ဝါဆို ဝါခေါင် ရေဖောင်ဖောင် ဆိုသည့်အတိုင်း မြစ်ပြင်ထဲတွင် ရေအပြည့်ဖြင့် တပြန့်တပြောကြီး ဖြစ်နေ၏ ။ မြစ်ထဲ၌ ရေသာ ပြည့်နေသည်မဟုတ်၊ ကမ်းစပ်နှစ်ဖက် ဆိုက်ကပ်ထားသည့် လှေများစွာ ရှိနေသကဲ့သို့ ဟိုမှသည်မှ သွားလာ လှော်ခတ်နေသည့် လှေကြီးလှေငယ်များစွာတို့ကလည်း မြစ်လုံးပြည့်မျှ၊ လှေတိုင်းတွင်လည်း လူအပြည့်နှင့် ဖြစ်သလို ကမ်းပေါ်မှာ သွားလာလှုပ်ရှားနေကြသည့် လူများကလည်း ကမ်းလုံးညွတ် မဟုတ်စေကာမူ ပျားပန်းခတ်နေကြသည်။
လက်မောင်းရင်း ပြုတ်မျှ လေ့ကျင့်နေကြသည့် တက်သား လှေတော်သားများအား ကြီးကြပ် ကွပ်ကဲနေသူ၊ လာရောက်ကြည့်ရှု အားပေးသူ၊ ရွာများမှ လိုက်ပါလာကြသူများဖြင့်လည်း မြစ်ကမ်းနှစ်ဘက်၌ ကြုံတောင့်ကြုံခဲ စည်ကားလှလေသည်။ အသုတ်ဆိုင်၊ အကြော်ဆိုင်၊ မုန့်ဆိုင်၊ ထမင်းဆိုင် စသည့် ဆိုင်ကြီးငယ် များစွာလည်း လူပြတ်သည်မရှိ။ အားလုံး ငွေရွှင်လျက် ပြုံးချိုပျော်မြူးနေချိန်တည်း။
ဦးအံ့၏ အကြော်ဆိုင်သည် အစွန်ဘက် ခပ်ကျကျ၊ အတွင်းဘက် ရောက်ရောက်၌ ရှိ၏ ။ မြစ်ကမ်းမှ လှေလှော်ကျင့်နေကြသည်များကို တိုက်ရိုက်မမြင်ရနိုင်သည့် နေရာ လက်ပံပင်ကြီးတစ်ပင်၏ ခြေရင်းတွင် စားပွဲငယ်များ ပတ်လည်ချလျက် အကြော်ဖို တစ်ဖို၊ ဒယ်ပြားတစ်ချပ်ဖြင့် ဖွင့်လှစ်ထား၏ ။ ထိုသို့ ထောင့်ကျ၍လည်း ဆိုင်ဖျက်ကာ ရွှေ့ပေးရသည့်အထဲ မပါခဲ့ခြင်း ဖြစ်သည်။
မြစ်ကမ်းထိပ် နေရာကောင်းများကို ဦး၍ ဆိုင်ကြီးများ ဖွင့်ခဲ့သူများမှာ မဏ္ဍပ်နှင့် ပွဲကြည့်စင်များ ဆောက်ရန် နေရာချသောအခါ မလွတ်သဖြင့် ဗျာများနေရချိန် ဦးအံ့၏ အကြော်ဖိုကတော့ ဖောက်သည်တိုးကာ ည မနက် စည်ကားလျက် ရှိချေပြီ။ အကြော်ကလည်း ကြွပ်ကြွပ်ရွရွ ပူပူနွေးနွေး၊ အချဉ်ရည်ကလည်း မန်ကျည်းမှည့်နှင့် ကိုယ်တိုင်စပ်သည့် စပ်ချဉ်ချဉ်ဖြစ်ရာ ဦးအံ့ဆိုင်မှာ မကြော်ငြာရဘဲ တစ်နေ့တခြား စားသုံးသူ များလာခဲ့၏ ။
ဒယ်ပြားလေးဖြင့် မုန့်ဆီကြော် ဖြူနီထိုးသည့် သမီးဖြစ်သူ မခင်လတ်မှာ ယခုမှ ရွှေရင်သိမ်းသစ် ဆယ့်ခြောက်နှစ်အရွယ်မို့ ရုပ်ရည်ချောမောလှခြင်း မရှိသော်လည်း ငယ်ဂုဏ်နှင့် ပျိုရွယ်ခြင်းပေါင်းကာ ရွှေစွန်ညိုများ မနည်းလှသည့် မထွေးလေး ဖြစ်နေရသည်။ သူ့မောင် ဖိုးခွေးကတော့ အကြော်ဗန်းချ အိုးကင်းချ မုန့်များကို စားပွဲထိုးရင်း ငွေသိမ်းရင်းဖြင့် ဂျင်ခြေလည်နေ၏ ။ စားသုံးသူ ခေတ္တ ကျဲပါးသွားသည့် အချိန်တိုင်းလည်း သူ့အလုပ်ကို ဖခင်နှင့် လွှဲခဲ့ကာ မြစ်ကမ်းဆီ ပြေး၍ လေ့ကျင့်နေသည့် ရဲမက် လှေသားကြီးများအား ငေးမောရသည်မှာ အမော။
ဦးအံ့ကိုယ်တိုင် စစ်ထွက်ကြီးတစ်ဦးဖြစ်ရာ သားဖြစ်သူ ငခွေးက စစ်သည်တော်များကို အားကျနေခြင်းအား မတားမြစ်ဘဲ ဂုဏ်ယူနေလေ့ ရှိသည်။ သူကပင် သွားကြည့်ချေလေ ဟု စေလွှတ်နေသေးသည်။ ခင်လတ်ကလေးကတော့ ကြည့်ချင်သော်လည်း မကြည့်နိုင်ရှာ။ သူ့တာဝန်မှာ မုန့်ဆီကြော် အဖြူအနီနှင့် ထန်းလျက်ရည် လိုသလောက် စပ်ရသည်ဖြစ်၍ မအားနိုင်။ ဇယ်ဆက်သလို လုပ်နေရသည်။
သူ၏ မုန့်နှစ်မှာလည်း အလွန်ကောင်းလျက် ဒယ်ပြားကလေးသည် အမြဲသန့်စင် မည်းနက်နေရာ သူ့ဖောက်သည် ကာလသားတို့နှင့် ရဲမက်စစ်သည်တို့လည်း မနည်းလှ။ ထိုအထဲတွင် ၂ ရက်တစ်ခါ၊ ၃ ရက်တစ်ခါ လာတတ်၍ ညနေပိုင်း ခဏသာ ပေါ်လာပြီး မုန့်ဆီကြော်နှင့် မုန့်လက်ကောက်များ အမြဲမှာစားလေ့ရှိသူ လူငယ်လေးတစ်ဦးကို ဦးအံ့ သတိထားမိ၏ ။
အမှန်တော့ ဦးအံ့သည်လည်း မအားလပ်လှပါ။ ထင်းခွဲရသည်။ ဆိုင်အတွက် စီမံခန့်ခွဲပေးရသည်။ လိုအပ်သည်များကို အစစအရာရာ သူသာ အောက်ခြေသိမ်း လုပ်ရသည်ဖြစ်၍ သူကပင် အလုပ်ပိုများသေး၏ ။ သို့သော် ဖခင်စိတ်နှင့်မို့ သမီးဖြစ်သူ၏ ပုံမှန်ဖောက်သည်များကို အခြားသူများထက် ပို၍ သတိထားမိနေသည်။
ထိုအထဲကမှ ပုံဟန်ထူးခြားသည့် သူငယ်ကို သတိပြုမိလာခြင်းလည်း ဖြစ်သည်။ အခြားသူများကဲ့သို့ သျှောင်ထုံးခြင်း၊ ခေါင်းပေါင်းပုဝါပတ်ခြင်းများ အလွန်နည်းပါးပြီး ဆံပင်ကို ချမထားလျင် နောက်တွင် စည်းထား၊ သို့မဟုတ် ရှေ့မျက်နှာကို မရှုပ်ရုံ တစ်ဝက်သာ စည်းထားတတ်သည့် သူငယ်လေးသည် အများကြားတွင် တစ်ဘာသာ ထူးခြားလျက် ရှိ၏ ။ လာရောက်ပိုးပန်းသည်လည်း မဟုတ်ဘဲ အကြော်မှာပြီးသည်နှင့် သမီးဖြစ်သူအား ထပ်မံ မကြည့်တော့၍ သတိထားမိခြင်း ဖြစ်သည်။
လှေတော်သားလည်း ဟုတ်ပုံမရ၊ လေ့ကျင့်နေသူ လှေထိုးသားများမှာ အဖွဲ့လိုက်သာ လာတတ်သည်။ ရွာမှ လာပြိုင်သူများနှင့် အားပေးကြသူများမှာလည်း အဖွဲ့လိုက်သာ လာကြမြဲ ဖြစ်၏ ။ တစ်ယောက်ချင်း လည်ပတ် စားသောက်တတ်သူမှာ ရှားပါးလေ့ ရှိရာ ထိုသူမှာ တစ်ဦးအပါအဝင် ဖြစ်သည်။ ဆွေမျိုးတစ်ဦးသာ ရှိသော ရွာသား မဟုတ်လျင် လှေပြိုင်ပွဲ မဝင်သည့် အကြပ်၊ ဗိုလ် တစ်ဦးဦးဖြစ်ရမည်ဟု ဦးအံ့ ကောက်ချက်ချထားမိ၏ ။
နောက်ထပ် သတိထားမိသူများမှာ ဗိုလ် ဂါမဏိကြီးနှင့် သူ၏ သွေးသောက် ကျော်ထင်တို့ ဖြစ်သည်။ ဂါမဏိကြီးသည် ထောင်စုဗိုလ်ဖြစ်ပြီး ကျော်ထင် ဦးစီးနေသည့် ပြိုင်လှေကြီး မင်္ဂလာသိဒ္ဓိကို လာရောက်ကြည့်ရှု အားပေးလေ့ ရှိ၏ ။ ဂါမဏိကြီးက အေးဆေးသလောက် ကျော်ထင်က အသံကျယ်ကာ ကြွားဝါတတ်သည်။ သူတို့ ပြိုင်လှေကြီးများအတွဲတွင် သူသာ ဗိုလ်စွဲရမည်ဟု နေ့စဉ် ကြုံးဝါးပြောဆိုတတ်သဖြင့် မှတ်မိနေရသည်။
လှေပြိုင်ပွဲ နီးလာသည့် တစ်ရက်တွင် ညနေပိုင်း လူရှင်းချိန်များတွင်သာ လာလေ့ရှိသည့် လူငယ်အား ဧည့်ခံရင်း ဦးအံ့က သူ့အနီးရှိ ထင်းတုံးတစ်တုံးကို ထောင်၍ ထိုင်လိုက်သည်။ လူငယ်ကတော့ ထင်းခွဲခြမ်းတစ်ခုကို မှောက်လျက် ဖင်ခုထိုင်ထားပြီး ထုံးစံအတိုင်း မုန့်ဆီကြော်စားရင်း တစ်စုံတစ်ခုကို တွေးငေးနေသည်။ ဦးအံ့က ခေတ္တစောင့်၍ အသံပြုလိုက်၏ ။
"အဟမ်း.. တူမောင် လှေပြိုင်ပွဲ လာအားပေးတာလား"
လူငယ်က မကြား၊ သူ့ပြောသည်ဟု မထင်၍လည်း ဖြစ်မည်။ မုန့်ဆီကြော် အဖြူကို ထန်းလျက်ရည် တို့နေသည်။ ဦးအံ့က ထပ်မံ၍
"ဟေ့.. သူငယ်"
ထိုအခါမှ ယောင်ယမ်း မော့ကြည့်သည်။ သူ့ကို တည့်တည့် ကြည့်နေသည် မြင်သောအခါ
"ခင်ဗျာ"
"လှေပြိုင်ပွဲ လာအားပေးတာလားလို့ မေးနေတာကွဲ့"
"ဗျာ.. ဟုတ်ကဲ့"
"ဘယ်ရွာကများလဲ"
"အဲ.. ဟိုဒင်း"
လူငယ်မှာ ရုတ်တရက် အမေးခံလိုက်ရ၍ အူကြောင်ကြောင် ဖြစ်နေပုံရသည်။ အတွေးစ ပြတ်သွားခြင်းကြောင့်လည်း ဖြစ်မည်။
"အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် တူမောင်"
"ဟာ.. မဟုတ်ပါဘူး။ ဘာဖြေရမှန်း မသိလို့ပါခင်ဗျ။ ကျွန်တော်က ရွာကနေ လှေပြိုင်ပွဲ လိုက်လာတာ မဟုတ်ပါဘူး။ နေပြည်တော်က လာတာပါ"
"သြော်"
ပုံသဏ္ဍာန်က မင်းဆွေမင်းမျိုးလည်း မဟုတ်နိုင်။ အဝတ်အစားမှာ သူဌေးသူကြွယ် ကြေးရတတ်ပုံ မပေါ်၍ မင်းမှုထမ်းဟုပင် ယူဆရတော့မည်။
"မင်းမှုထမ်းလားကွဲ့"
"ဟုတ်ကဲ့"
ရေနွေကြမ်း ငှဲ့နေသည့် လူငယ်က မော့မကြည့်ဘဲ ဖြေသည်။
"မယ်စန်းရေ၊ အမေကြီး ရေနွေးဆူပြီလားကွဲ့"
"ဆူနေတာကြာပြီ တော်ရေ၊ လာယူလှည့်"
ဦးအံ့က ထသွားပြီး လူငယ်လေး၏ စားပွဲပေါ်မှ အဖန်အိုးကို ယူကာ မီးဖိုနောက် သွား၍ လက်ဖက်ခြောက်ခပ်၊ ရေနွေးဖြည့်လိုက်သည်။ ထို့နောက် ပြန်လာပြီး
"စုံစမ်းတာ စိတ်မရှိနဲ့နော့၊ ငါတူက ငယ်သေးတော့ မင်းမှုထမ်းနဲ့ မတူလို့ မေးကြည့်တာ"
"ဟုတ်ကဲ့၊ ရပါတယ် ဦးကြီး"
"ဝင်မပြိုင်ဘူးလား"
"ဟုတ်ကဲ့"
"ဘာလို့ မပြိုင်သလဲ၊ မင်းတို့လို အရွယ်ကောင်းဆို အားလုံးက ပြိုင်ချင်နေကြတာပဲ။ လှေလှော်တတ်ရဲ့ မဟုတ်လား"
"လှော်တတ်ရုံလောက်ပါပဲ။ ပြိုင်ရလောက်အောင် မဟုတ်ပါဘူး"
"သြော်.. သြော်"
ဟု ဆိုပြီးမှ
"မလှော်တတ်လည်း ကျင့်ပေါ့ကွ၊ ရတာပဲ"
"ဟုတ်ကဲ့"
"ခုမှတော့ မမီတော့ပါဘူး။ နောက်တစ်ပတ် ဆိုရင်ပဲ လပြည့်တော့မယ်"
"ဟုတ်"
"ဦးကြီး သားကတော့ ပြိုင်ချင်လွန်းလို့ လက်သင်လှေလေးကို ကျင့်လိုက်ရတာ အမော၊ ခုလည်း အားတုန်း ညနေပိုင်း ကျင့်တဲ့ တစ်စီးစ နှစ်စီးစကို သွားကြည့်နေလေရဲ့"
ပြောရင်း ဦးအံ့က လူငယ်၏ ထန်းလျက်ရည်ခွက်ကို ကြည့်လိုက်သည်။ အကပ်သာ ကျန်သဖြင့် ထ၍ ဖြည့်ပေးသည်ကို လူငယ်က လိုက်ကြည့်နေ၏ ။ ဦးအံ့ပေးသော ခွက်ကို လက်နှစ်ဖက်ဖြင့် ယူလျက်
"ဦးကြီးသားက အသက် ဘယ်လောက် ရှိပြီလဲခင်ဗျ"
"ခုမှ ၁၂ ထဲ ဝင်မှာ မောင်"
"ငယ်သေးတာပဲ။ ကျွန်တော်က ဆယ့်သုံး ဆယ့်လေးလောက် ထင်တာ။ ထွားတာပေါ့"
"ထွားတယ်မောင်၊ အလုပ်လည်း တအားလုပ်ရတာကိုး။ အခု ပွဲချိန်မို့ အကြော်လာရောင်းတာ။ ပြီးရင် ယာထဲ လိုက်ရတော့မှာ။ သူကတော့ တောအလုပ် တောင်အလုပ်တွေ စိတ်မဝင်စားပါဘူး။ ထိုးကွင်းထိုးပြီးရင် စစ်ထဲလိုက်မယ်ပဲ ဆိုနေတာ မောင်ရဲ့"
"သြော်"
လူငယ်က ဦးအံ့မျက်နှာကို ဖျတ်ခနဲ ကြည့်သည်။ ဂုဏ်ယူနေသည့်ဟန် ပေါ်လွင်နေပေလိမ့်မည်။
"ဦးလည်း တစ်ချိန်က မင်းမှုထမ်းပဲကွဲ့"
"ဟုတ်လား၊ ကောင်းပါတယ်"
"အင်း.. အင်း၊ နေဦး"
လှေထိုးသားတစ်ဖွဲ့ စားပွဲဝိုင်းများတွင် ထိုင်လိုက်ကြသဖြင့် ဦးအံ့ အလုပ်များသွားသည်။ ဇနီး မယ်စန်းရော၊ သမီး ခင်လတ်ပါ အဆက်မပြတ် ကြော်နေရပြီ။ ဖိုးခွေးပြန်လာသဖြင့် တော်တော့သည်။ နေဦး ဆိုသော်လည်း လူငယ်မှာ မနေပါ။ ဖိုးခွေးကို ခေါ်လျက် ငွေရှင်းပြီး နှုတ်ဆက် ထွက်သွားသည်ကိုပင် ဦးအံ့ အေး၊ အေး ဟုသာ ပြောလိုက်ရ၏ ။
လှေပြိုင်ပွဲကား နီးလာပြီ။ လူများလည်း ပိုစည်လာ၏ ။ ရွာများမှ လှေဝိုင်း လှည်းဝိုင်းများစွာ ရောက်ရှိလာကြသည်မှာ မြို့ကြီးတစ်မြို့စာမျှ ရှိသည်။ တစ်ရွာလျင် အနည်းဆုံး ဆယ်စီးမှ အချို့ ရွာလုံးကျွတ် လာကြသည်လည်း တွေ့ရ၏ ။ လောင်းကစား မလုပ်ရဟု အမိန့်ထုတ်ပြန်ထားသော်လည်း အချင်းချင်း ကြိတ်၍ သူ့ရွာ ကိုယ့်ရွာ လောင်းကြသည်များကတော့ အထိုက်အလျောက် ရှိမြဲ။ အချို့ မိမိတို့လှေကို ယုံ၍ စည်းစိမ်ပြုတ် လောင်းကြသည် ဟူ၏ ။ အများစုကတော့ တပိုင်တနိုင် စု၍ လောင်းကြသည်။ ဦးအံ့၏ ဆိုင်ကိုလည်း ထိုကဲ့သို့ လောင်းသူများ ရောက်လာတတ်၏ ။
လှေပွဲ မစမီ ၂ ရက်အလိုတွင် ဂါမဏိကြီးနှင့် သွေးသောက် ကျော်ထင်တို့ နေ့ခင်းဘက် ဦးအံ့ဆိုင် ရောက်လာကြ၏ ။ ညနေပိုင်းတွင်သာ လာတတ်သော သူငယ်သည်လည်း ထူးထူးခြားခြား လက်ပံပင်အနောက် စားပွဲတစ်ခု၌ အဖော်တစ်ယောက်နှင့် ထိုင်နေသည်။ အခြားရွာများမှ လှေသမားများလည်း ရှိနေစဉ် ကျော်ထင်၏
"ကျုပ်တို့ မင်္ဂလာသိဒ္ဓိကို နိုင်မယ့်လှေတော့ ခုထိ မြစ်ဧရာထဲမှာ မတွေ့သေးဘူးဗျာ့"
ဟူသည့် အသံက ကျယ်သွားသဖြင့် အခြားဝိုင်းများက လှည့်ကြည်ကြသည်။ မခံချင်သော ရွာသားတစ်ဦးက
"ဆရာကြီးလှေက စကျင်း ဘယ်နှလံလဲ"
"အလျား ရှစ်လံ၊ သုံးကျိပ်စီး ပြိုင်လှေကြီး"
"ဒါဆို ကျုပ်တို့ ခေါင်ဖျားနဲ့ အတူတူပဲ။ ဆရာကြီးလှေနဲ့ ကျုပ်တို့ နှောတောလှေ ပြိုင်မလား"
"မင်းတို့လှေက ဘယ်ဟာလဲ၊ အဖြူ အနီကြားနဲ့ဟာလား"
"မဟုတ်ဘူး၊ အပြာရောင်၊ ထိပ်မှာ ကြက်တူရွေးရုပ်နဲ့။ ဖြူနီကြားက ဆမိတ်ခုံက ဇေယျဝတီ လှေ"
"အပြာရောင် ခေါင်ဖျား ဆိုတာ သတိတောင် မထားမိဘူး။ တော်ဝင်လှေနဲ့ ပြိုင်နိုင်ပါ့မလား"
"ဟာ.. ယှဉ်ပြီးမှ သိမယ်။ ရေခွဲကောင်းလိုက်သာမှ လှစ်လှစ်ပါအောင် ဒုန်းပြေးသာ၊ ကျုပ်တို့နယ်မှာတော့ နာမည်ကြီးပဲ"
"ဒါပေမယ့် ကျုပ်တို့ ရွေးတော်သားတွေကိုတော့ မနိုင်လောက်ပါဘူးဗျာ"
"ကြေးထပ်ဗျာ"
"ဘယ်လောက်လဲ"
သူတို့ နှစ်ဝိုင်းအသံကြောင့် စားပွဲအားလုံးမှ နားစွင့်နေကြသည်ဖြစ်၍ ကျော်ထင်နှင့် မျက်စောင်းထိုး စားပွဲတွင် ရှိနေသော ဂါမဏိကြီးက လှမ်းဟန့်သည်။
"ကျော်ထင်"
"ဘုရား"
"တန်တော့.. သွားကျင့်ချေတော့။ ရက်မလိုတော့ဘူး"
ကျော်ထင် ထသွား၏ ။ နှောတောရွာသားကို အချိန်မရွေး လာခဲ့ဟု ပြောသွားသဖြင့် ထိုစားပွဲဝိုင်းမှ လူများ ထ လိုက်သွားကြသည်။ အခြားစားပွဲများစွာက သူတို့ကို လိုက်ကြည့်နေကြရာ ဂါမဏိကြီးက စိတ်ပျက်လက်ပျက်ဖြင့်
"ဒီကောင်နဲ့တော့ ခက်တာပဲ"
ဟု ဆိုကာ လိုက်သွားရသည်။ ကျော်ထင်က ခွာသွားသော လှေတော်ကို ကမ်းထိပ်မှ ရပ်ကြည့်နေသလို ရွာသားများကလည်း မလှမ်းမကမ်းမှ အကဲခတ်နေကြသည်။
"ကျော်ထင်၊ နင်တော့ ရာဇဝတ်သင့်တော့မှာပဲ။ လူထူထူကြားမှာ လောင်းကစားမလို့လား ငမိုက်ကောင်"
"ကျွန်တော်မျိုးက လောင်းချင်လို့ မဟုတ်၊ ရွာသားတွေက လာစိန်ခေါ်လို့ အောက်ကျမခံ ပြန်ပြောရုံပါ"
"အကြော်ဖိုမှာ ထိုင်နေကြတဲ့အထဲ နင့်ပြိုင်ဘက်တွေလည်း ပါတယ်ဟဲ့"
"မှုစရာမရှိပါဘူး။ မင်္ဂလာသိဒ္ဓိရဲ့ လှေတော်သားတွေ အစွမ်းကို ကျွန်တော်မျိုး စိတ်ချပြီးသားပါ"
"နင် လောင်းကစားနေတယ် ဆိုတဲ့သတင်း ပေါက်ကြားသွားရင် နင့်လှေ မပြိုင်ရလား"
"ကျွန်တော်မျိုး သတိလက်လွတ် ပြောမိတာပါ။ မလောင်းတော့ပါဘူးဘုရား"
"အေး၊ အပြောအဆို ဆင်ခြင်ကွဲ့။ ကိုယ့်လှေ ကောင်းပေမယ့် ပြိုင်ဘက်တွေကိုလည်း မပေါ့နဲ့"
ရွာသားများကတော့ ကျော်ထင်နှင့် လှေမလောင်းရတော့သဖြင့် သိပ်မကျေနပ်ကြ။ ဂါမဏိကြီးက ငေါက်လိုက်မှ ကြောက်သွားကြပြီး မိုက်မှားမိသည်ကို ပြန်လည် တောင်းပန်ကြ၏ ။ မင်္ဂလာသိဒ္ဓိကိုလည်း ချီးကျူးကြ၏ ။
"လှေကတော့ လှေပေါ့လှေလျင်ပဲ"
"ဒါပေါ့၊ ဦးကိုကြည့်ပါလား။ ကြက်ရင်အုပ်ကလေးလို ဖောင်းနေသာ လှေဝမ်းက ဝက်ကျောဆိုသာ ပြေးမကြည့်ဘဲတောင် ပြောနိုင်သယ်"
"တော်ပါကွာ၊ မင်းက ချက်ချင်း ပြောင်းသွားသာပဲ"
"လှေတွေအားလုံးတော့ သူမသာ ကိုယ်မကျော ဘယ်လှေမှ တစ်လားသာမယ့်ပုံ မပေါ်ဘူးမောင်တို့"
လောင်းကစား မပြုလုပ်တော့တာ သေချာမှ ဂါမဏိကြီး ပြန်ခဲ့သည်။ ကျော်ထင်ကတော့ သူကိုယ်တိုင် ပန်းဆွတ်ကျင့်ရန် လှေဦးမှ ပါသွား၏ ။
No comments:
Post a Comment