Translate

လှေပြိုင်ပွဲ (၂)

           အကြော်ဆိုင်၌ ကျန်ခဲ့သော လူငယ်နှင့် သူ၏ အဖော် ပြောဆိုနေကြသည်များကို ဦးအံ့ စားပွဲဝိုင်း ရှင်းလင်းသိမ်းဆည်းရင်းမှ ကြားလိုက်ရ၏ ။ အဖော်ဖြစ်သူက ဆိုသည်။
"အတော်လေကျယ်တဲ့ လူပဲ။ အလောင်းအစား လုပ်နေပါတယ်လို့ အရာရှိမင်းများကို သွားတိုင်လိုက်ရ"
လူငယ်က
"နေပါစေကွာ၊ ဒီပွဲမှာ လှေလောင်းကြတာ သူတစ်ယောက်တည်းမှ မဟုတ်ဘဲ။ လိုက်တိုင်နေရင် လှေပြိုင်ပွဲ မကြည့်ရတာပဲ ရှိမယ်"
"သူ့တစ်ယောက်တည်းကိုပဲ အရေးယူရင်ရော"
"ဒါဆို သူ့အတွက် မတရားတာ ဖြစ်သွားမှာပေါ့"
ယင်းစကားများကို ဦးအံ့က မှတ်သားထားလိုက်၏ ။ သူသည် ညရောက်လျင် သားဖြစ်သူကို တစ်နေ့တာ အတွေ့အကြုံမှ သင်ခန်းစာများ ထုတ်နုတ်ခိုင်းလေ့ ရှိသည်။ ထိုနေ့ညတွင် သူတို့သားအဖသည် မြစ်ကမ်းဘေး၌ ထိုင်ရင်း စကားပြောနေကြ၏ ။ မယ်စန်းတို့ သားအမိမှာမူ ညဘက် စျေးလည်ရန် သွားကြပြီ။
"ဒီနေ့ လူနှစ်မျိုး တွေ့တယ် သားရဲ့။ တစ်မျိုးက သားလည်း ကြားမှာပေါ့။ ပြိုင်ဘက်ကို အထင်သေး နှိမ့်ချပြီး ဝါကြွားတတ်တဲ့သူ"
"ကြားလိုက်တယ် အဘ။ အဲဒီလူကြီး ပြောပြောနေတာကို သတိထားမိနေတာ ကြာပြီ"
"သူ့ဆီက ဘာသင်ခဲ့ရလဲ ဖိုးခွေး"
"ပလွှားပြောဆိုရင် လူမုန်းများတယ် ဆိုတာ သင်ပေးသွားပါတယ် အဘ"
"အင်း၊ နောက်တစ်မျိုးရော တွေ့မိလား"
"မကြွား မဝါဘဲ ကိုယ့်အလုပ်ကိုယ် အာရုံစိုက် လုပ်တတ်သူမျိုးလား"
"မဟုတ်ဘူး သားရဲ့။ အဲဒီလူမျိုးထဲမှာ မင်းလည်း ပါတာပဲ။ ဒါ့ကြောင့် အထူးတလည် ထပ်ပြီး သင်ယူနေစရာ မလိုဘူး။ နောက်တစ်ယောက်က မျှတတဲ့သူ။ ဟိုလက်ပံပင်အောက် အနောက်ဝိုင်းမှာ ထိုင်တတ်တဲ့ ကောင်လေးက လောင်းကစားလုပ်တာကို မတိုင်ဖို့ သူ့အဖော်ကို ပြောတယ်ကွဲ့"
"မကြားလိုက်မိဘူး အဘ။ အစ်မလေးနဲ့ ရွယ်တူလောက် ဆံပင်စည်းထားတဲ့ လူလား"
"ဟုတ်တယ်။ သူက ပုံမှန်ဆို ညနေပိုင်းပဲ လာတော့ ဟိုလူနဲ့ မတွေ့ဖူးဘူးပေါ့ကွာ။ သူ့အဖော်ကတော့ အချိန်မမှန်ဘူး၊ အပေါင်းအဖော်တွေနဲ့ လာတတ်တယ်။ သူတို့ ဒီနေ့ နေ့လယ် တွေ့ကြတော့ လောင်းကစားတာကို သွားတိုင်မယ် လို့ တစ်ယောက်က ဆိုတယ်။ တစ်ယောက်က မတိုင်နဲ့၊ တိုင်ရင် လှေပြိုင်ပွဲ မကြည့်ရဘဲ နေမယ် တဲ့"
"လူတွေ အားလုံးအပေါ် မျှမျှတတ တွေးတတ်တာပေါ့နော်"
"မဟုတ်ဘူးကွဲ့။ သူပြောတာက လှေပြိုင်ပွဲမှာ လောင်းကြတာ ထုံးစံပဲ။ အဲဒါကို အရေးယူနေရင် မကျင်းပရတာပဲ ရှိမယ် တဲ့။ ဒီတော့ တိုင်မယ့်သူက လေကြီးတဲ့သူကိုပဲ တိုင်မယ် ဆိုရင် ရတာပဲ လို့ ပြောတယ်"
"ဟုတ်တယ်လေ။ ကျန်တဲ့သူတွေက မသိအောင် ကြိတ်လုပ်ကြတာ။ သူကတော့ လေကြီးလေကျယ်နဲ့ လူသိရှင်ကြား လောင်းမယ် သွားပြောတာကိုး၊ တိုင်လို့ရပြီပေါ့"
"အဲဒါဆို အားလုံး လောင်းနေကြတာ အတိုင်မခံရဘဲ သူတစ်ယောက်ပဲ ထုတ်ပြောမိလို့ တိုင်ခံရသလို ဖြစ်မနေဘူးလား"
ဖိုးခွေး တွေဝေ စဉ်းစားနေသည်။
"လောင်းကစားတာလဲ အပြစ်ပဲ၊ ထုတ်ပြောတာလည်း အပြစ်ပဲ။ ဘယ်ဟာက ပြစ်မှု ပိုကြီးမလဲ သားရဲ့"
"အဲ.. သား နားလည်ပါပြီ အဘ"
"ဒါ့ကြောင့် ဟိုကောင်လေးက ပြောတာ၊ သူပဲ အတိုင်ခံရတယ် ဆိုရင် သူ့အတွက် မတရားတာ ဖြစ်သွားမယ်တဲ့"
"မကောင်းတဲ့လူအပေါ်မှာတောင် စေတနာထားတတ်တဲ့သူပဲနော် အဘ"
"မကောင်းတဲ့သူက မတရား ခံသင့်သလားကွဲ့"
"မခံသင့်ပါဘူး"
"အေး၊ သူက သားကိုတင် အဲဒီအသိ သင်ပေးသွားတာ မဟုတ်ဘူး။ ငါ့ကိုလည်း လောကပါလတရားတွေ မေ့လျော့မနေအောင် သတိလေး ပေးသွားတာပဲ။ ဒီနေ့အဖို့ သူတို့ နှစ်ဦးကို ကျေးဇူးတင်ရမယ် ငါ့သား"
"ကျွန်တော်တော့ ဟိုအစ်ကိုကြီးရဲ့ အမြင်ကို သဘောကျသွားပြီဗျ။ သူပြောတာ ရိုးရိုးလေးပဲ။ ဒါပေမယ့် ဘုန်းဘုန်း ပြောပြောနေတဲ့ သတ္တဝါတိုင်းကို မေတ္တာနဲ့ ဆက်ဆံပါ ဆိုတဲ့ ဆုံးမစကားကို သတိရစေတယ် အဘ"
"သာဓုကွယ်.. သာဓု၊ သာဓု။ ငါ့သား တစ်နေ့ လူတော်လေး ဖြစ်မှာပါ"
တော်သလင်း လပြည့်ခဲ့ပြီ။ လှေပြိုင်ပွဲ၏ အစနေ့ ဖြစ်သည်။ အောင်စည်အောင်မောင်းများ တခြိမ်းခြိမ်း တီးခတ်နေသံ ကြားလျင် မောင်နှမနှစ်ယောက်မှာ မနေနိုင်ဖြစ်နေကြသည်။ လူအားလုံး ကမ်းညွတ်အောင် လှေပြိုင်ပွဲတွင်သာ ရောက်နေကြသည်ဖြစ်၍ သူတို့ မောင်နှမကို သွားကြည့်ခွင့် ပေးလိုက်သည်။ ဦးအံ့ကတော့ ငယ်စဉ် အမှုထမ်းခဲ့စဉ်က နေ့ရက်များကို ပြန်ပြောင်းအောက်မေ့ စားမြုံ့ပြန်နေ၏ ။
ကျွက်ကျွက်ဆူသော နေရောင်အောက်တွင် လူသားများမှာ ချွေးတလုံးလုံးဖြင့် လှေများ ကြုံးလှော်နေကြသလို ကမ်းပါးတလျှောက်လည်း ယပ်တောင်တဖျတ်ဖျတ်များစွာက ပေါ်လိုက်မှိတ်လိုက်။ မင်္ဂလာဆိုင်းများ၏ အားပေးသံက ညံနေပြီး လူအုပ်ကြီး၏ ဝေါခနဲ ဝေါခနဲ အသံကြီးကလည်း တစ်ချက်တစ်ချက်ဖြင့် အဆက်ပြတ်သည် မရှိ။ နေမြင့်လျင် ဖိုးခွေး ပြေးလာသည်။
"အလကား အဘရဲ့၊ ဟိုလူကြီး ပြောတဲ့ မင်္ဂလာသိဒ္ဓိ လှေက တတိယပဲ ရတယ်။ ပထမက မြီးရှည်ငှက်ဖျား ဆိုလားပဲ။ ဒုတိယ မောပြည်ထောင်၊ ပြိုင်မယ် ဆိုတဲ့ ခေါင်ဖျား လှေကလည်း စတုတ္ထတဲ့။ တော်သေးတာပေါ့ မလောင်းဖြစ်လို့။ လောင်းရင် ဟိုလူကြီးကို ရှုံးနေဦးမယ်"
"အေးပေါ့၊ ရွာသားနဲ့ ရဲမက် အလေ့အကျင့်မှာ ကွာသွားမှာပေါ့။ ဒါပေမယ့် တချို့ရွာတွေ တကယ်ကောင်းရင် ဘုရင့်လှေတောင် မမီဘူးနော်"
"မင်္ဂလာသိဒ္ဓိနဲ့ တမွတ် ဆိုတဲ့ လှေနှစ်စီးတည်း တစ်ခါ ပြိုင်ရသေးတယ်။ မင်္ဂလာသိဒ္ဓိ နိုင်သွားတယ်။ နိုင်မှာပေါ့၊ တမွတ်က လှေသေးတယ်။ လူ ၂ ကျိပ်ရှစ်ပဲ ပါတယ်။ ဗုံတီး မပါဘူး။ ကျော်ထင်ဆိုတဲ့ လူကြီးကတော့ သူ့ပြိုင်လှေကြီးမှာ ကိုယ်တိုင် ဗုံတီးပြီး လိုက်တာဗျ။ ပန်းဆွတ်တာလည်း သူပဲ"
"တမွတ်က လှေသေးနဲ့ ပြိုင်တယ် ဆိုတော့ လူမရှိလို့တဲ့လား"
"ပြောကြတာတော့ ၂၈ ယောက်ပဲ ရေချိန်ထားတယ် ဆိုကြတာပဲ။ တပ်မှူး လက်ျာဘီလူးရဲ့ လှေတဲ့။ အဲဒီတပ်မှူးက အဲဒီလိုပဲတဲ့။ ၃ ကျိပ်နှစ် ကို ၂ ကျိပ် ရှစ်နဲ့ ပြိုင်တော့ အားမနည်းဘူးလား"
"လှေသေးရင် မနည်းဘူး အတော်ပဲလေကွဲ့။ ရေချိန်လည်း ကိုက်သမို့လား"
"ကိုက်တယ် ပြောတာပဲ။ လှေစကျင်းက ၇ လံတဲ့"
"၇ လံရှည်ရင် ဘယ်လောက်ကျဉ်းကျဉ်း ၃ ကျိပ် ဆံ့ပါတယ်။ ဘာလို့ ၂၈ တက်ပဲ ထည့်သလဲတော့ မသိဘူး။ တချို့လှေကြီးတွေ တက် ၄၀ ကျော်တာ မြင်ဖူးတယ်"
"၅၀ ကျော် ပြိုင်လှေကြီးတွေထိ ပါတယ် အဘရ"
"ဟေ.. ဟုတ်လား"
"နောက်ပြီးတော့လည်း ရဲလှေတွေ၊ ၅ ယောက်စီး၊ ၇ ယောက်စီး၊ ၉ ယောက်စီးတွေ ပြိုင်ကြတာ တစ်ခါကို အစင်း သုံးလေးဆယ်ပဲ။ ခုလည်း ပြိုင်နေတုန်း။ သွားကြည့်လိုက်ဦးမယ်။ အဘကို ပြောပြချင်လို့ ပြေးလာတာ"
"အေး၊ အေး.. ဖြည်းဖြည်းသွား။ မင့်အစ်မကိုလည်း ပြန်လွှတ်လိုက်ဦး၊ ဒီမှာ မုန့်ဆီကြော်စားမယ့် သူငယ် ရောက်နေတယ် လို့"
ဦးအံ့က ပြောပြောဆိုဆို ခပ်စောစောကပင် ရောက်နေသည့် လူငယ်ကို အားတုံ့အားနာ စကားဆိုသည်။
"စောင့်နေရတာ အားနာပါတယ်ကွယ်။ မင့်နှမကလည်း ဒါမျိုးပွဲကြီး မမြင်ဖူးတော့ ကြည့်ချင်ရှာတယ်၊ အဲဒါနဲ့ ခဏဆို လွှတ်လိုက်တာ "
"ရပါတယ် ဦးကြီး။ ကျွန်တော်တို့လည်း သူတို့အရွယ်က ရွာလှေချင်း ပြိုင်ရင်တောင် ပြေးကြည့်ချင်ကြတာ"
သူ့သမီးထက် အနည်းငယ်သာ ကြီးမည့်သူက ထိုသို့ ဆိုသည်ကို ဦးအံ့ မျက်မှောက်ကျုံ့သွားသည်။ လူငယ်ကလည်း အတည်ပေါက်နှင့် ပြောခြင်း ဖြစ်သဖြင့် ဇဝေဇဝါ ဖြစ်သွား၏ ။ ထို့ကြောင့် အသက်မေးမည် ပြုစဉ် လူငယ်က ဆက်ပြောသည်။
"ဖိုးခွေးတို့ အရွယ်ကဆို ပြောတာပါ။ ကျွန်တော်တို့အရပ်က လှေထွင်းလို့ကောင်းတဲ့ မင်္ဂလာသစ်ခေါ်လား၊ အဲလို ကျွန်းလုံးကြီးတွေ ထွက်တယ်လေ။ လှေဆရာကြီးတွေ ခဏခဏ လာကြတာဆိုတော့ တစ်ရွာလုံးလည်း လှေသမားချည်း ဖြစ်ကုန်တာ"
"မောင်ကတော့ လှေပြိုင်ပွဲကို သိပ်စိတ်မဝင်စားဘူးလား"
"စိတ်ဝင်စားပါတယ်။ ကြည့်ပြီးပါပြီ"
"ခဏပဲလား"
"ကျွန်တော် ကြည့်ချင်တဲ့ ပွဲတွေပဲ ကြည့်တာ။ နောက်ထပ် ကြည့်ရမယ့်ပွဲတွေက ကြာဦးမယ်။ မွန်းတိမ်းပိုင်းမှ ဖြစ်မယ်"
တစ်မျိုးပါလားဟု ထင်သော်လည်း မမေးတော့ဘဲ ခင်လတ်မ ပြန်လာသဖြင့် လိုအပ်သည်များကို ပြင်ပေးနေလိုက်၏ ။ လူငယ်၏ အဖော်ဖြစ်သူလည်း ရောက်လာသည်။
"ပွဲတွေကတော့ ကောင်းတယ်ဗျို့၊ အားရစရာပဲ။ ရောင်းရင်းရော ဘယ်လိုလဲ"
"ကောင်းပါတယ်။ သိပ် အားရတာတော့ မတွေ့သေးဘူး"
"ဘယ်လိုဖြစ်လို့လဲ"
"ရွာတွေက လာပြိုင်တဲ့ ပြိုင်လှေကြီးတွေကို ကြည့်ရမယ် မှတ်တာ။ ဘာလိုနေမှန်းမသိ ပေါ့နေသလိုပဲ။ အပြည့်အဝ အားမထုတ်ကြတာလား၊ လေ့ကျင့်ချိန် နည်းလို့လားမသိ"
"ရဲမက်တော်တွေကတော့ လေ့ကျင့်ချိန် တစ်လကျော် ရတာပဲဗျ"
"သူတို့ကတော့ ကျင့်သားပြည့်ပါတယ်။ နိုင်သာ နိုင်ကြတယ်၊ စိတ်ဓာတ်တွေကို မကြိုက်ဘူးဗျာ"
"ဖြစ်ရမယ်.. ရောင်းရင်းကတော့"
သူတို့ ထခါနီးတွင် သွေးသောက် ကျော်ထင်တို့ လှေထိုးသားတစ်စု ရောက်လာကြသည်။ ကျော်ထင်၏ အသံကသာ တစ်ဝိုင်းလုံးကို လွှမ်းနေ၏ ။
"ဟိုကောင်တွေ ညစ်လို့ပါကွာ။ တို့လှေက ပေါ့မှန်းသိလို့ ရေလူးခံရအောင် အတင်းလိုက်ကပ်လှော်နေတာ။ သူတို့ လှေလေးကြီးနဲ့ မနိုင်တော့ ညစ်တာ။ ခုတော့ သူတို့လည်းမရ၊ ငါတို့လည်း မနိုင်။ ကြားလူက ပန်းရသွားတယ်"
"ကပ်လာရင် တက်နဲ့ ရိုက်ချလိုက်ရမှာ"
"လူကြီးတွေ ကြည့်နေလို့ပေါ့ကွ။ မဟုတ်ရင် မင့်လူ ခေါင်းကွဲပြီ"
"ကျွန်တော့်လူ မဟုတ်ပါဘူးဗျ။ ဒီကောင်တွေ မနက်ဖြန် တွေ့ကြဦးမှာပါ"
"အေး၊ ကျင့်ချိန်က မရှိတော့ဘူး။ ဘယ်လို လုပ်မယ် ဆိုတာပဲ စဉ်းစားရမယ်။ ဒီလှေနဲ့ ဝေးဝေးမှာ ထားဖို့ ပွဲထိန်းကို သွားပြောရမယ်ထင်တယ်"
လူငယ်နှင့် အဖော်ဖြစ်သူမှာ ထသွားကြ၏ ။
"လက်ျာဘီလူးရဲ့ တမွတ်ကို လှေတစ်လျားလောက် ဖြတ်ထားရာကနေ ပန်းဝင်ခါနီးမှာ ပြန်ကပ်လာတာကရော"
"ဒါကတော့ ဒီကောင်တွေ လှေငယ်တော့ ချန်ထားလို့ ရတာပေါ့။ ကြည့်ရတာ ဉာဏ်နီဉာဏ်နက်နဲ့ ပန်းဆွတ်ချိန်မှ ကျုံးလှော်ကြပြီး ဆွတ်ဖို့ ကြံပုံရတယ်။ ဒါ့ကြောင့် လူလျှော့ထားတာ"
"ကျွန်တော် ကြားတာတော့ စိတ်ကြိုက်လူ ထပ်မတွေ့တော့လို့ အစကတည်းက ၂၈ ယောက်နဲ့ပဲ ဖြတ်ထားတယ်လို့ ကြားတယ်"
"ဘယ်တုန်းကလဲ"
"လွန်ခဲ့တဲ့ တစ်လကျော်က ကြားတာ"
"ဟုတ်မှာပေါ့။ ဘာဖြစ်ဖြစ် နိုင်ဖို့က လိုရင်းပဲ၊ သူ့ဘာသာ ဘယ်လို ဉာဏ်များများ မင်္ဂလာသိဒ္ဓိကို ဘယ်ယှဉ်နိုင်မလဲ"
ပြန်ရောက်နေပြီး အကြော်သံပန်းကန်များ ချပေးနေသော ဖိုးခွေးက ဖခင်ဖြစ်သူကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဦးအံ့က ပြုံးပြလိုက်၏ ။
ယနေ့ညတော့ မြစ်ကမ်း၌ ရဲမက်များ ရှိနေသဖြင့် သူတို့သားအဖသည် လပြည့်ည လရောင်အောက်တွင် တဲရှေ့ ကွပ်ပျစ်ပေါ်၌သာ ထိုင်နေကြသည်။ ဖိုးခွေးက ကျောဆန့်ကာ
"ဟိုနေ့က အဘပြောတဲ့ ၂ ယောက် တွေ့သွားကြသေးလား"
"အဝင်အထွက်ပဲ၊ သွေးသောက်ကြီးနဲ့ ပတ်သက်လို့ တစ်ခုခု ပြောချင်တယ်မလား ငခွေးလေး"
"ဟုတ်၊ သူ လျှောက်ပြောနေတာ။ လှေ ၂ စင်းတည်း ပြိုင်တုန်းက ကံကောင်းလို့ တမွတ်ကို နိုင်တာများ။ ပန်းက သူနဲ့ နီးလို့ သူ ဦးအောင်ဆွတ်နိုင်တာ။ ဟိုလှေက နည်းနည်း ကွာနေလို့ ပြန်တည့်နေရချိန် နောက်ကျသွားတာ"
"သူတို့ပြောတော့ လှေတစ်စင်းစာ ပြတ်ကျန်ခဲ့တယ်ဆို"
"အလကားပါ အဘရာ၊ အစပိုင်း သူတို့က လူအင်အားများလို့ ထိုးတက်သွားတာ။ ဟိုလှေက တညီတည်း မှန်မှန်လှော်တော့ တဖြည်းဖြည်း ကပ်လာတာ သူတို့ကို ကျော်သွားတော့မလားတောင် ထင်ရတယ်။ ကြည့်တတ်တဲ့ လူကြီးတစ်ယောက် ပြောတာက သူတို့က လှေကြီး ဆိုပြီး ဟိုလှေဘက် ကပ်တယ်တဲ့။ ဒါ့ကြောင့် လှေငယ်က ခွာပေးရတယ် တဲ့။ သူတို့လည်း ဘာထူးလဲ ညစ်တာပဲ။ သူတို့ ပြန်လုပ်ခံရမှ အသံထွက်လာတာ"
"မသိတဲ့သူ အမြင်မှာတော့ သူပြောတာ အဟုတ်ကြီး ထင်မှာပေါ့။ သူတို့အချင်းချင်းလည်း သိနေကြတော့ ဟော.. မဟုတ်မဟတ် ပြောတတ်တဲ့ သူတို့ အဖွဲ့ခေါင်းဆောင်ကိုတောင် အထင်ကြီးကြတော့မှာ မဟုတ်ဘူး။ သိတဲ့သူ အမြင်မှာကျ ရှက်စရာကြီးကွ"
"ဟုတ်ပါရဲ့အဘ၊ သူ့ထက်စာရင် ၂၈ ယောက်တည်းနဲ့ ပြိုင်ရဲတဲ့ ဟိုလှေကမှ သာသေးတယ်"
"လှေပြိုင်ပွဲမှာတော့ အဲဒီဆုံးဖြတ်ချက်က မှန်တယ်လို့ မဆိုလိုဘူး။ ဒီ့ပြင် တခြားမှာ၊ အထူးသဖြင့် စစ်ပွဲမှာဆိုရင် သူရွေးတာ မှန်တယ်လို့ ဆိုရလိမ့်မယ်။ မလိုအပ်တဲ့ လူပို မခေါ်ဘဲ စိတ်ချရသူကိုပဲ ရွေးတဲ့ပုံစံပဲ။ ကြိုက်သူတွေ လူညီရင် သူ့ထက် ဆယ်ဆလည်း မခံနိုင်ဘူး။ လူပို တစ်ယောက် နှစ်ယောက်၊ ဆယ်ယောက်တစ်ရာ ပါလည်း အပိုဖြစ်သွားတတ်တယ်။ မလိုအပ်ဘဲ ဆုံးရှုံးမှု ပိုများသွားတတ်တယ်ကွဲ့"
"မှတ်ထားပါ့မယ် အဘ"
"ငါ့သားလည်း စစ်သည်တော်ကြီး လုပ်မှာဆိုတော့ ကိုယ်နဲ့ သင့်သူကိုပဲပေါင်း၊ တော်ရာကိုသာ ကပ်ကွဲ့။ လူမိုက်ကို ပေါင်းမိရင် အချောင် ပျက်စီးတတ်တယ်။ ပေါင်းသင်းရင်းနှီးစရာ မမြင်ရင် တစ်ယောက်တည်းနေတာက မြတ်တယ်ကွဲ့။ အများနဲ့ ဝင်ဆံ့အောင်တော့ နေတတ်ရမယ်"
"ဟုတ်ကဲ့"
"ဒီနေ့ ကြည့်ရတာ အားရရဲ့လား"
"အားရပါတယ်၊ မနက်ဖြန် ပိုကောင်းမယ် ပြောတယ်"
"မူးမတ်တွေရဲ့ လှေတွေနဲ့ ရွာက လာပြိုင်တဲ့ လှေတွေပဲ မဟုတ်လား။ ဘုရင်နဲ့ မိဖုရား ဆွေတော်မျိုးတော်တွေ လှေကြီး သင်္ဘောကြီးတွေက နောက်ဆုံးနေ့မှ ဆို"
"ဟုတ်တယ်အဘ၊ ဒါပေမယ့် မနက်ဖြန် လောင်းကြတာ များတော့ ပွဲပိုကောင်းမယ် ကြားတယ်။ တချို့လှေတွေ ယာမြေအကုန် စည်းစိမ်အကုန်လို့ လောင်းကြ ဆိုပဲ"
"လူမိုက်တွေပဲ။ လှေနိုင်လို့ ချမ်းသာရ တစ်နှစ် နှစ်နှစ်ပေါ့ကွာ။ တစ်ခါ ပြန်ရှုံးတော့ လူမွဲခံ ချေးငှားစားရပြန်ရော။ သူတို့မို့ ခုချမ်းသာ ခုဆင်းရဲ နေနိုင်ကြတယ်။ ကဲ.. ကဲ၊ အိပ်တော့။ မနက် စောစောထပြင်မှ စောစော ကြည့်လို့ရမှာ" 

(ဆက်ရန်..)  လှေပြိုင်ပွဲ  (ဇာတ်သိမ်း..)


Written by သင်္ခရာဇာ

End date: November 10, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...