော လက်ျာဘီလူးအား မွန်ဆင်မြင်းအချို့ တံခါးမှ ထွက်၍ တိုက်ခိုက်လာသည်။
ထိုသူများသည် ဆူးစည်းကို ဆင်နှင့် တိုး၍ ဆင်ခြေဖုံး ဒိုင်းလွှားကိုင်များ၊ မြင်းများ၊ သေနတ်သားများ လိုက်ပါလျက် လက်ျာဘီလူး ရံတပ်များကို လှည့်ကြည့်မည့် လမ်းမှ ဖြတ်တိုက်ကြ၏ ။ မြင်းအနည်းငယ်နှင့်သာ ဖြစ်သော လက်ျာဘီလူးတို့မှာ ထိုသို့ ဆင်မြင်းများ ထွက်လာလိမ့်မည် မထင်သဖြင့် ကြိုတင်ပြင်ဆင်မထားနိုင်။
ရံတပ်များ အကြား၌ပင် မြင်းသည်အနည်းငယ်နှင့် ပြန်လည် စစ်ရေးငင်ကြရလေသည်။ သူ့တွင် ထိုးစရာ လှံလည်းမပါ၊ ဆောင်ဓားနက် ပါ၍ မြင်းသည်ချင်း ခုခံနိုင်သော်လည်း ဆင်နှင့် အတင်းလိုက်ထိုးလာသော လူထွားကြီး နှစ်ဦးကို လှည့်ပတ်ရှောင်ရှားနေရ၏ ။
ဆင်များကို ခေါင်းဆောင်လာသူက ဗညားအဲ၊ သူ့နောက်တွင် ဗညားတာနော၊ မရူ၊ ဒေါလွတ်တို့ ဆင်ကြီးကိုယ်စီနှင့် ထပ်ချပ်လိုက်၏ ။ တုလွှတ်ကျော် ဟူသော သူရဲက မြင်းများကို ဦးစီးလာသည်။ တုလွှတ်ကျော်သည် လက်ျာဘီလူးကို ပူးတုံခွာတုံပြုလျက် ဝေးရာသို့ မပြေးနိုင်စေရန် ကျုံးသွင်း ဝန်းရံထားသည်။
မရူ နှင့် ဒေါလွတ်တို့က ရံတပ်များမှ ထွက်လာသူတို့ကို ဆီးခံ ဟန့်တားထားကြသည်။ လက်ျာဘီလူးမှာ ရံတပ်နှစ်ခုကြားတွင် မြင်းများစွာ ရံခံရပြီး ပိတ်မိနေ၏ ။ သူ့အား ဗညားအဲ နှင့် ဗညားတာနော နှစ်ဦးက လှံများဖြင့် လိုက်ထိုးရင်း၊ အဲမောင်းဓားလှံကြီးဖြင့် ခုတ်ရန် လိုက်နေကြလေသည်။ လက်ျာဘီလူး မြင်းစီးကျင်လည်၍ အရှောင်အတိမ်း ကောင်းနေသောကြောင့် မထိသေး။
တင်ကျည်းတုတ်ပါသော ငသူရိန်က ဗညားအဲ ဆင်လှည့်နေခိုက် နောက်ထိုင်ကို ကျအောင် ထိုးလွှတ်လိုက်နိုင်သည်။ ဗညားအဲ နောက်ပဲ့စီး ကျသွားသဖြင့် ဆင်ပေါ်တွင် ဦးစီး၊ ဗညားအဲနှင့် ကုန်းလယ်စီးတို့ သုံးဦးသာ ကျန်တော့သည်။ သို့ရာတွင် ဗညားအဲက လှံထိုးကောင်းသဖြင့် အနီးသို့ မကပ်ရဲ၊ သူ့ဝန်းကျင် လက်လှမ်းမီရာတွင် ဖြစ်က ရှောင်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုအချိန်တွင် စစ်ခင်းနေသည့်အသံများကို လက်ဝဲဘက် ရံတပ်၏ အလွန် တပ်ကြီးတွင် ရောက်ရှိနေသော ဦးတွန် ကြားသိမေးမြန်းရာမှ ရုတ်တရက် မွန်တို့ထွက်လာကြောင်း ကြားသည်နှင့် ဆင်တော် ကြိုးကြာကန်ထက်သို့ ချက်ချင်းတက်သွားကာ တိုက်ပွဲရှိရာ အလျင်အမြန် ပြေးလာသည်။
သူက လက်ျာဘီလူးတို့ဟူ၍ မသိ၊ မွန်များကို ဆုံးမရန်သာ ဆင်တစ်စီးတည်း သူရဲအနည်းငယ်နှင့် ရောက်လာခြင်း ဖြစ်သည်။ လက်ျာဘီလူးကို ဆင်နှစ်စီး လိုက်နေကြကြောင်း တွေ့သွားသောအခါ ကြိုးကြာကန်ကို ချွန်းဖွင့်လျက် အဲမောင်းကြီးနှင့် ရွယ်ကာ လိုက်နေသည့် လူထွားကြီး၏ စစ်ဆင်ကြီးအား ပြေးဆောင့်လိုက်သည်။
လက်ဝဲလက်ယာ ရံတပ်များနှင့် တိုက်ခိုက်နေကြသော ဒေါလွတ်၊ မရူတို့လည်း မမီလိုက်ဘဲ ဗညားတာနော၏ ဥဇနာ ဆင်ကြီး နံဘေးကို အစွယ်နှင့် ထိုးမိလေ၏ ။ ဆောင့်အားကြောင့် ဥဇနာ ယိုင်သွားလျက် ဗညားတာနောလည်း ဆင်ပုခက်ကို ကိုင်လိုက်ရသဖြင့် ဓားလှံကြီး လွတ်ကျသွားသည်။
လုံးတူဒေါက်တူ စစ်ဆင်နှစ်စီး ဘေးချင်းယှဥ်မိချိန် ငတွန်က ဗညားတာနောကို ဓားနှင့်ခုတ်ရန် ပြင်သည်။ ဆင်က ကို နင်း၍ ဓားမိုးလိုက်စဥ် ဆီးထိုးလိုက်သော ဗညားတာနော၏ လက်သီးက သူ့ထံ အလျင် ဝင်လာ၏ ။ ငတွန် ဆင်ပုခက်ထဲ ပစ်ကျသွားသည်။
"အားပါးပါး၊ ပြင်းလှချေလား။ ကြိုက်ပြီ"
ငတွန်က ဓားကို အိမ်ထဲ သွင်းလိုက်ကာ ဆင်ပုခက်ထဲ ချခဲ့ပြီး ဥဇနာဆင်ထက်သို့ ခုန်တက်သွားသည်။ ပုခက်ကို အားယူနင်းပြီး ဗညားတာနောအား ခုန်အုပ်သည်ကို မွန်ကုန်းလယ်စီး မသောက်က လှံဖြင့် ဆီးထိုး၏ ။ အခြေအနေ ကြည့်နေသော ကြိုးကြာကန်ပေါ်မှ ကုန်းလယ်စီး ငနက်က လှံချင်းခတ်ထုတ် ဖယ်လိုက်သဖြင့် မထိ။ ငတွန် ဥဇနာထက်သို့ ရောက်သွားသည်။
ဗညားတာနော၏ လက်ကို ဖမ်းကိုင်ကာ လိမ်သော်လည်း ဗညားတာနောက လှန်၍ ရုန်းသည်။ မရ။ ငတွန်ကို ဒူးဖြင့် တိုက်သည်။ ကုန်းကုန်းကွကွ ခုန်ပေးလိုက်သောကြောင့် ဝမ်းဗိုက်ကို ထိရုံထိသည်၊ ဒူးချက် မမိ။
လက်ကို မလွှတ်ဘဲ နောက်ခြေ တံခေါက်ခွက်ကို ရိုက်ဖြုတ်၏ ။ မပြိုမယိုင်၊ ကြံ့ခိုင်လှသည်။ ပုခက်တွင်း ခြေလိမ်လျက် နောက်လှန်လှဲသည်လည်းမရ။ ထို့ကြောင့် လက်ဖြုတ်၍ တံတောင်တစ်ချက် ရိုက်ကာ မေးရိုးကို အားနှင့် ထိုးချလိုက်တော့မှ တစ်ဘက်သို့ မျက်နှာလည်သွားတော့သည်။
ဗညားတာနော လွှဲယမ်းလိုက်သည့် လက်ကလည်း ငတွန်မျက်နှာကို လာထိသည်။ ပါးချိတ်ကြီး ညိုမည်းသွားသည့် ဗညားတာနောအား ပါးရိုးရောင်ရမ်းလာသော ငတွန်က ပြုံးကြည့်လိုက်ပြီး တဗြောင်းဗြောင်း တဗြင်းဗြင်းမြည်အောင် ထိုးသတ်ကြကုန်၏ ။
လက်ျာဘီလူးကား သူ့အား လိုက်နေသည့် ဗညားအဲကို ထားခဲ့ကာ ရံတပ်များဘက် အာရုံရောက်နေသည့် မရူ၏ ဆင်ဆီ ပြေးသွားပြီး ဆင်ပေါ်ခုန်တက်ကာ နောက်ထိုင်နှင့် ကုန်းလယ်စီးတို့ကို အတင်းဝင်ခုတ်သည်။ မရူမှာ အခြေမလှသဖြင့် ဆင်ထက်မှ ခုန်ချလိုက်ရသည်။
လိုက်လာသော ဗညားအဲ ဆင်ကြီး မီလာပြီး အစွယ်ချင်း ယှက်မိသောအခါ ဦးစီးလည်း ဆင်းပြေးသွားသဖြင့် လက်ျာဘီလူးသာ မရူဆင်ပေါ် ကျန်ခဲ့၏ ။ ဗညားအဲက လှံဖြင့် ကပ်ထိုးလေသည်။ ဆင်ပေါ်တွင် ထိုးထားသော လှံနှစ်ချောင်းကို ဆွဲကိုင်လိုက်သော လက်ျာဘီလူးက လှံတိုဖြင့် ရိုက်ဖယ်လျက် လှံရှည်ဖြင့် ပြန်ထိုး၏ ။
ဟန်ချက်ပျက်နေသည့် ဗညားအဲသည် တစ်ယောက်ချင်းတွင် ကျွမ်းကျင်လှသော လက်ျာဘီလူးကို မယှဥ်နိုင်၊ လှံထိ၍ ပြေးသွားရသည်။ လက်ျာဘီလူးလည်း မြင်းသည်များ ဖမ်းမိထားသော မရူကို လှည့်မကြည့်နိုင်ဘဲ ဗညားအဲ ပြေးသည့်နောက်သို့ မြင်းနှင့် လိုက်ပြန်သည်။ မြို့တွင်းမဝင်နိုင်မီ ဆင်ပေါ်တွင် ဗညားအဲ ခွေလဲသွားသည်ကို မြင်မှ ရပ်နေခဲ့၏ ။
ဗညားတာနောမှာ သန်မာသည် မှန်သော်လည်း ငတွန်၏ ပြိုင်ဘက် မဟုတ်သည်မို့ သန်လည်းသန်၊ စိတ်အားပြင်းထန်၍ အထိုးအချုပ်ကျွမ်းကျင်သည့် ငတွန်နှင့် လုံးထွေးသတ်ပုတ်ရင်း ဆင်ပေါ်မှ ပြုတ်ကျသွားကြ၏ ။ ဗညားတာနော အောက်က ကျ၍ မူးမိုက်ကာ မလှုပ်နိုင်တော့ရာတွင် ခြေလက် ဒူးများ ပေါက်ပြဲနေသော ငတွန်က ဒေါသတကြီး ခွထိုးနေလေ၏ ။
အဆုံးတွင် အရေးမလှကြောင်း သိသည်နှင့် ပြေးသွားကြသော ဒေါလွတ်နှင့် တုလွှတ်ကျော်တို့ နှစ်ဦး မြို့တွင်းဝင်သွားနိုင်ပြီး မရူကို အရှင်ရခဲ့၏ ။ ဗညားတာနောမှာ ဆင်ပေါ်မှ လုံးထွေး၍ ကျသည့်ဒဏ်၊ ထိုးကြိတ်ခံရသည့် ဒဏ်ရာဒဏ်ချက်များဖြင့် စကားမေးမရတော့။ ဗညားအဲလည်း အသက်မကြွင်းဟု ယူဆရလေသည်။
(ဆက်ရန်..) ဟံသာဝတီသို့ (၁၆)
Written by သင်္ခရာဇာ
End date: June 27, 2022
No comments:
Post a Comment